အခန်းကြီး ၁၀
ယာကုပ်သည် ယုဒလူမျိုးတို့ သူတို့၏ဘုရားသခင်အား လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြမည့် အကြောင်းကို ရှင်းပြ၏—သူတို့သည် သူ့ကို ယုံကြည်စပြုသည့်အချိန်အထိ ကွဲပြားပြန့်ကျဲကြရလိမ့်မည်—အမေရိကသည် ရှင်ဘုရင်အုပ်စိုးမှုမရှိသည့် လွတ်လပ်ရာပြည် ဖြစ်လိမ့်မည်—သင်တို့ကိုယ်သင်တို့ ဘုရားသခင်ထံသို့ မိတ်သဟာယဖွဲ့ ၍၊ ကယ်တင်ခြင်းကို သူ၏ကျေးဇူးတော်အားဖြင့် ရရှိကြလော့။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ငါ၊ ယာကုပ်သည် ပြောလေပြီးသည့် ဤဖြောင့်မတ်သောသူတစ်စု အကြောင်းကို သင်တို့၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့ကို တစ်ဖန်ပြော၏။
၂ အကြောင်းမူကား၊ ရှုလော့၊ ငါတို့ရရှိလေပြီးသည့် ကတိတော်တို့သည်ကား၊ ငါတို့ထံသို့ လူ့ဇာတိအတိုင်း ဖြစ်လေသည့် ကတိတော်များဖြစ်၏။ သို့ဖြစ်၍၊ မယုံကြည်မှုကြောင့်၊ လူ့ဇာတိ၌ ငါတို့၏သားမြေးတို့ပျက်စီးကြမည်ကို ငါ့အားပြထားတော်မူခဲ့လေပြီ။ အဘယ်သို့ပင်ဖြစ်စေ၊ ဘုရားသခင်သည် များစွာသောသူတို့အပေါ် ကရုဏာကြီးတော်မူမည်။ ငါတို့၏သားမြေးတို့သည် သူတို့၏ ရွေးနုတ်ရှင်အကြောင်း မှန်သောအသိပညာပေးမည့်အရာကို ရရှိနိုင်ကြစေခြင်းငှာ ပြန်လည်ဆောင်ယူ ခံကြရလိမ့်မည်။
၃ သို့ဖြစ်၍၊ သင်တို့ကို ငါပြောသကဲ့သို့ပင် ခရစ်တော်ရှိရမည်မှာ မဖြစ်မနေလိုအပ်၏—အကြောင်းမူကား၊ ဤအရာမှာ၊ သူ၏နာမတော်ဖြစ်လိမ့်မည်ဟု မနေ့ကညဉ့်အချိန်၌ ကောင်းကင်တမန်သည် ငါ့ကို မြွက်ဆိုခဲ့၏—ယုဒလူမျိူးတို့၌၊ လောက၏ ပို၍ဆိုးညစ်သည့် အစုဖြစ်သော ထိုသူတို့၌ ကြွရောက်လာတော်မူလိမ့်မည်။ သူတို့သည်လည်း သူ့ကို လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်—အကြောင်းမူကား၊ ငါတို့၏ဘုရားသခင်အတွက် ထိုကဲ့သို့ ဖြစ်ရလေ၏။ ကိုယ့်ဘုရားသခင်ကို လက်ဝါးကပ်တိုင်၌ ကွပ်မျက်မည့် အခြားလူမျိူး မြေကြီးပေါ်၌ မရှိ။
၄ အကြောင်းမူကား၊ ကြီးစွာသော အလွန်တရာအံ့ဩဖွယ်အမှုတို့ကို၊ အခြားသောလူမျိုးတို့၌ ပြုပြင်စီရင်ထားလျှင်၊ ထိုသူတို့သည် နောင်တရ၍၊ သူ့ကို သူတို့၏ဘုရားသခင် ဖြစ်တော်မူကြောင်း သိကြလိမ့်မည်။
၅ သို့ရာတွင်၊ ဘာသာရေးဖြင့်ကိုယ်ကျိုးရှာခြင်းတို့နှင့် ဒုစရိုက်တို့ကြောင့်၊ ယေရုရှလင်၌ ရှိသူတို့သည် သူတို့လည်ပင်းများကို ခိုင်မာစေကြသဖြင့်၊ သူသည် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရ၏။
၆ သို့ဖြစ်၍၊ သူတို့၏ဒုစရိုက်များကြောင့်၊ ဖျက်ဆီးခြင်းများ၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးများ၊ ကာလနာဘေးများနှင့် အသွေးသွန်းလောင်းခြင်းအမှုတို့သည် သူတို့အပေါ် ကျရောက်လာလိမ့်မည်။ ဖျက်ဆီးမခံရသောသူတို့သည်လည်း ခပ်သိမ်းသောလူမျိုးတို့၌ ကွဲပြားပြန့်ကျဲကြရလိမ့်မည်။
၇ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ ငါသည် ခရစ်တော်ဖြစ်ကြောင်း၊ ငါ့ကို သူတို့ယုံကြည်မည့်ကာလ ကျရောက်လာသောအခါ၊ သူတို့သည် မြေကြီးပေါ်၌ သူတို့၏အမွေခံရာမြေသို့ ဇာတိကိုယ်ခန္ဓာ၌ ပြန်လည်ဆောင်ယူခံရလိမ့်မည်ဖြစ်ကြောင်း၊ ငါသည် သူတို့ဘိုးဘေးတို့နှင့် ပဋိညာဉ်ပြုထားလေပြီ။
၈ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ သူတို့သည် မိမိတို့၏ကြာမြင့်လှပြီဖြစ်သော ကွဲပြားပျံ့လွင့်ခြင်းမှနေ၍၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့မှလည်းကောင်း၊ မြေကြီးလေးမျက်နှာမှလည်းကောင်း စုဝေးကြလိမ့်မည်။ သူတို့၏အမွေခံရာမြေသို့ ဆောင်ယူရာတွင် တစ်ပါးအမျိုးသားတို့၏လူမျိုးတို့သည် ငါ၏မျက်လုံးတော်တို့၌ အားကြီးကြပေလိမ့်မည်ဟု ဘုရားသခင် မိန့်တော်မူ၏။
၉ ထိုမှတစ်ပါး၊ တစ်ပါးအမျိုးသားတို့၏ရှင်ဘုရင်တို့သည် သူတို့၏ ကျွေးဖခင်များဖြစ်လိမ့်မည်။ သူတို့၏ မိဖုရားတို့သည်လည်း ကျွေးမွေးစောင့်ရှောက်သော မိခင်များ ဖြစ်လာကြလိမ့်မည်။ သို့ဖြစ်၍၊ တစ်ပါးအမျိုးသားတို့အတွက် ကိုယ်တော်ရှင်၏ ကတိတော်များသည် ကြီးမြတ်လှ၏။ သူမိန့်တော်မူထားလေသောကြောင့် အဘယ်သူငြင်းခုံနိုင်သနည်း။
၁၀ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင် မိန့်တော်မူလေသည်ကား၊ ဤပြည်သည် သင်၏အမွေခံရာပြည်ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည်လည်း ထိုပြည်ပေါ်၌ ကောင်းချီးခံစားကြရလိမ့်မည်။
၁၁ ဤပြည်သည် တစ်ပါးအမျိုးသားတို့အဖို့ လွတ်လပ်ရာပြည် ဖြစ်လိမ့်မည်။ ထိုပြည်၌ တစ်ပါးအမျိုးသားတို့ကို အစိုးရသောရှင်ဘုရင်များလည်း ရှိလိမ့်မည်မဟုတ်။
၁၂ ငါသည် ဤပြည်ကို ခပ်သိမ်းသော အခြားသောလူမျိုးတို့တစ်ဖက်၌ အင်အား ခိုင်မာစေတော်မူမည်။
၁၃ ဇိအုန်ကို ဆန့်ကျင်၍၊ တိုက်ခိုက်သောသူသည် ပျက်စီးလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူ၏။
၁၄ ငါ့ကိုဆန့်ကျင်၍ ရှင်ဘုရင်ကို တင်မြှောက်သောသူသည် ပျက်စီးလိမ့်မည်။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်၊ ကောင်းကင်ဘုံ၏ ရှင်ဘုရင်သည် သူတို့၏ရှင်ဘုရင်ဖြစ်တော်မူမည်။ ငါ၏နှုတ်ကပတ်တော်တို့ကို ကြားနာသူတို့အဖို့ ကာလအစဉ်အဆက် အလင်းဖြစ်တော်မူမည်။
၁၅ သို့ဖြစ်၍၊ ဤအကြောင်းကြောင့်၊ လူသားတို့ဇာတိကိုယ်ခန္ဓာ၌ ရှိစဉ်တွင် ငါစီရင်တော်မူမည်ဟု သူတို့ထံ ပြုထားလေသော ငါ၏ပဋိညာဉ်များကို ပြီးပြည့်စုံစေခြင်းငှာ၊ ငါသည် လျှို့ဝှက်သော မှောင်မိုက်ခြင်းအမှုများ၊ လူ့အသက်ကိုသတ်ခြင်းအမှုများနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ဖျက်ဆီးရပေမည်။
၁၆ သို့ဖြစ်၍၊ ဇိအုန်ကို ဆန့်ကျင်တိုက်ခိုက်သောသူ၊ ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသား နှစ်မျိုးစလုံး၊ ကျွန်နှင့် လူလွတ် နှစ်မျိုးစလုံး၊ ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးတို့သည် ပျက်စီးကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် မြေကြီးတစ်ခုလုံး၏ ပြည့်တန်ဆာဖြစ်ကြ၏။ ငါ့ဘက်၌မရှိသော သူတို့သည် ငါ့ကို ဆန့်ကျင်ကြလေ၏ဟု ငါတို့၏ဘုရားသခင်မိန့်တော်မူ၏။
၁၇ အကြောင်းမူကား၊ ငါသည် လူသားတို့အား၊ သူတို့ဇာတိကိုယ်ခန္ဓာ၌ရှိစဉ်တွင်၊ သူတို့အတွက် လုပ်ဆောင်တော်မူမည်ဟု ပြုထားတော်မူသော ငါ၏ကတိတော်များကို ပြီးပြည့်စုံစေတော်မူမည်—
၁၈ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါတို့၏ ဘုရားသခင်မိန့်တော်မူသည်ကား၊ ငါသည် သင်၏အမျိုးအနွယ်တို့ကို တစ်ပါးအမျိုးသားတို့၏လက်ဖြင့် ဒုက္ခပေးမည်။ သို့သော်လည်း ငါသည်တစ်ပါးအမျိုးသားတို့ကို သူတို့အတွက် ဖခင်တစ်ဦးကဲ့သို့ ဖြစ်စေကြောင်း၊ စိတ်နှလုံးကို ပျော့ပျောင်းစေတော်မူမည်။ သို့ဖြစ်၍၊ တစ်ပါးအမျိုးသားတို့သည် ကောင်းချီးခံစားရမည်၊ ဣသရေလအမျိုးသားတို့၌ ရေတွက်ခံရလိမ့်မည်။
၁၉ သို့ဖြစ်၍၊ ငါသည် ဤပြည်ကို သင်၏အမျိုးအနွယ်တို့နှင့် သင်၏အမျိုးအနွယ်တို့၌ ရေတွက်ခံရမည့်သူတို့အတွက် သူတို့၏အမွေခံရာပြည်အဖြစ်၊ ကာလအစဉ်အဆက် သန့်ရှင်းမွန်မြတ်စေတော်မူမည်။ အကြောင်းမူကား၊ ထိုပြည်သည် အခြားသောပြည်ခပ်သိမ်းတို့ထက် အမြတ်ဆုံးပြည်ဖြစ်သည်ဟု ဘုရားသခင်သည် ငါ့ကို မိန့်တော်မူ၏။ သို့ဖြစ်၍၊ ငါသည် ထိုပြည်၌နေသည့် ခပ်သိမ်းသောလူသားတို့ကို ငါ့အား ကိုးကွယ်စေမည်ဟု ဘုရားသခင်မိန့်တော်မူ၏။
၂၀ ယခုမူကား၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ ငါတို့၏ကရုဏာကြီးတော်မူသောဘုရားသခင်သည် ငါတို့အား ဤအရာတို့နှင့်စပ်လျဉ်း၍၊ ထိုမျှကြီးစွာသောအသိပညာကို ပေးထားတော်မူလေကြောင်း သိမှတ်ကြလျက်၊ ငါတို့သည် သူ့ကို အောက်မေ့ကြကုန်အံ့၊ ငါတို့၏အပြစ်တို့ကို ပယ်ရှား၍၊ ဦးခေါင်းကို ငိုက်စိုက်မညွှတ်ဘဲ နေကြကုန်အံ့။ အကြောင်းမူကား၊ ငါတို့သည် စွန့်ပစ်တော်မူခြင်း မခံကြရ။ သို့သော်လည်း၊ ငါတို့၏ အမွေခံရာမြေမှ နှင်ထုတ်ခံရလေပြီ။ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ပင်လယ်ကို ငါတို့၏လမ်းကြောင်း ဖြစ်စေတော်မူလေသဖြင့်၊ ငါတို့သည် ပို၍ကောင်းမွန်သောမြေသို့ ပို့ဆောင်ခံရ၍၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်၌ ရှိကြ၏။
၂၁ သို့ရာတွင်၊ ကြီးမြတ်တော်မူသည်ကား၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ရှိကြသောသူတို့အပေါ် ကိုယ်တော်ရှင်ပေးထားသည့် ကတိတော်တို့ပေတည်း။ သို့ဖြစ်၍၊ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့ဟု ဆိုလေသောကြောင့်၊ ဤအရာထက်ပို၍ရှိရမည်ဖြစ်၍၊ ၎င်းတို့၌ ငါတို့၏ ညီအစ်ကိုတို့သည်လည်း နေထိုင်ကြပေမည်။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်သည် သူ၏စိတ်အလိုဆန္ဒအတိုင်း၊ ဣသရေလအမျိုးသားတို့ထံမှ အချိန်နှင့်အမျှ ခေါ်ဆောင်တော်မူခဲ့လေပြီ။ ယခုမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ကွဲကွာသွားခဲ့လေသူခပ်သိမ်းတို့ကို အောက်မေ့တော်မူ၏။ သို့ဖြစ်၍၊ သူသည် ငါတို့ကိုလည်း အောက်မေ့တော်မူ၏။
၂၃ ထို့ကြောင့်၊ သင်တို့၏စိတ်နှလုံးကို ရွှင်လန်းစေလော့။ ထာဝရတည်မြဲသောသေခြင်း၏ လမ်းကိုဖြစ်စေ၊ ထာဝရအသက်၏လမ်းကိုဖြစ်စေ—သင်တို့ကိုယ်တိုင် ရွေးချယ်ခြင်းငှာ လွတ်လပ်မှုရှိသည်ကိုလည်း သတိရကြလော့။
၂၄ သို့ဖြစ်၍၊ ငါ၏ချစ်လှစွာသောညီအစ်ကိုတို့၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏အလိုတော်သို့ မိတ်သဟာယဖွဲ့ကြလော့၊ နတ်ဆိုးနှင့် လူ့ဇာတိတို့၏အလိုသို့ မဟုတ်။ ထို့အတူ၊ သင်တို့သည် ဘုရားသခင်ထံသို့ မိတ်သဟာယဖွဲ့ကြလေပြီးနောက်၊ ဘုရားသခင်၏ကျေးဇူးတော်၌နှင့် ကျေးဇူးတော်အားဖြင့်သာလျှင်၊ ကယ်တင်ခြင်းသို့ရောက်ကြလေကြောင်းကို သတိရကြလော့။
၂၅ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏ ထာဝရနိုင်ငံတော်သို့ ဝင်ရောက်ခွင့်ရနိုင်စေကြောင်းနှင့် သူ့ကို ကျေးဇူးတော်၏မြင့်မြတ်ခြင်းအားဖြင့်၊ ချီးမွမ်းနိုင်ကြစေကြောင်း၊ ဘုရားသခင်သည် သင်တို့ကို ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်အားဖြင့် သေခြင်းမှ၊ ထို့အတူ အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးတော်အားဖြင့် ထာဝရတည်မြဲသောသေခြင်းမှလည်း ချီးမြှောက်တော်မူပါစေ။ အာမင်။