ကျမ်းစာများ
၂ နီဖိုင်း ၂၉


အခန်းကြီး ၂၉

တပါးအမျိုးသားများစွာတို့သည် မော်မုန်ကျမ်းကို ငြင်းပယ်ကြလိမ့်မည်—ငါတို့သည် အပို သမ္မာကျမ်းကို မလိုတော့ပြီဟု ပြောကြလိမ့်မည်—ကိုယ်တော်ရှင်သည် လူမျိုးများစွာတို့ကို မြွက်ဆို​တော်မူ၏—သူသည် လောကကို ရေးမည့် ကျမ်းများ​အတိုင်း တရား​စီရင်​တော်မူလိမ့်မည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။

သို့ရာတွင်၊ ရှုလော့၊ များစွာသော​သူတို့ ရှိကြလိမ့်မည်ကား—ထိုကာလတွင်၊ ငါသည် သူတို့၌​အံ့ဩဖွယ်​ကောင်းသော​အမှုကို ဆက်၍​ပြုမည်မှာ၊ လူသားတို့ထံ ပြုထားလေသော ငါ၏​ပဋိညာဉ်များကို ငါ​အောက်မေ့ခြင်းငှာလည်းကောင်း၊ ဣသရေလ​အမျိုးသားများဖြစ်သော ငါ၏​လူမျိုးတို့ကို ကယ်ယူရန် ငါ၏​လက်တော်ကို ဒုတိယ​အကြိမ် တစ်ဖန်​ဆန့််တော်မူခြင်းငှာ​လည်းကောင်း၊

သင်တို့၏​အမျိုး​အနွယ်များကို ငါအောက်မေ့​တော်မူမည့်​အကြောင်း၊ သင်တို့၏​အမျိုး​အနွယ်တို့၏ စကားများ​သည်ကား ငါ၏​နှုတ်မှ​ထွက်၍ သင်တို့၏​အမျိုး​အနွယ်တို့​ထံသို့ ရောက်မည့်​အကြောင်း၊ ငါ၏​နှုတ်ကပတ်တော်သည် ဣသရေလ​အမျိုးသားများ​ဖြစ်ကြသော ငါ၏​လူမျိုးတို့​အတွက် အလံ​အဖြစ်ရှိလျက်၊ မြေကြီးစွန်း​တိုင်အောင် အလျင်​အမြန်သွားမည့်​အကြောင်း ပေးထားလေပြီးသော​ကတိတော်များကို ငါ​အောက်မေ့စေခြင်း​ငှာလည်းကောင်း ပြုတော်မူမည်။

ထို့အတူ၊ ငါ၏​နှုတ်ကပတ်တော်များသည် အလျင်​အမြန်သွားလိမ့်မည်​ဖြစ်သောကြောင့်—တပါး​အမျိုးသား​များစွာတို့က သမ္မာကျမ်း​တစ်ကျမ်း၊ သမ္မာကျမ်း​တစ်ကျမ်း၊ ငါတို့မှာ သမ္မာကျမ်း​တစ်ကျမ်း​ရှိလေပြီးဖြစ်၍၊ နောက်ထပ် သမ္မာကျမ်း မရှိနိုင်တော့ပြီဟု ဆိုကြလိမ့်မည်။

သို့ရာတွင်၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေ​သည်ကား၊ အို လူမိုက်တို့၊ သူတို့၌ သမ္မာကျမ်း​ရှိလိမ့်မည်။ ထိုကျမ်းသည် ငါ၏​ရှေးကာလမှ ပဋိညာဉ်ခံ​လူမျိုးများ​ဖြစ်ကြသော ယုဒ​လူမျိုးတို့၏​နှုတ်မှ​ထွက်လိမ့်မည်။ သူတို့သည် ယုဒ​လူမျိုးတို့​ထံမှ လက်ခံရ​ရှိသော သမ္မာကျမ်း​အတွက် အဘယ်သို့ ကျေးဇူး​တင်ကြသနည်း။ ထိုမှတစ်ပါး၊ တပါး​အမျိုးသားတို့က အဘယ်သို့​ရည်ရွယ်သနည်း။ တပါး​အမျိုးသားတို့ထံ ကယ်တင်ခြင်းကို ရောက်စေ​တော်မူ​ရာတွင်၊ ငါ့အဖို့ ယုဒ​လူမျိုးတို့၏ အခက်အခဲများ၊ အလုပ်များ၊ နာကျင်မှုများနှင့် လုံ့လဝီရိယတို့ကို သူတို့​အောက်မေ့ကြ​သလော။

အို အသင်​တပါး​အမျိုးသားတို့၊ ငါ၏​ရှေးကာလမှ ပဋိညာဉ်ခံ​လူမျိုးများ​ဖြစ်ကြသော ယုဒ​လူမျိုးတို့ကို သင်တို့​အောက်မေ့ကြ​လေသလော။ မဟုတ်ကြ။ သို့ရာတွင်၊ သူတို့ကို ကျိန်ကြလေပြီ။ သူတို့ကို မုန်းတီး၍၊ ကယ်ယူခြင်း​ငှာလည်း ကြိုးစားအားထုတ်ခြင်းမရှိကြ။ သို့ရာတွင်၊ ရှုလော့၊ ငါသည် ဤအရာ​ခပ်သိမ်းတို့ကို သင်တို့၏​ဦးခေါင်း​ပေါ်သို့ ပြန်လည်​ရောက်ရှိစေမည်။ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် ငါ၏​လူမျိုးတို့ကို မမေ့။

သမ္မာကျမ်း​တစ်ကျမ်း၊ ငါတို့မှာ သမ္မာကျမ်း​တစ်ကျမ်း ရရှိပြီး​လေပြီဖြစ်၍၊ အပို​သမ္မာကျမ်းကို မလိုတော့ပြီ။ ယုဒ​လူမျိုးတို့​အားဖြင့်​မှတစ်ပါး၊ သမ္မာကျမ်းကို သင်တို့​ရရှိကြ​ပြီးပြီလောဟု ဆိုမည့် အသင်​လူမိုက်။

သင်သည် တစ်မျိုး​ထက်ပိုသော​လူမျိုးတို့ ရှိကြလေသည်ကို သိ​ခြင်းမရှိသလော။ သင်သည် ငါ၊ သင်၏ ဘုရားသခင် ကိုယ်တော်ရှင် ခပ်သိမ်းသောလူသားတို့ကို ဖန်ဆင်း​တော်မူ​လေသည်ကို​လည်းကောင်း၊ ပင်လယ်​တစ်ဖက် တစ်ကျွန်း​တစ်နိုင်ငံ​အရပ်သားတို့ကို အောက်မေ့​တော်မူသည်ကို​လည်းကောင်း၊ အထက်​ကောင်းကင်၌ လည်းကောင်း၊ အောက်အရပ်​မြေကြီး၌ လည်းကောင်း အုပ်စိုးတော်မူ၍၊ ငါ၏​နှုတ်ကပတ်တော်ကို လူသားတို့ထံ၊ အမှန်စင်စစ်၊ မြေကြီးပေါ် ရှိ ခပ်သိမ်းသော ပြည်သား​တို့ထံ ဖော်ပြသည်ကို​လည်းကောင်း သိခြင်းမရှိသလော။

သင်သည် ငါ၏​နှုတ်ကပတ်တော်ကို ပို၍​လက်ခံ​ရရှိမည်ဖြစ်သောကြောင့်၊ အဘယ်​အတွက် ညည်းညူ​အပြစ်တင်​သနည်း။ သင်သည် လူမျိုး​နှစ်မျိုး၏​သက်သေခံချက်​သည်ကား၊ ငါသည် ဘုရားသခင် ဖြစ်​တော်မူကြောင်း သင့်ထံသို့ သက်သေဖြစ်​ကြောင်းကို​လည်းကောင်း၊ လူမျိုး​တစ်မျိုးကို တခြားတစ်မျိုး​ကဲ့သို့ပင် အောက်မေ့​တော်မူသည်ကို​လည်းကောင်း သိခြင်းမရှိသလော။ သို့ဖြစ်၍၊ ငါသည် တူညီသော​နှုတ်ကပတ်တော်တို့ကို လူမျိုး​တစ်မျိုးအား၊ တခြား​တစ်မျိုးကို​ကဲ့သို့ပင် ဟောတော်မူ၏။ လူမျိုးနှစ်မျိုးတို့ အတူလာသော​အခါ၊ ထိုလူမျိုး​နှစ်မျိုးတို့၏ သက်သေခံချက်​သည်လည်း အတူ​လာလိမ့်မည်။

ထို့အတူ၊ ငါသည် မနေ့၊ ယနေ့နှင့် ကာလ​အစဉ်​အဆက် မပြောင်း​မလဲရှိ​တော်မူကြောင်းကို​လည်းကောင်း၊ ငါ၏​နှုတ်ကပတ်တော်ကို ငါ့ဆန္ဒ​အတိုင်း​ဟောတော်မူ​ကြောင်းကို​လည်းကောင်း များစွာသော​သူတို့အား ပြခြင်းငှာ ဤအမှုကို ပြုတော်မူ၏။ ငါသည် နှုတ်ကပတ်တော်​တစ်ခုကို ဟောပြီးလေ၍၊ တခြား​တစ်ခုကို မဟောနိုင်ဟု သင်မထင်မှတ်နှင့်။ အကြောင်းမူကား၊ ငါ၏​အမှုတော်သည် ပြီးဆုံးခြင်း​မရှိသေး။ လူသား၏​အဆုံးဖြစ်သည့်​အချိန်​တိုင်အောင်လည်း ပြီးဆုံး​လိမ့်မည်​မဟုတ်။ ထိုအချိန်မှ​စ၍၊ နောင်ကာလ​အစဉ်​အဆက်တွင်လည်း ပြီးဆုံး​လိမ့်မည်​မဟုတ်။

၁၀ သို့ဖြစ်၍၊ သင်တို့၌ သမ္မာကျမ်း​တစ်ကျမ်းရှိသောကြောင့်၊ ငါ၏​နှုတ်ကပတ်တော်​အလုံးစုံတို့ ထိုကျမ်း၌ ပါရှိသည်ဟု မထင်မှတ်နှင့်။ နောက်ထပ်၍ ရေးစေရန် ငါမပြု​လေတော့ပြီ​ဟုလည်း မထင်မှတ်နှင့်။

၁၁ အကြောင်းမူကား၊ အရှေ့အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ တောင်အရပ်နှင့် ပင်လယ်​တစ်ဖက်ရှိ တစ်ကျွန်း​တစ်နိုင်ငံတို့မှ ခပ်သိမ်းသော လူသားတို့အား ငါဟောသည့် နှုတ်ကပတ်တော်များကို ရေးရမည့် အကြောင်း မိန့်တော်မူ၏။ အကြာင်းမူကား၊ ရေးမည့် ကျမ်းများနှင့်​အညီ၊ ငါသည် လောကကို၊ လူတိုင်းကို သူတို့၏ အကျင့်​အတိုင်း၊ ရေးထားလေ​သည့် အတိုင်း တရားစီရင်​တော်မူမည်။

၁၂ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ယုဒ​အမျိုးသားတို့အား ဟောကြား၍ သူတို့ရေး​လိမ့်မည်။ နီဖိုင်း​အမျိုး​သားတို့ကိုလည်း ဟောကြား၍ သူတို့ရေး​လိမ့်မည်။ ဆောင်သွား​တော်မူလေသည့် ဣသရေလ​အမျိုးသားတို့၏ အခြားသော မျိုးနွယ်စုတို့ကိုလည်း ဟောကြား၍ သူတို့​ရေးလိမ့်မည်။ မြေကြီးပေါ်ရှိ ခပ်သိမ်းသော​ပြည်သားတို့ကိုလည်း ဟောကြား၍ သူတို့ရေး​လိမ့်မည်။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်လာ​လတ္တံ့သောအခါ၊ ယုဒ​လူတို့သည် နီဖိုင်း​အမျိုးသားတို့၏ စကားများကို ရရှိကြလိမ့်မည်။ နီဖိုင်းအမျိုးသားတို့​သည်လည်း ယုဒ​လူတို့၏​စကားများကို ရရှိကြလိမ့်မည်။ ထို့အတူ၊ နီဖိုင်း​အမျိုးသားများနှင့် ယုဒ​လူတို့သည် ပျောက်ဆုံးသော ဣသရေလမျိုးနွယ်စုတို့၏​စကားများကို ရရှိကြလိမ့်မည်။ ပျောက်ဆုံးသော ဣသရေလ​မျိုးနွယ်စုတို့​သည်လည်း၊ နီဖိုင်း​အမျိုးသားများနှင့် ယုဒ​လူတို့၏​စကားများကို ရရှိကြလိမ့်မည်။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့သည် မိမိတို့​ပိုင်ဆိုင်သည့်​မြေသို့ ပြန်လာကြ​လိမ့်မည်။ ငါ၏​နှုတ်ကပတ်တော်​သည်လည်း တစ်စု​တစ်ပေါင်း​တည်းရှိလိမ့်မည်။ ထို့အတူ၊ ငါ၏​နှုတ်ကပတ်တော်ကို​ဆန့်ကျင်၍​လည်းကောင်း၊ ဣသရေလ​အမျိုးသားများဖြစ်သည့် ငါ၏​လူမျိုးတို့ကို ဆန့်ကျင်၍​လည်းကောင်း တိုက်ခိုက်ကြသော​သူတို့ကို ငါသည် ဘုရားသခင်ဖြစ်​တော်မူကြောင်းနှင့် သူ၏​အမျိုးအနွယ်တို့ကို ကာလ​အစဉ်အဆက် ငါအောက်မေ့တော်မူမည်ဟု အာဗြဟံနှင့် ပဋိညာဉ်ပြု​တော်မူခဲ့​ကြောင်းတို့ကို ပြတော်မူမည်။