ကျမ်းစာများ
၂ နီဖိုင်း ၃


အခန်းကြီး ၃

အဲဂုတ္တု​ပြည်​ရှိယောသပ်​သည် ရူပါရုံ​၌ နီဖိုင်း​အမျိုး​သား​တို့​ကို မြင်​၏—သူ​သည် နောက်​ပိုင်း​ကာလ မြင်​သော​သူ​ဖြစ်​သည့် ဂျိုးဇက်​စမစ်​အကြောင်း၊ ဣသရေလ​အမျိုး​တို့​ကို ကယ်​လွှတ်​မည့် မောရှေ​အကြောင်း​နှင့် မော်မုန်​ကျမ်း​ဖြစ်​ပေါ်​လာ​ခြင်း​အကြောင်း​တို့​ကို ပရောဖက်​ပြု​၍​ဟော​၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ယခု​မူ​ကား၊ ငါ​၏​သား​နှောင်း​ယောသပ်၊ ငါသည် သင့်​ကိုဆို​၏။ ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​စား​ရာ တော​ရိုင်း​ထဲ​၌ သင့်ကိုဖွား​မြင်ခဲ့​၏။ အမှန်​စင်​စစ်၊ ငါ​၏​ဝမ်း​နည်း​မှု​အကြီး​မား​ဆုံး​သော ကာလ၌ သင်​၏​အမိ​သည် သင့်​ကို ဖွား​မြင်​ခဲ့​၏။

သင်​သည် ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​ပညတ်​တော်တို့​ကို စောင့်​ထိန်း​မည်​ဆို​လျှင်၊ သင်​၏​လုံ​ခြုံ​မှု​အတွက် သင်​၏​ညီ​အစ်​ကို​တို့​နှင့်​အတူ သင်​၏​အမွေ​ခံ​ရာ​နှင့် သင့်​အမျိုး​အနွယ်တို့​၏​အမွေ​ခံ​ရာ​အဖြစ် အဖိုး​အထိုက်​ဆုံး​ပြည်​ဖြစ်​သည့် ဤ​ပြည်​ကိုလည်း သင့်​အတွက် ကိုယ်​တော်​ရှင်​ကာလ​အစဉ်​အဆက် ရည်​စူး​တော်​မူ​ပါ​စေ။

ယခု​မူ​ကား၊ ယောသပ်၊ ငါ​ဆင်း​ရဲ​ဒုက္ခ​ခံ​စား​ရာ​တော​ရိုင်း​ထဲ​မှ ဆောင်​ယူ​ခဲ့​လေသည့် ငါ​၏​သား​နှောင်း ကိုယ်​တော်​ရှင်​သည် သင့်​ကို ကာလ​အစဉ်​အဆက် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ အကြောင်း​မူ​ကား၊ သင်​၏​အမျိုး​အနွယ်​သည် ရှင်း​ရှင်း ဖျက်​ဆီး​မခံ​ရ။

အကြောင်း​မူ​ကား၊ ရှု​လော့၊ သင်​သည် ငါ့​ရင်​သွေး​ဖြစ်​၏။ ငါ​သည်​လည်း အဲဂုတ္တု​ပြည်​သို့ ဖမ်းဆီး​ချုပ်​နှောင်​၍ ဆောင်​ယူ​ခံ​ရ​သည့် ယောသပ်​၏ အမျိုး​အနွယ်​ဖြစ်​၏။ ယောသပ်ထံ ပြု​တော်​မူ​ခဲ့​သည့် ကိုယ်​တော်​ရှင်​၏ ပဋိညာဉ်​တို့​သည်​လည်း ကြီး​မြတ်​တော်​မူ​လေ​၏။

သို့​ဖြစ်​၍၊ ယောသပ်​သည် ငါ​တို့​၏​နေ့​ရက်တို့​ကို အမှန်​ပင်​မြင်​၏။ ထို့အတူ သူသည် ကွဲ​ကွာ​သည့် လူ​တစ်​စု​ဖြစ်​သော်​လည်း ထို​သူ​တို့​ကို မှောင်​မိုက်​မှ အလင်း​သို့၊ တန်​ခိုး​ကို ပေး​သော​ဝိညာဉ်​တော်​အား​ဖြင့်၊ နောက်​ပိုင်း​ကာလ​များ​၌ ထို​သူ​တို့​ထံ မေရှိယ​ထင်​ရှား​စွာ​ပြ​တော်​မူ​လိမ့်​မည်​ဟူ​သည့် ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​အတိုင်း၊ အောက်​မေ့​နိုင်​ကြ​စေ​ခြင်း​ငှာ၊ သူ​၏​ရင်​သွေး​မှ ဣသရေလ​အမျိုး​သားတို့​အတွက် မေရှိယ​ကို​မ​ဟုတ်​သော်​လည်း၊ ဖြောင့်​မတ်​သော​သူ​တစ်​စု​ကို ကိုယ်​တော်​ရှင်​ဘုရားသခင်​ပေါ်​ထွန်း​စေ​လိမ့်​မည်​ဆို​သော ကိုယ်​တော်​ရှင်​၏​ကတိ​တော်​ကို ရ​ရှိ​၏—အမှန်​စင်​စစ်၊ ဖုံး​ကွယ်​ထား​သော မှောင်​မိုက်​နှင့် ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ လွတ်​လပ်​ခွင့်​သို့ ဆောင်​ယူ​နိုင်​သည့်​တိုင်​အောင်​ပေ​တည်း။

အကြောင်း​မူကား၊ ယောသပ်​အမှန်​ပင်​သက်​သေ​ခံ၍ ဆိုလေသည်ကား မြင်​သော​သူ​တစ်​ဦး​ကို ငါ​၏​ဘုရားသခင်​ကိုယ်​တော်​ရှင် ပေါ်​ထွန်း​စေ​တော်​မူလိမ့်မည်၊ ထို​သူ​သည် ငါ​၏​ရင်​သွေး​အဖို့ ရွေး​ကောက်​တော်​မူ​ထိုက်​သည့် မြင်​သော​သူ​ဖြစ်​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ ယောသပ်​အမှန်​ပင်​ဆို​သည်​မှာ၊ ငါ့​ကို ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​သည်​ကား၊ ရွေး​ကောက်​တော်​မူ​ထိုက်​သည့် မြင်​သော​သူ​တစ်​ဦး​ကို ငါသည် သင်​၏​ရင်​သွေး​မှ ပေါ်​ထွန်း​စေ​တော်​မူမည်။ သူသည် သင်​၏​ရင်​သွေး​၌ အလွန်​အလေး​အမြတ်​ထား ခံ​ရ​လိမ့်​မည်။ သူ့အား ငါမိန့်မှာမည်၊ သူ၏​ညီ​အစ်​ကို​များ​ဖြစ်​သည့် သင်​၏​ရင်​သွေး​အတွက်၊ သင်​၏​ဘိုး​ဘေး​တို့​နှင့် ငါ​ပြု​ထား​တော်​မူ​လေ​သည့် ပဋိညာဉ်​အကြောင်း အသိပညာ​သို့ သူ​တို့​ကို ဆောင်​ယူ​သည်​အထိ​ပင်၊ သူ​တို့​အတွက် ကြီး​စွာ​အဖိုး​ထိုက်​သည့် အမှု​ကို ပြု​စေ​မည့်​အကြောင်းပေတည်း။

သူ့ကို ငါ​မိန့်တော်မူမည့် အမှု​မှ​တစ်ပါး၊ အခြား​အမှုကို မပြု​စေမည့်​အကြောင်း ငါသည် သူ့အား ပညတ်တော်ကို ပေးမည်။ ငါသည် သူ့ကို ငါ၏​အမြင်​၌ ကြီး​မြတ်​စေ​မည်။ အကြောင်းမူကား၊ သူသည် ငါ​၏​အမှုတော်ကို လုပ်ဆောင်​လိမ့်မည်။

ငါ​၏​လူ​မျိုး​တို့​ကို ကယ်​လွှတ်​ရန်၊ သင်​တို့​အတွက် ပေါ်​ထွန်း​စေ​လိမ့်​မည်​ဟု ငါ​မိန့်​တော်​မူ​လေ​သည့် မောရှေ​ကဲ့သို့ သူ​သည် ကြီး​မြတ်​လိမ့်​မည်၊ အို ဣသရေလ​အမျိုး​သား​တို့။

၁၀ သင်​၏​လူ​မျိုး​တို့​ကို အဲဂုတ္တု​ပြည်​မှ ကယ်​လွှတ်ရန် မောရှေ​ကို ငါ​ပေါ်​ထွန်း​စေ​မည်။

၁၁ သို့​ရာ​တွင်၊ မြင်​သော​သူ​တစ်​ဦး​ကို ငါသည် သင်​၏ ရင်​သွေး​မှ ပေါ်​ထွန်း​စေ​မည်၊ သင့်​ရင်​သွေး​၏ အမျိုး​အနွယ်တို့ထံ ငါ​၏​နှုတ်​က​ပတ်​တော်​ကို ဖော်​ပြ​ရန် သူ့အား ငါသည် တန်ခိုးကို ပေးတော်မူမည်—ငါ​၏​နှုတ်​က​ပတ်​တော်​ကို ဖော်​ပြ​စေ​ခြင်းသို့သာ​လျှင်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်မှာ၊ သူ​တို့​၌ ထွက်​သွား​နှင့်​လေ​ပြီ​ဖြစ်​သော ငါ​၏​နှုတ်​က​ပတ်​တော်​ကို နား​သွင်း​စေ​သည့်​တိုင်​အောင်​ပင်​တည်း။

၁၂ သို့​ဖြစ်​၍၊ သင်​၏​ရင်​သွေး ရေး​လိမ့်​မည်။ ယုဒ​၏​ရင်​သွေး​လည်း ရေး​လိမ့်​မည်။ သင့်​ရင်​သွေး​ရေး​မည့်​အရာ​နှင့် ယုဒ​၏​ရင်​သွေး​ရေး​မည့်​အရာ​တို့​သည်​လည်း မှား​ယွင်း​သော​ဩ​ဝါဒ​တို့​ကို ချေ​ပ​စေ​ခြင်း​ငှာ​၊ ရန်​တွေ့​ခြင်း​များ​ကို ရပ်​တန့်​စေ​ခြင်း​ငှာ၊ သင်​၏​ရင်​သွေး​၌ ငြိမ်း​ချမ်း​ခြင်း​ကို တည်​ဆောက်​စေ​ခြင်း​ငှာ​၊ နောက်​ပိုင်း​ကာ​လ​များ​၌ သူ​တို့​ဘိုး​ဘေး​တို့​အကြောင်း အသိပညာ​သို့၊ ထို့​အတူ ငါ​၏​ပဋိညာဉ်​များ​အကြောင်း အသိပညာသို့ သူတို့​ကို ဆောင်​ယူ​ခြင်း​ငှာ အတူ​တကွ​ပေါင်း​စည်း​လိမ့်​မည်​ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။

၁၃ ငါ​၏​လူ​မျိုးခပ်သိမ်း​တို့​၌ ငါ​၏​အမှု​တော်​ကို အစ​ပြု​မည့် ထို​ကာလ​၌ သင်​တို့​ထံ ပြန်​လည်​ပေး​အပ်​သည့်​တိုင်​အောင်၊ အား​နည်း​ချက်​ရှိ​ရာ​မှ ထိုသူကို အား​ကြီး​စေ​လိမ့်​မည်​၊ အို ဣသရေလ​အမျိုး​သား​တို့၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။

၁၄ ဤ​သို့​အား​ဖြင့်၊ ယောသပ် ပရောဖက်​ပြု​ဟော​၍​ဆို​လေ​သည်​ကား၊ ရှု​လော့၊ ထို​မြင်​သော​သူ​ကို ကိုယ်​တော်​ရှင်​ကောင်း​ချီး​ပေး​တော်​မူ​လိမ့်မည်။ သူ့​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​သော​သူ​တို့​သည် ရှုံး​နိမ့်​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ့​ရင်​သွေး​နှင့်​စပ်​လျဉ်း​၍၊ ကိုယ်​တော်​ရှင်​ထံ​မှ ငါ​ရ​ရှိ​ထား​လေ​သည့် ဤ​ကတိ​တော်​ကို ပြီး​ပြည့်​စုံ​စေ​လိမ့်​မည်။ ရှု​လော့၊ ငါသည် ဤ​ကတိ​တော်​၏ ပြီး​ပြည့်​စုံ​စေ​ခြင်း​အကြောင်း​ကို စိတ်​ချ​၏။

၁၅ သူ့​အမည်​ကို ငါ့​နည်းတူ ခေါ်​ကြလိမ့်​မည်။ ထို​အမည်​သည် သူ့​အဘ​၏​အမည်​အတိုင်း ဖြစ်​လိမ့်​မည်။ ထို့​အတူ၊ သူ​သည် ငါ​ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ထို​သူ​၏​လက်​ဖြင့် ကိုယ်​တော်​ရှင်​ဖော်​ပြ​တော်​မူ​မည့်​အရာ​သည်​ကား၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ငါ​၏​လူ​မျိုး​တို့​ကို ကယ်​တင်​ခြင်း​သို့ ဆောင်ယူ​မည့်​အရာ​ပေ​တည်း။

၁၆ ထို​မှ​တစ်​ပါး၊ ယောသပ် ပရောဖက်​ပြု​၍​ဟော​လေ​သည်​ကား၊ ငါသည် မောရှေ​၏​ကတိ​ကို စိတ်​ချ​သ​ကဲ့​သို့​ပင် ဤ​အရာ​ကို စိတ်​ချ​၏။ အကြောင်း​မူ​ကား၊ ငါသည် သင်​၏​အမျိုး​အနွယ်​တို့​ကို ကာလ​အစဉ်​အဆက် ကာ​ကွယ်​စောင့်​မ​မည်​ဟု ကိုယ်​တော်​ရှင်​သည် ငါ့​ကို မိန့်​တော်​မူ​လေ​ပြီ။

၁၇ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​သည်​ကား၊ ငါသည် မောရှေ​ကို ပေါ်​ထွန်း​စေ​မည်။ ငါသည် သူ့အား လှံ​တံ​အား​ဖြင့် တန်​ခိုး​ကို ပေး​၍၊ စီရင်​ရေး​ခြင်း​ကိုလည်း ပေး​မည်။ သို့​ရာ​တွင်၊ ငါ​သည် သူ​၏​လျှာ​ကို မလွတ်​စေ​သ​ဖြင့်၊ သူသည် စကား​များ​စွာ​မပြော​ရ။ အကြောင်း​မူ​ကား၊ ငါသည် သူ့ကို စကား​ပြော​ခြင်း​၌ အား​ကြီး​စေ​မည်​မ​ဟုတ်။ သို့​ရာ​တွင်၊ ငါ့​ပညတ်​ကို ငါ့​လက်​၏​လက်​ချောင်း​ဖြင့် သူ့​အဖို့​ရေးမည်။ ငါသည် သူ့​အတွက် စကား​ပြော​သူ​တစ်​ယောက်​ကိုလည်း ခန့်​ထား​တော်​မူ​မည်။

၁၈ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ပြန်​လေ​သည်​ကား၊ ငါသည် သင့်​ရင်​သွေး​အတွက် ပေါ်​ထွန်း​စေ​တော်​မူ​မည်။ စကား​ပြော​သူ​တစ်​ယောက်​ကို​လည်း သူ့​အတွက် ခန့်​ထား​တော်​မူ​မည်။ ထို့​အတူ၊ ငါ​သည် ရှု​လော့၊ သင့်​ရင်​သွေး​၏​စာ​ကို ရေး​စေ​မည့်​အကြောင်း၊ သူ​နှင့် သင့်​ရင်​သွေး​ကို အခွင့်​ပေး​တော်​မူ​မည်။ သင့်​ရင်​သွေး​၏ စကား​ပြော​သူ​သည်​လည်း ထို​အရာ​ကို ဟော​ပြော​လိမ့်​မည်။

၁၉ သူ​ရေး​မည့် စကားတို့​သည်​ကား၊ ငါ​၏​ဉာဏ်​ပညာ​တော်​အတိုင်း ကောင်း​မွန်​၍ သင့်​ရင်​သွေး​သို့ ရောက်​မည့် စကားတို့​ပေ​တည်း။ ထို​အရာ​သည်​ကား၊ သင့်​ရင်​သွေး​သည် သူ​တို့​ထံ မြေ​မှုန့်​ထဲ​မှ​နေ​၍၊ တောင်း​လျှောက်​လေ​သ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါသည် သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​သိ​၏။

၂၀ သူ​တို့​သည်​လည်း အထူး​သ​ဖြင့်၊ မိမိ​တို့​နောက်၊ မျိုး​ဆက်​ပေါင်း​များ​စွာ​တို့ ကွယ်​လွန်​ကြ​လေ​ပြီး​သော်​မှ​ပင်၊ မြေ​မှုန့်​ထဲ​မှ​ဟစ်​ကြွေး​၍၊ နောင်တရခြင်းကိုပင် မိမိ​တို့​ညီ​အစ်​ကို​တို့​ထံ၊ တောင်း​ဆို​ကြ​လိမ့်​မည်။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ အကယ်​စင်​စစ်၊ သူ​တို့​စကား​များ​၏ ရိုး​ရှင်း​ခြင်း​အတိုင်း သူ​တို့​၏​တောင်း​ဆို​သံ​များ ထွက်​ပေါ်​လာ​လိမ့်​မည်။

၂၁ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် သူ​တို့​စကား​များ​သည် သင့်​ရင်​သွေး​များ​ဖြစ်​သော သူ​တို့​၏​ညီ​အစ်​ကို​များ​သို့ ငါ​၏​နှုတ်​မှ ထွက်​တော်​မူ​လိမ့်​မည်။ သူ​တို့​၏​စကား​အရာ​၌​အား​နည်း​ချက်​ကို ငါသည် သူ​တို့​၏​ယုံ​ကြည်​ခြင်း​အား​ဖြင့် အား​ကြီး​စေ​အောင် ပြု​တော်​မူ​မည်​ကား၊ သင့်​ဘိုး​ဘေး​တို့ထံ ငါ​ပြု​လေ​သည့် ငါ​၏​ပဋိညာဉ်​ကို အောက်​မေ့​ခြင်း​သို့​တိုင်​အောင်​ပေ​တည်း။

၂၂ ယခု​မူ​ကား၊ ရှု​လော့ ငါ့​သား​ယောသပ်၊ ဤ​ကဲ့​သို့​အား​ဖြင့် ငါ​၏​ရှေး​ဘိုး​ဘေး​တို့​က ပရောဖက်​ပြု​၍​ဟော​ခဲ့​ပေ​၏။

၂၃ သို့​ဖြစ်​၍၊ ဤ​ပဋိညာဉ်​ကြောင့် သင်​သည် ကောင်း​ချီး​ခံ​စား​ရ​၏။ အကြောင်း​မူ​ကား၊ သင်​၏​အမျိုး​အနွယ်​တို့​သည် ထို​စာအုပ်​မှ​စကားတို့​ကို စေ့စေ့နား​ထောင်​မည်​ဖြစ်​၍ ဖျက်​ဆီး​မ​ခံကြရ။

၂၄ ဣသရေလ​အမျိုး​သားတို့​နှင့် သင့်​ညီ​အစ်​ကိုတို့​၏​အမျိုး​အနွယ်​များ​သို့ များ​စွာ​သော ပြန်​လည်​အပ်​နှင်း​ခြင်း​ကို ဖြစ်​ပေါ်​စေ​ခြင်း​အထိ​၊ အလွန်​ကြီး​သော​ယုံ​ကြည်​ခြင်း​နှင့် ကြီး​စွာ​သော​အံ့​မ​ခန်း​ချီး​မွမ်း​ဖွယ်​အမှု​တို့​ကို ပြု​ခြင်း​ငှာ​၊ ထို့အတူ ဘုရားသခင်​၏​အမြင်​၌ ကြီး​စွာ​သော​အရာ​တို့​ကို​ပြု​ခြင်းငှာ၊ ထို့အတူ ဘုရားသခင်​၏​လက်​တော်​၌ တန်​ဆာ​တစ်​ခု​ဖြစ်​၍၊ စကား​အရာ​နှင့် အကျင့်​အရာ နှစ်​ခု​စ​လုံး​၌၊ များ​စွာ​သော​ကောင်း​မြတ်​ခြင်း​ကို ပြု​မည့် ပေါ်​ထွက်​လာ​သော အား​ကြီး​သူ​သည် ထို​သူ​တို့​၌ ရှိ​လိမ့်​မည်။

၂၅ ယခု​မူ​ကား၊ သင်​သည် မင်္ဂလာ​ရှိ​၏၊ ယောသပ်။ ရှု​လော့၊ သင်​သည် အသက်​ငယ်​၏။ သို့​ဖြစ်​၍၊ သင်​၏​အစ်​ကို​နီဖိုင်း​၏​စကားတို့​ကို စေ့စေ့နား​ထောင်​လော့။ ငါ​ပြော​လေ​သည့် စကား​တို့​အတိုင်း​ပင် သင့်​အဖို့ ဖြစ်​လိမ့်​မည်။ သင်၏ သေ​အံ့ဆဲဆဲအဘ​၏ စကားတို့​ကို သတိ​ရ​လော့။ အာမင်။