ကျမ်းစာများ
၂ နီဖိုင်း ၃၂


အခန်းကြီး ၃၂

ကောင်းကင်တမန်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဟောပြောကြ၏—လူသားတို့သည် သူတို့​ကိုယ်တိုင် ဆုတောင်း၍၊ သန့်ရှင်းသော​ဝိညာဉ်တော်ထံမှ အသိပညာကို ရရှိရကြမည်။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခုမူကား၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ထိုလမ်းဖြင့် သင်တို့​ဝင်ကြလေ​ပြီးနောက်၊ ပြုရမည့်​အကြောင်းကို၊ သင်တို့​စိတ်နှလုံး၌ အတော်​အသင့်​မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်ကြ​သည်ဟု ငါတွေးမိ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် ဤ​အရာတို့ကို သင်တို့​စိတ်နှလုံး၌ အဘယ်ကြောင့် မှတ်ကျုံး၍ စဉ်းစား​ဆင်ခြင်ကြ​သနည်း။

သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံရရှိကြ​လေပြီးနောက်၊ ကောင်းကင်​တမန်တို့၏​နှုတ်သတ္တိနှင့်​ပြောဆိုနိုင်မည့်​အကြောင်း၊ ငါပြောခဲ့သည်ကို သတိမရကြသလော။ ယခုမူကား၊ သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့်​မှတစ်ပါး၊ ကောင်းကင်​တမန်တို့၏​နှုတ်သတ္တိနှင့် အဘယ်သို့​အားဖြင့် ပြောနိုင်ကြ​မည်နည်း။

ကောင်းကင်​တမန်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်​ပြောကြ၏။ သို့ဖြစ်၍၊ သူတို့သည် ခရစ်တော်၏​နှုတ်ကပတ်တော်များကို ဟောပြောကြ၏။ သို့ဖြစ်၍၊ ခရစ်တော်၏​နှုတ်ကပတ်တော်တို့ကို ပွဲခံပျော်မွေ့ကြလော့ဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ ရှုလော့၊ ခရစ်တော်၏​နှုတ်ကပတ်တော်တို့က သင်တို့ပြုရမည့်​အရာမှန်​သမျှကို ပြောပြလိမ့်မည်။

သို့ဖြစ်၍၊ ယခုတွင်၊ ဤစကားများကို ငါပြော​လေပြီးနောက်၊ သင်တို့​နားမ​လည်နိုင်ကြလျှင်၊ သင်တို့​မမေး​မလျှောက်ကြသော​ကြောင့်၊ မခေါက်ကြသော​ကြောင့် ဖြစ်လိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် အလင်းသို့ ဆောင်ယူ​မခံရဘဲ၊ မှောင်မိုက်၌ ပျက်စီးရကြမည်။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါတစ်ဖန်​ဆိုသည်မှာ၊ ထိုလမ်း​ဖြင့်ဝင်၍၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို သင်တို့လက်ခံရ​ရှိလျှင်၊ သင်တို့ပြုရမည့်​အရာ​မှန်သမျှကို ပြတော်မူ​လိမ့်မည်။

ရှုလော့၊ ဤအရာ​သည်ကား ခရစ်တော်၏​ဩဝါဒ​ဖြစ်၍၊ သင်တို့ထံ သူကိုယ်တိုင် ဇာတိကိုယ်ခန္ဓာ​အားဖြင့် ထင်ရှားစွာ​ပြတော်မူပြီးသည့်​တိုင်အောင် ဩဝါဒမရှိတော့လတ္တံ့။ သင်တို့ထံ သူကိုယ်တိုင် ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့် ထင်ရှားစွာ​ပြတော်မူသော​အခါတွင်လည်း၊ သူပြောမည့်​အရာများကို လုပ်ဆောင်ရန် အားထုတ်​ရကြမည်။

ယခုမူကား၊ ငါနီဖိုင်း​သည် နောက်ထပ်၍ မပြောနိုင်တော့။ ဝိညာဉ်တော်က ငါ၏​ပြောဆိုခြင်းကို ရပ်တန့်စေ၍၊ လူသားတို့၏ မယုံကြည်မှု၊ ဆိုးညစ်ခြင်း၊ အသိ​တရားမဲ့ခြင်းနှင့် လည်ပင်း​ခိုင်မာခြင်းတို့ကြောင့်၊ ငါသည် ငိုကြွေးမြည်တမ်းနိုင်ရုံသာရှိ၏။ အကြောင်းမူကား၊ သူတို့ထံသို့ ရှင်လင်းနိုင်သမျှ ရှင်းလင်းသော​စကားဖြင့်ပင် ရှင်းလင်းစွာ​ဖော်ပြစဉ်က​အသိပညာကို မရှာကြ၊ ကြီးစွာသော​အသိပညာကိုလည်း နားမလည်ကြ။

ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့စိတ်နှလုံး၌၊ မှတ်ကျုံး၍​စဉ်းစား​ဆင်ခြင်လျက်​ရှိသေးသည်ကို ငါသိ​မြင်၏။ ဤအရာ​အကြောင်းကို ပြောရမည်မှာ၊ ငါ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ အကြောင်းမူကား၊ သင်တို့သည် လူသားကို ဆုတောင်းရန် သွန်သင်ပေးသည့် ဝိညာဉ်တော်ကို စေ့စေ့နားထောင်လိုကြလျှင်၊ ဆုတောင်းရမည်ကို သိကြလိမ့်မည်။ မကောင်းသော​ဝိညာဉ်သည် လူသားကို ဆုတောင်းရန် သွန်သင်ခြင်း​မရှိ၊ ဆုမတောင်း​ရမည်ကိုသာ သွန်သင်၏။

သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် အစဉ်​အမြဲ​ဆုတောင်းရမည်။ အားလည်း​မလျော့ရ။ သင်တို့၏ အမှု​ဆောင်ရွက်ခြင်းသည် သင်တို့​စိတ်ဝိညာဉ်၏​ကောင်းကျိုး​အတွက် ဖြစ်စေကြောင်း အမှုဆောင်ရွက်ခြင်းကို သူရည်စူး​တော်မူမည့်​အကြောင်း၊ ခမည်းတော်​ထံသို့ ခရစ်တော်၏​နာမတော်​အားဖြင့် ရှေးဦးစွာ ဆုမတောင်းလျှင်၊ ကိုယ်တော်ရှင်​အဖို့ အဘယ်​အရာကိုမျှ သင်တို့​မဆောင်ရွက်ရ။