အခန်းကြီး ၅
နီဖိုင်းအမျိုးသားတို့သည် လာမန်အမျိုးသားတို့ထံမှ ခွဲထွက်ကြ၏၊ မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြ၏၊ ထို့အတူ ဗိမာန်တော်တစ်ခုကို တည်ဆောက်ကြ၏—လာမန်အမျိုးသားတို့သည် သူတို့၏ မယုံကြည်မှုကြောင့် ကိုယ်တော်ရှင်၏ မျက်မှောက်မှပယ်ရှင်းခံကြရ၏၊ အကျိန်ခံကြရ၏၊ နီဖိုင်းအမျိုးသားတို့အဖို့ ကျာပွတ်ဖြစ်လာကြ၏။ ဘီစီ ၅၈၈–၅၅၉ ခန့်။
၁ ရှုလော့၊ အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ငါ၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ များစွာတောင်းလျှောက်သည်မှာ ငါ့အစ်ကိုတို့၏အမျက်ကြောင့်ဖြစ်၏။
၂ သို့ရာတွင်၊ ရှုလော့၊ ငါ့တစ်ဖက်၌ သူတို့၏အမျက်တိုးပွားသည်ကား၊ သူတို့ ငါ့အသက်ကို နုတ်ယူရန် ကြိုးစားအားထုတ်ကြလေသည်အထိပေတည်း။
၃ ထိုမှတစ်ပါး၊ သူတို့သည် ငါ့ကိုဆန့်ကျင်၍ ညည်းညူအပြစ်တင်ကြသည်ကား၊ ငါတို့၏ညီငယ်သည် ငါတို့အပေါ်အုပ်စိုးရန် စဉ်းစား၏။ ငါတို့သည် သူ့ကြောင့်၊ ဒုက္ခအမြောက်အမြား ရကြလေပြီ။ သို့ဖြစ်၍၊ သူ၏စကားတို့ကြောင့် ငါတို့နောက်ထပ်၍ ဒုက္ခမရောက်ကြစေခြင်းငှာ၊ သူ့ကို ယခု ကွပ်မျက်ကြကုန်အံ့။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့သည် သူ့အား ငါတို့ကို အုပ်စိုးသူအဖြစ် ခွင့်မပြု။ ဤလူတို့ကိုအုပ်စိုးခြင်းသည်ကား၊ အစ်ကိုကြီးများဖြစ်သော ငါတို့နှင့်ဆိုင်သည့်အရာဖြစ်သည်ဟုဆိုကြ၏။
၄ ယခုတွင်၊ ငါသည် သူတို့ ငါ့ကို ဆန့်ကျင်ညည်းညူအပြစ်တင်သည့် ခပ်သိမ်းသော စကားတို့ကို ဤပုရပိုက်ပြားတို့ပေါ်၌မရေး။ သို့ရာတွင်၊ သူတို့ ငါ့အသက်ကို နုတ်ယူရန် ကြိုးစားအားထုတ်ကြောင်းပြောရန် ငါ့အတွက် လုံလောက်ပေပြီ။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ငါ့ကို သတိပေးတော်မူ၏၊ ငါ၊ နီဖိုင်း၊ ငါနှင့်အတူလိုက်လိုသူခပ်သိမ်းနှင့်အတူ၊ သူတို့ထံမှ ထွက်ခွာ၍ တောရိုင်းထဲသို့ ထွက်ပြေးသွားရမည့်အကြောင်းဖြစ်၏။
၆ သို့ဖြစ်၍၊ အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ငါ၏မိသားစု၊ ဇော်ရမ်နှင့်သူ၏မိသားစု၊ ငါ၏အစ်ကိုကြီးရှမ်နှင့်သူ၏မိသားစု၊ ငါ၏ညီငယ်များဖြစ်ကြသော ယာကုပ်နှင့်ယောသပ်၊ ညီအစ်မများအပါအဝင် ငါနှင့်အတူလိုက်လိုသူခပ်သိမ်းတို့ကို ခေါ်ယူခဲ့၏။ ငါနှင့်အတူလိုက်လိုသူခပ်သိမ်းတို့သည် ဘုရားသခင်၏ သတိပေးခြင်းများနှင့် ဗျာဒိတ်တော်များကို ယုံကြည်သူများဖြစ်ကြ၏။ သို့ဖြစ်၍၊ ထိုသူတို့သည် ငါ၏စကားတို့ကို စေ့စေ့နားထောင်ကြ၏။
၇ ငါတို့သည်လည်း ငါတို့၏တဲများနှင့် နိုင်သမျှသောအရာတို့ကို ယူဆောင်၍ ရက်ပေါင်းများစွာကြာအောင် တောရိုင်းထဲ၌ ခရီးသွားကြ၏။ ငါတို့သည် ရက်ပေါင်းများစွာကြာအောင် ခရီးသွားကြလေပြီးနောက်၊ ငါတို့၏တဲများကို ဆောက်ကြ၏။
၈ ငါ၏လူတို့သည် ထိုနေရာ၏အမည်ကို နီဖိုင်းဟု ခေါ်လိုကြ၏။ သို့ဖြစ်၍၊ ငါတို့သည် ထိုနေရာကို နီဖိုင်းဟု ခေါ်ကြ၏။
၉ ငါနှင့်အတူရှိသည့် ခပ်သိမ်းသောသူတို့သည် သူတို့ကိုယ်သူတို့ နီဖိုင်းလူမျိုးများဟုခေါ်ဆိုရန် ဆုံးဖြတ်ကြ၏။
၁၀ ငါတို့သည် အရာရာ၌ ကိုယ်တော်ရှင်၏စီရင်တော်မူချက်များ၊ ထုံးဥပဒေသများနှင့် ပညတ်တော်များကို မောရှေ၏ပညတ်တရားအတိုင်း စောင့်ထိန်းရန် အားထုတ်ကြ၏။
၁၁ ကိုယ်တော်ရှင်သည် ငါတို့နှင့်အတူရှိတော်မူလေ၏။ ငါတို့သည်လည်း လွန်စွာအောင်မြင်ကြ၏။ အကြောင်းမူကား၊ ငါတို့သည် စိုက်ပျိုး၍၊ တစ်ဖန်မြောက်မြားစွာ ရိတ်သိမ်းရ၏။ သိုးစု၊ နွားစုတို့နှင့် အမျိုးမျိုးသောတိရစ္ဆာန်တို့ကိုလည်း မွေးမြူစပြုကြ၏။
၁၂ ငါ၊ နီဖိုင်းသည်လည်း ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထားသည့် မှတ်တမ်းများ၊ ထို့အတူ ရေးထားသည့်အတိုင်းငါ့အဘအတွက် ကိုယ်တော်ရှင်၏လက်တော်ဖြင့် ပြင်ဆင်ထားတော်မူသောအလုံး၊ သို့မဟုတ် လမ်းညွှန်လုံးကိုလည်း ယူဆောင်လာခဲ့၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ထိုပြည်၌ လွန်စွာအောင်မြင်၍၊ ပွားများစပြုခဲ့ကြ၏။
၁၄ ငါ၊ နီဖိုင်းသည်လည်း လာဗန်၏ဓားကိုယူ၍၊ ၎င်းနှင့် ပုံစံတူသောဓားများစွာတို့ကို ပြုလုပ်ခဲ့လေ၏၊ လာမန်အမျိုးသားများဟု ယခုအချိန်၌ ခေါ်တွင်လေသည့် လူမျိုးတို့ အဘယ်နည်းဖြင့်မဆို ငါတို့ကို လာ၍မတိုက်ခိုက်မဖျက်ဆီးစေခြင်းငှာပေတည်း။ အကြောင်းမူကား၊ ငါသည် ငါနှင့် ငါ၏သားသမီးများ၊ ထို့အတူ၊ ငါ၏လူများဟု ခေါ်လေသောသူတို့အပေါ်၌ရှိသော သူတို့၏အမုန်းတရားကို သိ၏။
၁၅ ငါသည်လည်း၊ ငါ၏လူမျိုးတို့အား အဆောက်အအုံများတည်ဆောက်ခြင်းနှင့် ကြီးစွာအမြောက်အမြားရှိသော သစ်သား၊ သံ၊ ကြေးနီ၊ ကြေးဝါ၊ သံမဏိ၊ ရွှေ၊ ငွေ၊ အဖိုးတန်သတ္တုရိုင်းတို့ဖြင့် ပြုလုပ်ရသည့် အလုံးစုံသော အတတ်ပညာတို့ကို သွန်သင်ပေးခဲ့၏။
၁၆ ငါ၊ နီဖိုင်းသည် ဗိမာန်တော်တစ်ခု တည်ဆောက်၏။ ငါသည် ထိုဗိမာန်တော်ကို အဖိုးထိုက်သည့်အရာ အလွန်များစွာနှင့် ဆောက်လုပ်မထားလေသည်မှတစ်ပါး၊ ရှောလမုန်၏ဗိမာန်တော်အတိုင်း တည်ဆောက်၏။ အကြောင်းမူကား၊ ဤပြည်၌ ထိုအရာတို့ကို မတွေ့နိုင်။ သို့ဖြစ်၍၊ ရှောလမုန်၏ ဗိမာန်တော်နှင့်ထပ်တူအောင် မတည်ဆောက်နိုင်။ သို့ရာတွင်၊ တည်ဆောက်ပုံမှာ ရှောလမုန်၏ ဗိမာန်တော်ကဲ့သို့ပင်ဖြစ်၍၊ အလွန်လက်ရာမြောက်၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ငါ၏လူတို့ကို လုံ့လဝီရိယရှိစေ၏၊ ထို့အတူ သူတို့၏လက်များဖြင့် အလုပ်လုပ်စေ၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့ကို သူတို့၏ရှင်ဘုရင် ဖြစ်စေလိုကြ၏။ သို့ရာတွင် ငါ၊ နီဖိုင်းသည် သူတို့၌ ရှင်ဘုရင်မရှိစေလိုပေ။ အဘယ်သို့ပင်ဖြစ်စေ၊ ငါ့ကိုယ်စွမ်းရှိသည့်အတိုင်း၊ သူတို့အတွက် ဆောင်ရွက်ပေး၏။
၁၉ ရှုဦးလော့၊ ငါသည် သူတို့၏အုပ်စိုးသူနှင့် ဆရာဖြစ်လိမ့်မည်ဟူသော ငါ၏အစ်ကိုတို့အပေါ်၌ သူတို့နှင့်စပ်လျဉ်း၍ဟောလေသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်တို့ ပြီးပြည့်စုံလေပြီ။ သို့ဖြစ်၍၊ ငါ့အသက်ကို သူတို့ နုတ်ယူရန် ကြိုးစားအားထုတ်ကြသည့်အချိန်အထိ၊ ကိုယ်တော်ရှင်၏ပညတ်တော်တို့အတိုင်း ငါသည် သူတို့၏အုပ်စိုးသူနှင့်ဆရာ ဖြစ်လေ၏။
၂၀ သို့ဖြစ်၍၊ ငါ့ကို မိန့်တော်မူလေသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်သည်ကား၊ ပြီးပြည့်စုံလေပြီ၊ မိန့်တော်မူလေသည်ကား၊ သူတို့သည် သင်၏စကားတို့ကို စေ့စေ့နားမထောင်သမျှ၊ ကိုယ်တော်ရှင်၏မျက်မှောက်မှ ပယ်ရှင်းခံရမည်။ ရှုဦးလော့၊ သူတို့သည် မျက်မှောက်တော်မှ ပယ်ရှင်းခံရလေ၏။
၂၁ ထို့အတူ၊ သူတို့၏ဒုစရိုက်ကြောင့်၊ ကျိန်ခြင်းအမင်္ဂလာကို အမှန်စင်စစ်၊ ပြင်းထန်သောကျိန်ခြင်းအမင်္ဂလာကို သူတို့အပေါ်သို့ ကျရောက်စေတော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သူ့ကိုဆန့်ကျင်၍ သူတို့စိတ်နှလုံးကို မီးကျောက်ကဲ့သို့ဖြစ်လာသည်အထိ မာကျောစေကြ၏။ သို့ဖြစ်၍၊ သူတို့သည် အသားဖြူ၍၊ အလွန်ချောမော၍ နှစ်သက်ဖွယ်ဖြစ်လျှင် ငါ၏လူမျိုးတို့အဖို့ စွဲမက်စရာမဖြစ်နိုင်ကြစေခြင်းငှာ ကိုယ်တော်ရှင်ဘုရားသခင်သည် သူတို့အပေါ်၌ နက်မှောင်ခြင်းအရေပြားကို ရောက်လာစေ၏။
၂၂ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ သူတို့၏ဒုစရိုက်များမှ နောင်တမရကြလျှင်၊ ငါသည် သူတို့ကို သင်၏လူတို့အဖို့ ရွံရှာမုန်းတီးဖွယ်ရာဖြစ်စေမည်။
၂၃ ကျိန်ခြင်းသည် သူတို့၏အမျိုးအနွယ်နှင့်သွေးစပ်ရောနှောသောသူ၏အမျိုးအနွယ်ပေါ်သို့ ကျရောက်လိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် တူသောကျိန်ခြင်းအမင်္ဂလာဖြင့်ပင် အကျိန်ခံရလိမ့်မည်။ ကိုယ်တော်ရှင်မြွက်ဆို၍၊ ထိုအမှု ဖြစ်လေ၏။
၂၄ သူတို့အပေါ်၌ကျရောက်ခဲ့သော ကျိန်ခြင်းအမင်္ဂလာကြောင့်လည်း၊ သူတို့သည် မကောင်းသောအကြံ၊ ဉာဏ်များခြင်းတို့နှင့်ပြည့်သည့် ပျင်းရိသူများဖြစ်လာပြီးလျှင်၊ တောရိုင်းထဲ၌ အသားစားသားရဲတို့ကို လိုက်လံဖမ်းဆီးကြ၏။
၂၅ ကိုယ်တော်ရှင်ဘုရားသခင်ကလည်း ငါ့ကို မိန့်တော်မူလေသည်ကား၊ သူတို့သည် သင်၏အမျိုးအနွယ်တို့အတွက်၊ ငါ့ကို သတိရကြစေခြင်းငှာ၊ နှိုးဆော်ရာ ကျာပွတ်ဖြစ်လိမ့်မည်။ သူတို့ငါ့ကို သတိမရကြ၊ ငါ၏နှုတ်ကပတ်တော်ကို စေ့စေ့နားမထောင်ကြလျှင်၊ ပျက်စီးသည့်တိုင်အောင် ဒုက္ခပေးလိမ့်မည်။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ယာကုပ်နှင့်ယောသပ်အား ငါ့လူမျိုးတို့၏ပြည်၌ ယဇ်ပုရောဟိတ်များနှင့် ဆရာများ ဖြစ်စေခြင်းငှာ ခန့်ထား၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြ၏။
၂၈ ငါတို့ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်သုံးဆယ် ကြာခဲ့ပေပြီ။
၂၉ ငါ၊ နီဖိုင်းသည်လည်း၊ ငါပြုလုပ်ခဲ့သည့် ပုရပိုက်ပြားတို့ပေါ်၌ ငါ့လူမျိုးတို့အကြောင်း မှတ်တမ်းများကို ဤမျှအထိရေးမှတ်လေပြီ။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်ဘုရားသခင် ငါ့ကို မိန့်တော်မူသည်မှာ၊ အခြားပုရပိုက်ပြားတို့ကို ပြုလုပ်လော့။ ငါ့အမြင်၌ကောင်းမြတ်သောအရာများစွာတို့ကို သင့်လူမျိုးတို့အကျိုးအတွက် ထိုပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းရမည်။
၃၁ သို့ဖြစ်၍၊ ငါ၊ နီဖိုင်းသည် ကိုယ်တော်ရှင်၏ပညတ်တော်များကို နာခံရန် ဤအရာတို့ကို ရေးထွင်းရမည့် ပုရပိုက်ပြားတို့ကို သွား၍ပြုလုပ်၏။
၃၂ ငါသည် ဘုရားသခင်နှစ်သက်စေသောအရာတို့ကို ရေးထွင်း၏။ ငါ၏လူမျိုးတို့သည်လည်း ဘုရားသခင်၏ အမှုတော်များကို နှစ်သက်ကြလျှင်၊ ဤပုရပိုက်ပြားတို့ပေါ်ရှိ ငါ၏ရေးထွင်းခြင်းများကို နှစ်သက်ကြပေမည်။
၃၃ ငါ၏လူမျိုးတို့သည် မိမိတို့သမိုင်းကြောင်း၏ ပို၍အသေးစိတ်သောအပိုင်းကို သိလိုကြလျှင်၊ ငါ၏အခြားပုရပိုက်ပြားတို့ကို စေ့စေ့ဖတ်ရှုရမည်။
၃၄ ငါတို့၏ညီအစ်ကိုတို့နှင့် စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ ရှိနေလျက်၊ နှစ်ပေါင်းလေးဆယ် ကြာခဲ့လေပြီဟု ပြောရန် ငါ့အဖို့လုံလောက်ပေပြီ။