ကျမ်းစာများ
၂ နီဖိုင်း ၃၁


အခန်းကြီး ၃၁

နီဖိုင်းသည် ခရစ်တော်​အဘယ်ကြောင့် ဗတ္တိဇံခံ​တော်မူကြောင်းကို ပြောပြ၏—လူသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေရန် ခရစ်တော်၏​နောက်သို့ လိုက်ရမည်၊ ဗတ္တိဇံခံရမည်၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိရမည်၊ ထို့အတူ အဆုံး​တိုင်အောင် တည်ကြည်ရမည်—နောင်တရခြင်းနှင့် ဗတ္တိဇံသည် ကျပ်တည်း​ကျဉ်မြောင်းသည့်​လမ်းသို့ သွားသည့် တံခါး​ဝဖြစ်၏—ဗတ္တိဇံခံပြီး​နောက် ပညတ်တော်များကို စောင့်ထိန်းသည့်သူများဆီသို့ ထာဝရ​အသက် ရောက်ရှိ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ငါနီဖိုင်းသည် သင်တို့အား ပရောဖက်ပြု၍​ဟောခြင်းကို လက်စသတ်၏။ ထို့အတူ၊ ဧကန်​အမှန်ဖြစ်​လာမည့် အရာများတည်းဟူသော ငါသိသည့် အရာအနည်းငယ်တို့​မှတစ်ပါး ငါ​မရေးနိုင်။ ငါ့ညီ​ယာကုပ်၏​စကားတို့မှ အနည်းငယ်​ကိုမှတစ်ပါး ငါ​မရေးနိုင်။

သို့ဖြစ်၍၊ ခရစ်တော်၏​ဩဝါဒ​အကြောင်း ငါပြောရမည့် စကား​အနည်းငယ်တို့​မှတစ်ပါး၊ ငါရေး​လေသည့်​အရာများမှာ၊ ငါ့အဖို့ လုံလောက်ပေပြီ။ သို့ဖြစ်၍၊ ငါ၏​ပရောဖက်ပြု​ဟောခြင်း၏​ရှင်းလင်းခြင်း​အတိုင်း သင်တို့ကို ရှင်လင်းစွာ ဟောပြောမည်။

အကြောင်းမူကား၊ ငါ၏​ဝိညာဉ်သည် ရှင်းလင်းခြင်း၌ မွေ့လျော်၏။ ဤကဲ့သို့​အားဖြင့် ကိုယ်တော်ရှင်​ဘုရားသခင်သည် လူသားတို့၌ အမှုတော်ကို ပြုတော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် နားလည်ခြင်း​အလင်းကို ပေးတော်မူ၏။ သူသည် လူသားတို့​နားလည်နိုင်ကြစေကြောင်း၊ သူတို့၏​ဘာသာစကား​အတိုင်း ဟောတော်မူ၏။

သို့ဖြစ်၍၊ လောကီ​သားတို့၏​အပြစ်များကို ယူဆောင်သွားမည့် ဘုရားသခင်၏​သိုးသငယ်ကို ဗတ္တိဇံပေးမည့်သူ၊ ငါ့ကို ကိုယ်တော်ရှင်​ပြတော်မူခဲ့သည့်​သူတည်း​ဟူသော ထိုပရောဖက်​အကြောင်းကို သင်တို့​သတိ​ရစေကြောင်း ငါ​အလို​ရှိ၏။

ယခုမူကား၊ ဘုရားသခင်၏​သိုးသငယ်သည် သန့်ရှင်း​တော်မူ​လျက်ပင်၊ အလုံးစုံသော​ဖြောင့်မတ်ခြင်းတို့ ပြီးပြည့်စုံစေကြောင်း၊ ရေဖြင့်​ဗတ္တိဇံခံရဖို့ လိုအပ်မည်​ဆိုလျှင်၊ အို မသန့်ရှင်း​လျက်ရှိသော ငါတို့​သည်ကား၊ အထူးသဖြင့် ရေဖြင့်​ပင်ဗတ္တိဇံခံရဖို့ အဘယ်မျှ​အထိ သာ၍​လိုအပ်​လေမည်နည်း။

ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဘုရားသခင်၏​သိုးသငယ်သည် ရေဖြင့် ဗတ္တိဇံခံခြင်း​အားဖြင့်၊ အလုံးစုံသော​ဖြောင့်မတ်ခြင်းကို အဘယ်ကဲ့သို့ ပြီးပြည့်စုံ​စေခဲ့သနည်းဟု သင်တို့ကို ငါမေးလို၏။

သင်တို့သည် သူ​သန့်ရှင်း​တော်မူကြောင်း သိခြင်းမရှိကြ​သလော။ သို့ရာတွင်၊ သူသည် သန့်ရှင်း​တော်မူ​သော်ငြားလည်း၊ ခမည်းတော်၏​မျက်မှောက်၌ လူဇာတိ​အတိုင်း သူ့ကိုယ်သူ နှိမ့်ချ​တော်မူကြောင်း လူသားတို့ကို ပြတော်မူ၍၊ သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်း​အားဖြင့် နာခံ​တော်မူမည် ဖြစ်ကြောင်း ခမည်းတော်​ထံသို့ သက်သေခံ​တော်မူ၏။

သို့ဖြစ်၍၊ သူသည် ရေဖြင့်ဗတ္တိဇံခံ​တော်မူပြီး​နောက်၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ချိုးငှက်​အသွင်ဖြင့် သူ့အပေါ်သို့ ဆင်းသက်​တော်မူ၏။

ထိုမှတစ်ဖန်၊ ဝင်ရကြမည့် လမ်းခရီး​တော်၏​ကျပ်တည်းခြင်းနှင့် တံခါး၏​ကျဉ်းမြောင်းခြင်းကို ထိုအမှုက လူသားတို့ကို ပြ၍၊ သူတို့ရှေ့ ၌ ပုံသက်သေ​အဖြစ် သူပြတော်မူ၏။

၁၀ သင်မူကား ငါ့နောက်သို့ လိုက်လော့​ဟုလည်း လူသားတို့ကို မိန့်တော်မူ၏။ သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ငါတို့သည် ခမည်းတော်၏​ပညတ်တော်များကို စောင့်ထိန်းရန် လိုလိုလားလား​မရှိလျှင်၊ ယေရှုနောက်သို့ လိုက်နိုင်ကြမည်လော။

၁၁ ခမည်းတော်ကလည်း၊ သင်တို့​နောင်တရကြလော့၊ သင်တို့​နောင်တရကြလော့၊ ပြီးလျှင်၊ ငါ့ချစ်သား၏​နာမတော်၌ ဗတ္တိဇံခံကြလော့ဟု မိန့်တော်မူ၏။

၁၂ ထို့အတူ၊ သားတော်၏​အသံသည် ငါ့ထံသို့​ရောက်၍ မိန့်တော်မူ​လေသည်ကား၊ ငါ၏​နာမတော်၌ ဗတ္တိဇံခံသော​သူအား ခမည်းတော်သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို ငါ့အား ပေးသကဲ့သို့ပင်၊ ပေးတော်မူ​လိမ့်မည်။ သို့ဖြစ်၍၊ ငါ့နောက်သို့ လိုက်၍၊ ငါပြုသည်ကို သင်တို့​မြင်ရလေသည့်​အမှုတို့​အတိုင်း ပြုကြလော့။

၁၃ သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့်​လည်းကောင်း၊ ဘုရားသခင်ရှေ့၌ သူတော်​ကောင်းယောင်​ဆောင်ခြင်းနှင့် လှည့်စားခြင်းတို့ကို မပြုကြဘဲ စစ်မှန်သော​ရည်ရွယ်ချက်ဖြင့်၊ သင်တို့၏​အပြစ်များမှ နောင်တရလျက်၊ ဗတ္တိဇံခံ၍—အထူးသဖြင့် သူ၏​နှုတ်ကပတ်တော်​အတိုင်း၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ကယ်တင်ရှင်၏​နောက်၊ ရေထဲသို့​ဆင်း၍ လိုက်သွားခြင်း​အားဖြင့်၊ သင်တို့​အပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူရန် လိုလိုလားလားရှိကြောင်း၊ ခမည်းတော်ထံသို့ သက်သေ​ခံကြလျက်၊ သားတော်၏​နောက်သို့ လိုက်ကြလေလျှင်၊ ရှုလော့၊ ထို့နောက်တွင်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိ၍၊ အထူး​သဖြင့်၊ ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့်​လည်းကောင်း ဗတ္တိဇံသို့ ရောက်၍၊ ထို့နောက်တွင်ကား၊ သင်တို့သည် ကောင်းကင်တမန်၏ နှုတ်သတ္တိ​အားဖြင့် ပြောနိုင်ကြသဖြင့်၊ ဣသရေလေ​အမျိုး၏​သန့်ရှင်းတော်မူသော​ဘုရားထံသို့ ဟစ်ကြွေး၍၊ ချီးမွမ်းကြမည့်​အကြောင်း ငါသိ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သားတော်၏​အသံက ငါ့ထံသို့​လာ၍ မိန့်​တော်မူ​လေသည်ကား၊ သင်သည် သင်၏​အပြစ်များမှ နောင်တရ၍၊ ရေ၌ဗတ္တိဇံခံခြင်း​အားဖြင့်၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းရန် လိုလိုလားလားရှိကြောင်း ခမည်းတော်ထံသို့ သက်သေခံပြီးလေ၍၊ မီးဖြင့်လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​ဖြင့်လည်းကောင်း ဗတ္တိဇံကို ရရှိပြီးလေ၍၊ အသစ်ဖြစ်သော နှုတ်သတ္တိနှင့်၊ အထူး​အားဖြင့်၊ ကောင်းကင်​တမန်တို့၏​နှုတ်သတ္တိနှင့်ပင် ပြောနိုင်လေပြီးနောက်၊ ငါ့ကို ငြင်းဆိုလျှင်၊ သင့်အတွက်မူကား၊ ငါ့ကို မသိလေခဲ့လျှင်၊ သာ၍​ကောင်း၏။

၁၅ ထိုမှတစ်ပါး၊ ငါအလွန်​ချစ်တော်မူသော​သူ၏ နှုတ်ကပတ်တော်တို့သည် မှန်ကန်ပြီး သစ္စာရှိ၏။ အဆုံး​တိုင်အောင်​တည်ကြည်သော ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မိန့်တော်မူ​လေသည့် ခမည်းတော်၏​အသံကိုလည်း ငါကြားခဲ့၏။

၁၆ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ လူသားသည် အသက်ရှင်တော်မူသော​ဘုရားသခင့်သားတော်၏ ပုံသက်သေ​နောက်သို့​လိုက်ရာ၌၊ အဆုံးတိုင်အောင်​တည်ကြည်ခြင်း မရှိလျှင်၊ ကယ်တင်ခြင်းသို့ မရောက်နိုင်​ကြောင်းကို ငါသိ၏။

၁၇ သို့ဖြစ်၍၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏ ရွေးနှုတ်ရှင်ပြု​တော်မူမည့်၊ ငါမြင်လေကြောင်း သင်တို့အား ငါပြောထားလေသည့် အမှုတို့​အတိုင်း ပြုကြလော့။ အကြောင်းမူကား၊ သင်တို့​ဝင်ရမည့် တံခါးကို သိနိုင်ကြစေခြင်း​ငှာဟူသည့် ဤအကြောင်းကြောင့်၊ ထိုအမှုတို့ကို ငါ့အား ပြထား​တော်မူလေ၏။ အကြောင်း​မူကား၊ သင်တို့​ဝင်ရမည့်​တံခါးမှာ၊ နောင်တရခြင်းနှင့် ရေဖြင့် ဗတ္တိဇံခံခြင်း​ဖြစ်၏။ ထို့နောက်တွင်၊ မီးဖြင့်​လည်းကောင်း သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့်​လည်းကောင်း၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းသို့ ရောက်၏။

၁၈ ထို့နောက်တွင်ကား၊ သင်တို့သည် ထာဝရ​အသက်ဆီသို့ ပို့ဆောင်သည့် ကျပ်တည်းကျဉ်း​မြောင်းသည့်​လမ်း၌ ရှိကြ၏။ ထိုမှတစ်ပါး၊ သင်တို့သည် ထိုတံခါးဖြင့် ဝင်ကြလေပြီ။ သင်တို့သည် ခမည်းတော်နှင့် သားတော်တို့၏​ပညတ်တော်များ​အတိုင်း ပြုကြလေပြီ။ ထိုလမ်းဖြင့် သင်တို့​ဝင်ကြလျှင်၊ ရရှိမည်ဖြစ်ကြောင်း သူပြုထား​တော်မူလေသည့် ကတိတော်ကို ပြီးပြည့်စုံစေသည့်​တိုင်အောင် ခမည်းတော်နှင့် သားတော်တို့​အကြောင်းကို သက်သေခံသည့် သန့်ရှင်းသော​ဝိညာဉ်တော်ကိုလည်း သင်တို့လက်ခံ​ရရှိကြလေပြီ။

၁၉ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဤကျပ်တည်း​ကျဉ်းမြောင်းသည့် လမ်းထဲသို့ သင်တို့ရောက်ကြပြီးနောက်၊ အလုံးစုံတို့ကို ဆောင်ရွက်ပြီး​လေပြီလောဟု သင်တို့ကို ငါမေးလို၏။ ရှုလော့၊ မဟုတ်ပေဟု ငါဆို၏။ အကြောင်းမူကား၊ သင်တို့သည် ခရစ်တော်၏​နှုတ်ကပတ်တော်​အားဖြင့် သူ့ကို မတုန်လှုပ်သော​ယုံကြည်ခြင်းနှင့်၊ ကယ်တင်ရန် တန်ခိုးကြီးသော​သူ၏ ကောင်းမှုများကို လုံးလုံးခို​လှုံခြင်း​မှတစ်ပါး၊ ဤမျှအထိ မရောက်​ရှိကြသေး။

၂၀ သို့ဖြစ်၍၊ သင်တို့သည် စုံလင်သော​မျှော်လင့်ခြင်း​ရောင်ခြည်နှင့်​အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသား​တို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့​ဆက်၍ ကြိုးစား​အားထုတ်​ရမည်။ သို့ဖြစ်၍၊ သင်တို့သည် ရှေ့သို့ဆက်၍ ကြိုးစား​အားထုတ်၍၊ ခရစ်တော်၏​နှုတ်ကပတ်တော်ကို ပွဲခံ​ပျော်မွေ့လျက်၊ အဆုံး​တိုင်အောင်​တည်ကြည်မည်ဆိုလျှင်၊ ရှုလော့၊ ခမည်းတော် မိန့်တော်မူ​သည်ကား၊ သင်တို့သည် ထာဝရ​အသက်ကို ရ​ကြလိမ့်မည်။

၂၁ ယခုမူကား၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဤအရာ​သည်ကား၊ လမ်းတော်ဖြစ်၏။ ဘုရားသခင်၏​နိုင်ငံတော်၌ လူသား​ကယ်တင်ခြင်းသို့ ရောက်နိုင်သော အခြားလမ်း သို့မဟုတ်၊ အခြား​နာမ ကောင်းကင်​အောက်တွင် မပေါ်မရှိ။ ယခုမူကား၊ ရှုလော့၊ ဤအရာမှာ ခရစ်တော်၏​ဩဝါဒ၊ အဆုံးမရှိသည့် တစ်ပါးတည်းသော​ဘုရားသခင်ဖြစ်သည့် ခမည်းတော်၏၊ ထို့အတူ၊ သားတော်၏၊ ထို့အတူ၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ တစ်ခုတည်းသော မှန်ကန်သည့်​ဩဝါဒ​လည်းဖြစ်၏။ အာမင်။