ကျမ်းစာများ
၂ နီဖိုင်း ၂၁


အခန်းကြီး ၂၁

ယေရှဲ​အမျိုး​၏​အငုတ် (ခရစ်တော်) သည် ဖြောင့်မတ်ခြင်း​ဖြင့် တရား​စီရင်​တော်​မူ​လိမ့်မည်—ဘုရားသခင် အကြောင်း အသိပညာ​သည် အနှစ်​တစ်​ထောင်​ကာ​လ​၌ မြေ​ကြီး​ကို လွှမ်း​မိုး​လိမ့်​မည်—ကိုယ်​တော်​ရှင်​သည် အလံ​ကို​ထူ​၍၊ ဣသရေလ​အမျိုး​တို့​ကို စု​ဝေး​စေ​လိမ့်​မည်—ဟေရှာယအခန်းကြီး ၁၁ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယေရှဲ​အမျိုး​အငုတ်​၌ အတက်​ပေါက်​လိမ့်​မည်။ သူ​၏​အမြစ်​မှ အကိုင်း​ထွက်​လိမ့်​မည်။

ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပညာ​နှင့် နားလည်ခြင်း​ဝိညာဉ်၊ အကြံ​ဉာဏ်​နှင့် အစွမ်း​သတ္တိ​ဝိညာဉ်၊ ကိုယ်​တော်​ရှင်​အကြောင်း အသိပညာ​နှင့် ကြောက်ရွံ့ခြင်း​ဝိညာဉ်​သည် ထို​သူ့​အပေါ်​မှာ ကိန်း​ဝပ်​တော်​မူ​လိမ့်​မည်။

ထို​သူ​ကို ကိုယ်​တော်​ရှင်​အား ကြောက်ရွံ့ခြင်း​၌ နိုးကြားသောနားလည်းခြင်းကို ရှိ​စေ​လိမ့်​မည်။ ထို​သူ​သည် မိမိ​မျက်​စိ​မြင်​သည်​အတိုင်း တရား​မ​စီရင်။ မိမိ​နား​ကြား​သည်​အတိုင်း အပြစ်တင်ဆုံး​မခြင်းလည်းမရှိ။

သို့​ရာ​တွင်၊ သူ​သည် ဆင်းရဲ​သား​တို့​၏​အမှု​ကို ဖြောင့်မတ်ခြင်း​တရား​နှင့် စီရင်​၍၊ မြေ​ကြီး​ပေါ်​ရှိ​သိမ်​မွေ့အောက်ကျို့​သော​သူ​တို့​အတွက်၊ ဖြောင့်​မတ်​စွာ အပြစ်တင်ဆုံးမ​လိမ့်​မည်။ မြေ​ကြီး​ကို သူ​၏​နှုတ်​ကပတ်တော်​လှံ​တံ​နှင့် ဒဏ်​ခတ်​၍၊ ဆိုး​ညစ်​သော​သူ​ကို သူ​၏​နှုတ်​တော်​မှ​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

ဖြောင့်မတ်ခြင်း​တရား​သည် သူ​၏​ခါး​ပန်း၊ သစ္စာရှိခြင်း​သည် သူ​၏​ခါး​စည်း ဖြစ်​လိမ့်​မည်။

တော​ခွေး​သည် သိုး​သ​ငယ်​နှင့် အတူ​နေ​လိမ့်​မည်။ ကျား​သစ်​သည်​လည်း ဆိတ်​သ​ငယ်​နှင့် အတူ​အိပ်​လိမ့်​မည်။ နွား​သငယ်၊ ခြင်္သေ့​သ​ငယ်​နှင့် ဆူ​အောင်​ကျွေး​သော​အကောင်​တို့​သည် အတူ​သွား​လာ​ကြ​၍၊ ကလေး​သူငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။

နွား​မ​နှင့် ဝံ​မ​သည် အတူ​ကျက်​စား​၍၊ သူ​တို့​သား​ငယ်​များ​သည် အတူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ခြောက်​ကို စား​လိမ့်​မည်။

နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော​သူ​ငယ်​သည်​လည်း မြွေ​ဟောက်​တွင်းဝ​၌ မိမိ​လက်​ကို သွင်း​လိမ့်​မည်။

သူ​တို့​သည် ငါ​၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး​၌ ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို မ​ပြု​ရ​ကြ။ အကြောင်း​မူ​ကား၊ ပင်​လယ်​ကို ရေ​လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ကိုယ်​တော်​ရှင်အကြောင်း အသိပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။

၁၀ ထို​ကာလ​၌ ယေရှဲ​၏​အမြစ်​သည်​ပေါက်​၍၊ လူ​များ​အဖို့ ထူ​သော​အလံ ဖြစ်​လိမ့်​မည်။ ၎င်း​၌ တပါး​အမျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ သူ​၏ ကိန်း​ဝပ်​တော်​မူ​ရာ​အရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ ကိုယ်​တော်​ရှင်​သည် သူ့​လူ​မျိုး​တို့​၏ ကျန်​ကြွင်း​သော​သူ​များ​ကို အာရှုရိ​ပြည်၊ အဲဂုတ္တု​ပြည်၊ ပါသရု​ပြည်၊ ကုရှ​ပြည်၊ ဧလံ​ပြည်၊ ရှိနာ​ပြည်၊ ဟာမတ်​ပြည်၊ ပင်​လယ်​တစ်​ဖက်​၌​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်ငံ​တို့​မှ ကယ်ယူခြင်း​ငှာ၊ လက်​တော်​ကို ဒုတိယ​အကြိမ် တစ်​ဖန်​ဆန့်​တော်​မူ​လိမ့်​မည်။

၁၂ သူ​သည် ပြည်​သား​တို့​အဖို့ အလံ​ကို ထူ​တော်​မူ​သ​ဖြင့်၊ နှင်ထုတ်​ခံ​ရ​သော ဣသရေလ​အမျိုး​တို့​နှင့်၊ အရပ်​ရပ်​ကွဲ​ပြား​သော ယုဒ​အမျိုး​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​တို့​မှ ခေါ်​၍ အတူ​တကွ စည်းဝေး​စေ​တော်​မူ​လိမ့်​မည်။

၁၃ ဧဖရိမ်​အမျိုး​၏ ငြူ​စူ​သော​စိတ်​လည်း​ငြိမ်း​လိမ့်​မည်။ ယုဒ​အမျိုး​သား​တို့​၏ ရန်​သူ​တို့​ကို​လည်း ပယ်​ရှင်း​လိမ့်​မည်။ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​ကို မ​ငြူ​စူ​ရ။ ယုဒ​အမျိုး​သည်​လည်း ဧဖရိမ်​အမျိုး​ကို မနှောင့်ယှက်​ရ။

၁၄ သို့​ရာ​တွင်၊ သူ​တို့​သည် ဖိလိတ္တိ​လူ​တို့​ကို ပခုံး​ထက်​မှ အနောက်​ဘက်​ဆီ​သို့ လိုက်​၍​တိုက်​ကြ​လိမ့်​မည်။ သူ​တို့​သည် အရှေ့​ပြည်​သား​တို့​၏​ဥစ္စာ​ကို အတူ​လု​ယူ​ကြ​လိမ့်​မည်။ သူ​တို့​သည် ဧဒုံ​အမျိုး​နှင့် မောဘ​အမျိုး​ကို​လည်း လုပ်​ကြံ​ကြ​လိမ့်​မည်။ အမ္မုန်​အမျိုး​သား​တို့​သည် သူ​တို့​ကို နာခံ​ကြ​လိမ့်​မည်။

၁၅ ကိုယ်​တော်​ရှင်​သည်​လည်း အဲဂုတ္တု​ပင်လယ်​၏​လျှာ​ကို ရှင်း​ရှင်း​ဖျက်ဆီး​တော်မူ​မည်။ သူ​သည် မိမိ​၏​ပြင်း​စွာ​သော​လေ​တော်​အား​ဖြင့် လက်​တော်​ကို မြစ်​ပေါ်​မှာ လှုပ်​၍၊ ချောင်း​ခုနစ်​သွယ်​ဖြစ်စေခြင်း​ငှာ၊ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​ခြေ​နင်း​စီး​လျက်၊ မ​စို​ဘဲ ကျော်​သွား​စေ​လိမ့်​မည်။

၁၆ ဣသရေလ​သည် အဲဂုတ္တု​ပြည်​မှ ထွက်​သွား​သော​အခါ​၌ ဖြစ်​သ​ကဲ့​သို့၊ ကိုယ်​တော်​၏ ကျန်​ကြွင်း​သော​လူ​မျိုး​တို့​အတွက် အာရှုရိ​ပြည်​မှ​သွား​ရာလမ်းမ ဖြစ်​ရ​လိမ့်​မည်။