နီဖိုင်းဒုတိယကျမ်း
လေဟိသေခြင်းအကြောင်း မှတ်တမ်း။ နီဖိုင်း၏ညီအစ်ကိုတို့က သူ့ကို ဆန့်ကျင်ပုန်ကန်ကြ၏။ ကိုယ်တော်ရှင်သည် နီဖိုင်းကို တောရိုင်းထဲသို့ ထွက်ခွာသွားရန် သတိပေးတော်မူ၏။ တောရိုင်းထဲ၌ သူ၏ခရီးသွားခြင်းနှင့် စသည့်အကြောင်းအရာများ။
အခန်းကြီး ၁
လေဟိသည် လွတ်လပ်ရာပြည်အကြောင်းကို ပရောဖက်ပြု၍ဟော၏—သူ၏အမျိုးအနွယ်တို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကို ငြင်းပယ်ကြလျှင်၊ ကွဲပြားပြန့်ကျဲရ၍၊ ဒဏ်ခတ်ခံကြရလိမ့်မည်—သူသည် သူ၏သားတို့အား ဖြောင့်မတ်ခြင်းချပ်ဝတ်တန်ဆာကို ဝတ်ရန် တိုက်တွန်း၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ယခုမူကား၊ အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်း ငါ၏ညီအစ်ကိုတို့အား သွန်သင်ခြင်းကို လက်စသတ်လေပြီးနောက်၊ ငါတို့အဘလေဟိသည် သူတို့အား၊ များစွာသောအရာတို့ကိုလည်း ပြောပြ၏၊ ထို့အတူ သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်ယူရာ၌ ကြီးစွာသောအမှုတို့ကို သူတို့အတွက် ကိုယ်တော်ရှင်ပြုတော်မူလေကြောင်း ပြန်၍ပြောပြ၏။
၂ သမုဒ္ဒရာပေါ်၌၊ သူတို့၏ ပုန်ကန်ခြင်းအကြောင်းနှင့် သူတို့အသက်ကို ချမ်းသာပေးရာ၌ ထားတော်မူသော ဘုရားသခင်၏ ကရုဏာတော်တို့ကြောင့်၊ ပင်လယ်ထဲ၌ ဝါးမျိုမခံရလေကြောင်းကိုလည်းပြောပြ၏။
၃ သူတို့ရရှိသော ကတိတော်မြေအကြောင်း—ငါတို့ကို ယေရုရှလင်နယ်မြေမှ ထွက်ပြေးကြစေခြင်းငှာ သတိပေးတော်မူရာ၌ ကိုယ်တော်ရှင်အဘယ်မျှ ကရုဏာကြီးတော်မူလေကြောင်းတို့ကိုလည်း ပြောပြ၏။
၄ အကြောင်းမူကား၊ ရှုလော့၊ သူဆိုလေသည်ကား၊ ငါသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ ငါသည် ယေရုရှလင် ဖျက်ဆီးခံရကြောင်း သိ၏။ ငါတို့သည်လည်း ယေရုရှလင်၌ ဆက်၍နေခဲ့လျှင်၊ ပျက်စီးကြလေမည်။
၅ သို့ရာတွင်၊ သူဆိုသည်ကား၊ ငါတို့၌ ဆင်းရဲဒုက္ခများရှိသော်ငြားလည်း၊ ငါတို့သည် အခြားသောပြည်ခပ်သိမ်းတို့ထက် အမြတ်ဆုံးဖြစ်သည့်ပြည်၊ ငါ့အမျိုးအနွယ်တို့အမွေခံရာအဖို့ ကိုယ်တော်ရှင်ဘုရားသခင် ငါနှင့်ပဋိညာဉ်ပြုထားတော်မူလေသည့်ပြည်ဖြစ်သည့် ကတိတော်မြေကို ရရှိကြလေပြီ။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်သည် ဤပြည်ကို ငါ့ထံ၊ ထို့အတူ ငါ၏သားမြေးတို့ထံ ပဋိညာဉ်ပြု၍ကာလအစဉ်အဆက် ပေးထားတော်မူလေ၏။ ကိုယ်တော်ရှင်၏လက်တော်အားဖြင့်၊ အခြားသောတိုင်းပြည်တို့မှ ဆောင်တော်မူခြင်းခံရမည့်သူခပ်သိမ်းတို့အတွက်လည်းဖြစ်၏။
၆ သို့ဖြစ်၍၊ ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ဆောင်တော်မူခြင်းကို မခံရလျှင်၊ အဘယ်သူမျှ ဤပြည်ထဲသို့ ဝင်လာရလိမ့်မည်မဟုတ်ကြောင်း၊ ငါ၊ လေဟိသည် ငါ့အထဲ၌ရှိသည့် ဝိညာဉ်တော်၏ပြုပြင်ခြင်းတို့အတိုင်း ပရောဖက်ပြု၍ဟော၏။
၇ သို့ဖြစ်၍၊ ဤပြည်ကို သူဆောင်ယူတော်မူလာမည့်သူအတွက် ရည်စူးထားတော်မူ၏။ သူတို့သည် သူပေးထားတော်မူလေသည့် ပညတ်တော်အတိုင်း သူ့ကို အစေခံကြလျှင်၊ ထိုပြည်သည် သူတို့အတွက် လွတ်လပ်ရာပြည်ဖြစ်လိမ့်မည်။ သို့ဖြစ်၍၊ သူတို့သည် ဖမ်းဆီးချုပ်နှောင်ခြင်းသို့ အဘယ်တော့မျှ ဆောင်ယူသွားမခံရ။ အကယ်၍ ခံရလျှင်လည်း၊ ဒုစရိုက်ကြောင့်ဖြစ်လိမ့်မည်။ ဒုစရိုက်များပြားလျှင်ကား၊ ကျိန်ခြင်းသည် ထိုပြည်၌ သူတို့အတွက် ဖြစ်လိမ့်မည်။ သို့ရာတွင်၊ ဖြောင့်မတ်သောသူတို့အတွက်မူကား၊ ကာလအစဉ်အဆက် ကောင်းချီးခံစားရမည့်ပြည် ဖြစ်လိမ့်မည်။
၈ ရှုဦးလော့၊ ဤအချိန်တွင်၊ ထိုပြည်ကို အခြားသောလူမျိုးတို့၏အသိပညာမှ၊ ကွယ်ထားခြင်းသည်ကား၊ ဉာဏ်ပညာရှိခြင်းပင်တည်း။ အကြောင်းမူကား၊ ရှုလော့၊ သို့မဟုတ်လျှင်၊ ထိုပြည်ကို များစွာသောလူမျိုးတို့နေရာအနှံ့ဝင်ရောက်၍ အမွေခံရာနေရာ မရှိဘဲဖြစ်လိမ့်မည်။
၉ သို့ဖြစ်၍၊ ယေရုရှလင်နယ်မြေမှ ဝေးရာသို့ ကိုယ်တော်ရှင်ဘုရားသခင် ဆောင်ယူတော်မူမည့်သူတို့သည် သူ၏ပညတ်တော်တို့ကို စောင့်ထိန်းလေသမျှ၊ ဤပြည်၏မျက်နှာပြင်ပေါ်၌၊ အောင်မြင်ကြလိမ့်မည်။ ထို့အတူ၊ ဤပြည်ကို သူတို့ကိုယ်တိုင်အဖို့ ပိုင်ဆိုင်နိုင်ကြစေခြင်းငှာ၊ သူတို့ကို အခြားသောလူမျိုးခပ်သိမ်းတို့ သိကျွမ်းစေခြင်းမှ၊ ကွယ်ထားခံရလိမ့်မည်ဟူသော ကတိတော်ကို ငါ၊ လေဟိရရှိလေပြီ။ သူတို့သည် သူ၏ပညတ်တော်တို့ကို စောင့်ထိန်းကြလျှင်၊ ဤပြည်၏မျက်နှာပြင်ပေါ်၌၊ ကောင်းချီးခံစားကြရလိမ့်မည်။ နှောင့်ယှက်မည့်သူ သို့မဟုတ်၊ သူတို့၏အမွေခံရာမြေကို သိမ်းယူသွားမည့်သူ အဘယ်သူမျှမရှိ။ သူတို့သည် ကာလအစဉ်အဆက်လုံခြုံစွာ နေထိုင်ရလိမ့်မည်။
၁၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ကိုယ်တော်ရှင်၏လက်တော်မှ အလွန်ကြီးစွာသော ကောင်းချီးမင်္ဂလာတို့ကို ရရှိကြလေပြီးနောက်ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာသောအချိန် ကျရောက်လာသောအခါ—မြေကြီးနှင့် ခပ်သိမ်းသောလူသားတို့အား ဖန်ဆင်းတော်မူသည့် အကြောင်း အသိပညာရှိလျက်၊ ကမ္ဘာကို ဖန်ဆင်းတော်မူသည်မှစ၍ ကိုယ်တော်ရှင်၏ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှုတို့ကို သိနေလျက်၊ ယုံကြည်ခြင်းအားဖြင့်၊ ခပ်သိမ်းသော အရာတို့ကို ပြုလုပ်ကြစေခြင်းငှာ ပေးထားတော်မူလေသောအစွမ်းသတ္တိ ရှိနေလျက်၊ ရှေးဦးစွာကတည်းက၊ ခပ်သိမ်းသောပညတ်တော်တို့ ရှိနေလျက်၊ သူ၏အတိုင်းမသိသော ကောင်းမြတ်ခြင်းအားဖြင့် ဤအဖိုးထိုက်သည့်ကတိတော်မြေသို့ ဆောင်ယူခံရလျက်ပင်—ရှုလော့၊ သူတို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားတည်းဟူသော မှန်သောမေရှိယ၊ သူတို့၏ရွေးနုတ်ရှင်နှင့် သူတို့၏ဘုရားသခင်ကို ငြင်းပယ်ကြမည့်နေ့ ကျရောက်လာလေလျှင်၊ တရားမျှတတော်မူသောကိုယ်တော်၏ တရားစီရင်တော်မူခြင်းတို့သည် သူတို့အပေါ် ကျရောက်လိမ့်မည်ဟု ငါဆို၏။
၁၁ ထိုမှတစ်ပါး၊ သူသည် အခြားသောလူမျိုးတို့ကို သူတို့ထံသို့ ဆောင်ယူတော်မူလာပြီးလျှင်၊ တန်ခိုးကိုပေးလိမ့်မည်၊ သူတို့ပိုင်ဆိုင်သောမြေများကိုလည်း သိမ်းယူသွားတော်မူလိမ့်မည်။ သူတို့ကို ကွဲပြားပြန့်ကျဲရစေ၊ ဒဏ်ခတ်ခံရစေလိမ့်မည်။
၁၂ ထိုမှတစ်ပါး၊ မျိုးဆက်တစ်ခုမှ တခြားတစ်ခုသို့ ဆင့်ကူးသွား၍၊ အသွေးသွန်းလောင်းခြင်းတို့နှင့် ကြီးစွာသောကြည့်ရှုစီရင်တော်မူခြင်းတို့သည် သူတို့၌ ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍၊ ငါ့သားတို့၊ ငါသည် သင်တို့ သတိရစေရန် အလိုရှိ၏။ အမှန်စင်စစ်၊ ငါသည် သင်တို့အား ငါ၏စကားတို့ကို စေ့စေ့နားထောင်စေရန် အလိုရှိ၏။
၁၃ အို အသင်တို့ နိုးကြပါစေသော်၊ ကြီးသောအိပ်ခြင်းမှ နိုး၍၊ အမှန်စင်စစ်၊ ငရဲ၏အိပ်ခြင်းမှပင် နိုးကြပါစေသော်။ သင်တို့ကို ချည်နှောင်ထားသည့် ကြောက်ရွံ့ဖွယ်ကောင်းသောသံကြိုးတို့ကို ခါချလိုက်ကြလော့၊ ၎င်းတို့သည်ကား လူသားတို့ကို ချည်နှောင်သည့် သံကြိုးများဖြစ်၏၊ သို့ဖြစ်၍ သူတို့သည် ဝမ်းနည်းပူဆွေးမှုနှင့် အမင်္ဂလာတို့၏ ထာဝရချောက်သို့ ဖမ်းဆီးချုပ်နှောင်၍ သယ်ဆောင်သွားခံကြရ၏။
၁၄ နိုးလော့၊ မြေမှုန့်မှထလော့၊ အေးစက်တိတ်ဆိတ်သည့် သင်္ချိုင်းတွင်း၌ မကြာမြင့်မီ ခြေ၊ လက်တို့ကို သင်တို့မြှုပ်ရတော့မည့် တုန်လှုပ်နေသောမိဘ၏ စကားတို့ကို ကြားနာကြလော့၊ ထိုနေရာမှ အဘယ်ခရီးသည်မျှ ပြန်မလာနိုင်။ နောက်ထပ် ရက်အနည်းငယ်၌ ငါသည် မြေကြီးပေါ်၌ နေထိုင်သူခပ်သိမ်းတို့၏ သွားရာလမ်းကို သွားရမည်။
၁၅ သို့ရာတွင် ရှုလော့၊ ကိုယ်တော်ရှင်သည် ငါ၏စိတ်ဝိညာဉ်ကို ငရဲမှ ရွေးနုတ်တော်မူလေပြီ။ ငါသည် သူ၏ ဘုန်းတော်ကို မြင်ရ၏၊ သူ၏ချစ်ခြင်းလက်များဖြင့် အစဉ်ထာဝရ ပွေ့ထားတော်မူခြင်းကိုလည်း ခံရ၏။
၁၆ ငါသည် ကိုယ်တော်ရှင်၏ထုံးဥပဒေသတို့နှင့် စီရင်တော်မူချက်တို့ကို သင်တို့ကျင့်စောင့်ရန် သတိရစေကြောင်း အလိုရှိ၏။ ရှုလော့၊ ဤအရာမှာ၊ ရှေးဦးစွာကတည်းက ငါ့စိတ်ဝိညာဉ်၏ စိုးရိမ်ပူပန်မှုပေတည်း။
၁၇ ငါ့စိတ်နှလုံးသည် အချိန်နှင့်အမျှ၊ ဝမ်းနည်းခြင်းနှင့် ဝန်လေး၍ နေခဲ့ရလေပြီ။ အကြောင်းမူကား၊ ငါစိုးရိမ်လေသည်မှာ၊ သင်တို့စိတ်နှလုံး၏မာကျောခြင်းကြောင့်၊ သင်တို့အပေါ် သင်တို့၏ ဘုရားသခင်ကိုယ်တော်ရှင် အမျက်တော်အပြည့်အစုံဖြင့်၊ ကြွရောက်တော်မူလာ၍ သင်တို့သည် ပယ်ရှင်းခြင်းနှင့် ဖျက်ဆီးခြင်းကို ကာလအစဉ်အဆက် ခံရမည့်အကြောင်း၊
၁၈ သို့မဟုတ်၊ ကျိန်ခြင်းအမင်္ဂလာသည် သင်တို့အပေါ်သို့ မျိုးဆက်များစွာကြာအောင် ကျရောက်လာမည့်အကြောင်း၊ ထို့အတူ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အမုန်းခံရခြင်းတို့အားဖြင့် ဆုံးမခံရ၍၊ နတ်ဆိုး၏အလိုနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းတို့အတိုင်း၊ ခေါ်ဆောင်သွားသည်ကို ခံရမည့်အကြောင်းတို့ပေတည်း။
၁၉ အို ငါ့သားတို့၊ ဤအရာတို့ သင်တို့အပေါ်သို့ မကျရောက်ပါစေနှင့်၊ သို့ရာတွင်၊ သင်တို့သည် ကိုယ်တော်ရှင်နှစ်သက်တော်မူသော၊ ရွေးကောက်တော်မူထိုက်သည့် လူမျိုးများဖြစ်ကြပါစေ။ သို့ရာတွင်၊ ရှုလော့၊ သူ၏အလိုတော်သည် ပြည့်စုံလိမ့်မည်။ အကြောင်းမူကား၊ သူ၏လမ်းခရီးတော်တို့သည် ကာလအစဉ်အဆက် ဖြောင့်မတ်တော်မူပေ၏။
၂၀ ထို့အတူ၊ သူမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ၏ပညတ်တော်တို့ကို စောင့်ထိန်းကြသမျှ၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်။ သို့ရာတွင်၊ ငါ၏ပညတ်တော်တို့ကို မစောင့်ထိန်းကြသမျှ၊ ငါ၏မျက်မှောက်မှ ပယ်ရှင်းခံကြရလိမ့်မည်။
၂၁ ယခုမူကား၊ ငါ၏ဝိညာဉ်သည် သင်တို့အားဖြင့် ဝမ်းမြောက်ခြင်းရှိနိုင်၍၊ ငါ၏စိတ်နှလုံးသည် သင်တို့ကြောင့် ဤလောကကို ဝမ်းသာခြင်းနှင့် ချန်ထားနိုင်စေ၍၊ ငါသည် သင်္ချိုင်းတွင်းသို့ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်းတို့နှင့်အတူ အချမခံရနိုင်စေခြင်းငှာ၊ ငါ့သားတို့၊ မြေမှုန့်မှ ထကြလော့၊ ရင့်ကျက်သူများဖြစ်ကြလော့၊ နှလုံးသားတစ်ခု၌ စိတ်တစ်ခုကို သန္နိဋ္ဌာန်ချကြလော့။ အရာရာ၌ စည်းလုံးကြရမည်မှာ၊ ဖမ်းဆီးချုပ်နှောင်ခြင်းထဲသို့ သင်တို့ဆင်းမလာနိုင်ကြစေကြောင်း၊
၂၂ သင်တို့ပြင်းထန်သောကျိန်ခြင်းအမင်္ဂလာဖြင့်၊ အကျိန်မခံကြရစေကြောင်း၊ ထို့အတူ ပျက်စီးခြင်း၊ အမှန်စင်စစ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာနှစ်ခုစလုံး၏ အစဉ်ထာဝရပျက်စီးခြင်းသို့တိုင်အောင်၊ တရားတော်မူသောဘုရားသခင်၏ မကျေမနပ်ဖြစ်ခြင်းကိုလည်း မခံကြရစေကြောင်းတို့ပေတည်း။
၂၃ ငါ့သားတို့၊ နိုးကြလော့။ ဖြောင့်မတ်ခြင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကြလော့။ သင်တို့ကို ချည်နှောင်ထားသောသံကြိုးတို့ကို ခါချကြလော့၊ မြှေးယှက်ခြင်းမှ ထွက်၍၊ မြေမှုန့်မှ ထကြလော့။
၂၄ ရူပါရုံတို့ဖြင့်အသရေထင်ရှား၍၊ ငါတို့ယေရုရှလင်ကို စွန့်ခွာချိန်မှစ၍၊ ပညတ်တော်တို့ကို ထိန်းသိမ်းစောင့်ရှောက်လေသော၊ ကတိတော်မြေထဲသို့ ငါတို့ကို ဆောင်ယူရာတွင် ဘုရားသခင်၏လက်တော်၌ တန်ဆာတစ်ခုဖြစ်လေသော သင်တို့၏ညီကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုကြတော့နှင့်။ အကြောင်းမူကား၊ သူ့ကြောင့်မဟုတ်လျှင်၊ ငါတို့သည် တောရိုင်းထဲ၌ ငတ်မွတ်မှုကြောင့် ပျက်စီးကြရပေမည်။ သို့သော်လည်း သင်တို့သည် သူ့အသက်ကို နုတ်ယူရန် ကြိုးစားအားထုတ်ကြ၏။ ထိုမှတစ်ပါး၊ သူသည် သင်တို့ကြောင့် ဝမ်းနည်းခြင်းများစွာ ခံစားရလေပြီ။
၂၅ ငါသည် သူတစ်ဖန်ဒုက္ခဝေဒနာခံစားရမည်ကို စိုးရိမ်၍၊ သင်တို့ကြောင့် လွန်စွာ ကြောက်ရွံ့၍၊ တုန်၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် သူ့ကို သင်တို့အပေါ် တန်ခိုးနှင့် အခွင့်အာဏာကို ရရှိခြင်းငှာ ကြိုးစားအားထုတ်သည်ဟု စွပ်စွဲကြလေပြီ။ သို့ရာတွင်၊ ငါသည် သူ သင်တို့အပေါ် အစိုးရခြင်းနှင့် အခွင့်အာဏာကိုရရှိခြင်းငှာ ကြိုးစားအားထုတ်သည်မဟုတ်၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်းငှာနှင့် သင်တို့၏ထာဝရကောင်းကျိုးအတွက် ကြိုးစားအားထုတ်ကြောင်းသာဖြစ်ကြောင်းသိ၏။
၂၆ သင်တို့သည် သူသင်တို့အား ပွင့်လင်းစွာပြောလေသောကြောင့် ညည်းညူအပြစ်တင်ကြ၏။ သူ ပြင်းထန်လေပြီဟု ဆိုကြ၏။ သင်တို့ကို သူအမျက်ထွက်လေပြီဟု ဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူ၏ပြင်းထန်ခြင်းသည်ကား၊ သူ့အထဲ၌ရှိသော ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုး၏ပြင်းထန်ခြင်းပေတည်း။ ထို့အတူ အမျက်ဟု သင်တို့ခေါ်သည့်အရာကား၊ သင်တို့၏ဒုစရိုက်တို့အကြောင်း၊ ရဲရင့်စွာဖြင့် ထင်ရှားစွာပြလျက်ရှိသော၊ ဘုရားသခင်၌ ရှိတော်မူသည့်အတိုင်း သူမချုပ်တည်းနိုင်သည့် အမှန်တရားဖြစ်၏။
၂၇ ဘုရားသခင်၏တန်ခိုးတော် သူနှင့်အတူရှိရမည်မှာ လိုအပ်ပေ၏။ သူ၏စေခိုင်းခြင်းကိုပင် သင်တို့နာခံရမည်။ သို့ရာတွင်၊ ရှုလော့၊ ထိုအရာသည်ကား၊ သူမဟုတ်၊ သူ့၌ရှိလေသည့် ကိုယ်တော်ရှင်၏ဝိညာဉ်တော်သာဖြစ်၍၊ စကားပြောစေခြင်းငှာ သူ၏နှုတ်ကို ပွင့်စေတော်မူသဖြင့် သူမပိတ်နိုင်ခဲ့။
၂၈ ယခုမူကား၊ ငါ့သား၊ လာမန်၊ ထို့အတူ လေမွေလနှင့် ရှမ်၊ ထို့အတူ ဣရှမေလ၏သားများ ဖြစ်ကြလေသော ငါ့သားတို့၊ ရှုလော့၊ သင်တို့သည် နီဖိုင်း၏စကားကို စေ့စေ့နားထောင်ကြမည်ဆိုလျှင်၊ မပျက်စီးရ။ သင်တို့ သူ့ကို စေ့စေ့နားထောင်ကြမည်ဆိုလျှင်၊ ငါသည် သင်တို့အား ကောင်းချီးမင်္ဂလာ၊ အမှန်စင်စစ်၊ ငါ၏ပထမကောင်းချီးမင်္ဂလာကိုပင် ပေးမည်။
၂၉ သို့ရာတွင်၊ သင်တို့ သူ့ကို စေ့စေ့နားမထောင်ကြလျှင်၊ ငါသည် ငါ၏ ပထမကောင်းချီးမင်္ဂလာ၊ အမှန်စင်စစ်၊ ငါ၏ကောင်းချီးမင်္ဂလာကိုပင် နုတ်ယူ၍၊ ထိုမင်္ဂလာသည် သူ့အပေါ် ရောက်လိမ့်မည်။
၃၀ ယခုမူကား၊ ဇော်ရမ်၊ ငါသည် သင့်ကို ပြောမည်၊ ရှုလော့၊ သင်သည် လာဗန်၏ကျွန်ဖြစ်၏။ သို့သော်လည်း၊ သင်သည် ယေရုရှလင်နယ်မြေမှ ဆောင်ယူခံခဲ့ရ၏၊ သင်သည် ငါ့သားနီဖိုင်းအတွက် ကာလအစဉ်အဆက် စစ်မှန်သော အဆွေခင်ပွန်းဖြစ်ကြောင်း ငါသိ၏။
၃၁ သို့ဖြစ်၍၊ သင်သည် သစ္စာရှိလေသောကြောင့် သင်၏အမျိုးအနွယ်တို့သည် သူ၏အမျိုးအနွယ်တို့နှင့်အတူ ဤပြည်၏ မျက်နှာပြင်ပေါ်၌ စည်းစိမ်ကြွယ်ဝစွာဖြင့် ကြာရှည်စွာနေ၍ ကောင်းချီးခံစားရ လိမ့်မည်။ ထို့အတူ သူတို့၏ စည်းစိမ်ကို သူတို့၏ဒုစရိုက်မှတစ်ပါး အဘယ်အရာကမျှ ဤပြည်၏မျက်နှာပြင်ပေါ်၌ ကာလအစဉ်အဆက် ဘေးရောက်စေခြင်း သို့မဟုတ်၊ နှောင့်ယှက်ခြင်းမရှိရ။
၃၂ သို့ဖြစ်၍၊ သင်သည် ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို စောင့်ထိန်းလျှင်၊ ကိုယ်တော်ရှင်သည် ဤပြည်ကို ငါ့သား၏အမျိုးအနွယ်တို့နှင့်အတူ သင့်အမျိုးအနွယ်တို့၏လုံခြုံမှုအတွက် သန့်ရှင်းမွန်မြတ် စေတော်မူလိမ့်မည်။