ကျမ်းစာများ
၂ နီဖိုင်း ၂၀


အခန်းကြီး ၂၀

အာရှုရိ​ပြည် ပျက်စီးခြင်း​သည် ဒုတိယ​အကြိမ် ကြွ​လာ​တော်​မူ​သော​အခါ​၌ ဆိုး​ညစ်​သူ​တို့​ပျက်စီးခြင်း​၏ သင်္ကေတ တစ်​ခု​ဖြစ်​၏—ကိုယ်​တော်​ရှင်​နောက်​တစ်​ဖန် ကြွ​လာ​တော်​မူ​ပြီး​နောက်​တွင်၊ အနည်း​ငယ်​သော​လူ​တို့​ကျန်​ရှိ​လိမ့်​မည်—ထို​ကာလ​၌၊ ယာကုပ်​အမျိုး​၏​ကျန်​ကြွင်း​သော​သူ​တို့ ပြန်​လာ​ကြ​မည်—ဟေရှာယအခန်းကြီး ၁၀ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

မ​တရား​သောစီရင်ချက်ကို စီရင်​သူ၊ ပြင်း​ထန်​သော​မှတ်​ချက်​ကို မှတ်​သား​သော​စာ​ရေး​တို့​သည် အမင်္ဂလာ​ရှိ​ကြ​လေ​သည်​မှာ၊

ချို့​တဲ့​သော​သူ​တို့​အဖို့ မှန်​သော​တရား​စီရင်ခြင်း​မှ သွေဖည်ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​၏​လူ​မျိုး​၌ ဆင်းရဲ​သား​တို့​၏​အ​ခွင့်အရေး​ကို ဖယ်ရှားခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို မိမိ​တို့​၏ သား​ကောင်​ဖြစ်စေခြင်း​ငှာ​လည်း​ကောင်း၊ အဘ​မ​ရှိ​သော​သူငယ်​တို့​၏​ဥစ္စာ​ကို လုယူခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သော​ကြောင့်​ပင်​တည်း။

သင်တို့သည် ငါ​ကြည့်​ရှု​စီရင်​ရာ​ကာလ၌၊ ထို့အတူ အဝေး​က​ရောက်​လတ္တံ့​သော​ဖျက်ဆီးခြင်း​၌ အဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။ အကူ​အညီ​ရ​အံ့​သော​ငှာ၊ အဘယ်​သူ့​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​၏ စည်း​စိမ်​ဥစ္စာ​ကို အဘယ်​မှာ ချန်​ထား​ကြ​လိမ့်​မည်​နည်း။

ငါ့​အကူ​အညီ​ကို​မ​ရ​ဘဲ​နှင့် သူ​တို့​သည် ချုပ်​ထား​လျက်​ရှိ​သော​သူ​တို့​အောက်​မှာ ဦးညွှတ်ပျပ်ဝပ်ရကြ​လိမ့်​မည်။ ကွပ်​မျက်​ခံ​ရ​သော​သူ​တို့​အောက်​မှာ လဲ​ကျရ​ကြ​လိမ့်​မည်။ ဤ​အရာ​ခပ်​သိမ်း​တို့​ကြောင့်၊ သူ​၏​အမျက်​တော်​သည် မ​ငြိမ်း​သော်​လည်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏။

အို အာရှုရိ​လူ၊ ငါ့​အမျက်​၏​လှံ​တံ၊ သူ​တို့​ကိုင်​သော​တောင်​ဝှေး​သည် သူ​တို့​၏ဒေါသ​ဖြစ်​၏။

သူ​တော်​ကောင်း​ယောင်​ဆောင်​သော​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို ငါ​စေ​လွှတ်​မည်။ ငါ့​အမျက်​ခံ​ရာ​လူ​စု​ကို လုယူ​ဖျက်ဆီး​၍၊ လမ်း​၌ ရွှံ့​ကို​ကဲ့​သို့ သူ​တို့​ကို နင်း​ချေစေခြင်းငှာ သူ့​ကို ငါ​တာဝန်ပေး​မည်။

သို့​သော်​လည်း၊ သူ​သည် ထို့​သို့​မ​ရည်​ရွယ်၊ သူ​၏​စိတ်​နှလုံး​က​လည်း ထို​သို့​မ​တွေး။ သို့​ရာ​တွင်၊ သူ​၏​စိတ်​နှလုံး​၌၊ အနည်း​ငယ်​သာ​မ​ဟုတ်​သည့် လူ​မျိုး​တို့​ကို ဖျက်​ဆီး​၍၊ ပယ်ရှင်းခြင်း​ငှာ အလို​ရှိ​၏။

သူ​ဆို​လေ​သည်​ကား၊ ငါ​၏​မူး​မတ်​တို့​သည် မင်း​ကြီး​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

ကာလ​နော်​မြို့​သည် ခါခေမိတ်​မြို့​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်​လော။ ဟာမတ်​မြို့​သည် အာပဒ်​မြို့​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်​လော။ ရှမာရိ​မြို့​သည် ဒမာသက်​မြို့​ကဲ့​သို့​ဖြစ်​သည်​မ​ဟုတ်​လော။

၁၀ ရှမာရိ​ရုပ်​တု​နှင့် ယေရုရှလင်​ရုပ်​တု​ထက် သာ​၍​မြတ်​သော​ရုပ်​တု​ဆင်း​တု​ကို ကိုး​ကွယ်​သော နိုင်ငံ​များ​ကို ငါ​တည်​ထောင်​လေ​သ​ကဲ့​သို့​လည်း​ကောင်း၊

၁၁ ရှမာရိ​မြို့​နှင့် သူ့​ရုပ်​တု​တို့​ကို ငါ​ပြု​သ​ကဲ့​သို့​လည်း​ကောင်း၊ ယေရုရှလင်​မြို့​နှင့် သူ့​ရုပ်​တု​တို့​ကို ငါ​ပြု​မည်​မ​ဟုတ်​လော​ဟု ဆို​တတ်​၏။

၁၂ သို့​ဖြစ်​၍၊ အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ကိုယ်​တော်​ရှင်​သည် ဇိအုန်​တောင်​ပေါ်​နှင့်၊ ယေရုရှလင်​မြို့​အပေါ်​၌ အမှု​တော်​ကို ဆောင်​ရွက်​တော်မူပြီး​မှ၊ အာရှုရိ​ရှင်​ဘုရင်​၏ မာန​ထောင်​လွှား​သော​စိတ်​နှလုံး​၏​အကျိုး​နှင့် မော်​သော​မျက်​နှာ​နှင့်​စော်ကားခြင်း​ကို ငါ​အပြစ်​ဒဏ်​ပေး​တော်​မူ​မည်။

၁၃ အကြောင်း​မူ​ကား၊ သူ​ဆို​လေ​သည်​မှာ၊ ငါ​သည် ပညာတတ်​ဖြစ်​သော​ကြောင့်၊ ကိုယ့်​လက်​ရုံး​သတ္တိ​နှင့် ကိုယ့်​ဉာဏ်​ပညာအား​ဖြင့်၊ ဤ​အရာ​တို့​ကို ပြု​လုပ်​ခဲ့​ပြီး​လေ​ပြီ။ လူ​မျိုး​တို့​၏ နယ်​နိမိတ်​တို့​ကို ငါ​ရွှေ့ ပြီ။ သူ​တို့​၏​ဘဏ္ဍာ​ကို လု​ယူ​ပြီ။ နေ​ထိုင်​သူ​တို့​ကို သူ​ရဲ​ကဲ့​သို့ အောင်​နိုင်​ပြီ။

၁၄ ငါ့​လက်​သည် ငှက်​သိုက်​ကို​တွေ့​သ​ကဲ့​သို့၊ လူ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကို တွေ့​ပြီ။ စွန့်​ပစ်​သော​ငှက်​ဥ​တို့​ကို သိမ်း​ယူ​သ​ကဲ့​သို့၊ မြေ​ကြီး​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ငါ​သိမ်း​ယူ​ပြီ။ အဘယ်​သူ​မျှ အတောင်​ကို​မ​လှုပ်။ နှုတ်​သီး​ကို​မ​ဖွင့်။ မ​မြည်​မ​တွန်​ဟု​ဆို​၏။

၁၅ တုတ်​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် သစ်​သား​မ​ဟုတ်​လေသည့်ပမာ၊ ကိုယ်​တိုင် ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​တတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​တတ်​သော​သူ​ကို ရန်​ပြု​၍​ထောင်​လွှား​ရ​မည်​လော။

၁၆ ထို့​ကြောင့်၊ ကိုယ်​တော်​ရှင်၊ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​သည် ထို​သူ​၏ ဆူ​ဝ​သော​သူ​တို့ ၌၊ ပိန်ကျုံခြင်း​ကို သွင်း​ပေး​တော်​မူ​မည်။ ထို​သူ​၏​ဘုန်း​တော် အောက်​၌​လည်း မီး​လောင်​မြိုက်သ​ကဲ့​သို့ လောင်မြိုက်စေခြင်း​ငှာ၊ ရှို့​တော်​မူ​မည်။

၁၇ ဣသရေလ​အမျိုး​၏​အလင်း​သည် မီး​ဖြစ်​လိမ့်​မည်။ သူ​၏​သန့်​ရှင်း​သော​ဘုရား​သည် မီး​လျှံ​ဖြစ်​တော်​မူ​မည်။ တစ်​နေ့​ချင်း​တွင်၊ သူ​၏ ဆူး​ပင်​အမျိုး​မျိုး​တို့​ကို လောင်မြိုက်စေ​မည်​ဖြစ်​၍၊ ကျွမ်း​စေ​တော်​မူ​မည်။

၁၈ တော​၏​ဘုန်း​ကို​လည်း​ကောင်း၊ အသီး​အနှံ​ထွက်​သော​လယ်​၏​ဘုန်း​ကို​လည်း​ကောင်း၊ သူ​၏​ဝိညာဉ်၊ ကိုယ်​ခန္ဓာ​နှင့်​တ​ကွ ကုန်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အလံ​တိုင်​လဲ​သ​ကဲ့​သို့ အား​လျော့​လိမ့်​မည်။

၁၉ ကြွင်း​သော​တော​ပင်​တို့​ကို သူ​ငယ်​သည် စာရင်း​ယူ​နိုင်​အောင်၊ အနည်း​ငယ်​မျှ​သာ ဖြစ်​လိမ့်​မည်။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌၊ ဣသရေလ​အမျိုး​၏ ကျန်​ကြွင်း​သော​သူ​များ​နှင့် ယာကုပ်​အမျိုး​သား​တို့​အထဲ​မှ ဘေး​လွတ်​သော​သူ​တို့​သည် မိမိ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​ကို မ​ကိုး​စား​ကြတော့လတ္တံ့၊ ကိုယ်​တော်​ရှင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၌သာ အမှန်​ကိုး​စား​ကြ​လိမ့်​မည်။

၂၁ ကျန်​ကြွင်း​သော​သူ၊ အထူး​သ​ဖြင့်၊ ယာကုပ်​အမျိုး​၏​ကျန်​ကြွင်း​သော​သူ​တို့​သည် တန်ခိုး​ကြီး​တော်​မူ​သော​ဘုရားသခင်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။

၂၂ အကြောင်း​မူ​ကား၊ သင်​၏​လူ​မျိုး​ဣသရေလ​အမျိုး​တို့​သည် သမုဒ္ဒရာသဲ​လုံး​တ​မျှ၊ များ​သော်​လည်း၊ ကျန်​ကြွင်း​သော​သူ​တို့​သာ​လျှင်၊ ပြန်လာ​ကြ​လိမ့်​မည်။ စီရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်ရှင်းခြင်း​သည် ဖြောင့်မတ်ခြင်း​ဖြင့် လွှမ်း​မိုး​ရ​လိမ့်​မည်။

၂၃ အကြောင်း​မူ​ကား၊ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် မြေ​တစ်​ပြင်​လုံး​၌ စီရင်​ဆုံးဖြတ်​သော သုတ်​သင်​ပယ်​ရှင်းခြင်း​ကို ပြု​တော်​မူ​လိမ့်​မည်။

၂၄ ထို့​ကြောင့်၊ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်​တော်​မူ​လေသည်​ကား၊ အို ဇိအုန်​မြို့ ၌​နေ​သော ငါ​၏​လူ​မျိုး​တို့၊ အာရှုရိ​လူ​ကို မ​ကြောက်​နှင့်။ သူ​သည် သင့်​ကို တုတ်​နှင့်​ရိုက်​လိမ့်​မည်။ အဲဂုတ္တု​လူ​ကို ပြု​သည်​နည်း​တူ သူ​၏​လှံ​တံ​ကို သင့်​အပေါ်​မှာ မိုး​လိမ့်​မည်။

၂၅ သို့​သော်​လည်း၊ ခဏ​ကြာ​ပြီး​မှ သူ​တို့​သည် ပျက်စီးခြင်း​သို့​ရောက်​သော​အား​ဖြင့်၊ ဒေါသ​သည်​ငြိမ်း​၍၊ ငါ့​အမျက်​လည်း​ပြေ​လိမ့်​မည်။

၂၆ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​သည် ဩရဘ​ကျောက်​နား​မှာ မိဒျန်​အမျိုး​သား​တို့​ကို ဒဏ်ခတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကို လှံ​တံ​တော်​နှင့် မိုး​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​သူ​အဖို့ ဘေး​ဥပဒ်​ကို ပြင်​ဆင်​၍၊ အဲဂုတ္တု​လက်​ထက်​၌​ကဲ့​သို့၊ လှံ​တံ​တော်​ကို တစ်​ဖန် ချီ​တော်​မူ​မည်။

၂၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ သူ​၏​ဝန်​ကို သင်​၏​ပခုံး​ပေါ်​က​လည်း​ကောင်း၊ သူ​၏​ထမ်း​ပိုး​ကို သင်​၏​လည်​ပင်း​ပေါ်​က​လည်း​ကောင်း ချ​ရ​၏။ ဆီလိမ်းခြင်း​ကြောင့် ထမ်း​ပိုး ပျက်စီး​ရ​၏။

၂၈ သူ​သည် အာရပ်​မြို့​သို့ ရောက်​လေ​ပြီ။ သူ​သည် မိဂရုန်​မြို့​တိုင်​အောင် လွန်​သွား​ပြီ။ မိတ်​မတ်​မြို့ ၌ သူ​၏​လှည်း​များ​ကို ချ​ထား​လေ​ပြီ။

၂၉ သူ​တို့​သည် ချိုင့်​ဝှမ်း​ကို လွန်​ကြ​ပြီ။ သူ​တို့​သည် ဂေဗ​မြို့ ၌ စခန်း​ချ​ကြ​ပြီ။ ရာမတ်​မြို့​သည် ကြောက်​လန့်​လျက်​ရှိ​၏။ ရှောလု​နေရာ ဂိဗာ​မြို့​သည် ပြေး​၏။

၃၀ အို ဂလ္လိမ်​မြို့​သမီး၊ ကြွေး​ကြော်​လော့။ လဲရှ​မြို့​သို့​တိုင် ကြား​စေ​လော့။ အို ဆင်းရဲ​သော အာနသုတ်​မြို့ ။

၃၁ မာဒမေန​မြို့​သည် ပြောင်း​သွား​ပြီ။ ဂေဗိမ်​မြို့​သား​တို့​သည် ထွက်​ပြေး​ခြင်း​ငှာ စုဝေး​ကြ​၏။

၃၂ ထို​နေ့​တွင် သူ​သည် နောဘ​မြို့​၌ နေ​ပြီး​မှ ဇိအုန်​သ​တို့​သမီး​၏​တောင်​တည်း​ဟူ​သော ယေရုရှလင်​တောင်​ကို ရွယ်​၍၊ မိမိ​လက်​ကို လှုပ်​လိမ့်​မည်။

၃၃ ရှုလော့၊ ကိုယ်​တော်​ရှင်၊ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​သည် ကြောက်​မက်​ဖွယ်​သော အခြင်း​အရာ​နှင့် သစ်​ပင်​အထွဋ်​ကို ခုတ်​ဖြတ်​တော်​မူ​မည်။ အရပ်​မြင့်​သော​အခက်​တို့​ကို ခုတ်​လှဲ​၍၊ ကြီး​မား​သော​အခက်​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။

၃၄ တော​အုပ်​ကို သံ​လက်​နက်​နှင့် ခုတ်​ပယ်​တော်​မူ​၍၊ လေဗနုန်​တော​သည် တန်ခိုး​ကြီး​သော​သူ​၏​လက်​အား​ဖြင့်၊ လဲ​လျက်​နေ​လိမ့်​သ​တည်း။