ကျမ်းစာများ
၂ နီဖိုင်း ၁၅


အခန်းကြီး ၁၅

ကိုယ်​တော်​ရှင်​၏​စပျစ်​ဥယျာဉ် (ဣသရေလ​အမျိုး) သည် လူ​ဆိတ်​ညံ​ရာ ဖြစ်​လာ​၍၊ သူ​၏​လူ​မျိုး​တို့​သည် ကွဲ​ပြား​ပြန့်​ကျဲ​ကြ​လိမ့်​မည်—သူ​တို့​၏ ဖောက်​ပြန်​သင်း​ကွဲ​၍၊ ကွဲ​ပြား​ပြန့်​ကျဲ​သည့်​အခြေ​အနေ​တွင်၊ အမင်္ဂလာ​များ ကျ​ရောက်​လာ​လိမ့်​မည်—ကိုယ်​တော်​ရှင်​သည် အလံ​ကို​ထူ​၍၊ ဣသရေလ​အမျိုး​တို့​ကို စုဝေး​စေ​လိမ့်​မည်—ဟေရှာယအခန်းကြီး ၅ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ထို့​နောက်​တွင်၊ ငါ​၏အလွန်ချစ်​ရာ​သခင်​၏​စပျစ်​ဥယျာဉ်​တော်​ကို အကြောင်း​ပြု​၍၊ မေတ္တာ​သီချင်း​ကို သူ့​အတွက် ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​၏အလွန်ချစ်​ရာ​သခင်​၏ စပျစ်​ဥ​ယျာဉ်​တော်​တစ်​ခု​ရှိ​၏။

သူ​သည် ထို​ဥယျာဉ်​ကို ကာကွယ်​၍၊ ထို​နေရာ​မှ ကျောက်​ခဲ​တို့​ကို ရှင်း​လင်း​ပြီး​မှ၊ အကောင်း​ဆုံး​သော​စပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ​၏။ အလယ်​၌ လင့်​စင်​ကို​လည်း​ဆောက်​၍၊ ထို​အရပ်​၌ စပျစ်​သီး​နယ်​ရာ​ကျင်း​ကို​လည်း တူး​တော်​မူ​၏။ စပျစ်​သီး​ကို သီး​လိမ့်​မည်​ဟု သူ​မျှော်​လင့်​သည်​ရှိ​သော်၊ ဗောရှသီး​ကို သီး​လေ​၏။

ယခု​မူ​ကား၊ အို ယုဒ​ပြည်​သူ၊ ယေရုရှလင်​မြို့​သား​တို့၊ ငါ​နှင့် ငါ့​စပျစ်​ဥယျာဉ်​အမှု​ကို စီရင်​ကြ​ပါ​လော့။

ငါ့​စပျစ်​ဥယျာဉ်​၌ ငါ​ပြု​နိုင်​ခဲ့​လျက်၊ မ​ပြု​သေး​သော​အရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ သို့​ဖြစ်​၍၊ စပျစ်​သီး​ကို​သီး​မည်​ဟု ငါ​မျှော်​လင့်​သည်​ရှိ​သော်၊ ဗောရှသီး​ကို သီး​လေ​၏။

ယခု​မူ​ကား၊ ငါ့​စပျစ်​ဥယျာဉ်​၌ ငါ​ပြု​မည့်​အမှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်—ထို​ဥယျာဉ်​၏ စောင်​ရန်း​ကို ငါ​ဖယ်​ရှား​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ဥယျာဉ်​ကို စား​ကြ​လိမ့်​မည်။ ထို​ဥယျာဉ်​တံတိုင်း​ကို ငါ​ဖြို​ချ​သဖြင့်၊ နင်း​ချေ​ခံ​ရ​လိမ့်​မည်။

ထို့​အတူ၊ ငါ​သည် ဥယျာဉ်​ကို ဖျက်​ဆီး​မည်။ သုတ်​သင်ခြင်း​မ​ခံ​ရ။ တူး​ဆွခြင်း​လည်း​မ​ခံ​ရ။ သို့​ရာ​တွင်၊ ဆူး​ပင်​အမျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥယျာဉ်​ပေါ်​မှာ မိုး​မ​ရွာ​စေခြင်း​ငှာ​လည်း မိုး​တိမ်​ကို ငါ​ပညတ်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​၏​စပျစ်​ဥယျာဉ်​ကား၊ ဣသရေလ​အမျိုး​သား​ဖြစ်​၏။ သူ​၏​နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား ယူဒ​လူ​တည်း။ သူ​သည် တရား​စီရင်ခြင်း​ကို မျှော်​လင့်​သည်​ရှိ​သော်၊ ညှဉ်း​ပန်း​နှိပ်​စက်ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်မတ်ခြင်း​အရာ​၌​လည်း ငို​ကြွေးခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ​၏။

မိမိ​တို့​သည် မြေ​၏​အလယ်​၌ တစ်​စု​တည်း​နေရာ​ကျ​စေခြင်း​ငှာ၊ လပ်​သော​အရပ် မ​ရှိ​နိုင်​စေ​သည့်​တိုင်​အောင်၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း ဆက်​တတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

ငါ​၏​နား​အပါး​၌ ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ အကယ်​စင်​စစ်၊ များ​စွာ​သော အိမ်​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​၍၊ ကြီး​ကျယ်​တင့်​တယ်​သော​မြို့​အများ​တို့​သည် နေ​သော​သူ​မ​ရှိ​ဘဲ​ဖြစ်​ကြ​လိမ့်​မည်။

၁၀ အကြောင်း​မူ​ကား၊ စပျစ်​ဥယျာဉ်​တစ်​ပယ်​သည် စပျစ်​ရည် တစ်​ဗတ်​ကို​မျှ​သာ​ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ ရ​ကြ​လိမ့်​မည်။

၁၁ သေ​ရည်​သေ​ရက်​ကို လိုက်​၍​ရှာ​အံ့​သော​ငှာ၊ နံနက်​စော​စော​ထ​လျက်၊ ညဉ့်​တိုင်​အောင်​ဆက်​သောက်​၍၊ စပျစ်​ရည်​နှင့် ယစ်​မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

၁၂ သူ​တို့​၏​ပွဲ​၌ စောင်း၊ တယော၊ ပတ်​သာ၊ ပု​လွေ၊ စပျစ်​ရည် ပါ​တတ်​၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​အမှု​တော်​ကို​ကား၊ ပမာဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို​လည်း မ​ရိပ်​မိ​ကြ။

၁၃ ထို့​ကြောင့်၊ ငါ​၏​လူ​တို့​သည် အသိ​ပညာ​မ​ရှိ​သော​ကြောင့်၊ ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ကို ခံ​ရ​ကြ​၏။ သူ​တို့​၏ဂုဏ်သရေရှိသူ​တို့​သည် မွတ်​သိပ်​၍​သေ​ကြ​၏။ သူ​တို့​၏ လူအစုအဝေး​သည် ရေ​ငတ်ခြင်း​ဝေဒနာ​ကို ခံ​စား​ရ​လျက်​ရှိ​ကြ​၏။

၁၄ ထို့​ကြောင့်၊ ငရဲ​သည် မိမိ​နေရာ​ကို ကျယ်​စေ​၍၊ မိမိ​နှုတ်​ကို အတိုင်း​အဆ​မ​ရှိ​ဘဲ ဖွင့်​ဟ​သ​ဖြင့်၊ သူ​တို့​၏ ဂုဏ်​အသ​ရေ၊ လူအစုအဝေး၊ အသံ​ဗလံ​ပြုခြင်း​တို့​နှင့်​အတူ၊ ရွှင်​လန်း​ဝမ်း​မြောက်​သော​သူ​သည် ဆင်း​မြုပ်​ရ​၏။

၁၅ သာ​မန်​လူ​လည်း ဦး​နှိမ့်ချခြင်း၊ အား​ကြီး​သော​သူ​လည်း နှိမ့်ချခြင်း​ခံ​ရ​၍၊ မာန​ကြီး​သော​သူ​တို့​၏​မျက်​နှာ​လည်း နှိမ့်​ချ​ရ​၏။

၁၆ ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​သည် တရား​စီရင်ခြင်း​အား​ဖြင့်၊ ချီး​မြှောက်ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ သန့်​ရှင်း​တော်​မူ​သော ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း​အား​ဖြင့်၊ သန့်​ရှင်း​စင်ကြယ်စေခြင်း​ရှိ​တော်​မူ​လိမ့်​မည်။

၁၇ ထို​အခါ၊ သိုး​သ​ငယ်​တို့​သည် မိမိ​တို့ ထုံး​စံ​အတိုင်း ကျက်​စား​ရ​ကြ​လိမ့်​မည်။ ဆူ​အောင်​ကျွေး​သည့်​အကောင်​တို့ ကျက်​စား​ဖူး​သည့် ဆိတ်​ညံ​ရာ​အရပ်​၌​လည်း သူ​တ​စိမ်း​တို့​စား​ကြ​လိမ့်​မည်။

၁၈ ဒုစရိုက်​ကို အချည်း​နှီး​ကြိုး​ဖြင့်​ဆွဲ​သော​သူ၊ လှည်း​ကြိုး​ဖြင့်​ဆွဲ​သ​ကဲ့​သို့ အပြစ်​ကို ဆွဲ​ငင်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

၁၉ သူ​၏​အမှု​ကို ငါ​တို့​မြင်​ရ​မည်​အကြောင်း၊ အလျင်​အမြန်ပြု၍ နှိုးဆော်တော်မူ​ပါ​စေ။ ငါ​တို့ သိ​မြင်​ရ​မည့်​အကြောင်း၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​အကြံ​တော်​သည် အနီး​သို့​ချဉ်း​၍၊ ပြည့်​စုံ​ပါ​စေ​ဟု သူ​တို့​က​လည်း ဆို​တတ်​ကြ​၏။

၂၀ အဆိုးကို အကောင်း၊ အကောင်း​ကို အဆိုး​ဟု ခေါ်​တတ်​သော​သူ၊ အလင်း​အရာ​၌ အမိုက်၊ အမိုက်​အရာ​၌ အလင်း​ကို​လည်း​ကောင်း၊ အချို​အရာ​၌ အခါး၊ အခါး​အရာ​၌​အချို​ကို​လည်း​ကောင်း မှတ်​ယူ​တတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

၂၁ ဉာဏ်ပညာ​ရှိ​သည်​ဟု ကိုယ့်​ကိုယ်​ကို​ထင်​သော​သူ၊ ပညာ​တတ်​ဟု ကိုယ့်​ကိုယ်​ကို​ထင်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

၂၂ စပျစ်​ရည်​ကို သောက်ခြင်း​အမှု​၌ အား​ကြီး​သော​သူ၊ သေ​ရည်​သေ​ရက်​ကို ရော​စပ်ခြင်း​အမှု​၌၊ အား​ကြီး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။

၂၃ ထို​သူ​တို့​သည် တစိုး​ကို​စားခြင်း​ငှာ၊ ဆိုး​ညစ်​သော​သူ​ကို အပြစ်​ကင်း​စေ​၍၊ ဖြောင့်​မတ်​သော​သူ​၏ ဖြောင့်မတ်ခြင်း​ကို ဖယ်​ရှား​၏။

၂၄ ထို့​ကြောင့်၊ မီး​လျှံ​သည် ရိုး​ပြတ်​ကို လောင်​ကျွမ်း​လျက်၊ မီး​တောက်​သည် ဖွဲ​ကို​ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့​၏​အမြစ်​သည် ဆွေး​မြေ့​လျက်၊ သူ​တို့​၏​အပွင့်​များ​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွန့်​တက်​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​၏ တရား​တော်​ကို စွန့်​ပယ်​ကြ​ပြီ။ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏ နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

၂၅ ထို့​ကြောင့်၊ ကိုယ်​တော်​ရှင်​သည် မိမိ​လူ​မျိုး​တို့​ကို အမျက်​ထွက်​လျက်၊ သူ​တို့​၌ မိမိ​လက်​တော်​ကို​ဆန့်​၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​များ တုန်​၍၊ သူ​တို့​၏​အသေ​ကောင်​တို့​သည် လမ်း​များ​၌ စုတ်​ကွဲ​လျက်​ရှိ​ကြ​၏။ ဤ​အရာ​ခပ်သိမ်း​တို့​ကြောင့်၊ သူ​၏ အမျက်​တော်​သည် မ​ငြိမ်း​သော်​လည်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏။

၂၆ သူ​သည် ဝေး​သော​အရပ်​မှာ​နေ​သော​ပြည်​သား​တို့​အဖို့ အလံ​ကို​လည်း​ထူ​၍၊ မြေ​ကြီး​စွန်း​သား​တို့​ကို နှိုး​ဆော်​တော်​မူ​သဖြင့်၊ ရှု​ဦး​လော့၊ သူ​တို့​သည် အလျင်​အမြန်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၌ မော​ပန်း​သူ​မ​ရှိ။ ထိမိ၍​လဲ​သော​သူ​လည်း​မ​ရှိ။

၂၇ အဘယ်​သူ​မျှ မ​ငိုက်​မြည်း​ရ၊ အိပ်​လည်း​မ​အိပ်​ရ။ သူ​တို့​ခါး​စည်း​လည်း မ​ပြေ။ သူ​တို့​ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။

၂၈ သူ​တို့​၏​မြား​တို့​သည် ထက်​ကြ​လိမ့်​မည်။ သူ​တို့​၏​လေး​တို့​သည်​လည်း တင်​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​မှတ်​ရ​၏။ သူ​တို့​အသံ​ဗလံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ​၏။

၂၉ သူ​တို့​သည် ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ထို​မှ​တစ်​ပါး၊ သူ​တို့​သည် ဟောက်​လျက် သား​ကောင်​ကို ဖမ်း​၍၊ အနှောင့်​အယှက်​ကင်း​စွာ သယ်​ဆောင်​သွား​ကြ​လိမ့်​မည်။ အဘယ်​သူ​မျှ မ​ကယ်​မ​လွှတ်​ရ။

၃၀ ထို​ကာလ​၌၊ သူ​တို့​တစ်​ဖက်​တွင် သမုဒ္ဒရာ​အသံ​ဗလံ​ကဲ့​သို့ ဟုန်း​ဟုန်း​မြည်​ကြ​လိမ့်​မည်။ ထို​ပြည်​ကို သူ​တို့ ကြည့်​ရှု​လျှင်​လည်း၊ ရှု​လော့၊ မှောင်​မိုက်​နှင့် ဝမ်း​နည်းခြင်းကို မြင်ရ​၍၊ ကောင်းကင်​အလင်း​သည်လည်း မှောင်မိုက်​လိမ့်​သ​တည်း။