အခန်းကြီး ၁၁
ယာကုပ်သည် သူ၏ရွေးနုတ်ရှင်ကို မြင်၏—မောရှေ၏ပညတ်တရားတို့သည် ခရစ်တော်၏အမှတ်လက္ခဏာကိုပြ၏၊ သူကြွတော်မူလာမည်ကိုလည်းပြ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ယာကုပ်သည် ပို၍များစွာသောအရာတို့ကို ထိုအချိန်က ငါ၏လူမျိုးတို့အား ပြောပြလေ၏။ သို့သော်လည်း ဤအရာတို့ကိုသာ ငါရေးစေ၏၊ အကြောင်းမူကား ငါရေးလေသည့်အရာတို့မှာ ငါ့အဖို့ လုံလောက်၏။
၂ ယခုမူကား၊ ငါ၊ နီဖိုင်းသည် ဟေရှာယ၏ စကားတို့မှ များစွာတို့ကို ရေး၏၊ အကြောင်းမူကား၊ ငါ၏ဝိညာဉ်သည် သူ၏စကားတို့၌ မွေ့လျော်၏။ ငါသည် သူ၏စကားတို့ကို ငါ၏လူမျိုးတို့အဖို့ ကျင့်သုံးမည်။ ထိုစကားတို့ကို ငါ၏သားမြေးခပ်သိမ်းတို့ထံသို့လည်း လွှတ်မည်၊ အကြောင်းမူကား၊ သူသည် ငါ၏ရွေးနုတ်ရှင်ကို ငါမြင်လေသကဲ့သို့ပင် အမှန်မြင်ခဲ့၏။
၃ ထို့အတူ၊ ငါ၏ညီယာကုပ်ကလည်း ငါမြင်လေသကဲ့သို့ သူ့ကိုမြင်လေ၏။ သို့ဖြစ်၍၊ သူ၏စကားတို့ကို ငါ၏သားမြေးတို့ထံ ငါစေလွှတ်မည်မှာ၊ ငါ၏စကားတို့မှန်ကန်ကြောင်း၊ သူတို့ထံ အတည်ပြုခြင်းငှာပေတည်း။ သို့ဖြစ်၍၊ သုံးဦးသောသူတို့၏ စကားတို့အားဖြင့် ငါ၏နှုတ်ကပတ်တော်ကို တည်စေလိမ့်မည်ဟု ဘုရားသခင်မိန့်တော်မူ၏။ သို့သော်လည်း၊ ဘုရားသခင်သည် သာ၍များသောသက်သေတို့ကို စေလွှတ်၍၊ သူ၏ခပ်သိမ်းသောနှုတ်ကပတ်တော်တို့ကို အတည်ပြု၏။
၄ ရှုလော့၊ ငါ၏ဝိညာဉ်သည် ခရစ်တော်ကြွလာတော်မူခြင်းဟူသည့်အမှန်တရားကို ငါ၏လူမျိုးတို့ထံ သက်သေပြရာ၌ မွေ့လျော်၏။ အကြောင်းမူကား၊ ဤရည်ရွယ်ချက်အတွက် မောရှေ၏ပညတ်တရားများကို ပေးထားတော်မူခဲ့လေ၏။ ကမ္ဘာဦးမှစ၍ လူသားများသို့၊ ဘုရားသခင်ပေးထားတော်မူလေသည့် ခပ်သိမ်းသောအရာတို့သည် သူ၏အမှတ်လက္ခဏာကိုပြခြင်း ဖြစ်၏။
၅ ထို့အတူ၊ ငါ၏ဝိညာဉ်သည် ငါတို့၏ဘိုးဘေးတို့ထံ ပြုထားတော်မူခဲ့လေသော၊ ကိုယ်တော်ရှင်၏ပဋိညာဉ်တို့၌လည်း မွေ့လျော်၏။ ထိုမှတစ်ပါး၊ ငါ၏ဝိညာဉ်သည် သေခြင်းမှ ကယ်လွှတ်တော်မူသော ကြီးမြတ်သည့် ထာဝရအစီအစဉ်ရှိ၊ သူ၏ကျေးဇူးတော်၌၊ ထို့အတူ သူ၏တရားမျှတတော်မူခြင်း၊ ထို့အတူတန်ခိုးတော်၌၊ ထို့အတူ ကရုဏာတော်၌ မွေ့လျော်၏။
၆ ငါ၏ဝိညာဉ်သည် ခရစ်တော်ကြွလာတော်မူခြင်းမရှိလျှင်၊ ခပ်သိမ်းသောလူသားတို့ ပျက်စီးကြရမည့်အကြောင်း ငါ၏လူမျိုးတို့ထံ သက်သေပြခြင်း၌လည်း မွေ့လျော်၏။
၇ အကြောင်းမူကား၊ ခရစ်တော်မရှိလျှင်၊ ဘုရားသခင်မရှိ။ ထို့အတူ၊ ဘုရားသခင်မရှိလျှင်၊ ဖန်ဆင်းတော်မူခြင်းလည်း ရှိနိုင်ခဲ့လေမည်မဟုတ်၍၊ ငါတို့သည်လည်း ရှိကြမည်မဟုတ်။ သို့ရာတွင်၊ ဘုရားသခင်ရှိတော်မူ၏။ သူသည် ခရစ်တော်ဖြစ်၏၊ သူ၏အချိန်ကာလပြည့်စုံသောအခါ၌ ကြွလာတော်မူ၏။
၈ ယခုမူကား၊ ငါသည် ဟေရှာယ၏စကားတို့မှ အချို့ကို ရေး၏၊ ဤစကားတို့ကို ဖတ်ရှုကြသော ငါ၏လူမျိုးမှန်သမျှတို့သည် စိတ်နှလုံးရွှင်လန်းအားရ၍၊ ခပ်သိမ်းသောလူသားတို့အတွက်ရွှင်လန်းဝမ်းမြောက်ကြစေကြောင်းပေတည်း။ ယခုတွင်၊ ဤစကားတို့ကို သင်တို့သည် သင်တို့အတွက်နှင့် ခပ်သိမ်းသော လူသားတို့အတွက် ကျင့်သုံးနိုင်ကြပေ၏။