အခန်းကြီး ၂၅
နီဖိုင်းသည် ရှင်းလင်းခြင်း၌ ရွှင်လန်းဝမ်းမြောက်၏—ဟေရှာယ၏ ပရောဖက်ပြုဟောချက်တို့ကို နောက်ဆုံးသောကာလ၌ နားလည်ကြလိမ့်မည်—ယုဒလူမျိုးတို့သည် ဗာဗုလုန်မြို့မှ ပြန်လာ ကြလိမ့်မည်၊ မေရှိယကို လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်၊ ကွဲပြားပြန့်ကျဲရလျက်၊ ဒဏ်ခတ်ခံကြရလိမ့်မည်—သူတို့သည် မေရှိယကိုယုံကြည်လာသောအခါ၌ ပြန်လည်ဆောင်ယူခံကြရလိမ့်မည်—သူသည် လေဟိယေရုရှလင်မြို့ကို စွန့်ခွာခဲ့ပြီးနောက်၊ နှစ်ပေါင်းခြောက်ရာကြာလျှင်၊ ပထမဆုံး ကြွလာတော်မူလိမ့်မည်—နီဖိုင်းအမျိုးသားတို့သည် မောရှေ၏ပညတ်တရားကို စောင့်ထိန်း၍၊ ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်သည့် ခရစ်တော်ကိုယုံကြည်ကြ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။
၁ ယခုမူကား၊ ငါ၊ နီဖိုင်းသည် ဟေရှာယ၏နှုတ်မှ ဟောထားလေသည့်၊ ငါရေးလေသောစကားတို့အကြောင်းကို အတော်အသင့်ပြောပြ၏။ အကြောင်းမူကား၊ ရှုလော့၊ ဟေရှာယသည် ငါ၏လူမျိုးမှ များစွာသောသူတို့နားလည်ရန် ခက်ခဲသည့် အရာများစွာတို့ကို ဟော၏။ အကြောင်းမူကား၊ သူတို့သည် ယုဒအမျိုးတို့၌ ပရောဖက်ပြု၍ဟောခြင်းနည်းလမ်းကို သိခြင်းမရှိကြ။
၂ အကြောင်းမူကား၊ ငါ၊ နီဖိုင်းသည် သူတို့အား ယုဒလူမျိုးတို့၏ထုံးစံနှင့်စပ်လျဉ်းသောအရာ များစွာတို့ကို သွန်သင်မပေးလေခဲ့။ အကြောင်းမူကား၊ သူတို့၏အမှုများမှာ မှောင်မိုက်ခြင်းအမှုများဖြစ်၍၊ အကျင့်များသည် စက်ဆုပ်ရွံရှာဖွယ်အကျင့်များ ဖြစ်ကြ၏။
၃ သို့ဖြစ်၍၊ ဘုရားသခင်၏တရားစီရင်တော်မူခြင်းများသည် သူဟောလေသော နှုတ်ကပတ်တော်အတိုင်း၊ လူမျိုးခပ်သိမ်းတို့အပေါ် ကျရောက်လာမည့်အကြောင်း သူတို့သိနိုင်ကြစေခြင်းငှာ၊ ငါ၏လူမျိုးတို့ထံ၊ ငါရေးသည့် ဤအရာတို့ကို နောင်ကာလ၌ ရရှိမည့်သူတို့ထံ ငါရေး၏။
၄ သို့ဖြစ်၍၊ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလအမျိုးသားများဖြစ်သော ငါ၏လူမျိုးတို့၊ ငါ၏စကားတို့ကို နားညောင်းကြလော့။ အကြောင်းမူကား၊ ဟေရှာယ၏ စကားတို့သည် သင်တို့အဖို့ မရှင်းလင်းသော်လည်း၊ အဘယ်သို့ပင်ဖြစ်စေ ပရောဖက်ပြုဟောသောဝိညာဉ်နှင့် ပြည့်စုံသောသူများအဖို့ ရှင်းလင်း၏။ သို့ရာတွင်၊ ငါ့အထဲ၌ရှိသောဝိညာဉ်အတိုင်း ပရောဖက်ပြုဟောချက်ကို သင်တို့အား ငါပေး၏။ သို့ဖြစ်၍၊ ငါ၏အဘနှင့် ယေရုရှလင်မြို့မှ ထွက်လာခဲ့သည့်အချိန်ကတည်းက ငါနှင့်အတူရှိထားလေသော ရှင်းလင်းခြင်းအတိုင်း၊ ငါသည် ပရောဖက်ပြု၍ ဟောမည်။ အကြောင်းမူကား၊ ရှုလော့၊ ငါ၏ဝိညာဉ်သည် ငါ၏လူမျိုးတို့ အဖို့ ရှင်းလင်းခြင်း၌ မွေ့လျော်၏၊ သူတို့ သင်ယူနိုင်ကြစေခြင်းငှာပေတည်း။
၅ ထိုမှတစ်ပါး၊ ငါ၏ဝိညာဉ်သည် ဟေရှာယ၏စကားတို့၌ မွေ့လျော်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့မှ ထွက်လာခဲ့၍၊ ငါ့မျက်လုံးတို့က ယုဒလူမျိုးတို့၏အမှုများကို မြင်ခဲ့လေ၏၊ ငါသည် ပရောဖက်တို့၏စကားတို့ကို ယုဒလူမျိုးတို့နားလည်ကြသည်ကိုလည်း သိ၏။ ယုဒလူမျိုးတို့အမှုများ၏ ထုံးစံအတိုင်း သွန်သင်ပေးသည်ကို မခံရလျှင်၊ ယုဒလူမျိုးများသို့ပြောထားလေသောစကားတို့ကို သူတို့ကဲ့သို့၊ နားလည်သောသူ အခြားအဘယ်သူမျှမရှိ။
၆ သို့ရာတွင်၊ ရှုလော့၊ ငါ၊ နီဖိုင်းသည် ငါ၏သားမြေးတို့အား ယုဒလူမျိုးတို့၏ ထုံးစံအတိုင်း မသွန်သင်ပေးလေခဲ့။ သို့ရာတွင်၊ ရှုလော့၊ ငါကိုယ်တိုင် ယေရုရှလင်မြို့၌ နေခဲ့လေ၏။ သို့ဖြစ်၍၊ ငါသည် ထိုနယ်မြေပတ်ဝန်းကျင်ဒေသအကြောင်းကို သိ၏။ ငါသည် ယုဒလူမျိုးတို့နှင့် ငါ၏သားမြေးများသို့ ဟေရှာယပြောလေသည့် အရာအားလုံးတို့အတိုင်း ကျရောက်လာလေသည့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းတို့နှင့်စပ်လျဉ်း၍လည်း ငါ၏သားမြေးတို့ကို ဖော်ပြလေပြီ။ ငါသည် ထိုအရာတို့ကို မရေး။
၇ သို့ရာတွင်၊ ရှုလော့၊ ငါသည် အဘယ်သူမျှ မတိမ်းမှားနိုင်သည့် ငါ၏ရှင်းလင်းခြင်းအတိုင်း၊ ငါကိုယ်တိုင်၏ပရောဖက်ပြုဟောချက်ကို ဆက်၍ဟော၏။ အဘယ်သို့ပင်ဖြစ်စေ၊ ဟေရှာယ၏ပရောဖက်ပြုဟောချက်များ ပြီးပြည့်စုံစေမည့်ကာလ၌၊ ထိုအရာတို့ဖြစ်၍လာသောအခါ၊ လူသားတို့ဧကန်အမှန်သိကြလိမ့်မည်။
၈ သို့ဖြစ်၍၊ ထိုအရာတို့သည် လူသားတို့အဖို့ အဖိုးထိုက်တန်လေရကား၊ အဖိုးမထိုက်ဟု ထင်မှတ်သောသူကို ငါသေချာစွာပြော၍၊ ထိုစကားတို့ကို ငါ၏လူမျိုးတို့အတွက် သီးသန့်ထားပေမည်။ အကြောင်းမူကား၊ ငါသည် ထိုအရာတို့ နောက်ဆုံးသောကာလ၌၊ သူတို့အဖို့ ကြီးစွာအဖိုးထိုက်လိမ့်မည်ဖြစ်ကြောင်းကို သိ၏။ ထိုနေ့၌၊ ပရောဖက်ပြုဟောချက်တို့ကို နားလည်ကြမည်ဖြစ်သောကြောင့်ပေတည်း။ သို့ဖြစ်၍၊ သူတို့၏ကောင်းကျိုးအတွက် ငါရေးလေပြီ။
၉ ဒုစရိုက်ကြောင့် ယုဒလူမျိုးတို့၌ မျိုးဆက်တစ်ခု ဖျက်ဆီးခံခဲ့ရ၍၊ ထိုကဲ့သို့ပင် သူတို့သည် မိမိတို့၏ဒုစရိုက်များအတိုင်း လူမျိုးအစဉ်အဆက် ဖျက်ဆီးခံကြရလေပြီ။ ကိုယ်တော်ရှင်၏ပရောဖက်များက ထိုအမှုကို သူတို့အား ကြိုတင်၍ဟောမထားလေလျှင်၊ သူတို့အထဲမှ အဘယ်သူမျှ ဖျက်ဆီးခံခဲ့ရလေမည်မဟုတ်။
၁၀ သို့ဖြစ်၍၊ ငါ့အဘ ယေရုရှလင်မြို့ကို စွန့်ခွာပြီးလျှင်ပြီးချင်း၊ သူတို့အပေါ်ကျရောက်လာမည့် ဖျက်ဆီးခြင်းအကြောင်းကို ပြောထားလေပြီ။ သို့သော်လည်း သူတို့သည် စိတ်နှလုံးကို မာကျောစေကြ၏။ ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်၍ သယ်ဆောင်သွားခံရလေသူတို့မှတစ်ပါး၊ ငါ၏ပရောဖက်ပြုဟောချက်အတိုင်း သူတို့ဖျက်ဆီးခံကြရလေ၏။
၁၁ ယခုမူကား၊ ဤအမှုကို ငါပြောသည်မှာ ငါ့အထဲ၌ရှိသော ဝိညာဉ်ကြောင့်ဖြစ်၏။ သူတို့သည် အဝေးသို့ သယ်ဆောင်သွားခံရလေသော်ငြားလည်း၊ တစ်ဖန်ပြန်လာ၍ ယေရုရှလင်နယ်မြေကို ပိုင်ဆိုင်လိမ့်မည်။ သို့ဖြစ်၍၊ သူတို့၏အမွေခံရာမြေသို့ တစ်ဖန်ပြန်လည်ဆောင်ယူခံကြရလိမ့်မည်။
၁၂ သို့ရာတွင်၊ ရှုလော့၊ သူတို့၌ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားတို့ ရှိကြလိမ့်မည်။ ခမည်းတော်၏တစ်ပါးတည်းသောသားတော်၊ အမှန်စင်စစ်၊ ကောင်းကင်နှင့် မြေကြီး၏ခမည်းတော်ကပင် သူကိုယ်တိုင် ဇာတိကိုယ်ခန္ဓာအားဖြင့် သူတို့ကို ထင်ရှားစွာပြတော်မူမည့် ထိုကာလကျရောက်လာသောအခါ၊ ရှုလော့၊ သူတို့သည် သူတို့၏ဒုစရိုက်များ၊ သူတို့၏စိတ်နှလုံးမာကျောခြင်းနှင့် သူတို့၏လည်ပင်းခိုင်မာခြင်းတို့ကြောင့် သူ့ကို ငြင်းပယ်ကြလိမ့်မည်။
၁၃ ရှုလော့၊ သူ့ကို လက်ဝါးကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်။ သင်္ချိုင်းတွင်းထဲ၌ သူ့ကို သုံးရက်ကြာအောင်ချထားပြီးနောက်တွင်၊ အနာကိုပျောက်စေသောအတောင်တို့ဖြင့်၊ သေခြင်းမှ ထမြောက်တော်မူလိမ့်မည်။ သူ၏နာမတော်ကို ယုံကြည်မည့်သူခပ်သိမ်းတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ သို့ဖြစ်၍၊ ငါ၏ဝိညာဉ်သည် သူ့အကြောင်းကို ပရောဖက်ပြု၍ဟောရန် မွေ့လျော်၏။ အကြောင်းမူကား၊ ငါသည် သူ၏နေ့ရက်ကို မြင်လေ၍၊ ငါ၏စိတ်နှလုံးက သူ၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၏။
၁၄ ရှုဦးလော့၊ အချိန်တန်လာလတ္တံ့သောအခါ၊ မေရှိယသည် သေခြင်းမှ ထမြောက်တော်မူလေ၍၊ သူ၏လူမျိုးတို့ထံ၊ သူ၏နာမတော်ကို ယုံကြည်မည့်သူမှန်သမျှတို့ထံ သူကိုယ်တိုင် ထင်ရှားစွာပြလေပြီးနောက်၊ ရှုလော့၊ ယေရုရှလင်မြို့သည် တစ်ဖန်ဖျက်ဆီးခံရလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်နှင့် သူ့အသင်းတော်၏လူမျိုးတို့ကို ဆန့်ကျင်တိုက်ခိုက်သောသူတို့သည် အမင်္ဂလာရှိကြ၏။
၁၅ သို့ဖြစ်၍၊ ယုဒလူမျိုးတို့သည် ခပ်သိမ်းသောလူမျိုးတို့၌ ကွဲပြားပြန့်ကျဲကြရပေလိမ့်မည်။ ထိုမှတစ်ပါး၊ ဗာဗုလုန်မြို့သည်လည်း ဖျက်ဆီးခံရလိမ့်မည်။ သို့ဖြစ်၍၊ ယုဒလူမျိုးတို့သည် အခြားသောလူမျိုးတို့အားဖြင့် ကွဲပြားပြန့်ကျဲကြရလိမ့်မည်။
၁၆ သူတို့ကွဲပြားပြန့်ကျဲကြရပြီးနောက်၊ မျိုးဆက်များစွာကြာအောင်၊ အမှန်စင်စစ်၊ ခရစ်တော်၊ ဘုရားသခင်၏သားတော်နှင့် လူသားခပ်သိမ်းတို့အဖို့ အတိုင်းမသိဖြစ်သော အပြစ်ဖြေခြင်းမင်္ဂလာတို့ကို ယုံကြည်စေရန် ဖျောင်းဖျခံကြရသည်အထိ လူမျိုးအစဉ်အဆက်ကြာအောင်ပင်၊ အခြားသောလူမျိုးတို့အားဖြင့်၊ ကိုယ်တော်ရှင်ဘုရားသခင်က သူတို့ကို ဒဏ်ခတ်တော်မူလေ၏—သူတို့သည် ခရစ်တော်ကို ယုံကြည်၍၊ စင်ကြယ်သောစိတ်နှလုံး၊ သန့်ရှင်းသောလက်တို့နှင့် သူ၏နာမတော်အားဖြင့် ခမည်းတော်ကို ကိုးကွယ်၍၊ နောက်ထပ်တခြား မေရှိယကို မမျှော်လင့်တော့သောနေ့ ကျရောက်လာပြီးနောက်၊ ထိုအချိန်၌၊ ဤအရာတို့ကို သူတို့မဖြစ်မနေယုံကြည်ရမည့်ကာလသည် ကျရောက်လာလိမ့်မည်။
၁၇ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို ပျောက်ဆုံး၍ လဲကျရာအခြေအနေမှ ပြန်လည်ဆောင်ယူတော်မူခြင်းငှာ၊ လက်တော်ကို ဒုတိယအကြိမ် တစ်ဖန်ဆန့်တော်မူလိမ့်မည်။ သို့ဖြစ်၍၊ သူသည် လူသားတို့၌ အံ့ဩဖွယ်ကောင်းသောအမှုနှင့် အံ့မခန်းချီးမွမ်းဖွယ်အမှုကို ဆက်၍ ပြုတော်မူလိမ့်ဦးမည်။
၁၈ သို့ဖြစ်၍၊ သူသည် မိမိနှုတ်ကပတ်တော်ကို ဖော်ပြတော်မူလိမ့်မည်။ နောက်ဆုံးသောနေ့၌ ထိုနှုတ်ကပတ်တော်အားဖြင့် သူတို့ကို တရားစီရင်တော်မူမည်ကား၊ သူတို့၏ ငြင်းပယ်ခြင်းကို ခံရလေသည့် မှန်သောမေရှိယအကြောင်း သူတို့ကို နားသွင်းရန်ဟူသော ကြံရွယ်ချက်အတွက်နှင့် မေရှိယတစ်ပါးကြွလာတော်မူသည်ကို သူတို့နောက်ထပ်မျှော်လင့်ကြရန်မလိုတော့ကြောင်း နားသွင်းခြင်းငှာ သူတို့အား ထိုနှုတ်ကပတ်တော်တို့ကို ဖော်ပြတော်မူလိမ့်မည်။ အကြောင်းမူကား၊ လူတို့ကို လှည့်စားမည့် အယောင်ဆောင်သော မေရှိယမှတစ်ပါး၊ အဘယ်သူမျှ ကြွလာလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ပရောဖက်တို့ဟောထားလေသော မေရှိယတစ်ပါးတည်းသာလျှင်ရှိ၍၊ ထိုမေရှိယသည်ကား၊ ယုဒလူမျိုးတို့၏ ငြင်းပယ်ခြင်းကို ခံရမည့်သူဖြစ်၏။
၁၉ အကြောင်းမူကား၊ ငါ့အဘယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍၊ နှစ်ပေါင်းခြောက်ရာကြာလျှင်၊ ပရောဖက်တို့၏စကားတို့အတိုင်း၊ မေရှိယကြွလာတော်မူပေမည်။ ထို့အတူ၊ ပရာဖက်တို့၏စကားတို့နှင့် ဘုရားသခင့်ကောင်းကင်တမန်၏စကားအတိုင်း၊ သူ၏နာမသည်ကား၊ ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော် ဖြစ်လိမ့်မည်။
၂၀ ယခုမူကား၊ ငါ၏ညီအစ်ကိုတို့၊ ငါသည် သင်တို့တိမ်းမှားခြင်း မရှိနိုင်ကြစေကြောင်း၊ ရှင်းလင်းစွာ ပြောလေပြီ။ ထို့အတူ၊ ဣသရေလအမျိုးတို့ကို အဲဂုတ္တုပြည်မှဆောင်တော်မူခဲ့၍၊ လူမျိုးတို့ အဆိပ်ရှိသောမြွေအကိုက်ခံရ၍၊ သူတို့ရှေ့၌ မြှောက်ထားသော ထိုမြွေအရုပ်ကို မျှော်ကြည့်ကြလျှင်၊ အနာငြိမ်းစေကြောင်း မောရှေအား တန်ခိုးကို ပေးခဲ့တော်မူသော၊ ထို့အတူ ကျောက်ကိုရိုက်၍ ရေထွက်လာစေကြောင်း သူ့အား တန်ခိုးကိုလည်း ပေးတော်မူခဲ့သော ကိုယ်တော်ရှင်ဘုရားသခင် အသက်ရှင်တော်မူသည့်အတိုင်း၊ ထိုမှတစ်ပါး၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာတို့ အမှန်ဖြစ်လေသည့်အတိုင်းနှင့် ကိုယ်တော်ရှင်ဘုရားသခင်အသက်ရှင်တော်မူသည့်အတိုင်း၊ ငါပြောထားလေသည့် ဤယေရှုခရစ်တော်မှတစ်ပါး၊ လူသား ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း၊ ပေးထားသည့်အခြားနာမ ကောင်းကင်အောက်၌ မရှိ။
၂၁ သို့ဖြစ်၍၊ ဤအကြောင်းကြောင့်ပင်၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ငါရေးသည့် အရာတို့ကို ထိန်းသိမ်း၍၊ ကာကွယ်စောင့်မရမည်၊ ထို့အတူ ငါ၏အမျိုးအနွယ်များသို့ လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်း၍ပေးသွားရမည်ဟု ကတိထားတော်မူလေသည်မှာ၊ ယောသပ်၏အမျိုးအနွယ်တို့ ဤမြေကြီးတည်သမျှကာလပတ်လုံး၊ အဘယ်တော့မျှ ပျက်စီးလိမ့်မည်မဟုတ်ဟူသော ထိုကတိတော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။
၂၂ သို့ဖြစ်၍၊ ဤအရာတို့သည် ဤမြေကြီး တည်ရှိသမျှကာလပတ်လုံး၊ လူမျိုးအစဉ်အဆက် လက်ဆင့်ကမ်းသွားပေလိမ့်မည်။ ဘုရားသခင်၏ စိတ်အလိုဆန္ဒအတိုင်း ရောက်ရှိသွားလိမ့်မည်။ ပိုင်ဆိုင်မည့်် ပြည်သားတို့သည်လည်း ရေးထားသောစကားတို့အတိုင်း ထိုအရာတို့အားဖြင့် တရားစီရင်ခံကြရလိမ့်မည်။
၂၃ အကြောင်းမူကား၊ ငါတို့သည် ငါတို့၏သားမြေးများ၊ ထို့အတူ ငါတို့၏ညီအစ်ကိုများကိုလည်း၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် ဘုရားသခင်ထံသို့ မိတ်သဟာယဖွဲ့ကြစေကြောင်း၊ ဖျောင်းဖျခြင်းငှာ ရေးရန် လုံ့လဝီရိယထက်သန်စွာအလုပ်လုပ်ကြ၏။ အကြောင်းမူကား၊ ငါတို့သည် စွမ်းအားရှိသမျှ ဆောင်ရွက်ကြပြီးမှ၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်ရသည်ကို သိကြ၏။
၂၄ ထို့အတူ၊ ငါတို့သည် ခရစ်တော်ကို ယုံကြည်ကြသော်ငြားလည်း၊ မောရှေ၏ပညတ်တရားကို စောင့်ထိန်း၍၊ ပညတ်တရားပြီးပြည့်စုံစေသည့်တိုင်အောင်၊ မြဲမြံခြင်းနှင့် ခရစ်တော်ကို မျှော်လင့်ကြ၏။
၂၅ အကြောင်းမူကား၊ ဤရည်ရွယ်ချက်အတွက် ပညတ်တရားကို ပေးထားတော်မူလေ၏။ သို့ဖြစ်၍၊ ပညတ်တရားသည် ငါတို့အတွက် အသေဖြစ်လာ၍၊ ငါတို့၏ယုံကြည်ခြင်းကြောင့်၊ ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ကြ၏။ သို့သော်လည်း၊ ငါတို့သည် ပညတ်တော်တို့ကြောင့် ပညတ်တရားကို စောင့်ထိန်းကြ၏။
၂၆ ထို့အတူ ငါတို့သည် ခရစ်တော်အကြောင်းကို ပြောကြ၏၊ ခရစ်တော်၌ ရွှင်လန်းဝမ်းမြောက်ကြ၏၊ ခရစ်တော်အကြောင်းကို ဟောပြောကြ၏၊ ခရစ်တော်အကြောင်းကို ပရောဖက်ပြု၍ ဟောကြ၏၊ ထို့အတူ ငါတို့၏ပရောဖက်ပြုဟောချက်များအတိုင်း ရေးကြ၏၊ ငါတို့၏ သားမြေးများ သူတို့၏အပြစ်များမှ လွှတ်ခြင်းအတွက် အဘယ်အရင်းအမြစ်ကို မှီခိုနိုင်မည်အကြောင်း သိနိုင်ကြစေခြင်းငှာပေတည်း။
၂၇ သို့ဖြစ်၍၊ ငါတို့သည် ငါတို့၏သားမြေးတို့ ပညတ်တရား၏အသေဖြစ်ခြင်းကို သိနိုင်ကြစေခြင်းငှာ၊ ပညတ်တရားအကြောင်းကို ပြောကြ၏။ ထို့အတူ၊ သူတို့သည် ပညတ်တရား၏အသေဖြစ်ခြင်းကို သိခြင်းအားဖြင့်၊ ခရစ်တော်၌ရှိသော ထိုအသက်ရှင်ခြင်းကို မျှော်လင့်၍၊ အဘယ်ရည်ရွယ်ချက်အတွက် ပညတ်တရားကို ပေးထားတော်မူခဲ့လေကြောင်းကို သိကြ၏။ ထို့အတူ၊ ပညတ်တရားကို ခရစ်တော်၌ ပြီးပြည့်စုံစေပြီးနောက်၊ ပညတ်တရားရပ်စဲသွားသောအခါ သူ့ကိုဆန့်ကျင်၍၊ ကိုယ့်စိတ်နှလုံးကို မာကျောစေရန် လိုအပ်ခြင်းမရှိကြတော့။
၂၈ ယခုမူကား၊ ရှုလော့၊ ငါ၏လူမျိုးတို့၊ သင်တို့သည် လည်ပင်းခိုင်မာသော လူမျိုးတို့ဖြစ်ကြ၏။ သို့ဖြစ်၍၊ ငါသည် သင်တို့အထင်အမြင်မမှားနိုင်ကြစေခြင်းငှာ၊ သင်တို့ကို ရှင်းလင်းစွာ ပြောထားလေပြီ။ ထို့အတူ၊ ငါပြောထားလေသောစကားတို့သည် သင်တို့တစ်ဖက်၌ သက်သေအဖြစ် ရပ်တည်ကြလိမ့်မည်။ အကြောင်းမူကား၊ လူတစ်စုံတစ်ဦးအား မှန်သောနည်းလမ်းကို သွန်သင်ပေးရာ၌၊ ထိုစကားတို့မှာ လုံလောက်၏။ မှန်သောနည်းလမ်းသည်ကား၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် သူ့ကို ငြင်းဆိုခြင်းမပြုရန်ပေတည်း။ သူ့ကို ငြင်းဆိုခြင်းအားဖြင့် သင်တို့သည် ပရောဖက်တို့နှင့် ပညတ်တရားတို့ကိုလည်း ငြင်းဆိုကြ၏။
၂၉ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ မှန်သောလမ်းခရီးသည်ကား၊ ခရစ်တော်ကို ယုံကြည်ရန်နှင့် သူ့ကိုငြင်းဆိုခြင်းမပြုရန်ပေတည်း။ ထို့အတူ၊ ခရစ်တော်သည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရားဖြစ်တော်မူ၏။ သို့ဖြစ်၍၊ သင်တို့သည် သူ၏ရှေ့၌ ဦးညွှတ်ပျပ်ဝပ်၍၊ သင်တို့၏ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့်၊ ထို့အတူ သင်တို့၏စိတ်ဝိညာဉ်တစ်ခုလုံးဖြင့် သူ့ကို ကိုးကွယ်ကြရမည်။ သင်တို့သည် ဤသို့ပြုကြလျှင်၊ အလျှင်းနှင်ထုတ်မခံကြရ။
၃၀ ထို့အတူ၊ လိုအပ်လေသည့် အတိုင်း၊ သင်တို့သည် ဘုရားသခင်၏ စီရင်တော်မူခြင်းများနှင့် ဘိသိက်မင်္ဂလာတို့ကို မောရှေသို့ ပေးထားတော်မူသော ပညတ်တရားပြီးပြည့်စုံစေသည့် တိုင်အောင် စောင့်ထိန်းကြရမည်။