ကျမ်းစာများ
၂ နီဖိုင်း ၁၁


အခန်းကြီး ၁၁

ယာကုပ်​သည် သူ၏​ရွေး​နှုတ်ရှင်​ကို မြင်​၏—မောရှေ​၏​ပညတ်​တရား​များ​က ခရစ်​တော်​၏​အမှတ်​လက္ခဏာ​ကို​ပြ​၍၊ သူ​ကြွ​တော်​မူ​လာ​မည်​ကို​ပြ​၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခု​မူ​ကား၊ ယာကုပ်​သည် ပို​၍​များ​စွာ​သော​အရာ​တို့​ကို ထို​အချိန်​က ငါ​၏​လူ​မျိုး​တို့​အား ပြော​ပြ​လေ​၏။ သို့​သော်​လည်း ဤ​အရာတို့​ကို​သာ ငါ​ရေး​စေ၏၊ အကြောင်းမူကား ငါ​ရေး​လေ​သည့်​အရာတို့မှာ ငါ့​အဖို့ လုံ​လောက်၏။

ယခု​မူ​ကား၊ ငါ၊ နီဖိုင်းသည် ဟေရှာယ​၏ စကား​များ​မှ များ​စွာ​တို့​ကို ရေး၏၊ အကြောင်းမူကား၊ ငါ၏ဝိညာဉ်သည် သူ​၏​စကား​များ​၌ မွေ့​လျော်​၏။ ငါ​သည် သူ​၏​စကား​များ​ကို ငါ​၏​လူ​မျိုး​တို့​အဖို့ ကျင့်​သုံး​မည်။ ထို​စကား​များ​ကို ငါ​၏​ခပ်သိမ်းသော သား​မြေးတို့ထံ​သို့​လည်း လွှတ်​မည်၊ အကြောင်း​မူ​ကား၊ သူ​သည် ငါ​၏​ရွေး​နှုတ်ရှင်​ကို ငါ​မြင်​လေ​သ​ကဲ့​သို့​ပင် အမှန်​မြင်ခဲ့​၏။

ထို့​အတူ၊ ငါ​၏​ညီ​ယာကုပ်​က​လည်း ငါ​မြင်​လေ​သ​ကဲ့​သို့ သူ့​ကို​မြင်​လေ​၏။ သို့​ဖြစ်​၍၊ သူ​တို့​စကား​များ​ကို ငါ​၏​သား​မြေး​တို့​ထံ ငါ​စေ​လွှတ်​မည်​မှာ၊ ငါ​၏​စကား​များ​မှန်​ကန်​ကြောင်း၊ သူ​တို့​ထံ အတည်​ပြုခြင်း​ငှာ​ပေ​တည်း။ သို့​ဖြစ်​၍၊ သုံး​ဦး​သော​သူ​တို့​၏ စကား​များ​အား​ဖြင့် ငါ​၏​နှုတ်​က​ပတ်​တော်​ကို တည်​စေ​လိမ့်​မည်​ဟု ဘုရားသခင်​မိန့်​တော်​မူ​၏။ သို့​သော်​လည်း၊ ဘုရားသခင်​သည် သာ​၍​များ​သော​သက်​သေ​တို့​ကို စေ​လွှတ်​၍၊ သူ​၏​ခပ်သိမ်းသောနှုတ်​က​ပတ်​တော်​တို့​ကို အတည်​ပြု​၏။

ရှု​လော့၊ ငါ​၏​ဝိညာဉ်​သည် ခရစ်​တော်​ကြွ​လာ​တော်မူခြင်း​ဟူ​သည့်​အမှန်​တရား​ကို ငါ​၏​လူ​မျိုး​များ​သို့ သက်သေပြ​ရာ​၌ မွေ့​လျော်​၏။ အကြောင်း​မူ​ကား၊ ဤ​ရည်​ရွယ်​ချက်​အတွက် မောရှေ​၏​ပညတ်​တရား​များ​ကို ပေး​ထား​တော်​မူ​ခဲ့​လေ​၏။ ကမ္ဘာ​ဦး​မှ​စ​၍ လူ​သား​များ​သို့၊ ဘုရားသခင်ပေး​ထား​တော်​မူ​လေသည့် ခပ်သိမ်းသော​အရာ​တို့​သည် သူ​၏​အမှတ်​လက္ခဏာ​ကို​ပြခြင်း ဖြစ်​၏။

ထို့​အတူ၊ ငါ၏ဝိညာဉ်သည် ငါ​တို့​၏​ဘိုး​ဘေး​များ​ထံ ပြု​ထားတော်မူ​ခဲ့​လေ​သော၊ ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​၌​လည်း မွေ့​လျော်​၏။ ထို​မှ​တစ်​ပါး၊ ငါ၏ဝိညာဉ်သည် သေခြင်း​မှ ကယ်​လွှတ်​တော်​မူ​သော ကြီး​မြတ်​သည့် ထာဝရ​အစီအစဉ်​ရှိ သူ​၏​ကျေး​ဇူး​တော်​၌​လည်း​ကောင်း၊ သူ​၏​တရား​မျှ​တ​တော်မူခြင်း​၌​လည်း​ကောင်း၊ သူ​၏​တန်​ခိုး​တော်​နှင့် ကရုဏာတော်​၌​လည်း​ကောင်း မွေ့​လျော်​၏။

ငါ၏ဝိညာဉ်သည် ခရစ်​တော်​ကြွ​လာ​တော်မူခြင်း​မ​ရှိ​လျှင်၊ ခပ်သိမ်းသောလူ​သား​တို့ ပျက်​စီးရ​ကြ​မည့်အကြောင်း ငါ​၏​လူ​မျိုးတို့ထံ သက်​သေပြခြင်း​၌​လည်း မွေ့​လျော်​၏။

အကြောင်း​မူ​ကား၊ ခရစ်​တော်​မ​ရှိ​လျှင်၊ ဘုရားသခင်​မ​ရှိ။ ထို့​အတူ၊ ဘုရားသခင်​မ​ရှိ​လျှင်၊ ဖန်​ဆင်း​တော်မူခြင်း​လည်း ရှိ​နိုင်​ခဲ့​လေ​မည်​မ​ဟုတ်​၍၊ ငါ​တို့​သည်​လည်း ရှိ​ကြ​မည်​မ​ဟုတ်။ သို့​ရာ​တွင်၊ ဘုရားသခင်​ရှိ​တော်​မူ​၏။ သူ​သည် ခရစ်​တော်​ဖြစ်​၍၊ သူ​၏​အချိန်​ကာလ​ပြည့်​စုံ​သော​အခါ​၌ ကြွ​လာ​တော်​မူ​၏။

ယခု​မူ​ကား၊ ငါသည် ဟေရှာယ​၏​စကားများမှ အချို့​ကို ရေး​၏၊ ဤ​စကား​များ​ကို ဖတ်​ရှု​ကြ​သော ငါ​၏​လူ​မျိုး​မှန်​သ​မျှ​တို့သည် စိတ်နှလုံး​ရွှင်​လန်း​အား​ရ​ပြီး၊ ခပ်သိမ်းသောလူသားတို့အတွက်ရွှင်​လန်း​ဝမ်း​မြောက်​ကြ​စေ​ကြောင်းပေတည်း။ ယခု​တွင်၊ ဤ​စကား​များ​ကို သင်​တို့​အတွက်​နှင့် ခပ်သိမ်းသော လူ​သား​တို့​အတွက် သင်တို့ကျင့်​သုံး​နိုင်​ကြပေ​၏။