အခန်းကြီး ၉
နီဖိုင်းသည် မှတ်တမ်းနှစ်စုံကို ပြု၏—မှတ်တမ်းတစ်ခုစီကို နီဖိုင်း၏ပုရပိုက်ပြားများဟု ခေါ်၏—သာ၍များသော ပုရပိုက်ပြားတို့၌ လောကီရေးရာ သမိုင်းကြောင်းပါဝင်၏။ သာ၍နည်းသော ပုရပိုက်ပြားတို့သည် အဓိကအားဖြင့်၊ သန့်ရှင်းမွန်မြတ်သောအရာတို့နှင့် စပ်ဆိုင်၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤအရာခပ်သိမ်းတို့ကို ငါ၏အဘမြင်ခဲ့၊ ကြားခဲ့၊ ပြောခဲ့သည်မှာ လေမွေလချိုင့်ဝှမ်းရှိတဲ၌၊ နေထိုင်စဉ်ကဖြစ်၏၊ ဤပုရပိုက်ပြားတို့ပေါ်၌ မရေးနိုင်အောင် ပို၍အလွန်များသောအရာများလည်း ရှိ၏။
၂ ယခုမူကား၊ ငါသည် ဤပုရပိုက်ပြားတို့အကြောင်း ပြောရာတွင်၊ ရှုလော့၊ ထိုအရာတို့သည် ငါ့လူမျိုးတို့သမိုင်းကြောင်း၏ ပြည့်စုံသောမှတ်တမ်းကိုပြုရာ ပုရပိုက်ပြားတို့မဟုတ်။ အကြောင်းမူကား၊ ငါ့လူမျိုးတို့အကြောင်း ပြည့်စုံသောမှတ်တမ်းကိုပြုရာပုရပိုက်ပြားတို့ကို နီဖိုင်း အမည်ဖြင့်ပေး၏။ သို့ဖြစ်၍၊ ၎င်းတို့ကို ငါကိုယ်တိုင်၏အမည်အတိုင်း နီဖိုင်း၏ပုရပိုက်ပြားများဟု ခေါ်၏။ ဤပုရပိုက်ပြားတို့ကိုလည်း နီဖိုင်း၏ပုရပိုက်ပြားများဟု ခေါ်ကြ၏။
၃ သို့သော်လည်း၊ ငါသည် ငါ့လူမျိုးတို့၏ အမှုတော်ဆောင်ခြင်းအကြောင်း၊ ရေးထွင်းထားသော မှတ်တမ်းတစ်ခုရှိရမည်ဟူသော အထူးကြံရွယ်ချက်အတွက် ဤပုရပိုက်ပြားတို့ကို ပြုလုပ်ရမည့်အကြောင်း၊ ကိုယ်တော်ရှင်၏ ပညတ်တော်ကို လက်ခံရရှိလေ၏။
၄ အခြားပုရပိုက်ပြားတို့ပေါ်၌၊ ရေးထွင်းရမည်မှာ ရှင်ဘုရင်တို့၏ နန်းစံခြင်း၊ ငါ့လူမျိုးတို့၏ စစ်တိုက်ခြင်းများနှင့်ရန်တွေ့ခြင်းများအကြောင်း မှတ်တမ်းပေတည်း။ သို့ဖြစ်၍၊ ဤပုရပိုက်ပြားတို့သည်ကား၊ အမှုတော်ဆောင်ခြင်းအကြောင်း အများစုအတွက်ဖြစ်၍၊ အခြားပုရပိုက်ပြားတို့မှာ ရှင်ဘုရင်တို့၏နန်းစံခြင်း၊ ထို့အတူ ငါ့လူမျိုးတို့၏စစ်တိုက်ခြင်းများနှင့်ရန်တွေ့ခြင်းတို့အကြောင်း အများစုအတွက်ဖြစ်၏။
၅ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ငါမသိသောအကြံအစည်ဖြစ်သည့် သူ့ ၌ရှိသောဉာဏ်ပညာရှိသည့် အကြံအစည်တော်အတွက် ဤပုရပိုက်ပြားတို့ကို ပြုလုပ်ရန် ငါ့ကို မိန့်တော်မူလေပြီ။
၆ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသောအရာတို့ကို ရှေးဦးစွာကတည်းက သိတော်မူ၏။ သို့ဖြစ်၍၊ လူသားတို့၌ သူ၏ခပ်သိမ်းသောအမှုတော်တို့ကို ပြီးမြောက်စေခြင်းငှာ၊ နည်းလမ်းတစ်ခုကို ပြင်ဆင်ပေးတော်မူခဲ့၏။ အကြောင်းမူကား၊ ရှုလော့၊ သူ၏ခပ်သိမ်းသော နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံစေရန်၊ သူ့၌ တန်ခိုးတော်အလုံးစုံ ရှိတော်မူ၏။ ဤမျှအထိပေတည်း။ အာမင်။