အခန်းကြီး ၁၀
လေဟိသည် ဗာဗုလုန်မြို့သားတို့ ယုဒလူမျိုးတို့ကို ဖမ်းဆီးချုပ်နှောင်သွားလိမ့်မည့်အကြောင်းကို ကြိုတင်၍ ဟောကိန်းထုတ်၏—သူသည် ယုဒလူမျိုးတို့၌ မေရှိယ၊ ကယ်တင်ရှင်၊ ရွေးနုတ်ရှင် ကြွလာတော်မူမည့်အကြောင်းကို ပြောပြ၏—လေဟိသည် ဘုရားသခင်၏သိုးသငယ်ကို ဗတ္တိဇံပေးမည့်သူ ကြွလာတော်မူမည့်အကြောင်းကိုလည်း ပြောပြ၏—လေဟိသည် မေရှိယ၏သေခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ပြောပြ၏—သူသည် ဣသရေလအမျိုးတို့ ကွဲပြားပြန့်ကျဲခြင်းနှင့် စုဝေးခြင်းအကြောင်းကို သံလွင်ပင်နှင့်ပမာပြု၏—နီဖိုင်းသည်ဘုရားသခင်၏သားတော်အကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးအကြောင်းနှင့် ဖြောင့်မတ်ခြင်းရှိဖို့ လိုအပ်ခြင်းအကြောင်းတို့ကို ဟောပြော၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ယခုမူကား၊ ငါ၊ နီဖိုင်းသည် ငါ၏လုပ်ဆောင်မှုများ၊ ငါ၏အုပ်စိုးခြင်းနှင့် အမှုတော်ဆောင်ခြင်းတို့အကြောင်းကို ဤပုရပိုက်ပြားတို့ပေါ်၌ မှတ်တမ်းတစ်ခုဆက်၍ရေး၏။ သို့ဖြစ်၍၊ ငါ၏မှတ်တမ်းကို ဆက်၍ရေးရန် ငါ့အဘနှင့်၊ ထို့အတူ ငါ့အစ်ကိုတို့နှင့်လည်း ဆိုင်သောအရာတို့ကို အတော်အသင့် ပြောပြရပေမည်။
၂ အကြောင်းမူကား၊ ရှုလော့၊ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် သူ့အိပ်မက်အကြောင်း စကားတို့ကို ပြောခြင်းနှင့် အလုံးစုံသောလုံ့လဝီရိယကို ပြုကြစေရန် သူတို့အား တိုက်တွန်းခြင်းတို့ကိုလည်း လက်စသတ်ခဲ့လေပြီးနောက်၊ ယုဒလူမျိုးတို့၏အကြောင်းကို ပြောပြ၏—
၃ သူတို့နှင့် ယေရုရှလင်မြို့ကြီးပင် ဖျက်ဆီးခံရလေပြီး၊ များစွာသောသူတို့လည်း ဗာဗုလုန်မြို့သို့ ဖမ်းဆီးချုပ်နှောင်ပြီးသယ်ဆောင်သွားခံရလေပြီးနောက်၊ သူတို့သည် ကိုယ်တော်ရှင်၏ ကာလအချိန်တန်သောအခါ၌၊ တစ်ဖန် ပြန်လာရ၊ အထူးသဖြင့်၊ ဖမ်းဆီးချုပ်နှောင်ခြင်းမှပင် ပြန်၍ထုတ်ယူခံကြရလိမ့်မည်။ သူတို့သည် ဖမ်းဆီးချုပ်နှောင်ခြင်းမှ ပြန်၍ထုတ်ယူခံရပြီးနောက် သူတို့၏ အမွေခံရာမြေကို တစ်ဖန်ပြန်၍ ပိုင်ဆိုင်ကြလိမ့်မည်။
၄ ထိုမှတစ်ပါး၊ ငါ့အဘ ယေရုရှလင်မြို့ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်း ခြောက်ရာပင်ကြာလျှင် ပရောဖက်တစ်ပါး—အမှန်စင်စစ် မေရှိယတစ်ပါး၊ သို့မဟုတ်၊ တစ်နည်းအားဖြင့် လောက၏ကယ်တင်ရှင်တစ်ပါးကို ကိုယ်တော်ရှင်ဘုရားသခင်သည် ယုဒလူမျိုးတို့၌ ပေါ်ထွန်းစေတော်မူလိမ့်မည်။
၅ သူသည် မိမိပြောလေသော ဤမေရှိယ သို့မဟုတ်၊ လောက၏ ဤရွေးနုတ်ရှင်နှင့်စပ်လျဉ်း၍ ဤအရာတို့အကြောင်းကို သက်သေခံလေသည့် အလွန်များသောပရောဖက်တို့ အကြောင်းကိုလည်း ပြောပြ၏။
၆ သို့ဖြစ်၍၊ ခပ်သိမ်းသော လူသားတို့သည် ပျောက်ဆုံး၍ လဲကျရာအခြေအနေ၌ ရှိ၍၊ ဤရွေးနုတ်ရှင်ကို အားမကိုးလျှင်၊ ထိုအခြေအနေ၌ အစဉ်အမြဲရှိကြပေလိမ့်မည်။
၇ ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ရန် မေရှိယမတိုင်မီလာမည့် ပရောဖက်တစ်ပါးအကြောင်းကိုလည်း ပြောပြ၏—
၈ ထိုမှတစ်ပါး၊ သူသည် တောရိုင်းထဲသို့ပင်သွား၍ ဟစ်ကြော်မည်ကား၊ သင်တို့ကိုယ်တော်ရှင်၏လမ်းကို ပြင်ဆင်ကြလော့၊ သူ၏လမ်းခရီးတော်တို့ကို ဖြောင့်စေကြလော့။ အကြောင်းမူကား၊ သင်တို့မသိသောသူသည် သင်တို့၌ ရပ်လျက်ရှိ၏။ သူသည် ငါ့ထက်ပို၍ တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ၊ ဖြည်ခြင်းငှာ ငါမထိုက်တန်ဟုဖြစ်၏။ များစွာတို့ကို ငါ့အဘပြောသည်မှာလည်း ဤအရာအကြောင်းပေတည်း။
၉ ငါ့အဘသည် ထိုသူယော်ဒန်မြစ်တစ်ဖက် ဗေသဗရရွာ၌ ဗတ္တိဇံပေးလိမ့်မည်ဟု ဆို၏။ သူသည်ရေဖြင့်ဗတ္တိဇံပေးလိမ့်မည်။ အမှန်စင်စစ်၊ မေရှိယကို ရေဖြင့်ဗတ္တိဇံပေးလိမ့်မည်ဟုလည်း ဆို၏။
၁၀ သူသည် မေရှိယကို ရေဖြင့်ဗတ္တိဇံပေးလေပြီးနောက်၊ လောကီသားတို့၏အပြစ်များကို ယူဆောင်သွားမည့် ဘုရားသခင်၏သိုးသငယ်ကို ဗတ္တိဇံပေးကြောင်း အသိအမှတ်ပြု၍၊ သက်သေခံလိမ့်မည်။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့အဘသည် ဤစကားတို့ကို ပြောခဲ့လေပြီးနောက် ငါ၏အစ်ကိုတို့ကို ယုဒလူမျိုးများ၌ ဟောပြောရမည့် ဧဝံဂေလိတရားတော်အကြောင်းနှင့် ယုဒလူမျိုးတို့ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာသည့် အကြောင်းတို့ကိုလည်း ပြော၏။ ကြွလာတော်မူမည့် မေရှိယကို သူတို့ကွပ်မျက်လေပြီးနောက်၊ သူသည်လည်း ကွပ်မျက်ခံရလေပြီးနောက်၊ သေခြင်းမှထမြောက်တော်မူလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တစ်ပါးအမျိုးသားများသို့ သူကိုယ်တိုင် ထင်ရှားစွာပြတော်မူလိမ့်မည်။
၁၂ ထိုမှတစ်ပါး၊ အမှန်စင်စစ် ငါ့အဘသည် တစ်ပါးအမျိုးသားတို့အကြောင်းနှင့် အခက်အလက်များချိုးဖဲ့ခံရ၍၊ မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲရမည့် သံလွင်ပင်နှင့် ပမာပြုရမည့် ဣသရေလအမျိုးသားတို့အကြောင်းကိုလည်း များစွာပြော၏။
၁၃ သို့ဖြစ်၍၊ သူသည် ငါတို့မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲရမည်ဟူသော ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ပြီးပြည့်စုံသည့်တိုင်အောင် ကတိတော်မြေသို့ တညီတညွတ်တည်း ပို့ဆောင်ခံရစေရန် လိုအပ်ကြောင်း ပြော၏။
၁၄ ဣသရေလအမျိုးသားတို့ ကွဲပြားပြန့်ကျဲရပြီးနောက်၊ တစ်ဖန် အတူတကွစုဝေးခံရ၍၊ အချုပ်အားဖြင့်၊ တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားတော်အပြည့်အစုံကို ရရှိကြလေပြီးနောက်၊ သံလွင်ပင်၏ပကတိအခက်များ သို့မဟုတ် ဣသရေလအမျိုးသားတို့မှ ကျန်ကြွင်းသောသူများကို အကိုင်းဆက်၍စိုက်ကြ၊ သို့မဟုတ် မှန်သောမေရှိယ၊ သူတို့၏ကိုယ်တော်ရှင်နှင့် သူတို့၏ ရွေးနုတ်ရှင်အကြောင်း အသိပညာသို့ ရောက်ကြလိမ့်မည်။
၁၅ ဤကဲ့သို့သောစကားဖြင့် ငါ၏အဘသည် ငါ့အစ်ကိုတို့ကို ပရောဖက်ပြု၍ဟောလျက် ဆိုရာ၊ ဤကျမ်း၌ ငါမရေးသည့် ပို၍များလှစွာသော အရာတို့လည်းပါဝင်၏။ အကြောင်းမူကား၊ ငါ့အနေဖြင့် ထိုအရာတို့ထဲမှ ရေးရန်သင့်လျော်သမျှကို ငါ၏အခြားသောကျမ်း၌ ရေးလေပြီ။
၁၆ ငါပြောလေသည့် ဤအရာခပ်သိမ်းတို့ ဖြစ်ခဲ့သည်မှာ၊ လေမွေလချိုင့်ဝှမ်းရှိတဲ၌ ငါ၏အဘနေထိုင်စဉ်ကဖြစ်လေ၏။
၁၇ ဤသို့အားဖြင့်အချိန်တန်လာ၍၊ ငါ၊ နီဖိုင်းသည် ငါ့အဘ ရူပါရုံ၌မြင်သောအရာတို့နှင့် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် သူရရှိလေသည့် တန်ခိုးဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သူပြောသည့်အရာတို့နှင့်လည်းစပ်လျဉ်းသော စကားအလုံးစုံကို ကြားလေပြီးနောက်—ဘုရားသခင်၏သားတော်သည်ကား ကြွလာတော်မူမည့်မေရှိယဖြစ်၏—ငါ၊ နီဖိုင်း အလိုရှိသည်မှာ၊ ရှေးလွန်လေပြီးသောကာလများကကဲ့သို့ လူသားများသို့ ဘုရားသခင်ကိုယ်တိုင် ထင်ရှားစွာပြတော်မူမည့် ကာလ၌၊ သူ့ကို လုံ့လဝီရိယထက်သန်စွာ ရှာလေသောသူများသို့ ပေးတော်မူသည့် သူ့ထံမှဆုကျေးဇူးဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ဤအရာတို့ကို မြင်နိုင်၊ ကြားနိုင်၊ သိနိုင်ခြင်းတို့ပင်တည်း။
၁၈ အကြောင်းမူကား၊ သူသည် မနေ့၊ ယနေ့နှင့် ကာလအစဉ်အဆက် မပြောင်းမလဲရှိတော်မူ၏။ နည်းလမ်းကိုလည်း ကမ္ဘာတည်ကတည်းက ပြင်ဆင်ထားတော်မူလေပြီးဖြစ်ရကား၊ ထိုသို့ဆိုလျှင်၊ လူသားတို့သည် နောင်တရ၍၊ သူ့ထံသို့လာကြရမည်။
၁၉ အကြောင်းမူကား၊ လုံ့လဝီရိယထက်သန်စွာရှာသောသူသည် တွေ့လိမ့်မည်။ ဘုရားသခင်၏နက်နဲသောအရာတို့ကို ရှေးလွန်လေပြီးသောကာလများကကဲ့သို့ ယခုကာလများ၌လည်းကောင်း၊ လာမည့်ကာလများမှာကဲ့သို့ ရှေးလွန်လေပြီးသောကာလများ၌လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ထိုသူတို့ကို ဖွင့်ပြတော်မူပေလိမ့်မည်။ သို့ဖြစ်၍၊ ကိုယ်တော်ရှင်၏လမ်းတော်သည်ထာဝရတည်မြဲသော တရားစက်ဝန်းတစ်ခုဖြစ်၏။
၂၀ ထို့ကြောင့်၊ အို အချင်းလူ၊ သင်သည် သင်၏ကျင့်ကြံပြုမူသမျှတို့အတွက် တရားစီရင်ခြင်းသို့ ဆောင်ယူခံရမည်ကို အောက်မေ့လော့။
၂၁ သို့ဖြစ်၍၊ သင်သည် အစမ်းသပ်ခံကာလများ၌ ဆိုးညစ်စွာပြုမူရန် ကြိုးစားအားထုတ်လျှင်၊ သင့်ကို ဘုရားသခင်၏တရားပလ္လင်ရှေ့ ၌ မစင်ကြယ်ကြောင်းတွေ့ရ၍၊ မစင်ကြယ်သောအရာသည် ဘုရားသခင်နှင့် အတူမနေထိုင်နိုင်။ သို့ဖြစ်၍၊ သင်သည် ကာလအစဉ်အဆက် စွန့်ပစ်ခံရမည်။
၂၂ သန့်ရှင်းသောဝိညာဉ်တော်သည် ငါဤအရာတို့ကို ပြောရမည့်အကြောင်း အခွင့်အာဏာပေးတော်မူ၏၊ ငြင်းဆိုခြင်းမရှိနှင့်။