အခန်းကြီး ၁၄
ကောင်းကင်တမန်တစ်ပါးသည် နီဖိုင်းကို တစ်ပါးအမျိုးသားတို့အပေါ်သို့ ကျရောက်မည့် ကောင်းချီးမင်္ဂလာများနှင့် ကျိန်ခြင်းအမင်္ဂလာများအကြောင်း ပြောပြ၏—ဘုရားသခင့်သိုးသငယ်၏အသင်းတော်နှင့် နတ်ဆိုး၏အသင်းတော်ဟူသော အသင်းတော်နှစ်ပါးသာလျှင်ရှိ၏—လူမျိုးခပ်သိမ်းတို့၌ရှိသော ဘုရားသခင်၏သန့်ရှင်းသူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီး၏ ညှဉ်းဆဲခြင်းကို ခံရ၏—တမန်တော်ယောဟန်သည် ကမ္ဘာကုန်ခြင်းအကြောင်းကို ရေးလိမ့်မည်။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာလတ္တံ့သောအခါ၊ တစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏သိုးသငယ် သူတို့၏ ထိမိ၍လဲစရာတုံးတို့ကို ဖယ်ရှားတော်မူခြင်းငှာ သူတို့ထံသို့ နှုတ်ကပတ်တော်၊ ဘုန်းတန်ခိုးတော်တို့ဖြင့် ဧကန်အမှန် ကိုယ်တိုင်ထင်ရှားစွာပြတော်မူသောကာလ၌ သူ့ကို စေ့စေ့နားထောင် ကြလျှင်—
၂ ထို့အတူ၊ ဘုရားသခင်၏သိုးသငယ်ကို ဆန့်ကျင်၍ သူတို့စိတ်နှလုံးကို မာကျောစေခြင်းမရှိကြလျှင်၊ သူတို့သည် သင့်အဘ၏အမျိုးအနွယ်တို့၌ ရေတွက်ခံကြရလိမ့်မည်။ အထူးသဖြင့်၊ ဣသရေလအမျိုးသားတို့၌လည်း ရေတွက်ခံရလိမ့်မည်။ ကတိတော်မြေပေါ်၌၊ ကာလအစဉ်အဆက်ကောင်းချီးခံစားရသော လူမျိုးများလည်း ဖြစ်လိမ့်မည်။ ဖမ်းဆီးချုပ်နှောင်ခြင်းသို့ ဆောင်ယူသွားမခံကြရတော့လတ္တံ့။ ဣသရေလအမျိုးသားတို့သည်လည်း ရောထွေးမခံကြရတော့လတ္တံ့။
၃ နတ်ဆိုးက လူသားတို့၏စိတ်ဝိညာဉ်များကို ငရဲသို့ လှည့်ဖြားခေါ်ဆောင်သွားခြင်းငှာ သူနှင့် သူ၏သားသမီးတို့ တည်ထောင်ထားသည့် ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးက သူတို့အတွက် တူးထားလေသော ထိုတွင်းကြီး—အထူးသဖြင့်၊ လူသားတို့ကို ဖျက်ဆီးခြင်းအတွက် တူးထားလေသောထိုတွင်းကြီး၌ တူးခဲ့သူများ ရှင်းရှင်းပျက်စီး၍၊ ပြည့်လျှံလျက်ရှိလိမ့်မည်ဟု ဘုရားသခင်၏သိုးသငယ်မိန့်တော်မူလေ၏။ စိတ်ဝိညာဉ်၏ပျက်စီးခြင်းမဟုတ်၊ ထိုအဆုံးမရှိသည့် ငရဲသို့ ပစ်ချခြင်းသာဖြစ်၏။
၄ အကြောင်းမူကား၊ ရှုလော့ ဤသို့ဖြစ်ခြင်းသည် နတ်ဆိုး၏ဖမ်းဆီးချုပ်နှောင်ခြင်းအတိုင်း၊ ထို့အတူ၊ ရှေ့တော်၌ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုကို ပြုမည့်သူခပ်သိမ်းအပေါ် သက်ရောက်စေသည့် ဘုရားသခင်၏တရားတော်မူခြင်းအတိုင်း ဖြစ်လေသတည်း။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်ကလည်း ငါ၊ နီဖိုင်းကို မိန့်တော်မူလေသည်ကား၊ သင်သည် တစ်ပါးအမျိုးသားတို့နောင်တရကြလျှင်၊ ကောင်းသောအကျိုးခံရလိမ့်မည်ကိုသိမြင်လေပြီ။ ဣသရေလအမျိုးသားတို့နှင့်ပြုသည့် ကိုယ်တော်ရှင်၏ ပဋိညာဉ်များအကြောင်းကိုလည်း သိ၏။ ထို့အတူ၊ နောင်တရခြင်းမရှိသူမှန်သမျှ ပျက်စီးရမည်ကိုလည်း ကြားပြီးလေပြီ။
၆ ထို့ကြောင့်၊ တစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏သိုးသငယ်ကို ဆန့်ကျင်၍၊ သူတို့စိတ်နှလုံးကို မာကျောစေလျှင်၊ အမင်္ဂလာရှိကြ၏။
၇ အကြောင်းမူကား၊ အချိန်ကျရောက်လာ၍၊ ဘုရားသခင်၏သိုးသငယ်မိန့်တော်မူသည်ကား၊ ငါသည် လူသားတို့၌ ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသောအမှု၊ ထာဝရတည်မြဲမည့်အမှု၊ တစ်ဖက်တွင်—သူတို့အား ငြိမ်းချမ်းခြင်းနှင့် အသက်ထာဝရရှင်ရာသို့ နားသွင်းခြင်းငှာ၊ သို့မဟုတ် အခြားတစ်ဖက်တွင်၊ ဖမ်းဆီးချုပ်နှောင်ခြင်းသို့ ဆောင်ယူသွားခံရ၍၊ သူတို့စိတ်နှလုံး၏မာကျောခြင်းနှင့် သူတို့၏အသိစိတ်ကွယ်ခြင်းသို့ ရောက်၍၊ ငါဟောလေပြီးသည့် နတ်ဆိုး၏ဖမ်းဆီးချုပ်နှောင်ခြင်းအတိုင်း၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိ နှစ်ခုစလုံး၌ ပျက်စီးခြင်းသို့ စွန့်လွှတ်သည့်တိုင်အောင် ပြုတော်မူမည်ဖြစ်ကြောင်းပေတည်း။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန် ဤစကားတို့ကို မြွက်ဆို၍၊ သင်သည် ဣသရေလအမျိုးသားတို့နှင့် ပြုတော်မူသည့် ခမည်းတော်၏ပဋိညာဉ်တို့ကို အောက်မေ့သလောဟု ငါ့ကို မေးလျှင်၊ ငါသည် ဟုတ်ကဲ့ဟု ဖြေ၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ့ကို မြွက်ဆိုလေသည်ကား၊ တည်ထောင်သူမှာ နတ်ဆိုးဖြစ်သည့်၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့၏အမိတည်းဟူသော ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးကို ကြည့်ရှု၍ မြင်လော့။
၁၀ ထို့အတူ၊ ငါ့ကို မြွက်ဆိုလေသည်ကား၊ ရှုလော့၊ အသင်းတော်နှစ်ပါးတည်းသာရှိ၏။ တစ်ပါးသည်ကား၊ ဘုရားသခင့်သိုးသငယ်၏အသင်းတော်ဖြစ်၍၊ အခြားတစ်ပါးမှာ နတ်ဆိုး၏အသင်းတော်ဖြစ်၏။ သို့ဖြစ်၍၊ ဘုရားသခင့်သိုးသငယ်၏ အသင်းတော်နှင့် ဆိုင်ခြင်းမရှိသူမှန်သမျှသည် စက်ဆုပ်ရွံရှာဖွယ်အမှုတို့၏အမိဖြစ်သည့် ထိုအသင်းတော်ကြီးနှင့်ဆိုင်၏။ ထိုအသင်းတော်သည် မြေကြီးတစ်ခုလုံး၏ပြည့်တန်ဆာလည်းဖြစ်၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ကြည့်ရှု၍၊ မြေကြီးတစ်ခုလုံး၏ပြည့်တန်ဆာကို မြင်၏။ သူမသည် များစွာသောရေတို့ပေါ်၌ ထိုင်၏။ မြေကြီးတစ်ခုလုံးပေါ်ရှိ ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးသောဘာသာစကားကိုပြောသူနှင့် လူမျိုးတို့အပေါ် အစိုးရခြင်းရှိလေ၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဘုရားသခင့်သိုးသငယ်၏အသင်းတော်ကို မြင်၏။ များစွာသောရေတို့ပေါ်၌ ထိုင်သောပြည့်တန်ဆာ၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုအသင်း၏ အသင်းဝင်အရေအတွက်မှာ နည်းပါးလေ၏။ အဘယ်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏သန့်ရှင်းသူများဖြစ်လေသည့် သိုးသငယ်၏အသင်းတော်ကိုလည်း မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ရှိလေသည်ကို ငါမြင်တွေ့၏။ ငါမြင်တွေ့သည့် ပြည့်တန်ဆာကြီး၏ဆိုးညစ်ခြင်းကြောင့်၊ မြေကြီးမျက်နှာပြင်ပေါ်တွင်၊ သူတို့၏အုပ်ချုပ်ခံဒေသမှာ နည်းပါးလေ၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် စက်ဆုပ်ရွံရှာဖွယ်အမှုတို့၏အမိကြီး ဘုရားသခင်၏သိုးသငယ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းငှာ မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်တွင် တစ်ပါးအမျိုးသားတို့၏ ခပ်သိမ်းသောလူမျိုးတို့၌ လူအစုအဝေးတို့အား အတူတကွ စုဝေးစေသည်ကို မြင်၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်း မြင်ရသည်ကား၊ ဘုရားသခင့်သိုးသငယ်၏ တန်ခိုးတော်သည် သိုးသငယ်၏အသင်းတော်မှ သန့်ရှင်းသူများနှင့် မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲရသော ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့အပေါ်သို့ သက်ရောက်တော်မူကြောင်းပေတည်း။ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသောဘုန်းတော်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားတို့ကို မြေကြီးပေါ်ရှိ၊ ခပ်သိမ်းသောပြည်သားတို့နှင့် အမျိုးစုတို့၌ ဖြစ်စေကြောင်း၊ ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်အသင်းတော်ကြီးအပေါ်သို့ ဘုရားသခင်၏အမျက်တော် သွန်းလောင်းတော်မူသည်ကို မြင်၏။
၁၆ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုတို့၏အမိနှင့်ဆိုင်သည့် ခပ်သိမ်းသောပြည်သားတို့၌ အစပြုလာသောကြောင့် ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုလေသည်ကား၊ ရှုလော့၊ ဘုရားသခင်၏အမျက်တော်သည် ပြည့်တန်ဆာတို့၏ အမိအပေါ်တွင်တည်လျက်ရှိ၏။ ရှုဦးလော့၊ သင်သည် ဤအရာခပ်သိမ်းတို့ကို မြင်၏—
၁၇ တည်ထောင်သူမှာ နတ်ဆိုးဖြစ်လေသည့်၊ မြေကြီးတစ်ခုလုံး၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးတည်းဟူသော ပြည့်တန်ဆာတို့၏အမိအပေါ်သို့ ဘုရားသခင်၏အမျက်တော်သွန်းလောင်းတော်မူသည့် ကာလကျရောက်လာသောအခါ၊ ထိုကာလ၌ ဣသရေလအမျိုးသားများဖြစ်သည့် သူ့လူမျိုးများထံ ပြုတော်မူခဲ့လေသော သူ၏ပဋိညာဉ်များ ပြီးပြည့်စုံစေခြင်းအတွက် နည်းလမ်းကို ပြင်ဆင်ရာ၌ ခမည်းတော်၏အမှုတော် အစပြုတော်မူလိမ့်မည်ဟု မြွက်ဆို၏။
၁၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ ကောင်းကင်တမန်က ကြည့်ရှုလော့ဟု ငါ့ကို မြွက်ဆိုလျှင်၊
၁၉ ငါသည်လည်း ကြည့်ရှု၍ လူတစ်ယောက်ကို မြင်၏။ ထိုသူသည် အဖြူရောင်ဝတ်လုံကို ဝတ်ဆင်ထား၏။
၂၀ ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုလေသည်ကား၊ သိုးသငယ်၏တမန်တော် တစ်ဆယ့်နှစ်ပါးတို့အထဲမှ တစ်ပါးကို ကြည့်ရှုဆင်ခြင်လော့။
၂၁ ရှုလော့၊ သူသည် ဤအရာတို့မှ ကြွင်းသောအရာတို့ကို၊ ထိုမှတစ်ပါး၊ ဖြစ်ပြီးလေသောအရာများစွာတို့ကိုလည်း မြင်၍ ရေးလိမ့်မည်။
၂၂ ကမ္ဘာကုန်ခြင်းအကြောင်းကိုလည်း ရေးလိမ့်မည်။
၂၃ သို့ဖြစ်၍၊ သူရေးလိမ့်မည့်အရာတို့သည် ဖြောင့်မတ်မှန်ကန်၏။ ရှုဦးလော့၊ ထိုအရာတို့ကို ယုဒလူမျိုး၏ နှုတ်မှထွက်သည့်ကျမ်းတည်းဟူသော သင်မြင်သည့်ကျမ်း၌ ရေးထား၏။ ယုဒလူမျိုး၏နှုတ်မှ ထိုအရာတို့ထွက်သည့်အချိန်တွင် သို့မဟုတ်၊ ထိုကျမ်း ယုဒလူမျိုး၏နှုတ်မှထွက်သည့်အချိန်တွင်၊ ရေးထားသောအရာတို့သည် ရှင်းလင်းစင်ကြယ်၍ အဖိုးအထိုက်ဆုံးဖြစ်၏၊ ခပ်သိမ်းသောလူသားတို့အဖို့ နားလည်ခြင်းအတွက် လွယ်ကူ၏။
၂၄ ရှုဦးလော့၊ သိုးသငယ်၏ဤတမန်တော် ရေးမည့်အရာတို့သည်ကား သင်မြင်ရလေသည့် အရာများစွာတို့ပင်တည်း။ ရှုဦးလော့၊ ကျန်ကြွင်းသည့်အရာတို့ကိုလည်း သင်မြင်ရလိမ့်မည်။
၂၅ သို့ရာတွင်၊ သင်သည် နောင်ကာလ၌ သင်မြင်ရမည့်အရာတို့ကို မရေးရ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ဘုရားသခင့်သိုးသငယ်၏တမန်တော်အား ထိုအရာတို့ကို ရေးစေခြင်းငှာ၊ ခန့်ထားတော်မူလေပြီ။
၂၆ ရှိလေပြီးသည့် အခြားသောသူတို့ကိုလည်း အရာခပ်သိမ်းတို့ကို သူပြလေပြီးဖြစ်ရာ၊ သူတို့သည် ထိုအရာတို့ကို ရေးလေပြီ။ ကိုယ်တော်ရှင်၏ကာလအချိန်တန်သောအခါ၌၊ ဣသရေလအမျိုးသားတို့ထံသို့ သိုးသငယ်၌ရှိသည့် အမှန်တရားအတိုင်း၊ အစစ်အမှန် ပေါ်ထွက်လာစေခြင်းငှာ ထိုအရာတို့ကို တံဆိပ်ခတ်ထား၏။
၂၇ ငါ၊ နီဖိုင်းသည် ကောင်းကင်တမန်၏စကားအရ၊ သိုးသငယ်၏ထိုတမန်တော်အမည်မှာ၊ ယောဟန်ဖြစ်သည်ကို ကြား၍ သက်သေခံ၏။
၂၈ ရှုဦးလော့၊ ငါ၊ နီဖိုင်းသည် မြင်ရ၊ ကြားရသည့်အရာတို့မှ ကျန်ကြွင်းသည်တို့ကို ရေးခြင်းမှ တားမြစ်ခံရ၏။ သို့ဖြစ်၍ ငါရေးလေသည့်အရာတို့မှာ၊ ငါ့အဖို့လုံလောက်ပေပြီ။ ငါသည် မြင်ရသည့် အရာတို့၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ရေးလေ၏။
၂၉ ငါသည် ငါ့အဘမြင်ခဲ့သည့်အရာတို့ကို မြင်ရကြောင်းနှင့် ကိုယ်တော်ရှင်၏ကောင်းကင်တမန် ထိုအရာတို့ကို ငါ့အား ဖော်ပြခဲ့ကြောင်း သက်သေခံ၏။
၃၀ ယခုမူကား၊ ငါသည် ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွားခံရစဉ်၌ မြင်ခဲ့သည့်အရာတို့အကြောင်း ပြောဆိုခြင်းကို လက်စသတ်၏။ ငါမြင်ခဲ့သည့်အရာခပ်သိမ်းတို့ကို ရေးမထားသော်ငြားလည်း ငါရေးလေသည့်အရာတို့မှာ မှန်ကန်၏။ ဤမျှအထိပေတည်း။ အာမင်။