အခန်းကြီး ၁၁
နီဖိုင်းသည် ကိုယ်တော်ရှင်၏ ဝိညာဉ်တော်ကိုမြင်၍၊ သူ့အား ရူပါရုံဖြင့် အသက်ပင်ကိုပြ၏—သူသည် ဘုရားသခင့်သားတော်၏ မယ်တော်ကိုမြင်၍၊ ဘုရားသခင်၏ ကိုယ့်ကိုယ်ကိုနှိမ့်ချတော်မူခြင်းအကြောင်းကို သိရ၏—သူသည် ဘုရားသခင့်သိုးသငယ်၏ ဗတ္တိဇံ၊ အမှုတော်ဆောင်ခြင်းနှင့် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရတော်မူခြင်းတို့ကို မြင်၏—သူသည် သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏ ခေါ်သွင်းခြင်းနှင့် အမှုတော်ဆောင်ခြင်းတို့ကိုလည်းမြင်၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာ၍၊ ငါသည် ငါ့အဘမြင်ခဲ့ရလေသောအရာတို့ကို သိလိုပြီးနောက်၊ ငါ့အား ထိုအရာတို့ကို ကိုယ်တော်ရှင်ဖော်ပြရန် တတ်နိုင်တော်မူကြောင်းကို ယုံကြည်လျက် ငါ၏စိတ်နှလုံး၌၊ မှတ်ကျုံး၍စဉ်းစားဆင်ခြင်စဉ်တွင်၊ အထူးသဖြင့်၊ ငါယခင်တစ်ခါမျှမမြင်ဖူး၊ ငါယခင်တစ်ခါမျှခြေမချဖူးလေသော အလွန်မြင့်သည့် တောင်တစ်တောင်သို့ ကိုယ်တော်ရှင်၏ဝိညာဉ်တော်အားဖြင့် ဆောင်ယူခံရ၏။
၂ ဝိညာဉ်တော်ကလည်း ရှုလော့၊ သင်သည် အဘယ်အရာကို အလိုရှိသနည်းဟု ငါ့ကို မြွက်ဆို၏။
၃ ငါကလည်း အကျွန်ုပ်အဘမြင်ခဲ့သည့်အရာတို့ကို အကျွန်ုပ်မြင်လိုပါသည်ဟု လျှောက်၏။
၄ ဝိညာဉ်တော်ကလည်း သင်၏အဘပြောလေသည့်အပင်ကို သူမြင်ခဲ့သည်ကို သင်ယုံကြည်သလောဟု ငါ့ကို မြွက်ဆို၏။
၅ ငါကလည်း ဟုတ်ကဲ့၊ အကျွန်ုပ်အဘ၏စကားမှန်သမျှကို အကျွန်ုပ်ယုံကြည်ကြောင်း ကိုယ်တော်သိပါ၏ဟု လျှောက်၏။
၆ ငါသည် ဤစကားတို့ကို လျှောက်လေပြီးနောက်၊ ဝိညာဉ်တော်က ကျယ်သောအသံနှင့် မြွက်ဆိုသည်ကား၊ ကိုယ်တော်ရှင်၊ အမြင့်ဆုံးသောဘုရားသခင်အား ဟောရှဏ္ဏဖြစ်စေသတည်း။ အကြောင်းမူကား၊ သူသည် မြေကြီးတစ်ခုလုံးကို အစိုးရတော်မူသော၊ အကယ်စင်စစ်၊ ခပ်သိမ်းသောသူတို့ထက် မြင့်မြတ်တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အသင်၊ နီဖိုင်းသည် အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ကို ယုံကြည်သောကြောင့်၊ မင်္ဂလာရှိ၏။ သို့ဖြစ်၍၊ သင်သည် အလိုရှိလေသော အရာတို့ကို မြင်ရလိမ့်မည်။
၇ ရှုဦးလော့၊ သင်၏အဘမြည်းစမ်းခဲ့သောအသီးကို သီးသည့်အပင်ကို သင်မြင်၍၊ ကောင်းကင်မှ လူတစ်ယောက်ဆင်းသက်လာနေသည်ကိုလည်း သင်မြင်၍၊ သူ့ကို ကြည့်မြင်ပြီးနောက်၊ ဤအရာတို့ကို နိမိတ်လက္ခဏာအဖြစ် သင့်အား ပေးလိမ့်မည်။ သင်သည် သူ့ကို ကြည့်မြင်လေပြီးနောက်၊ ထိုသူကား၊ ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံလိမ့်မည်။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကြည့်ရှုလော့ဟု ဝိညာဉ်တော်က ငါ့ကို မြွက်ဆို၍၊ ငါကြည့်ရှုလျှင် အပင်တစ်ပင်ကိုမြင်၏။ ထိုအပင်သည် ငါ့အဘမြင်ခဲ့လေသောအပင်နှင့် တူ၏။ ထိုအပင်၏တင့်တယ်မှုမှာ၊ အလွန်အမင်းဖြစ်၍၊ အမှန်စင်စစ် တင့်တယ်မှုခပ်သိမ်းတို့ထက် သာလွန်၍၊ ထိုအပင်၏ဖြူစင်ခြင်းကား၊ ပြန့်ကျဲနေသောနှင်းပွင့်၏ဖြူစင်ခြင်းထက်ပင် သာလွန်၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အပင်ကိုမြင်ခဲ့လေပြီးနောက်၊ အားလုံးထက်အဖိုးထိုက်သောအပင်ကို အကျွန်ုပ်အား ကိုယ်တော်ပြတော်မူလေသည်ကို အကျွန်ုပ်မြင်ပါ၏ဟု ဝိညာဉ်တော်ကို လျှောက်၏။
၁၀ သူကလည်း အဘယ်အရာကို သင်အလိုရှိသနည်းဟု ငါ့ကို မြွက်ဆို၏။
၁၁ ငါကလည်း ထိုအပင်၏အနက်ဖွင့်ပြခြင်းကို သိလိုပါ၏ဟု လျှောက်၏—အကြောင်းမူကား၊ ငါသည် သူ့အား လူတစ်ယောက်ပြောသကဲ့သို့ပြော၏။ သူလူ၏ပုံသဏ္ဌာန်အားဖြင့်ရှိသည်ကိုလည်းမြင်ရ၏။ သို့သော်လည်း၊ ငါသည် သူ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ဖြစ်မှန်း သိ၏။ သူကလည်း လူသည် တခြားတစ်ယောက်နှင့်ပြောသကဲ့သို့ ငါ့ကို မြွက်ဆို၏။
၁၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကြည့်ရှုလော့ဟု ငါ့ကို မြွက်ဆို၏။ ငါသည်လည်း သူ့ကို ကြည့်ရှုရမည်ဟု ထင်မှတ်၍ကြည့်ရှုရာ သူ့ကို မြင်ရခြင်းမရှိ။ အကြောင်းမူကား၊ သူသည် ငါ့မျက်မှောက်ရှေ့မှ ထွက်သွားနှင့်လေပြီ။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ကြည့်ရှုရာ၊ ယေရုရှလင်မြို့ကြီးနှင့် အခြားမြို့များကို မြင်၏။ ငါသည် နာဇရက်မြို့ကို မြင်၏။ နာဇရက်မြို့ထဲ၌ အပျိုကညာကိုလည်း မြင်၏။ သူမသည် အလွန်ချောမော၍ အသားဖြူ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ ငါသည် ကောင်းကင်ပွင့်သည်ကို မြင်၏။ ကောင်းကင်တမန်တစ်ပါးဆင်းလာ၍၊ ငါ့ရှေ့၌ရပ်၏။ နီဖိုင်း၊ သင်အဘယ်အရာကို မြင်သနည်းဟု ငါ့ကို မေး၏။
၁၅ ငါကလည်း အဆင်းအလှဆုံးနှင့် အခြားအပျိုကညာအားလုံးတို့ထက် ချောမောသော အပျိုကညာကိုမြင်၏ဟု သူ့ကို ဖြေ၏။
၁၆ သူကလည်း သင်သည် ဘုရားသခင်၏ ကိုယ့်ကိုယ်ကို နှိမ့်ချတော်မူခြင်းကို သိသလောဟု ငါ့ကို မေး၏။
၁၇ သူ၏သားသမီးတို့ကို သူချစ်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကျွန်ုပ်သည် ခပ်သိမ်းသောအရာတို့၏အနက်ကို မသိပါဟု ဖြေ၏။
၁၈ သူကလည်း ရှုလော့၊ သင်မြင်သည့်အပျိုကညာသည် ဘုရားသခင့်သားတော်၏ လူ့ဇာတိမယ်တော်ဖြစ်သည်ဟု ငါ့ကို မြွက်ဆို၏။
၁၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူမဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွားခံရသည်ကို မြင်၏။ သူမ ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွား ခံရလေ၍၊ ကာလအတန်ကြာပြီးနောက် ကောင်းကင်တမန်က ကြည့်ရှုလော့ဟု ငါ့ကို မြွက်ဆို၏။
၂၀ ငါသည်လည်း ကြည့်ရှုလျှင်၊ အပျိုကညာအား သူမလက်ထဲ၌ ကလေးငယ်ကိုချီလျက် တစ်ဖန်မြင်ရ၏။
၂၁ ကောင်းကင်တမန်ကလည်း ငါ့ကို မြွက်ဆိုသည်မှာ၊ ဘုရားသခင်၏သိုးသငယ်၊ ထိုမှတစ်ပါး အမှန်စင်စစ် ထာဝရအဘ၏သားတော်ကို ရှုလော့။ သင့်အဘမြင်သော အပင်၏အနက်ကို သင်သိသလောဟု မေး၏။
၂၂ ငါကလည်း သိပါ၏၊ ထိုအရာကား၊ လူသားတို့၏စိတ်နှလုံးသို့ အလိုလိုယိုစိမ့်ပျံ့နှံ့သည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ဖြစ်ပါ၏။ သို့ဖြစ်၍၊ ထိုအရာသည် ခပ်သိမ်းသောအရာတို့ထက် နှစ်လိုဖွယ်အကောင်းဆုံးဖြစ်ပါ၏ဟုဆို၍ သူ့ကို ဖြေ၏။
၂၃ သူကလည်း ဟုတ်ပေ၏၊ စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စရာအကောင်းဆုံးပေတည်းဟု ငါ့ကို မြွက်ဆို၏။
၂၄ သူသည် ဤစကားတို့ကို ပြောလေပြီးနောက်၊ ကြည့်ရှုလော့ဟု ငါ့ကို မြွက်ဆို၏။ ငါသည်လည်း ကြည့်ရှုလေရာ ဘုရားသခင်၏သားတော်အား လူသားတို့၌ လှည့်လည်၍သွားနေတော်မူသည်ကို မြင်၏။ များစွာသောသူတို့ သူ၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်ကြသည်ကိုလည်း တွေ့မြင်၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဘုရားသခင့်ချစ်ခြင်းမေတ္တာတော်၏ အမှတ်လက္ခဏာတော်တစ်ခုဖြစ်သည့် ရေများရှိရာ၊ အသက်စမ်းရေတွင်း သို့မဟုတ် အသက်ပင်ဆီသို့ တန်းသည့် ငါ့အဘမြင်ခဲ့ရလေသည့် သံတန်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း နားလည်၏။ အသက်ပင်မှာ ဘုရားသခင့်ချစ်ခြင်းမေတ္တာတော်၏ အမှတ်လက္ခဏာတော်တစ်ခု ဖြစ်ကြောင်းကိုလည်း နားလည်၏။
၂၆ ကောင်းကင်တမန်ကလည်း ဘုရားသခင်၏ ကိုယ့်ကိုယ်ကို နှိမ့်ချတော်မူခြင်းကို ကြည့်ရှု၍ သိမြင်နားလည်လော့ဟု ငါ့ကို တစ်ဖန် မြွက်ဆို၏။
၂၇ ငါသည်လည်းကြည့်ရှုရာ၊ ငါ့အဘပြောခဲ့လေသည့်သူတည်းဟူသော လောက၏ ရွေးနုတ်ရှင်ကို မြင်၏။ သူ့ရှေ့ ၌ လမ်းကို ပြင်ဆင်မည့် ပရောဖက်ကိုလည်း မြင်၏။ ဘုရားသခင်၏သိုးသငယ်သည်လည်း သွား၍၊ သူ့အားဖြင့် ဗတ္တိဇံခံ၏။ သူဗတ္တိဇံခံလေပြီးနောက်၊ ငါသည် ကောင်းကင်ပွင့်သည်ကို မြင်၏၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ ချိုးငှက်အသွင်ဖြင့် သူ့အပေါ်၌ နားတော်မူ၏။
၂၈ သူ တန်ခိုးတော်အရှိန်နှင့် ကြီးစွာသောဘုန်းတော်ကို ဆောင်၍၊ လူတို့ထံသို့ သွား၍၊ အမှုတော်ဆောင်လျက်ရှိသည်ကိုလည်း မြင်၏။ လူအစုအဝေးတို့သည်လည်း ကြားနာခြင်းငှာ အတူတကွ စုဝေးကြလေ၏။ သူတို့ထံမှ သူ့ကို နှင်ထုတ်ကြသည်ကိုလည်း မြင်၏။
၂၉ သူ့နောက်မှလိုက်လာနေသည့် အခြားတစ်ဆယ့်နှစ်ပါးကိုလည်း မြင်၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါ့မျက်မှောက်ရှေ့မှ ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွားခံကြရ၏။ ငါသည်လည်း သူတို့ကို မြင်ရခြင်းမရှိတော့။
၃၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်က ကြည့်ရှုလော့ဟု ငါ့ကို တစ်ဖန်မြွက်ဆို၍ ပြောပြန်၏။ ငါသည်လည်း ကြည့်ရှုသဖြင့်၊ ကောင်းကင်တစ်ဖန်ပွင့်သည်ကို မြင်၏၊ ကောင်းကင်တမန်များ လူသားများသို့ ဆင်းသက်လာသည်ကိုလည်းမြင်၏။ သူတို့သည်လည်း လူတို့ကိုအမှုတော်ဆောင်ကြ၏။
၃၁ သူကလည်း ကြည့်ရှုလော့ဟု ငါ့ကို တစ်ဖန်မြွက်ဆို၍ ပြော၏။ ငါသည်လည်း ကြည့်ရှု၍ ဘုရားသခင်၏သိုးသငယ်အား လူသားတို့၌ လှည့်လည်၍ သွားနေတော်မူသည်ကို မြင်၏။ ဖျားနာသောသူတို့နှင့် ရောဂါအမျိုးမျိုး၊ နတ်ဆိုးများ၊ ညစ်ညူးသောနတ်များတို့ဖြင့် ဒုက္ခရောက်လေသည့်သူတို့၏ လူအစုအဝေးတို့ကိုလည်း မြင်၏။ ကောင်းကင်တမန်ကလည်း မြွက်ဆို၍ ဤအရာခပ်သိမ်းတို့ကို ငါ့အား ပြတော်မူ၏။ သူတို့သည်လည်း ဘုရားသခင့်သိုးသငယ်၏ တန်ခိုးတော်အားဖြင့် အနာငြိမ်းကြရ၏။ နတ်ဆိုးများနှင့် ညစ်ညူးသောနတ်တို့သည်လည်း နှင်ထုတ်ခံရလေ၏။
၃၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်က ကြည့်ရှုလော့ဟု ငါ့ကို တစ်ဖန်ဆို၍မြွက်ဆို၏။ ငါသည်လည်း လူတို့ဖမ်းလာကြသည့် ဘုရားသခင်၏သိုးသငယ်ကို ကြည့်ရှု၍ မြင်၏။ အထူးသဖြင့်၊ ထာဝရတည်မြဲသောဘုရားသခင်၏ သားတော်သည် လောက၏ပြစ်တင်ရှုတ်ချခြင်းခံရ၏။ ငါလည်း မြင်၍ သက်သေခံ၏။
၃၃ ငါ၊ နီဖိုင်းသည် သူ လောကီသားတို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်၍ ကွပ်မျက်ခံရတော်မူသည်ကိုလည်း မြင်၏။
၃၄ သူကွပ်မျက်ခံရလေပြီးနောက်၊ ငါသည် မြေကြီးပေါ်၌နေထိုင်သောလူအစုအဝေးတို့ သိုးသငယ်၏ တမန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်ခြင်းငှာ၊ အတူတကွစုဝေးကြသည်ကို မြင်၏။ ထိုကဲ့သို့အားဖြင့်၊ တစ်ဆယ့်နှစ်ပါးတို့သည် ကိုယ်တော်ရှင်၏ ကောင်းကင်တမန်အားဖြင့် ခေါ်သွင်းခံရလေ၏။
၃၅ မြေကြီးပေါ်၌နေထိုင်သောလူအစုအဝေးတို့ အတူတကွစုဝေးကြ၏။ ငါသည် ထိုသူတို့ ငါ့အဘမြင်သည့် အဆောက်အအုံနှင့်တူသော ကြီးမားကျယ်ဝန်းသည့် အဆောက်အအုံအတွင်း၌ ရှိကြသည်ကို မြင်၏။ ကိုယ်တော်ရှင်၏ကောင်းကင်တမန်ကလည်း ငါ့ကို တစ်ဖန် မြွက်ဆိုသည်ကား၊ လောကီသားတို့နှင့် သူတို့၏ ဉာဏ်ပညာကို ကြည့်ရှုလော့။ ထိုမှတစ်ပါး၊ သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးကို ဆန့်ကျင်တိုက်ခိုက်ခြင်းငှာ ဣသရေလအမျိုးသားတို့ အတူတကွစုဝေးကြသည်ကို ကြည့်ရှုလော့ဟု ဆို၏။
၃၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကြီးမားကျယ်ဝန်းသော အဆောက်အအုံသည်ကား၊ လောကီသားတို့၏ မာနဖြစ်လေသည်ကို မြင်၍သက်သေခံ၏။ ထိုအရာသည် ပြိုလဲ၍၊ ပြိုလဲခြင်းမှာ၊ အလွန်ကြီးမားလှ၏။ ကိုယ်တော်ရှင်၏ကောင်းကင်တမန်ကလည်း ငါ့ကို တစ်ဖန်မြွက်ဆိုသည်ကား၊ သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးကို ဆန့်ကျင်တိုက်ခိုက်မည့် ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့သည် ထိုကဲ့သို့အားဖြင့်၊ ဖျက်ဆီးခံကြရလိမ့်မည်။