အခန်းကြီး ၁၉
နီဖိုင်းသည် သတ္တုရိုင်းပြားများကို ပြုလုပ်၍၊ သူ့လူမျိုးတို့၏သမိုင်းကြောင်းကို မှတ်တမ်းပြု၏—ဣသရေလအမျိုး၏ဘုရားသခင်သည် လေဟိ ယေရုရှလင်မြို့ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်း ခြောက်ရာကြာလျှင်၊ ကြွလာတော်မူလိမ့်မည်—နီဖိုင်းသည် သူ၏ဒုက္ခဝေဒနာခံစားရခြင်းများနှင့် လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရတော်မူခြင်းတို့ကို ပြောပြ၏—ယုဒလူမျိုးတို့သည် ကိုယ်တော်ရှင်ထံပြန်လာကြမည့် နောက်ပိုင်းကာလများအထိ၊ မထီမဲ့မြင်ပြုခံရ၍၊ ကွဲပြားပြန့်ကျဲကြရလိမ့်မည်။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူ၏၊ သို့ဖြစ်၍၊ ငါသည် သတ္တုရိုင်းပြားများကို ပြုလုပ်ခဲ့သည်မှာ ၎င်းတို့အပေါ်၌ ငါ၏လူမျိုးတို့အကြောင်း မှတ်တမ်းကို ရေးထွင်းနိုင်ခြင်းငှာဖြစ်၏။ ငါပြုလုပ်လေပြီးသော ပုရပိုက်ပြားတို့ပေါ်၌ ငါသည် ငါ့အဘ၏မှတ်တမ်း၊ ထို့အတူ တောရိုင်းထဲ၌ ငါတို့၏ခရီးသွားခြင်းများနှင့်ငါ့အဘ၏ ပရောဖက်ပြုဟောချက်တို့ကို ရေးထွင်းခဲ့၏။ ငါကိုယ်တိုင်၏ ပရောဖက်ပြုဟောချက်များစွာတို့ကိုလည်း ၎င်းတို့အပေါ်၌ ငါရေးထွင်းလေပြီ။
၂ ငါသည် ၎င်းတို့ကို ပြုလုပ်ချိန်၌ ဤပုရပိုက်ပြားများပြုလုပ်ရန် ကိုယ်တော်ရှင်၏ မိန့်တော်မူခြင်းခံရမည်ကို သိခြင်းမရှိခဲ့။ သို့ဖြစ်၍၊ ငါ့အဘ၏မှတ်တမ်းများ၊ သူ့ဘိုးဘေးတို့၏ဆွေစဉ်မျိုးဆက် မှတ်တမ်းနှင့် တောရိုင်းထဲ၌ ငါတို့၏လုပ်ဆောင်မှုခပ်သိမ်းတို့မှ အများစုကို ငါပြောလေသည့် ထိုပထမပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထား၏။ သို့ဖြစ်၍၊ ဤပုရပိုက်ပြားတို့ကို ငါမပြုလုပ်ခင် ဖြစ်ပျက်ခဲ့သောအရာတို့ကို ပထမပုရပိုက်ပြားတို့ပေါ်၌၊ အမှန်ပင်၊ ပို၍အသေးစိတ် ဖော်ပြထား၏။
၃ ငါသည် ဤပုရပိုက်ပြားတို့ကို ပညတ်တော်အတိုင်း ပြုလုပ်ခဲ့လေပြီးနောက်၊ ငါ၊ နီဖိုင်းသည် အမှုတော်ဆောင်ခြင်းနှင့် ပရောဖက်ပြုဟောချက်များ၊ ထိုအရာတို့မှ ပို၍ရှင်းလင်း၍ အဖိုးထိုက်သည့် အစိတ်အပိုင်းတို့ကို ဤပုရပိုက်ပြားတို့ပေါ်၌ ရေးရမည်ဟူသော ပညတ်တော်ကို လက်ခံရရှိ၏။ ရေးထားသောအရာတို့ကိုလည်း ထိုမြေကိုပိုင်ဆိုင်မည့် ငါ့လူမျိုးတို့ကို သွန်သင်ခြင်းအတွက်၊ ထို့အတူ ကိုယ်တော်ရှင် သိမှတ်တော်မူသည့် ဉာဏ်ပညာရှိသော အခြားကြံရွယ်ချက်များ အတွက်လည်း သိမ်းဆည်းထားရပေမည်။
၄ သို့ဖြစ်၍၊ ငါနီဖိုင်းသည် ငါ့လူမျိုးတို့၏ စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ပျက်စီးခြင်းများအကြောင်းပါရှိသည့် မှတ်တမ်းတစ်ခု ခေါ် သာ၍အသေးစိတ်သောအကြောင်းပါရှိသည့် မှတ်တမ်းတစ်ခုကို အခြားပုရပိုက်ပြားများပေါ်၌ ပြုစု၏။ ဤသို့ ငါသည် ပြုစု၍၊ ငါ၏လူမျိုးတို့အား ငါသေသွားပြီးနောက်၊ သူတို့ပြုရမည့်အရာကိုလည်းကောင်း၊ ဤပုရပိုက်ပြားတို့ကို ကိုယ်တော်ရှင်ထံမှ နောက်ထပ်ပညတ်တော်များရရှိသည့်တိုင်အောင် မျိုးဆက်တစ်ခုမှတခြားတစ်ခုသို့ သို့မဟုတ် ပရောဖက်တစ်ပါးမှ တခြားတစ်ပါးသို့ လက်ဆင့်ကမ်း၍ပေးသွားရမည်ကိုလည်းကောင်း မှာကြား၏။
၅ ဤပုရပိုက်ပြားများကို ငါ၏ပြုလုပ်ခြင်းအကြောင်းမှတ်တမ်းကို နောင်ကာလမှ ရေးဦးမည်။ ထို့နောက်တွင်၊ ရှုလော့၊ ငါသည် ပြောလေသည့်အတိုင်း ဆက်၍ရေး၏။ ဤသို့ ပြုသည်မှာ၊ ပို၍သန့်ရှင်းမွန်မြတ်သောအရာတို့ကို ငါ့လူမျိုးတို့၏အသိပညာအတွက် သိမ်းဆည်းထားနိုင်ခြင်းငှာ ဖြစ်၏။
၆ သို့သော်လည်း၊ ငါသည် သန့်ရှင်းမွန်မြတ်သည်ဟု ထင်မှတ်သောအရာမှတစ်ပါး၊ အဘယ်အရာကိုမျှ ပုရပိုက်ပြားတို့ပေါ်၌ မရေး။ ယခုမူကား၊ ငါသည် အမှားပြုမိလျှင်၊ ရှေးယခင်က သူတို့ အမှားပြုခဲ့သည်ပင်ဖြစ်စေ၊ ငါသည် အခြားသောသူတို့ကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းမှ မကင်းလွတ်လို။ သို့ရာတွင်၊ လူ့ဇာတိအတိုင်း ငါ့၌ရှိသော အားနည်းချက်ကြောင့်၊ ငါသည် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းလွတ်လို၏။
၇ အကြောင်းမူကား၊ အချို့သောသူတို့ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ခုစလုံးအတွက် ကြီးစွာအဖိုးထိုက်သည်ဟု ထင်မှတ်သောအရာတို့ကို အခြားသူတို့သည် အလေးမထားဘဲလျစ်လျူရှု၍ ခြေဖြင့်နင်းကြ၏။ အမှန်စင်စစ်၊ ဣသရေလအမျိုး၏ မှန်သောဘုရားသခင်ကိုပင် လူတို့သည် ခြေဖြင့်နင်းကြ၏။ ငါသည် သူတို့ခြေဖြင့်နင်းကြသည်ဟု ဆို၏။ သို့ရာတွင်၊ တစ်နည်းအားဖြင့် ငါပြောလိုသည်ကား—သူတို့သည် သူ့ကို အလေးမထားဘဲလျစ်လျူရှု၍၊ သူ၏သွန်သင်တော်မူသည့် အသံတော်ကို စေ့စေ့နားမထောင်ကြ။
၈ ရှုဦးလော့၊ သူသည် ငါတို့အဘ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်အချိန်မှစ၍ နှစ်ပေါင်းခြောက်ရာကြာပြီးနောက်၊ ကောင်းကင်တမန်၏စကားတို့အတိုင်း ကြွလာတော်မူ၏။
၉ လောကသည် သူတို့၏ဒုစရိုက်ကြောင့်၊ သူ့ကို တန်ဖိုးမရှိသောအရာအဖြစ် ပြစ်တင်ရှုတ်ချကြလိမ့်မည်။ သို့ဖြစ်၍၊ သူတို့သူ့ကို ရိုက်ပုတ်၍ သူခံစား၏။ သူတို့သူ့ကို တိုက်ခိုက်၍ သူခံစား၏။ ထိုမှတစ်ပါး၊ သူတို့သူ့ကို တံတွေးဖြင့်ထွေးသည်ကိုလည်း သူသည် လူသားတို့အပေါ် သူ၏ချစ်သောကြင်နာခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကြောင့် ခံစား၏။
၁၀ အဲဂုတ္တုပြည်၌ ကျွန်ခံရာမှ ဆောင်ခြင်းခံခဲ့ရ၊ ထို့အတူ တောရိုင်းထဲ၌လည်း သူ့အားဖြင့် ကာကွယ်စောင့်မခြင်းခံခဲ့ရသူများတည်းဟူသော ငါတို့ဘိုးဘေးတို့၏ဘုရားသခင်၊ အထူးသဖြင့်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင်သည် ဇေနော့၏စကားအတိုင်း မြှောက်ထားခံရတော်မူခြင်းငှာလည်းကောင်း၊ နေရုံ၏စကားအတိုင်း လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခံရတော်မူခြင်းငှာလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ နေထိုင်ကြမည့်သူတို့အား ပြတော်မူသည့်၊ အထူးသဖြင့်၊ ဣသရေလအမျိုးသားများဖြစ်လေသူတို့အား သူ၏သေခြင်းကိုပြတော်မူသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည့် ဇေနုတ်ပြောလေသည့် မှောင်မိုက်ခြင်း သုံးရက်အကြောင်းဖြစ်လေသည့် သူ၏စကားအတိုင်း သင်္ချိုင်းတွင်းထဲ၌ ထားစေခြင်းငှာလည်းကောင်း ကောင်းကင်တမန်၏စကားတို့အတိုင်း လူသားတစ်ယောက်အဖြစ် ဆိုးညစ်သောသူတို့၏လက်သို့ မိမိကိုယ်ကို စွန့်လွှတ်ပေးအပ်တော်မူ၏။
၁၁ ပရောဖက်ဟောလေသည်ကား၊ ကိုယ်တော်ရှင်ဘုရားသခင်သည် ထိုကာလ၌ ခပ်သိမ်းသော ဣသရေလအမျိုးသားများသို့၊ အချို့သောသူတို့ကို သူတို့၏ဖြောင့်မတ်ခြင်းကြောင့် သူတို့၏ ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် သူ၏အသံတော်နှင့်လည်းကောင်း၊ အခြားသောသူများသို့ သူ၏တန်ခိုးတော်မှ မိုးချုန်းခြင်း၊ လျှပ်စီးလက်ခြင်းတို့နှင့်အတူ မိုးသက်မုန်တိုင်း၊ မီးလျှံ၊ မီးခိုး၊ အမှောင်ထု၊ မြေကြီးအက်ကွဲခြင်းနှင့် တောင်တို့အားမြင့်တက်စေခြင်းတို့ဖြင့်လည်းကောင်း ဧကန်အမှန် အကြည့်အရှုကြွတော်မူလိမ့်မည်။
၁၂ ဤအရာခပ်သိမ်းတို့ ဧကန်အမှန်ဖြစ်လာရမည်ဟုလည်း ပရောဖက်ဇေနုတ်က ဟော၏။ မြေကြီးထဲမှကျောက်များ ပေါက်ကွဲရမည်။ မြေကြီးက ညည်းတွားခြင်းကြောင့်၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၏ များစွာသောရှင်ဘုရင်တို့သည် လောကဓာတ်၏ဘုရားသခင် ဒုက္ခဝေဒနာခံစားတော်မူလေပြီတကားဟု ဟစ်ကြွေးစေဖို့ ဘုရားသခင်၏ဝိညာဉ်တော် အရှိန်ဩဇာသက်ရောက်တော်မူသည်ကို ခံကြရလိမ့်မည်။
၁၃ ယေရုရှလင်မြို့၌ရှိကြသောသူတို့နှင့် စပ်လျဉ်း၍ ပရောဖက်ဟောလေသည်ကား၊ သူတို့သည် ဣသရေလအမျိုး၏ဘုရားသခင်အား လက်ဝါးကပ်တိုင်၌ ကွပ်မျက်ခြင်း၊ သူတို့စိတ်နှလုံးကို လှည့်၍၊ နိမိတ်လက္ခဏာများ၊ အံ့မခန်းချီးမွမ်းဖွယ်အမှုများ၊ ဣသရေလအမျိုး၏ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုန်းတော်တို့ကို ငြင်းပယ်ကြလေသောကြောင့် လူခပ်သိမ်းတို့၏ ဒုက္ခပေးခြင်းကို ခံကြရလိမ့်မည်။
၁၄ ပရောဖက်ကဟောလေသည်ကား၊ သူတို့သည် မိမိတို့စိတ်နှလုံးကို လှည့်၍၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားကို မထီမဲ့မြင်ပြုကြသောကြောင့်၊ ဇာတိကိုယ်ခန္ဓာဖြင့် အရပ်ရပ်သို့လည်၍ ပျက်စီးကြပြီးလျှင်၊ ပုံခိုင်းကဲ့ရဲ့ရာဖြစ်လာကြ၍၊ ခပ်သိမ်းသော ပြည်သားတို့၌ မုန်းတီးခံကြရမည်။
၁၅ သို့သော်လည်း၊ ထိုကာလကျရောက်လာသောအခါ၊ ပရောဖက်ဟောလေသည်ကား၊ သူတို့သည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရားတစ်ဖက်၌ သူတို့စိတ်နှလုံးကို လမ်းမလွှဲကြတော့။ ထိုနောက်တွင်၊ သူသည် သူတို့ဘိုးဘေးတို့နှင့် ပြုထားတော်မူခဲ့လေသော ပဋိညာဉ်တို့ကို အောက်မေ့တော်မူလိမ့်မည်။
၁၆ ထို့နောက်တွင်၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့ကို အောက်မေ့တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ဣသရေလအမျိုးသားများဖြစ်သူလူခပ်သိမ်းတို့ကို မြေကြီးလေးမျက်နှာမှ ငါပြန်လည်စုစည်းမည်ဟု ကိုယ်တော်ရှင် မိန့်တော်မူလေသည်ကား၊ ပရောဖက်ဇေနုတ်၏စကားတို့အတိုင်းပင်တည်း။
၁၇ ထိုမှတစ်ပါး၊ မြေကြီးပေါ်ရှိခပ်သိမ်းသောသူတို့သည် ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကို သိမြင်ကြလိမ့်မည်။ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှ ကောင်းချီးခံစားကြရလိမ့်မည်ဟု ပရောဖက်က ဟော၏။
၁၈ ငါ၊ နီဖိုင်းသည် ဤအရာတို့ကို ငါ၏လူမျိုးတို့ထံ ရေးလေသည်မှာ၊ သူတို့၏ရွေးနုတ်ရှင်၊ ကိုယ်တော်ရှင်အား သူတို့အောက်မေ့ကြစေမည့်အကြောင်း ဖျောင်းဖျကောင်းဖျောင်းဖျနိုင်စေခြင်းငှာပေတည်း။
၁၉ သို့ဖြစ်၍၊ ခပ်သိမ်းသောဣသရေလအမျိုးသားများသို့ ငါဟောပြောသည်ကား၊ ဤအရာတို့ကို သူတို့ရရှိကြစေခြင်းငှာပေတည်း။
၂၀ ရှုလော့၊ ယေရုရှလင်၌ရှိသောသူတို့အတွက် ငါ၏အရိုးဆစ်ခပ်သိမ်းတို့ အားနည်းသည့်တိုင်အောင်ပင် စိတ်အားကြီးစွာအလုပ်လုပ်နေခြင်းက ငါ့ကို မောပန်းစေ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့အကြောင်းကို ရှေးပရောဖက်များကိုကဲ့သို့ပင် ငါ့ကို ဖော်ပြရန် ကရုဏာကြီးတော်မမူခဲ့လေလျှင်၊ ငါသည်လည်း ပျက်စီးရပေလိမ့်မည်။
၂၁ သူသည် သူတို့နှင့် စပ်လျဉ်းသည့်ခပ်သိမ်းသောအရာတို့ကို ရှေးပရောဖက်တို့အား ဧကန်အမှန် ဖော်ပြတော်မူခဲ့၏။ ပရောဖက်များစွာတို့အား ငါတို့အကြောင်းကိုလည်း ဖော်ပြတော်မူခဲ့၏။ သို့ဖြစ်၍၊ ထိုအရာတို့ကို ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထားသောကြောင့် ငါတို့သည် သူတို့အကြောင်းကို သိရန်လိုအပ်၏။
၂၂ ယခုတွင်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ဤအရာတို့ကို ငါ၏ညီအစ်ကိုတို့အား သွန်သင်ပေး၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် အခြားပြည်တို့ရှိ ရှေးလူတို့၌ ကိုယ်တော်ရှင်၏အမှုတော်တို့အကြောင်းကို သူတို့သိနိုင်ကြစေခြင်းငှာ၊ ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထားသည့် အရာများစွာတို့ကို သူတို့အား ဖတ်ပြ၏။
၂၃ ငါသည် မောရှေကျမ်းများ၌ ရေးထားသောအရာများစွာတို့ကိုလည်း သူတို့ကို ဖတ်ပြ၏။ သို့ရာတွင်၊ သူတို့၏ရွေးနုတ်ရှင် ကိုယ်တော်ရှင်ကို ယုံကြည်ကြစေရန် သူတို့ကို ငါပို၍ပြည့်စုံစွာဖျောင်းဖျနိုင်ခြင်းငှာ၊ ပရောဖက်ဟေရှာယရေးထားသည်ကို ဖတ်ပြ၏။ အကြောင်းမူကား၊ ခပ်သိမ်းသောကျမ်းစာတို့ကို ငါတို့အတွက် ငါကျင့်သုံးသည်မှာ၊ ငါတို့၏အကျိုးနှင့် သင်ယူခြင်းအတွက်ဖြစ်စေကြောင်းပင်တည်း။
၂၄ သို့ဖြစ်၍၊ သူတို့ကို ငါဆိုသည်ကား၊ ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူများဖြစ်သော၊ ကွဲကွာခဲ့လေသည့်သူတစ်စုဖြစ်သော သင်တို့သည် ပရောဖက်၏စကားတို့ကို ကြားနာကြလော့။ သင်တို့သည် ခပ်သိမ်းသောဣသရေလအမျိုးသားများသို့ ရေးထားလေသော ပရောဖက်၏စကားတို့ကို ကြားနာကြလော့။ သင်တို့ ကွဲကွာခဲ့လေရာမှ သင်တို့၏ညီအစ်ကိုတို့ကဲ့သို့ပင် မျှော်လင့်ခြင်းရှိနိုင်ကြစေကြောင်း ထိုစကားတို့ကို သင်တို့ကိုယ်တိုင်အတွက် ကျင့်သုံးကြလော့။ အကြောင်းမူကား၊ ဤကဲ့သို့ပင် ပရောဖက် ရေးထားလေသတည်း။