အခန်းကြီး ၆
နီဖိုင်းသည် ဘုရားသခင်၏အမှုတော်တို့ကို ရေး၏—နီဖိုင်း၏ကြံရွယ်ချက်မှာ၊ လူသားတို့ကို အာဗြဟံ၏ဘုရားသခင်ထံသို့လာကြစေရန် ဖျောင်းဖျ၍၊ ကယ်တင်ခြင်းသို့ ရောက်ကြစေခြင်းဖြစ်၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ယခုမူကား၊ ငါ၊ နီဖိုင်းသည် ငါ့ဘိုးဘေးတို့၏ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ငါ့မှတ်တမ်း၏ ဤအခန်း၌ မဖော်ပြ။ ငါရေးနေသော ဤပုရပိုက်ပြားတို့ပေါ်၌၊ နောင်တစ်စုံတစ်ခုသောအချိန်၌လည်း ဖော်ပြလိမ့်မည်မဟုတ်။ အကြောင်းမူကား၊ ငါ့အဘ သိမ်းဆည်းထားသော မှတ်တမ်း၌ ဖော်ပြထားလေပြီ။ သို့ဖြစ်၍၊ ငါသည် ထိုစာရင်းကို ဤကျမ်း၌ မရေးတော့။
၂ အကြောင်းမူကား၊ ငါတို့သည် ယောသပ်၏အမျိုးအနွယ်များ ဖြစ်ကြောင်းပြောရန် ငါ့အတွက်လုံလောက်ပေပြီ။
၃ ငါ့အဘ၏ခပ်သိမ်းသော အမှုများအကြောင်း ပြည့်စုံသောမှတ်တမ်းကို ရေးရန် အထူးဂရုပြုခြင်းသည်လည်း ငါ့အတွက် အရေးမကြီး။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်၏အမှုတော်တို့အကြောင်းကို ရေးနိုင်ခြင်းငှာ နေရာကို အလိုရှိ၍၊ ထိုအရာတို့ကို ဤပုရပိုက်ပြားတို့ပေါ်၌ မရေးနိုင်။
၄ အကြောင်းမူကား၊ ငါ့ရည်ရွယ်ချက်အပြည့်အစုံမှာ၊ ငါသည် လူသားတို့ကို အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင် ထံသို့လာကြစေရန် ဖျောင်းဖျနိုင်၍ ကယ်တင်ခြင်းသို့ရောက်စေခြင်းပင်တည်း။
၅ သို့ဖြစ်၍၊ လောကီသားတို့နှစ်သက်စေသောအရာတို့ကို ငါမရေး၊ ဘုရားသခင်နှင့် လောကီသားမဟုတ်သောသူတို့အား နှစ်သက်စေသောအရာတို့ကိုသာ ရေး၏။
၆ သို့ဖြစ်၍၊ ငါသည် ငါ၏အမျိုးအနွယ်တို့အား ဤပုရပိုက်ပြားတို့ကို လူသားတို့အတွက် အဖိုးမထိုက်သောအရာတို့နှင့် မဖြည့်ရမည့်အကြောင်း မိန့်မှာမည်။