ကျမ်းစာများ
၁ နီဖိုင်း ၂၂


အခန်းကြီး ၂၂

ဣသရေလ​အမျိုး​တို့​သည် မြေ​ကြီး​မျက်​နှာ​ပြင်​တစ်​ခု​လုံး​ပေါ်​၌ ကွဲ​ပြား​ပြန့်​ကျဲ​ကြရ​လိမ့်​မည်—တစ်ပါး​အမျိုး​သား​တို့​က ဣသရေလ​အမျိုး​တို့​ကို နောက်​ဆုံး​သော​ကာ​လ​၌ ဧဝံဂေလိ​တရားတော်​ဖြင့် ကျွေး​မွေး​၍၊ ခွန်​အား​ဖြည့်​ကြ​လိမ့်​မည်—ဣသရေလ​အမျိုး​တို့​သည် စု​ဝေး​၍၊ ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်၊ ဆိုး​ညစ်​သော​သူ​တို့​သည် ရိုး​ပြတ်​ကဲ့​သို့ လောင်​မြိုက်​ကြ​လိမ့်​မည်—နတ်​ဆိုး​၏​နိုင်ငံ​သည် ဖျက်​ဆီး​ခံ​ရ​လိမ့်​မည်၊ စာတန်​သည်​လည်း ချည်​နှောင်​ခံ​ရ​လိမ့်​မည်။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ယ​ခု​တွင်၊ အချိန်​တန်​လာ​သော​အခါ၊ ငါ၊ နီဖိုင်း​သည် ကြေး​ပုရပိုက်​ပြား​တို့​ပေါ်၌ ရေး​ထွင်း​ထား​သည့် ဤ​အရာ​တို့​ကို ဖတ်​ပြီး​နောက်၊ ငါ​၏​ညီ​အစ်​ကို​တို့သည် ငါ့​ထံ​လာ​၍၊ ဆို​ကြ​သည်​မှာ၊ သင်​ဖတ်​လေ​သည့်​အရာတို့​ကား အဘယ်​သို့​ဆို​လို​သ​နည်း။ ရှု​လော့၊ လူ့​ဇာတိ​အတိုင်း​မ​ဟုတ်၊ ဝိညာဉ်​အတိုင်း ဖြစ်​လာ​လိမ့်​မည့် ဝိညာဉ်​ပကတိ​အရာတို့​အတိုင်း ထို​အရာ​တို့​ကို နား​လည်​နိုင်​လိမ့်​မည်​လော​ဟု မေး​ကြ​၏။

ငါ၊ နီဖိုင်း​က​လည်း သူ​တို့​ကို ပြော​လေ​သည်​ကား၊ ရှု​လော့၊ ဝိညာဉ်​တော်​၏​အသံ​အား​ဖြင့် ပရောဖက်​အား ထို​အရာ​တို့​ကို ထင်​ရှား​စွာ​ပြ​လေပြီ။ အကြောင်း​မူ​ကား၊ လူ​သား​တို့​အပေါ် လူ့​ဇာတိ​အတိုင်း​ကျ​ရောက်​လာ​မည့်​အရာ​ခပ်သိမ်း​တို့​ကို ဝိညာဉ်​တော်​အား​ဖြင့် ပရောဖက်​တို့​အား ဖော်​ပြ​ထား​၏။

သို့​ဖြစ်​၍၊ ငါ​ဖတ်​လေ​သည့်​အရာ​တို့​မှာ ဇာတိ​ပကတိ၊ ဝိညာဉ်​ပကတိ​နှစ်​ခု​စ​လုံး​တို့​နှင့် စပ်​ဆိုင်​သည့်​အရာ​များ ဖြစ်​ကြ​၏။ အကြောင်း​မူ​ကား၊ ဣသရေလ​အမျိုး​သား​တို့​သည် အဘယ်​ကာ​လ​ဟု​မ​သိ​ရ​သော​အချိန်​၌ မြေ​ကြီး​မျက်​နှာ​ပြင်​တစ်​ခု​လုံး​ပေါ်​နှင့် ခပ်​သိမ်း​သော​လူ​မျိုး​တို့​၌​လည်း ကွဲ​ပြား​ပြန့်​ကျဲ​ကြရ​မည့် လက္ခဏာ​ရှိ​ကြ​၏။

ရှု​ဦး​လော့၊ ယေရုရှလင်​မြို့ ၌ ရှိ​ကြ​သော​သူ​တို့၏ အသိပညာ​မှ ကွယ်​ပျောက်​နှင့်​ကြ​လေ​ပြီး​သော သူ​များ​စွာ​ရှိ​၏။ ထို​မှ​တစ်​ပါး၊ ခပ်သိမ်း​သော​မျိုး​နွယ်​စု​တို့​မှ အများ​စု​သည် ခေါ်​ဆောင်​သွားခံ​ရ​လေ​၍၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အရပ်​တို့​၌ အရပ်​ရပ်​သို့ ကွဲ​ပြား​ပြန့်​ကျဲ​ကြ​ရ၏။ သူ​တို့​ခေါ်​ဆောင်​သွား​ခံ​ရ​သည်​ကို ငါ​တို့​သိ​ရ​သည်​မှ​တစ်​ပါး၊ အဘယ်​အရပ်​သို့​ဟူ​သည်​ကို​ကား၊ အဘယ်​သူ​မျှ​မ​သိ။

သူ​တို့​ခေါ်​ဆောင်​သွားခံ​ရ​သော​ကြောင့်၊ သူ​တို့​နှင့်​စပ်​လျဉ်း​၍​၊ ထို့အတူ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​ကြောင့် နောင်​ကာ​လ​၌၊ ကွဲ​ပြား​ပြန့်​ကျဲရ​၍၊ ရော​ထွေး​လ​တ္တံ့သော သူ​ခပ်သိမ်း​တို့​နှင့်​စပ်​လျဉ်း​၍​လည်း၊ ဤ​အရာ​တို့​ကို ပရောဖက်​ပြု​၍​ဟော​ထား​လေ​၏။ အကြောင်း​မူ​ကား၊ သူ့​ကို​ဆန့်​ကျင်၍၊ သူ​တို့​၏စိတ်​နှလုံး​ကို မာ​ကျော​စေ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍၊ သူ​တို့​သည် လူ​မျိုး​ခပ်သိမ်း​တို့​၌ ကွဲ​ပြား​ပြန့်​ကျဲရ​၍၊ ခပ်သိမ်းသောလူ​တို့​၏​မုန်း​ခြင်း​ကို ခံ​ကြ​ရလိမ့်​မည်။

အဘယ်​သို့​ပင်​ဖြစ်​စေ၊ သူ​တို့​သည် တစ်ပါး​အမျိုး​သား​တို့အားဖြင့် မွေး​စား​ခံရ​ပြီး​နောက်၊ ကိုယ်​တော်​ရှင်​သည် တစ်ပါး​အမျိုး​သား​တို့​အား သူ​၏​လက်​ကို​ချီ​၍ အလံ​ကို​ထူ​ပေ​မည်။ သူ​တို့​၏​သား​သမီး​တို့​ကို လက်​နှင့်​ပွေ့​၍၊ သမီး​တို့​ကို ပခုံး​ပေါ်​မှာ​ထမ်း၍၊ ဆောင်​လာ​ကြ​လိမ့်​မည်။ ရှု​လော့၊ ပြော​လေ​ပြီး​သော​ဤ​အရာ​တို့​သည်​ကား၊ ဇာတိ​ပကတိ​အရာ​များ​ပေ​တည်း။ အကြောင်း​မူ​ကား၊ ထို​အရာ​တို့​သည် ငါ​တို့​ဘိုး​ဘေး​တို့​နှင့်​ပြု​ခဲ့​လေ​သော ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်​များ​ဖြစ်​ကြ​၏။ ထို​အမှု​သည် နောင်​လာ​မည့်​ကာ​လ​၌၊ ငါ​တို့​နှင့်​အတူ ဣသရေလ​အမျိုး​သား​များ​ဖြစ်​သည့် ခပ်သိမ်း​သော ငါ​တို့​၏ ညီ​အစ်​ကို​တို့​နှင့်​လည်း စပ်​ဆိုင်​၏။

ဆို​လို​သည်​ကား၊ ခပ်သိမ်း​သော​ဣသရေလ​အမျိုး​သား​တို့ ကွဲ​ပြား​ပြန့်​ကျဲရ​၍၊ ရော​ထွေး​ကြ​လေ​ပြီး​နောက်​၌​၊ ကိုယ်​တော်​ရှင်​ဘုရားသခင် တစ်ပါး​အမျိုး​သား​တို့​၌ အထူး​သ​ဖြင့်၊ ဤ​ပြည်​၏​မျက်​နှာ​ပြင်​ပေါ်​၌​ပင် အား​ကြီး​သည့် လူ​မျိုး​ကို ပေါ်​ထွန်း​စေ​မည့်​အချိန်​၌ ထို​ကာ​လ​ကျ​ရောက်​လာ​၏။ ထို​သူ​တို့​အား​ဖြင့်​လည်း၊ ငါ​တို့​၏​အမျိုး​အနွယ်​တို့ ကွဲ​ပြား​ပြန့်​ကျဲ​ကြ​ရလိမ့်​မည်။

ငါ​တို့​၏​အမျိုး​အနွယ်​တို့ ကွဲ​ပြား​ပြန့်​ကျဲ​ကြရ​ပြီး​နောက်၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် တစ်ပါး​အမျိုး​သား​တို့​၌ ငါ​တို့​၏​အမျိုး​အနွယ်တို့​အတွက် ကြီး​စွာ​အဖိုး​ထိုက်​မည့် အံ့​ဩ​ဖွယ်​ကောင်း​သော​အမှု​ကို ဆက်​၍​ပြု​တော်​မူ​လိမ့်​ဦး​မည်။ သို့​ဖြစ်​၍၊ သူ​တို့​ကို တ​ပါး​အမျိုး​သား​တို့​အားဖြင့်ကျွေး​မွေးခံရ​ခြင်း​နှင့်​လည်း​ကောင်း၊ လက်​နှင့်​ပွေ့၍ ပခုံး​ပေါ်​မှာ​ထမ်း​၍၊ ဆောင်​လာ​ခံရခြင်း​နှင့်​လည်း​ကောင်း ပ​မာ​ပြု​ခြင်း​ဖြစ်​၏။

ထို​အမှု​သည် တစ်ပါး​အမျိုး​သား​တို့​အတွက်​လည်း အဖိုး​ထိုက်​လိမ့်​မည်။ တစ်ပါး​အမျိုး​သား​တို့​အတွက်​သာ​မ​ဟုတ် ခပ်သိမ်း​သော​ဣသရေလ​အမျိုး​သား​တို့ အတွက်​လည်း​ဖြစ်​၍၊ သင်​၏​အမျိုး​အနွယ်​အား​ဖြင့်၊ မြေ​ကြီး​ပေါ်​ရှိ အမျိုး​စု​ခပ်သိမ်း​တို့ ကောင်း​ချီး​ခံ​စားကြရ​လိမ့်​မည်​ဟု အာဗြဟံသို့ ပြု​တော်​မူ​ခဲ့​သည့် ကောင်း​ကင်​ဘုံ​ရှင်​အဘ​၏ ပဋိညာဉ်တို့​ကို ဖော်​ပြ​တော်​မူ​သည့်​တိုင်​အောင်​ပင်​တည်း။

၁၀ သူ​၏​လက်​တော်​ကို ပြည်​သား​တို့​၏​မျက်လုံးတို့၌ ဖွင့်​ပြ​တော်​မူ​ခြင်း​မ​ရှိ​လျှင်၊ မြေ​ကြီး​ပေါ်​ရှိ အမျိုး​စု​ခပ်သိမ်းတို့၊ ကောင်း​ချီး​မ​ခံစား​ရ​နိုင်​ကြောင်း၊ ငါသည် ငါ​၏​ညီ​အစ်​ကို​များ​တည်း​ဟူ​သော သင်​တို့​သိ​စေခြင်းငှာ အလို​ရှိ​၏။

၁၁ သို့​ဖြစ်​၍၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် သူ​၏​ပဋိညာဉ်​များ​နှင့် သူ​၏​ဧဝံဂေလိ​တရား​တော်​ကို ဣသရေလ​အမျိုး​သားတို့ထံ ရောက်​စေ​ရာ​၌ လူ​မျိုး​ခပ်သိမ်း​တို့၏မျက်လုံးတို့​၌ သူ၏​လက်​တော်​ကို ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။

၁၂ သို့​ဖြစ်​၍၊ သူသည် သူ​တို့​ကို ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​မှ တစ်​ဖန်​ထုတ်​ဆောင်​တော်​မူ​လိမ့်​မည်။ သူတို့သည်လည်း သူ​တို့​၏​အမွေ​ခံ​ရာ​မြေ​သို့ အတူ​တ​ကွ​စု​ဝေး​ခံကြ​ရလိမ့်​မည်။ မြှေး​ယှက်​ခြင်း​နှင့် မှောင်​မိုက်​ခြင်း​မှ ထုတ်​ဆောင်​ခြင်း​ကို​လည်း ခံ​ကြ​ရလိမ့်​မည်။ သူတို့သည်လည်း ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ကယ်​တင်​ရှင်၊ သူ​တို့​၏​ရွေးနုတ်ရှင်​နှင့် ဣသရေလ​အမျိုး​၏ တန်​ခိုး​ကြီး​သော​ဘုရား​ဖြစ်​ကြောင်း သိ​ကြ​လိမ့်​မည်။

၁၃ မြေ​ကြီး​တစ်​ခု​လုံး​၏​ပြည့်​တန်​ဆာ​ဖြစ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​၏​အသွေး​သည် သူ​တို့​ဦး​ခေါင်း​ပေါ် ပြန်​ကျ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ကိုယ့်​အချင်း​ချင်း စစ်​တိုက်​၍၊ သူ​တို့​လက်​မှ​ဓား​သည် သူ​တို့​ဦး​ခေါင်း​ပေါ်​ကျ​၍၊ သူ​တို့​ကိုယ်​တိုင်​၏​အသွေး​ဖြင့် ယစ်​မူး​ကြရ​လိမ့်​မည်။

၁၄ အို ဣသရေလ​အမျိုး​သား​တို့၊ သင်​တို့​ကို​ဆန့်​ကျင်​၍၊ စစ်​တိုက်​သော​လူ​မျိုး​မှန်​သ​မျှ​သည် တစ်​ဦး​နှင့်​တစ်​ဦး တိုက်​ခိုက်​လိမ့်​မည်။ သူတို့သည် ကိုယ်​တော်​ရှင်​၏​လူ​တို့​ကို ထောင်​ချောက်​ဆင်​၍​ဖမ်း​ခြင်း​ငှာ တူး​လေ​သော​တွင်း​သို့ ကျ​လိမ့်​မည်။ ဇိအုန်​မြို့​ကို ဆန့်​ကျင်​၍​တိုက်​ခိုက်​သူခပ်သိမ်း​တို့​သည် ဖျက်​ဆီး​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏ မှန်​သော​လမ်းစဉ်တို့​ကို မှောက်​လှန်​သော ထို​ပြည့်​တန်​ဆာ​ကြီး၊ အထူး​သ​ဖြင့်၊ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အသင်း​တော်​ကြီး​သည် မြေ​မှုန့်​သို့ ပြို​ကျ​လိမ့်​မည်၊ ကြီး​မား​လှ​သည်​ကား၊ ထို​အသင်း​၏​ကျ​ဆုံး​ခြင်း​ပေ​တည်း။

၁၅ အကြောင်း​မူ​ကား၊ ရှု​လော့၊ ပရောဖက်​က​ဟော​လေ​သည်​မှာ၊ လူ​သား​တို့​၏​စိတ်​နှလုံး​ကို စာတန်​အစိုး​ရ​ခြင်း မရှိ​တော့​မည့် အချိန်​သည် အလျင်​အမြန် ကျ​ရောက်​လာ​မည်။ အကြောင်း​မူ​ကား၊ မာန​ကြီး​သူခပ်သိမ်းတို့​နှင့် ဆိုး​ညစ်​စွာ​ပြု​သော​သူ​တို့​ရိုး​ပြတ်​ကဲ့​သို့​ဖြစ်​မည့်​နေ့ မကြာ​မြင့်​မီ​ကျ​ရောက်​လာ​မည်။ သူ​တို့လောင်မြိုက်​ခံ​ရ​မည့်နေ့​သည်​လည်း ကျ​ရောက်​လာ​လိမ့်​မည်။

၁၆ ခပ်သိမ်းသော လူ​သား​တို့​အပေါ် ဘုရားသခင်​၏​အမျက်​တော်​အပြည့်​အစုံ​ကို သွန်း​လောင်း​တော်​မူ​မည့်​အချိန်​သည် မ​ကြာ​မြင့်​မီ​ကျ​ရောက်​လာ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သူသည် ဆိုး​ညစ်​သော​သူတို့အား ဖြောင့်​မတ်​သော​သူ​တို့​ကို ဖျက်​ဆီး​မည်​ကို အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။

၁၇ သို့​ဖြစ်​၍၊ သူ​၏​အမျက်​တော်​အပြည့်​အစုံ​ကျ​ရောက်​လာ​မည်​ဆို​လျှင်​ပင်၊ ဖြောင့်​မတ်​သော​သူ​တို့​ကို သူ​၏​တန်​ခိုး​တော်​အား​ဖြင့်၊ ကာ​ကွယ်​စောင့်​မ​တော်​မူ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​သည် သူ​တို့​၏​ရန်​သူ​တို့​မီး​လျှံ​ဖြင့်​ပျက်စီး​သည့်​တိုင်အောင်ပင် ကာ​ကွယ်​စောင့်​မခံ​ကြရ​လိမ့်​မည်။ သို့​ဖြစ်​၍၊ ဖြောင့်မတ်သော သူတို့သည် ကြောက်ရန်လိုအပ်ခြင်းမရှိ။ အကြောင်းမူကား၊ ပရောဖက်က ဟောသည်မှာ သူတို့သည် မီး​လျှံ​ဖြင့်​ပင်​ဖြစ်​သော်​လည်း ကယ်​တင်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်​။

၁၈ ရှု​လော့၊ ငါ​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ငါ​ဆို​သည်​ကား၊ ဤ​အရာ​တို့သည် မ​ကြာ​မြင့်​မီ​ဖြစ်​လာ​ရ​မည်။ အထူး​သ​ဖြင့်၊ သွေး၊ မီး​လျှံ​နှင့် မီး​ခိုး​ထု​တို့​ပေါ်​လာ​လိမ့်​မည်။ ဤ​မြေ​ကြီး​မျက်​နှာ​ပြင်​ပေါ်၌ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​တစ်ဖက်၌ စိတ်​နှလုံး​ကို မာ​ကျော​စေ​ကြ​လျှင်၊ ထို​အမှု​သည် လူ​သား​တို့​အပေါ် လူ့ဇာတိ​အတိုင်း ကျ​ရောက်​လာ​မည်။

၁၉ အကြောင်း​မူ​ကား၊ ရှု​လော့၊ ဖြောင့်​မတ်​သော​သူ​တို့​သည် မပျက်​စီး​ရ။ ဇိအုန်​ကို ဆန့်​ကျင်​၍​တိုက်​ခိုက်​သူ​ခပ်သိမ်း​တို့ ပယ်​ရှင်း​ခံ​ကြရ​မည့်​အချိန်​သည် ဧကန်​အမှန်​ကျ​ရောက်​လာ​မည်။

၂၀ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​က သင်​တို့​အဖို့ ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား သူ​ဟော​သ​မျှခပ်သိမ်းသော​အရာ​တို့​ကို သင်​တို့​ကြား​နာ​ရ​မည်။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ပရောဖက်​ကို မ​ကြား​နာ​သော​သူခပ်သိမ်းတို့​သည် လူ​မျိုး​တို့​မှ ပယ်​ရှင်း​ခံ​ကြရ​လိမ့်​မည်​ဟု​ဆို​သော မောရှေ​၏​စကား​များ​ကို ပြီး​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ရှင်​သည် သူ​၏​လူ​မျိုး​တို့​အတွက် နည်း​လမ်း​ကို ဧကန်​အမှန် ပြင်​ဆင်​တော်​မူ​လိမ့်​မည်။

၂၁ ယ​ခု​မူ​ကား၊ ငါ၊ နီဖိုင်း သင်တို့ကို ဟောပြောသည်မှာ၊ မောရှေ​ဆို​လေ​သော ထို​ပရောဖက်​သည် ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​ဖြစ်​လေ​၏။ သို့​ဖြစ်​၍၊ သူသည် ဖြောင့်​မတ်​ခြင်း​ဖြင့် တရား​စီ​ရင်​လိမ့်​မည်​။

၂၂ ဖြောင့်​မတ်​သော​သူ​တို့​သည် ကြောက်ရန်​လိုအပ်ခြင်းမရှိ၊ အကြောင်း​မူ​ကား၊ သူ​တို့​သည် မ​ရှုံး​နိမ့်​ရ​သော​သူ​များ​ဖြစ်​ကြ​၏။ သို့​သော်​လည်း၊ ဇာတိကိုယ်​ခန္ဓာ​၌ ရှိ​ကြ​လေ​သော​သူတို့၌ တည်​ထောင်​လေ​သည့် နိုင်​ငံ​ဖြစ်​သော၊ လူ​သား​တို့​၌ တည်​ဆောက်​မည့် နတ်​ဆိုး​၏​နိုင်​ငံ​ရှိ​၏—

၂၃ အကြောင်း​မူ​ကား၊ အကျိုး​အမြတ်​ရ​ခြင်း​ငှာ၊ တည်​ထောင်​သော​အသင်း​တော်​များ၊ လူ​တို့​အပေါ် အစိုး​ရ​ခြင်း​ငှာ၊ တည်​ထောင်​သော​သူ​များ၊ လော​က​၏မျက်လုံးတို့၌ ကျော်​ကြား​လာ၍၊ ဇာတိ​ပကတိ တပ်​မက်​ခြင်း​နှင့် လော​က​အရာတို့​ကို ရှာ​၍၊ အမျိုး​မျိုး​သော​ဒုစရိုက်​များ​ကို ပြု​ခြင်း​ငှာ၊ တည်​ထောင်​သော​သူတို့​၏​အချိန်​သည် အလျင်​အမြန် ကျ​ရောက်​လာ​လိမ့်​မည်။ အမှန်​စင်​စစ်၊ အချုပ်​အား​ဖြင့် နတ်​ဆိုး​၏​နိုင်ငံနှင့် ဆိုင်​သူတို့​သည်​ကား ကြောက်​ရွံ့​ကြ၊ တုန်​၍ တုန်​လှုပ်​ရ​မည့်​သူ​တို့​ပေ​တည်း။ သူ​တို့​သည် မြေ​မှုန့်​သို့ နှိမ့်​ချ​ခံ​ရ​မည့်​သူ​များဖြစ်​၏။ သူ​တို့​သည် ရိုး​ပြတ်​ကဲ့သို့ လောင်​မြိုက်​ခံ​ရ​မည့်​သူ​များ​ဖြစ်​၏။ ဤ​အရာ​သည်​ကား၊ ပရောဖက်​၏​စကားတို့​အတိုင်း​ပေ​တည်း။

၂၄ ဖြောင့်​မတ်​သော​သူ​တို့ တင်း​ကုပ်​မှ နွား​သ​ငယ်တို့​ကဲ့​သို့၊ ဆောင်​ယူ​ခံ​ရ​မည့်​အချိန်​အလျင်​အမြန်​ကျ​ရောက်​လာ​ပြီးလျှင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​သည် အစိုး​ရ​ခြင်း၊ အာနုဘော်၊ တန်​ခိုး​တော်​အရှိန်​နှင့် ကြီး​စွာ​သော​ဘုန်း​တော်​တို့​ဖြင့် အုပ်​စိုး​တော်​မူ​မည်။

၂၅ သူ​သည် မိမိ​၏​သား​သမီးတို့ကို မြေ​ကြီး​လေး​မျက်​နှာ​မှ စု​ဝေး​၍ သူ​၏​သိုး​တို့​ကို ရေ​တွက်​တော်​မူ​၏။ ထို​သူ​တို့​သည် သူ့​ကို​သိ​ကြ​၏။ သိုး​ခြံ​တစ်​ခု​နှင့် သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​လိမ့်​မည်။ သူသည် သူ​၏​သိုးတို့​ကို ကျွေး​မွေး​လိမ့်​မည်​၊ သူ့၌ ကျက်​စား​ရာ​ကို သူ​တို့​တွေ့​ကြရ​လိမ့်​မည်။

၂၆ သူ့​လူ​မျိုး​တို့​၏ ဖြောင့်​မတ်​ခြင်း​ကြောင့် စာတန်​၌ တန်​ခိုး​မ​ရှိ။ သို့​ဖြစ်​၍၊ သူ​သည် နှစ်​ပေါင်း​များ​စွာ​ကြာ​အောင် အလွှတ်မခံရနိုင်။ လူ​တို့​၏​စိတ်​နှလုံး​အပေါ်​အစိုး​ရ​ခြင်း​မ​ရှိသောကြောင့်ပင်တည်း၊ အကြောင်း​မူ​ကား၊ သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​၌ နေ​ကြ၏၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​အုပ်​စိုး​၏။

၂၇ ယခု​မူ​ကား၊ ရှု​လော့၊ ငါ၊ နီဖိုင်း၊ သင်တို့ကို ဆိုသည်မှာ ဤ​အရာ​ခပ်သိမ်းတို့​သည် လူ့​ဇာတိ​အတိုင်း ဖြစ်​လာ​ရ​မည်​၏။

၂၈ သို့​ရာ​တွင်၊ ရှု​လော့ ခပ်​သိမ်း​သော​ပြည်​သား၊ အမျိုး​စု၊ အသီး​သီး​ဘာ​သာ​စကား​ကို​ပြော​သူ​နှင့် လူ​မျိုး​တို့​သည် နောင်​တ​ရ​မည်​ဆို​လျှင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​အား​ဖြင့် လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

၂၉ ယခု​မူ​ကား၊ ငါ၊ နီဖိုင်း​သည် လက်​စ​သတ်​၏။ အကြောင်း​မူ​ကား၊ ငါသည် ထို​အရာ​တို့​နှင့်​စပ်​လျဉ်း​၍ နောက်​ထပ်​မ​ပြော​ဝံ့။

၃၀ သို့​ဖြစ်​၍၊ ငါ​၏​ညီ​အစ်​ကို​တို့၊ ငါသည် သင်တို့အား ကြေး​ပုရပိုက်​ပြား​တို့​ပေါ်​၌ ရေး​ထား​သော​အရာ​တို့ အမှန်​ဖြစ်​သည်​ကို ဆင်​ခြင်​ကြ​စေရန် အလို​ရှိ၏။ ၎င်းတို့သည် ဘုရားသခင်​၏​ပညတ်​တော်တို့​ကို လူ​သား​နာ​ခံ​ရ​မည့်​အကြောင်း သက်​သေ​ခံ​၏။

၃၁ သို့​ဖြစ်​၍၊ သင်တို့သည် ငါ​နှင့် ငါ​၏​အဘ​တို့​သာ​လျှင် ထို​အရာတို့​ကို သက်​သေ​ခံ၍၊ သွန်​သင်​ပေး​လေ​သော​သူ​များ ဖြစ်​ကြ​သည်​ဟု ထင်​မှတ်​ရန်လိုအပ်ခြင်းမရှိ​နှင့်။ သို့​ဖြစ်​၍၊ သင်​တို့​သည် ပညတ်​တော်​တို့​ကို နာခံ၍၊ အဆုံး​တိုင်​အောင် တည်​ကြည်​ကြ​မည်​ဆို​လျှင်၊ နောက်​ဆုံး​သော​နေ့​၌ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ဤ​မျှ​အထိ​ပေ​တည်း။ အာမင်။