အခန်းကြီး ၁၃
နီဖိုင်းသည် ရူပါရုံတွင် တစ်ပါးအမျိုးသားတို့၌ နတ်ဆိုး၏အသင်းတော် တည်ထောင်ခြင်း၊ အမေရိကတိုက်ကိုရှာဖွေတွေ့ရှိခြင်းနှင့် ကိုလိုနီနယ်မြေထူထောင်ခြင်း၊ သမ္မာကျမ်းစာမှရှင်းလင်း၍ အဖိုးထိုက်သည့် အစိတ်အပိုင်းများစွာ ပျောက်ဆုံးခြင်း၊ တစ်ပါးအမျိုးသားတို့ ဖောက်ပြန်သင်းကွဲခြင်း၏ အကျိုးဆက်ဖြစ်ဟန်၊ ဧဝံဂေလိတရားတော် ပြန်လည်ဆောင်ယူခြင်း၊ နောက်ပိုင်းကာလကျမ်းစာ ထွက်ပေါ်လာခြင်း၊ ဇိအုန်ကို တည်ဆောက်အားဖြည့်ခြင်းတို့ကို မြင်၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်က ကြည့်ရှုလော့ဟု ငါ့ကို မြွက်ဆိုလျှင်၊ ငါသည်လည်း ကြည့်ရှု၍ များစွာသောလူမျိုးတို့နှင့် နိုင်ငံတို့ကို မြင်၏။
၂ ကောင်းကင်တမန်က ငါ့ကို သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး၏။ ငါကလည်း များစွာသောလူမျိုးတို့နှင့် နိုင်ငံတို့ကို အကျွန်ုပ်မြင်ပါ၏ဟု ဖြေ၏။
၃ သူကလည်း ဤအရာတို့သည် တစ်ပါးအမျိုးသားတို့၏ လူမျိုးတို့နှင့် နိုင်ငံတို့ဖြစ်၏ဟု ငါ့ကို မြွက်ဆို၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် တစ်ပါးအမျိုးသားတို့၏ လူမျိုးတို့၌ အသင်းတော်ကြီးတစ်ခု တည်ထောင်ခြင်းကို မြင်၏။
၅ ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုသည်ကား၊ ရှုလော့၊ ဘုရားသခင်၏သန့်ရှင်းသူတို့ကို ကွပ်မျက်သည့်၊ အထူးသဖြင့် သူတို့ကို နှိပ်စက်ညှဉ်းပန်း၍ ချည်နှောင်ပြီးလျှင်၊ သံထမ်းပိုးကို ထမ်းစေ၍ ဖမ်းဆီးချုပ်နှောင်ခြင်းသို့ ဆောင်ယူသွားသည့်၊ အခြားသောအသင်းတော်ခပ်သိမ်းတို့ထက် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးဖြစ်သည့် အသင်းတော်တစ်ခု တည်ထောင်ခြင်းကို ကြည့်ရှုဆင်ခြင်လော့။
၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးကိုမြင်၏။ နတ်ဆိုးသည် ထိုအသင်းတော်တည်ထောင်သူဖြစ်ကြောင်းကိုလည်း သိမြင်၏။
၇ ငါသည် ရွှေ၊ ငွေ၊ ဖဲ၊ ကတ္တီပါနီ၊ ပိတ်ချောနှင့် အမျိုးမျိုးသောအဖိုးထိုက်သည့် အဝတ်တန်ဆာများကိုလည်း မြင်၏။ များစွာသောပြည့်တန်ဆာတို့ကိုလည်း မြင်၏။
၈ ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုလေသည်ကား၊ ကြည့်ရှုဆင်ခြင်လော့၊ ရွှေ၊ ငွေ၊ ဖဲ၊ ကတ္တီပါနီ၊ ပိတ်ချော၊ အဖိုးထိုက်သည့် အဝတ်တန်ဆာများနှင့် ပြည့်တန်ဆာတို့သည် ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီး၏ အလိုဆန္ဒများပေတည်း။
၉ လောက၏ ချီးမွမ်းခြင်းအတွက်လည်း သူတို့သည် ဘုရားသခင်၏သန့်ရှင်းသူတို့ကို ဖျက်ဆီး၍၊ ဖမ်းဆီးချုပ်နှောင်ခြင်းသို့ ဆောင်ယူသွားကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်းကြည့်ရှု၍၊ များစွာသောရေတို့ကို မြင်၏။ ၎င်းတို့သည် တစ်ပါးအမျိုးသားတို့နှင့် ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့ကို ပိုင်းခြားထား၏။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်က ရှုလော့၊ ဘုရားသခင်၏အမျက်တော်သည် သင့်အစ်ကိုတို့၏အမျိုးအနွယ်တို့အပေါ်၌၊ တည်နေသည်ဟု ငါ့ကို မြွက်ဆို၏။
၁၂ ငါသည်လည်း ကြည့်ရှု၍၊ ငါ့ညီအစ်ကိုတို့၏ အမျိုးအနွယ်တို့နှင့် များစွာသောရေတို့အားဖြင့် ခွဲခြားခံရသော လူတစ်ဦးကို တစ်ပါးအမျိုးသားတို့၌ မြင်၏။ ဘုရားသခင်၏ဝိညာဉ်တော် ဆင်းလာတော်မူ၍၊ ထိုလူအပေါ်၌ အရှိန်ဩဇာသက်ရောက်တော်မူသည်ကိုလည်း မြင်၏။ ထိုသူသည် များစွာသော ရေတို့ကိုဖြတ်၍၊ ကတိတော်မြေရှိ ငါ့အစ်ကိုတို့၏ အမျိုးအနွယ်တို့ထံသို့ပင် ထွက်သွား၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဘုရားသခင်၏ဝိညာဉ်တော် အခြားသောတစ်ပါးအမျိုးသားတို့အပါ် အရှိန်ဩဇာသက်ရောက်တော်မူသည်ကို မြင်၏။ သူတို့သည်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမှထွက်မြောက်၍၊ များစွာသောရေတို့ကို ဖြတ်၍ သွားကြ၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် တစ်ပါးအမျိုးသား အစုအဝေးများစွာတို့ကို ကတိတော်မြေပေါ်၌ မြင်ရ၏။ ဘုရားသခင်၏အမျက်တော် ငါ့အစ်ကိုတို့၏ အမျိုးအနွယ်တို့အပေါ်၌ တည်နေသည်ကိုလည်း မြင်၏။ သူတို့သည်လည်း တစ်ပါးအမျိုးသားတို့ရှေ့၌ ကွဲပြားပြန့်ကျဲ၍ တိုက်ခိုက်ခံရ၏။
၁၅ ငါသည် ကိုယ်တော်ရှင်၏ဝိညာဉ်တော် တစ်ပါးအမျိုးသားတို့အပေါ်၌ ရှိသည်ကိုလည်း မြင်၏။ သူတို့သည်လည်း အောင်မြင်၍၊ ထိုမြေကို သူတို့၏အမွေခံရာအဖြစ် ရရှိကြ၏။ သူတို့သည် ငါ၏အမျိုးအနွယ်တို့ ကွပ်မျက်မခံရမီကကဲ့သို့ပင် အသားဖြူ၍၊ အလွန်ချောမောကြသည်ကိုလည်း မြင်၏။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်မြောက်ကြသော တစ်ပါးအမျိုးသားတို့ ကိုယ်တော်ရှင်ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချကြသည်ကို မြင်၏။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်လည်း သူတို့နှင့်အတူရှိလေ၏။
၁၇ ငါသည် မူရင်းတစ်ပါးအမျိုးသားတို့ သမုဒ္ဒရာတို့ပေါ်၌၊ ထို့အတူ မြေပေါ်၌လည်း ၎င်းတို့နှင့် ဆန့်ကျင်၍ စစ်တိုက်ရန် အတူတကွ စုဝေးကြသည်ကို မြင်၏။
၁၈ ဘုရားသခင်၏တန်ခိုးတော် ထိုသူတို့နှင့် အတူရှိတော်မူကြောင်း၊ သူတို့ကို ဆန့်ကျင်စစ်တိုက်ရန် အတူတကွစုဝေးသူခပ်သိမ်းတို့အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်တော်မူကြောင်းကိုလည်း မြင်၏။
၁၉ ငါ၊ နီဖိုင်းသည် ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်မြောက်လေသောတစ်ပါးအမျိုးသားတို့ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အခြားပြည်သားခပ်သိမ်းတို့၏လက်မှ ကယ်လွှတ်ခံရသည်ကိုလည်းမြင်၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် သူတို့ ထိုပြည်၌ အောင်မြင်ကြသည်ကို မြင်၏။ စာအုပ်တစ်အုပ်ကိုလည်းမြင်ရ၏၊ ထိုစာအုပ်ကို သူတို့၌ သယ်ဆောင်သွားကြ၏။
၂၁ ကောင်းကင်တမန်က ထိုစာအုပ်၏အနက်ကို သင်သိသလောဟု ငါ့ကို မေး၏။
၂၂ ငါသည်လည်း အကျွန်ုပ်သိခြင်းမရှိဟု ဖြေ၏။
၂၃ သူကလည်း ထိုအရာသည် ယုဒလူမျိုးတစ်ဦး၏နှုတ်မှထွက်လေသည်ကို ရှုမြင်လော့ဟု မြွက်ဆို၏။ ငါ၊ နီဖိုင်းသည်လည်း ရှုမြင်၏။ ငါ့ကို မြွက်ဆိုသည်ကား၊ သင်ရှုမြင်သောစာအုပ်သည် ဣသရေလအမျိုးသားတို့နှင့် ပြုလေသည့် ကိုယ်တော်ရှင်၏ပဋိညာဉ်များပါဝင်သည့် ယုဒလူမျိုးတို့၏မှတ်တမ်းတစ်ခုဖြစ်၏။ ထိုမှတ်တမ်း၌ သန့်ရှင်းသောပရောဖက်တို့၏ ပရောဖက်ပြုဟောချက်များစွာလည်း ပါဝင်၏။ ထိုမှတ်တမ်းသည် အလွန်မများလှခြင်းမှတစ်ပါး၊ ကြေးပုရပိုက်ပြားများပေါ်ရှိရေးထွင်းထားခြင်းများကဲ့သို့သော မှတ်တမ်းတစ်ခုဖြစ်၏။ အဘယ်သို့ပင်ဖြစ်စေ၊ ထိုမှတ်တမ်းများ၌ ဣသရေလအမျိုးသားများနှင့် ပြုလေသည့် ကိုယ်တော်ရှင်၏ပဋိညာဉ်များ ပါဝင်၏။ သို့ဖြစ်၍၊ ထိုမှတ်တမ်းများသည် တစ်ပါးအမျိုးသားတို့အတွက် ကြီးစွာအဖိုးထိုက်၏ဟု မိန့်တော်မူ၏။
၂၄ ထို့အတူ၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုသည်ကား၊ သင်သည် ယုဒလူမျိုးတစ်ဦး၏နှုတ်မှထွက်သော ကျမ်းကို မြင်လေပြီ။ ထိုကျမ်း ယုဒလူမျိုးတစ်ဦး၏နှုတ်မှထွက်စဉ်တွင် တမန်တော်တစ်ဆယ့်နှစ်ပါးတို့ သက်သေခံသည့် ကိုယ်တော်ရှင်၏ဧဝံဂေလိတရားတော်အပြည့်အစုံ ပါဝင်၏။ သူတို့သည်လည်း ဘုရားသခင်၏သိုးသငယ်၌ရှိသည့်အမှန်တရားအတိုင်း၊ သက်သေခံကြ၏။
၂၅ သို့ဖြစ်၍၊ ဤအရာတို့သည် ဘုရားသခင်၌ရှိတော်မူသည့် သမ္မာတရားအတိုင်း၊ ယုဒလူမျိုးတို့ထံမှ တစ်ပါးအမျိုးသားတို့ဆီသို့ အစစ်အမှန်အဖြစ် ထွက်သွားကြ၏။
၂၆ ထိုအရာတို့သည် သိုးသငယ်၏ တမန်တော်တစ်ဆယ့် နှစ်ပါးတို့အားဖြင့် ယုဒလူမျိုးတို့ထံမှ တစ်ပါးအမျိုးသားတို့ဆီသို့ ရွေ့လျားသွားပြီးနောက်၊ သင်သည် အခြားသောအသင်းတော်ခပ်သိမ်းတို့ထက် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးဖြစ်သည့် ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးတည်ထောင်ခြင်းကို မြင်၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သိုးသငယ်၏ ဧဝံဂေလိတရားတော်မှ ရှင်းလင်း၍၊ အဖိုးအထိုက်ဆုံးဖြစ်သည့် အစိတ်အပိုင်းများစွာတို့ကို ပယ်ဖျောက်ကြလေပြီ။ ကိုယ်တော်ရှင်၏ပဋိညာဉ်များစွာတို့ကိုလည်း သူတို့ပယ်ဖျောက်ကြ၏။
၂၇ ခပ်သိမ်းသော ဤအမှုတို့ကို သူတို့ပြုခြင်းမှာ ကိုယ်တော်ရှင်၏ မှန်သောလမ်းစဉ်တို့ကို မှောက်လှန်နိုင်ခြင်းငှာ၊ လူသားတို့၏မျက်စိကို ကွယ်စေနိုင်ခြင်းငှာနှင့် စိတ်နှလုံးကို မာကျောစေနိုင်ခြင်းငှာဖြစ်၏။
၂၈ သို့ဖြစ်၍၊ သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်ကြီးအားဖြင့် ထိုကျမ်းရွေ့လျားသွားလေပြီးနောက်၊ ဘုရားသခင့်သိုးသငယ်၏ကျမ်းဖြစ်သည့် ကျမ်းမှပယ်ဖျောက်ထားခံရသည့် ရှင်းလင်း၍ အဖိုးထိုက်သည့် အရာများစွာရှိကြောင်း မြင်၏။
၂၉ ဤရှင်းလင်း၍ အဖိုးထိုက်သည့်အရာများ ပယ်ဖျောက်ခံရပြီးနောက်၊ ထိုကျမ်းသည် တစ်ပါးအမျိုးသားတို့၏ ခပ်သိမ်းသောလူမျိုးများဆီသို့ ရွေ့လျားသွား၏။ တစ်ပါးအမျိုးသားတို့၏ ခပ်သိမ်းသော လူမျိုးတို့ဆီသို့ အထူးသဖြင့်၊ သင်မြင်လေသည့် ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်မြောက်ကြသော တစ်ပါးအမျိုးသားတို့နှင့် များစွာသောရေတို့ကို ဖြတ်၍ပင် ရွေ့လျားသွားပြီးနောက်၊ သင်သည်—ဘုရားသခင်၏ သိုးသငယ်၌ရှိသည့် ရှင်းလင်းတော်မူခြင်းအတိုင်း လူသားတို့အတွက် နားလည်ရန် ရှင်းလင်းသည့် အရာများတည်းဟူသော၊ ထိုကျမ်းမှ ပယ်ဖျောက်ထားခံရလေသည့် ရှင်းလင်း၍ အဖိုးထိုက်သည့် အရာများစွာတို့ကြောင့်လည်းကောင်း—သိုးသငယ်၏ဧဝံဂေလိတရားတော်မှ ပယ်ဖျောက်ခံရသည့် ဤအရာတို့ကြောင့်လည်းကောင်း၊ အလွန်များစွာသောသူတို့ ထိမိ၍လဲလေရာကား၊ အထူးသဖြင့်၊ ထိုသူတို့အပေါ်၌ စာတန်ကြီးစွာသောတန်ခိုးရှိကြောင်း မြင်၏။
၃၀ သို့သော်လည်း၊ သင်သည် ဖမ်းဆီးချုပ်နှောင်ခြင်းမှ ထွက်မြောက်ကြပြီး၊ ကိုယ်တော်ရှင်ဘုရားသခင်က သင်၏အဘအား၊ သူ၏အမျိုးအနွယ်တို့ သူတို့၏အမွေခံရာမြေအဖြစ် ရရှိကြစေခြင်းငှာ ပဋိညာဉ်ပြုထားလေသည့်ပြည်တည်းဟူသော၊ အခြားသောပြည်ခပ်သိမ်းတို့ထက် အမြတ်ဆုံးဖြစ်သည့် ပြည်၏မျက်နှာပြင်ပေါ်၌ အခြားသောလူမျိုးခပ်သိမ်းတို့ထက် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ချီးမြှောက်ခံထားရလေသူ တစ်ပါးအမျိုးသားတို့ကို သိနားလည်၏။ သို့ဖြစ်၍၊ သင်သည် သင့်အစ်ကိုတို့ကြား၌ရှိသော သင့်အမျိုးအနွယ်တို့နှင့် သွေးနှောထားသူတို့ကို တစ်ပါးအမျိုးသားတို့ ရှင်းရှင်းဖျက်ဆီးကြမည်ကို ကိုယ်တော်ရှင်ဘုရားသခင် အခွင့်ပေးတော်မူမည်မဟုတ်ကြောင်း သိမြင်၏။
၃၁ သူသည် သင့်အစ်ကိုတို့၏အမျိုးအနွယ်တို့ကို တစ်ပါးအမျိုးသားတို့ဖျက်ဆီးမည်ကိုလည်း အခွင့်ပေးတော်မူလိမ့်မည်မဟုတ်။
၃၂ ကိုယ်တော်ရှင်ဘုရားသခင်သည် တည်ထောင်ခြင်းကို သင်မြင်လေသည့် ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသင်းတော်မှ ထိမ်ဝှက်ထားသော ရှင်းလင်း၍ အဖိုးအထိုက်ဆုံးဖြစ်သည့် သိုးသငယ်၏ဧဝံဂေလိတရားတော်မှ အစိတ်အပိုင်းများကြောင့်၊ တစ်ပါးအမျိုးသားတို့ ကျရောက်လျက်ရှိသည့်၊ သင်မြင်သည့် အသိစိတ်ကွယ်ခြင်း၏ အလွန်ဆိုးရွားသောအခြေအနေ၌ ကာလအစဉ်အဆက်ရှိနေမည်ကိုလည်း အခွင့်ပေးတော်မူမည်မဟုတ်။
၃၃ သို့ဖြစ်၍၊ ဘုရားသခင်၏သိုးသငယ် မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူတို့ကို ကြီးစွာသောတရားစီရင်တော်မူခြင်းနှင့် ဆုံးမခြင်းအားဖြင့်၊ တစ်ပါးအမျိုးသားတို့ကို ကရုဏာကြီးတော်မူမည်။
၃၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်က ငါ့ကို မြွက်ဆို၍မိန့်တော်မူသည်ကား၊ ရှုလော့၊ ဘုရားသခင်၏သိုးသငယ်မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့၏ ကျန်ကြွင်းသောသူတို့ကို ငါသည်ဆုံးမလေပြီးနောက်—ငါပြောသည့် ဤကျန်ကြွင်းသောသူတို့သည် သင့်အဘ၏အမျိုးအနွယ်ဖြစ်၏—သို့ဖြစ်၍၊ ငါသည် သူတို့ကို တရားစီရင်တော်မူခြင်းနှင့်ဆုံးမလေ၍၊ တစ်ပါးအမျိုးသားတို့၏လက်ဖြင့် ဒုက္ခရောက်စေပြီးနောက်၊ တစ်ပါးအမျိုးသားတို့သည်လည်း ပြည့်တန်ဆာတို့၏ အမိဖြစ်သော စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ထိုအသင်းတော် ထိမ်ဝှက်ထားသော၊ သိုးသငယ်၏ဧဝံဂေလိတရားတော်မှ ရှင်းလင်း၍ အဖိုးထိုက်ဆုံးဖြစ်သည့်အစိတ်အပိုင်းများကြောင့် လွန်စွာထိမိ၍လဲကြပြီးနောက်၊ သိုးသငယ်မိန့်တော်မူလေသည်မှာ—ထိုကာလ၌ ငါသည် တစ်ပါးအမျိုးသားတို့ကို ကရုဏာကြီးတော်မူသဖြင့်၊ ရှင်းလင်း၍ အဖိုးထိုက်လိမ့်မည့် ငါ၏ဧဝံဂေလိတရားတော်မြောက်မြားစွာတို့ကို ငါ၏တန်ခိုးတော်အားဖြင့် ဖော်ပြမည်ဟု သိုးသငယ်မိန့်တော်မူ၏။
၃၅ အကြောင်းမူကား၊ ရှုလော့၊ သိုးသငယ်မိန့်တော်မူလေသည်ကား၊ ငါသည် ရှင်းလင်း၍ အဖိုးထိုက်လိမ့်မည်ဖြစ်သော ငါအမှုတော်ဆောင်မည့် များစွာသောအရာတို့ကို သင့်အမျိုးအနွယ်တို့ ရေးကြစေခြင်းငှာ၊ သူတို့ကို ကိုယ်တိုင် ထင်ရှားစွာပြတော်မူမည်။ သင်၏အမျိုးအနွယ်တို့နှင့် သင့်ညီအစ်ကိုတို့၏ အမျိုးအနွယ်တို့ဖျက်ဆီးခံရ၍၊ ယုံကြည်မှု လျော့ပါးဆုတ်ယုတ်လာကြပြီးနောက်၊ ရှုလော့၊ ဤအရာတို့ကို သိုးသငယ်၏ဆုကျေးဇူးနှင့် တန်ခိုးတော်အားဖြင့်၊ တစ်ပါးအမျိုးသားတို့ဆီသို့ ရောက်ရှိစေရန် ဝှက်ထားလိမ့်မည်။
၃၆ ထိုအရာတို့၌ ငါ၏ကျောက်နှင့် ငါ၏ကယ်တင်ခြင်းဖြစ်သည့် ငါ၏ဧဝံဂေလိတရားတော်ကို ရေးထားလိမ့်မည်ဟု သိုးသငယ်မိန့်တော်မူ၏။
၃၇ မင်္ဂလာရှိသောသူတို့သည်ကား၊ ထိုကာလ၌ ငါ၏ဇိအုန်ကိုထူထောင်ရန် ကြိုးစားသောသူတို့ ပေတည်း။ အကြောင်းမူကား၊ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးနှင့် တန်ခိုးကို ရရှိကြလိမ့်မည်။ ထို့အတူ၊ သူတို့သည် အဆုံးတိုင်အောင်တည်ကြည်လျှင်၊ နောက်ဆုံးသောနေ့၌၊ ချီးမြှောက်ခံကြရလိမ့်မည်၊ သိုးသငယ်၏ ထာဝရတည်မြဲသော နိုင်ငံတော်၌လည်း၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်းချမ်းခြင်း၊ အမှန်စင်စစ်၊ ကြီးစွာသောဝမ်းမြောက်စရာသတင်းကို ပြောကြားသောသူမှန်သမျှသည် တောင်ပေါ်၌၊ အလွန်တင့်တယ်လှပေစွတကား။
၃၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့၏ ကျန်ကြွင်းသောသူတို့ကို မြင်၏။ ထို့အတူ၊ ယုဒလူမျိုး၏နှုတ်မှထွက်လေသည့် ဘုရားသခင့်သိုးသငယ်၏ကျမ်းကိုလည်း မြင်၏။ ထိုကျမ်းသည် တစ်ပါးအမျိုးသားတို့ထံမှ ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့၏ ကျန်ကြွင်းသောသူတို့ဆီသို့ ရောက်ရှိလာ၏။
၃၉ ထိုကျမ်း သူတို့ထံ ထွက်ပေါ်လာပြီးနောက်၊ ငါသည် ပရောဖက်တို့နှင့် သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏မှတ်တမ်းများ ဟုတ်မှန်ကြောင်း မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲရသောယုဒလူမျိုးတို့အပါအဝင် တစ်ပါးအမျိုးသားတို့နှင့် ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့၏ ကျန်ကြွင်းသောသူတို့ကို နားသွင်း၍ တစ်ပါးအမျိုးသားတို့ထံမှ သူတို့ဆီသို့ သိုးသငယ်၏တန်ခိုးတော်အားဖြင့် ပေါ်ထွက်လာသည့် အခြားကျမ်းများကို မြင်၏။
၄၀ ကောင်းကင်တမန်ကလည်း ငါ့ကို မြွက်ဆိုလေသည်ကား၊ တစ်ပါးအမျိုးသားတို့၌ သင်မြင်လေသော ဤနောက်ဆုံးမှတ်တမ်းများသည် သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏ ပထမကျမ်းမှန်ကန်ခြင်းကို အတည်ပြု၍၊ ၎င်းတို့မှ ပယ်ဖျောက်ထားသော ရှင်းလင်းပြီး အဖိုးထိုက်သည့် အရာတို့ကို ဖော်ပြလိမ့်မည်။ ခပ်သိမ်းသောအမျိုးစု၊ အသီးသီးသောဘာသာစကားကိုပြောသူ၊ လူမျိုးတို့အား ဘုရားသခင်၏သိုးသငယ်သည်၊ ထာဝရအဘ၏သားတော်နှင့် လောက၏ကယ်တင်ရှင် ဖြစ်တော်မူကြောင်း၊ ခပ်သိမ်းသောလူသားတို့ သူ့ထံသို့ လာရမည့်အကြောင်း၊ သို့မဟုတ်လျှင်၊ ကယ်တင်ခြင်းသို့ မရောက်နိုင်ကြောင်း ဖော်ပြလိမ့်မည်။
၄၁ ၎င်းတို့သည် သိုးသငယ်၏နှုတ်မှတည်စေလိမ့်မည့် နှုတ်ကပတ်တော်အတိုင်း ဖြစ်ရမည်။ သိုးသငယ်၏နှုတ်ကပတ်တော်ကို သင့်အမျိုးအနွယ်တို့၏မှတ်တမ်းများနှင့် သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏မှတ်တမ်းများ၌လည်း ဖော်ပြတော်မူလိမ့်မည်။ သို့ဖြစ်၍၊ ထိုကျမ်းနှစ်ကျမ်းစလုံးသည် တစ်လုံးတစ်ဝတည်းတည်လိမ့်မည်။ အကြောင်းမူကား၊ မြေကြီးတစ်ခုလုံးပေါ်၌ ဘုရားသခင်တစ်ပါးတည်းနှင့် သိုးထိန်းတစ်ပါးတည်း ရှိလေ၏။
၄၂ ခပ်သိမ်းသောပြည်သားများ၊ ယုဒလူမျိုးတို့နှင့် တစ်ပါးအမျိုးသားနှစ်မျိုးစလုံးသို့ သူကိုယ်တိုင် ထင်ရှားစွာပြတော်မူမည့် အချိန်ကျရောက်လာ၏။ သူသည် ယုဒလူမျိုးတို့နှင့် တစ်ပါးအမျိုးသားတို့ထံ သူကိုယ်တိုင် ထင်ရှားစွာပြတော်မူပြီးနောက်၊ တစ်ပါးအမျိုးသားတို့နှင့် ယုဒလူမျိုးတို့ထံ သူကိုယ်တိုင် ထင်ရှားစွာပြတော်မူလိမ့်မည်၊ နောက်ကျသောသူတို့သည် အရင်ကျလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျလိမ့်မည်။