အခန်းကြီး ၃
လေဟိ၏သားတို့သည် ကြေးပုရပိုက်ပြားတို့ကို ရယူခြင်းငှာ၊ ယေရုရှလင်သို့ ပြန်လာ၏—လာဗန်သည် ပုရပိုက်ပြားတို့ကို ပေးရန် ငြင်းဆို၏—နီဖိုင်းသည် သူ၏အစ်ကိုတို့ကို တိုက်တွန်း၍ အားပေး၏—လာဗန်သည် သူတို့၏ဥစ္စာပစ္စည်းတို့ကို မတရားသဖြင့်ယူ၍၊ သူတို့ကို ကွပ်မျက်ရန် အားထုတ်၏—လာမန်နှင့်လေမွေလတို့သည် နီဖိုင်းနှင့်ရှမ်ကို ပြင်းစွာရိုက်၍၊ ကောင်းကင်တမန်အားဖြင့် အပြစ်တင်ဆုံးမခံရ၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်းသည် ကိုယ်တော်ရှင်နှင့်စကားပြောနေရာမှ ငါ့အဘ၏တဲသို့ ပြန်လာ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူဆိုလေသည်ကား၊ ရှုလော့၊ ငါသည် အိပ်မက်တစ်ခုမက်၏။ ထိုအိပ်မက်ထဲ၌ ကိုယ်တော်ရှင်သည် သင်နှင့်သင်၏အစ်ကိုတို့ ယေရုရှလင်မြို့သို့ ပြန်သွားရမည့်အကြောင်း ငါ့ကို မိန့်တော်မူ၏။
၃ အကြောင်းမူကား၊ ရှုလော့၊ လာဗန်၌ ယုဒလူမျိုးတို့၏မှတ်တမ်းနှင့်ငါ့ဘိုးဘေးတို့၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းလည်းရှိ၏။ ၎င်းတို့ကို ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထား၏။
၄ သို့ဖြစ်၍၊ သင်နှင့်သင့်အစ်ကိုတို့ လာဗန်၏အိမ်သို့သွား၍၊ မှတ်တမ်းများကို ရယူ၍၊ ဤနေရာတောရိုင်းထဲသို့ ဆောင်ယူလာခဲ့ရမည့်အကြောင်း ကိုယ်တော်ရှင်သည် ငါ့ကိုမိန့်တော်မူလေပြီ။
၅ ယခုမူကား၊ ရှုလော့၊ သင်၏အစ်ကိုတို့သည် သူတို့ထံမှ ငါတောင်းဆိုသည့်အရာမှာ ခက်ခဲသည့်အရာဖြစ်သည်ဟုဆို၍ ညည်းညူအပြစ်တင်ကြ၏။ သို့ရာတွင်၊ ရှုလော့၊ ငါသည် သူတို့ထံမှ တောင်းဆိုသည်မဟုတ်၊ ထိုအရာမှာ ကိုယ်တော်ရှင်၏ ပညတ်တော်တစ်ခုသာဖြစ်၏။
၆ ထို့ကြောင့်၊ သွားလော့၊ ငါ့သား၊ သင်သည် ညည်းညူအပြစ်တင်ခြင်း မရှိသောကြောင့် ကိုယ်တော်ရှင်၏ နှစ်သက်တော်မူခြင်းကို ခံရလိမ့်မည်။
၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်း ငါ၏အဘကို ပြောသည်မှာ၊ အကျွန်ုပ်သည် ကိုယ်တော်ရှင် မိန့်တော်မူလေသည့်အရာတို့ကို သွား၍ ဆောင်ရွက်ပါမည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူမိန့်တော်မူသည့်အရာကို လူသားတို့ ပြီးမြောက်နိုင်စေခြင်းငှာ၊ သူတို့အတွက်၊ နည်းလမ်းတစ်ခုကို ပြင်ဆင်ပေးတော်မူခြင်းမှတစ်ပါး၊ ပညတ်တော်များ ပေးသည်မဟုတ်ကြောင်း အကျွန်ုပ်သိပါ၏။
၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘသည် ဤစကားတို့ကို ကြားလျှင် အလွန်ဝမ်းသာ၏။ အကြောင်းမူကား၊ ငါသည် ကိုယ်တော်ရှင်၏ကောင်းချီးပေးထားတော်မူခြင်းကို ခံရလေကြောင်း သူသိ၏။
၉ ငါ၊ နီဖိုင်းနှင့်ငါ၏အစ်ကိုတို့သည်လည်း ယေရုရှလင်နယ်မြေသို့တက်သွားခြင်းငှာ ငါတို့၏တဲများနှင့်အတူ၊ တောရိုင်းထဲ၌ ခရီးသွားကြ၏။
၁၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ယေရုရှလင်နယ်မြေအထိ သွားကြလေပြီး၊ ငါနှင့်ငါ၏အစ်ကိုတို့သည် အချင်းချင်းတိုင်ပင်နှီးနှောကြ၏။
၁၁ လာဗန်၏အိမ်ထဲသို့ ငါတို့အထဲမှ အဘယ်သူသွားရမည်ကို—ငါတို့စာရေးတံမဲချကြ၏။ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်၌ စာရေးတံမဲကျ၏။ လာမန်သည်လည်း လာဗန်၏အိမ်ထဲသို့ဝင်၍၊ အိမ်ထဲ၌ လာဗန်ထိုင်လျက်ရှိစဉ်တွင် သူနှင့်စကားပြော၏။
၁၂ ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထားသည့်မှတ်တမ်းများတည်းဟူသော ငါ့အဘ၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းပါဝင်သည့်မှတ်တမ်းများကိုလည်း လာဗန်ထံ တောင်းဆို၏။
၁၃ ရှုဦးလော့၊ အချိန်တန်လာသောအခါ၊ လာဗန်သည် အမျက်ထွက်၍ သူ့ကို မျက်မှောက်မှ နှင်ထုတ်၏၊ မှတ်တမ်းများကို ရယူစေရန်လည်း အခွင့်မပေး။ သို့ဖြစ်၍၊ ရှုလော့၊ သင်သည် ဓားပြတစ်ဦးဖြစ်၍ ငါသည် သင့်ကို ကွပ်မျက်မည်ဟု ဆို၏။
၁၄ သို့ရာတွင်၊ လာမန်သည် သူ့မျက်မှောက်မှ ထွက်ပြေး၍၊ လာဗန်ပြုသော အမှုတို့ကို ငါတို့အား ပြောပြ၏။ ငါတို့သည်လည်း အလွန်ဝမ်းနည်းစပြု၏၊ ငါ၏အစ်ကိုတို့သည်လည်း တောရိုင်းထဲရှိ ငါ့အဘထံသို့ ပြန်သွားတော့မည်ပြုကြ၏။
၁၅ သို့ရာတွင်၊ ရှုလော့၊ ငါ သူတို့ကို ဆိုလေသည်ကား၊ ကိုယ်တော်ရှင် အသက်ရှင်တော်မူသည့်အတိုင်း၊ ငါတို့လည်း အသက်ရှင်သည့်အတိုင်း၊ ငါတို့သည် ကိုယ်တော်ရှင် မိန့်တော်မူလေသည့်အမှုကို မပြီးမြောက်မီ တောရိုင်းထဲရှိ ငါတို့အဘထံသို့ ဆင်းသွားမည်မဟုတ်။
၁၆ သို့ဖြစ်၍၊ ငါတို့သည် ကိုယ်တော်ရှင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာရှိကြကုန်အံ့။ ထို့ကြောင့်၊ ငါတို့သည် ငါတို့အဘ၏အမွေခံရာမြေသို့ ဆင်းသွားကြကုန်အံ့။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ရွှေ၊ ငွေနှင့်ခပ်သိမ်းသောစည်းစိမ်ဥစ္စာများကို ချန်ထားရစ်၏။ ခပ်သိမ်းသောဤအမှုတို့ကို သူပြုသည်မှာလည်း ကိုယ်တော်ရှင်၏ပညတ်တော်များကြောင့် ဖြစ်၏။
၁၇ အကြောင်းမူကား၊ သူသည် လူတို့၏ဆိုးညစ်ခြင်းကြောင့် ယေရုရှလင် ဖျက်ဆီးခံရမည်ကို သိ၏။
၁၈ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် ပရောဖက်တို့၏စကားများကို ငြင်းပယ်ကြ၏။ သို့ဖြစ်၍၊ ငါ၏အဘသည် ထိုပြည်မှ ထွက်ပြေးစေရန် မိန့်တော်မူခြင်း ခံရလေပြီးနောက်၊ ထိုပြည်၌ နေမည်ဆိုလျှင်၊ ရှုလော့၊ သူလည်း ပျက်စီးပေမည်။ သို့ဖြစ်၍၊ သူသည် ထိုပြည်မှ ထွက်ပြေးရန် လိုအပ်၏။
၁၉ ရှုဦးလော့၊ ငါတို့သည် ဤမှတ်တမ်းများကို ရယူရမည်မှာ၊ ဘုရားသခင်၏ ဉာဏ်ပညာတော်အတိုင်းဖြစ်၏၊ ငါတို့၏သားမြေးတို့အတွက် ငါတို့ဘိုးဘေးတို့၏ဘာသာစကားကို ငါတို့ထိန်းသိမ်းစောင့်ရှောက်နိုင်စေကြောင်း၊
၂၀ ထို့အတူ၊ သန့်ရှင်းသောပရောဖက်ခပ်သိမ်းတို့၏ နှုတ်အားဖြင့် ဟောပြောထားလေသည့်၊ ကမ္ဘာဦးကတည်းက ယခုမျက်မှောက်ကာလအထိပင် ဘုရားသခင်၏ဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် သူတို့ထံ ပေးအပ်ထားတော်မူလေသည့် နှုတ်ကပတ်တော်တို့ကိုလည်း သူတို့အဖို့ ထိန်းသိမ်းစောင့်ရှောက်နိုင်စေကြောင်းတို့ပေတည်း။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဤကဲ့သို့သောစကားဖြင့် ငါသည် ငါ၏အစ်ကိုတို့ကို ဖျောင်းဖျ၏၊ သူတို့ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းရာ၌ သစ္စာရှိနိုင်ကြစေကြောင်းပေတည်း။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့၏အမွေခံရာမြေသို့ ဆင်းသွား၍၊ ငါတို့၏ရွှေ၊ ငါတို့၏ငွေနှင့်ငါတို့၏အဖိုးထိုက်သောအရာတို့ကိုအတူတကွ စုဆောင်းကြ၏။
၂၃ ငါတို့သည် ထိုအရာတို့ကို အတူတကွစုဆောင်းကြလေပြီးနောက်၊ လာဗန်၏အိမ်သို့ တစ်ဖန်တက်သွားကြ၏။
၂၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် လာဗန်ထံသို့ သွားကြ၏၊ ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထားသည့် မှတ်တမ်းများကိုလည်း ငါတို့အား ပေးပါမည့်အကြောင်း သူ့ကို တောင်းဆို၏။ ထိုမှတ်တမ်းများအတွက် ငါတို့သည် ငါတို့၏ရွှေ၊ ငါတို့၏ငွေနှင့် ငါတို့၏ အဖိုးထိုက်သည့်အရာမှန်သမျှကို သူ့အား ပေးကြမည်ဖြစ်၏။
၂၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာဗန်သည် ငါတို့၏ ဥစ္စာပစ္စည်းများကို မြင်လျှင်၊ အလွန်များပြားလှလေရာ၊ တပ်မက်သဖြင့်၊ ငါတို့ကို နှင်ထုတ်၏၊ ငါတို့၏ဥစ္စာပစ္စည်းများကို ရယူနိုင်ခြင်းငှာ၊ ငါတို့ကို ကွပ်မျက်ရန် သူ၏ကျွန်တို့ကိုလည်း စေလွှတ်၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည်လည်း လာဗန်၏ကျွန်တို့ရှေ့မှ ထွက်ပြေး၍၊ ငါတို့၏ဥစ္စာပစ္စည်းများကို နောက်၌ ချန်ထားရစ်စေရန် အနိုင်ပြုခံရ၏၊ ထိုအရာတို့လည်း လာဗန်၏လက်ထဲသို့ ကျရောက်သွား၏။
၂၇ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် တောရိုင်းထဲသို့ထွက်ပြေးသွား၍၊ လာဗန်၏ ကျွန်တို့က မမီတော့။ ငါတို့သည်လည်း ငါတို့ကိုယ်ငါတို့ ကျောက်ဂူထဲ၌ ပုန်းကွယ်ကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လာမန်သည် ငါနှင့်ငါ၏အဘကိုလည်း အမျက်ထွက်၏။ ထို့အတူ၊ လေမွေလသည်လည်း အမျက်ထွက်၏။ အကြောင်းမူကား၊ သူသည် လာမန်၏စကားတို့ကို စေ့စေ့နားထောင်၏။ သို့ဖြစ်၍၊ လာမန်နှင့် လေမွေလတို့သည် သူတို့၏ညီငယ်များ ဖြစ်ကြသည့် ငါတို့အား ကြမ်းတမ်းသောစကားများစွာဆို၍ တုတ်နှင့်ပင် ပြင်းစွာရိုက်ကြ၏။
၂၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် ငါတို့ကို တုတ်နှင့်ပြင်းစွာရိုက်သဖြင့်၊ ရှုလော့၊ ကိုယ်တော်ရှင်၏ကောင်းကင်တမန်သည် သူတို့ရှေ့ ၌ လာရပ်၍၊ မြွက်ဆိုသည်ကား၊ သင်တို့သည် သင်တို့၏ညီငယ်ကို အဘယ်ကြောင့် တုတ်နှင့်ပြင်းစွာရိုက်ကြသနည်း။ သူ့ကို သင်တို့အပေါ် အုပ်စိုးသူဖြစ်စေရန် ကိုယ်တော်ရှင် ရွေးကောက်ထားတော်မူကြောင်း၊ ဤအမှုသည်လည်း သင်တို့၏ ဒုစရိုက်များကြောင့်ဖြစ်ကြောင်း သိခြင်းမရှိကြသလော။ ရှုလော့၊ ယေရုရှလင်သို့ တစ်ဖန်တက်သွားကြလော့။ ကိုယ်တော်ရှင်သည် လာဗန်ကို သင်တို့၏လက်သို့ အပ်တော်မူလိမ့်မည်။
၃၀ ကောင်းကင်တမန်သည်လည်း ငါတို့ကို မြွက်ဆိုပြီးနောက်၊ ထွက်ခွာသွား၏။
၃၁ ကောင်းကင်တမန် ထွက်ခွာသွားလေပြီးနောက်၊ လာမန်နှင့်လေမွေလတို့ကလည်း တစ်ဖန် ညည်းညူအပြစ်တင်စပြုသည်ကား၊ ကိုယ်တော်ရှင်သည် လာဗန်ကို ငါတို့လက်သို့ အပ်တော်မူမည်ဆိုသည်မှာ အဘယ်သို့အားဖြင့် ဖြစ်နိုင်မည်နည်း။ ရှုလော့၊ သူသည် အားကြီးသောသူဖြစ်၍ အယောက်ငါးဆယ်ကို စီရင်နိုင်၏။ အမှန်စင်စစ်၊ အယောက်ငါးဆယ်ကိုပင် ကွပ်မျက်နိုင်၏။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ငါတို့ကို မကွပ်မျက်နိုင်ဘဲနေမည်နည်း။