အခန်းကြီး ၂၁
မေရှိယသည် တစ်ပါးအမျိုးသားတို့အတွက် အလင်းဖြစ်လိမ့်မည်၊ အကျဉ်းသားတို့ကို လွတ်လပ်စေလိမ့်မည်—ဣသရေလအမျိုးတို့သည် နောက်ဆုံးသောကာလ၌ တန်ခိုးတော်အားဖြင့် စုဝေးခံ ကြရလိမ့်မည်—ရှင်ဘုရင်တို့သည် သူတို့၏ကျွေးဖခင်များ ဖြစ်ကြလိမ့်မည်—ဟေရှာယခန်းကြီး ၄၉ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၈၈–၅၇၀ ခန့်။
၁ ထိုမှတစ်ဖန်၊ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလအမျိုးသားတို့၊ ငါ၏လူမျိုးတို့မှ သင်းအုပ်တို့၏ဆိုးညစ်ခြင်းတို့ကြောင့် ကွဲကွာ၍၊ နှင်ထုတ်ခံကြရသော သင်တို့အားလုံး၊ အထူးသဖြင့်၊ ငါ၏လူမျိုးတို့မှ ကွဲကွာ၍ အရပ်ရပ်သို့ကွဲပြားပြန့်ကျဲရသည့် သင်တို့အားလုံး၊ အို ဣသရေလအမျိုးသားတို့။ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကို နားထောင်ကြလော့၊ စေ့စေ့နားထောင်ကြလော့၊ ဝေးစွာသောလူမျိုးတို့။ ငါဖွားစကပင် ကိုယ်တော်ရှင်သည် ငါ့ကိုခေါ်၏။ အမိဝမ်းထဲမှစ၍၊ ငါ၏နာမကို မှတ်တော်မူ၏။
၂ ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ သူသည် ငါ့ကို ဖုံးထားတော်မူ၏။ ငါ့ကို ဦးသစ်သော မြားတံလည်းဖြစ်စေ၍၊ သူ၏မြားတောင့်ထဲ၌ ဝှက်ထားတော်မူ၏။
၃ အိုဣသရေလ၊ သင်သည် ငါ၏ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းတော်သည် ထင်ရှားလိမ့်မည်ဟု ငါ့ကို မိန့်တော်မူပြီ။
၄ ငါကလည်း၊ ငါသည် အချည်းနှီး အလုပ်လုပ်ရပြီ။ အကျိုးမရှိ၊ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ ငါ့ကို တရားစီရင်ခြင်းသည် ကိုယ်တော်ရှင်၌ ဧကန်အမှန်ရှိ၏။ ငါ့အမှုသည်လည်း ငါ၏ဘုရားသခင်၌ရှိသည်ဟု ဆို၏။
၅ ယခုမူကား၊ ကိုယ်တော်ရှင်မိန့်တော်မူသည်မှာ—ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ရသော ကျွန်ဖြစ်စေမည့်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူခဲ့၏—ဣသရေလအမျိုးသည် အထံတော်၌စုဝေးစေခြင်းကို မခံရသေးသော်လည်း၊ ငါသည် ကိုယ်တော်ရှင်၏မျက်လုံးတော်တို့၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ၏ခွန်အား ဖြစ်လိမ့်မည်ဟူသော အကြောင်းပေတည်း။
၆ သင်သည် ယာကုပ်၏မျိုးနွယ်စုတို့ကို ချီးမြှောက်ခြင်း၊ ကာကွယ်စောင့်မခြင်းကို ခံထားရသောဣသရေလအမျိုးတို့ကို ပြန်လည်ဆောင်ယူခြင်းအလို့ငှာ ငါ၏ကျွန်ဖြစ်ရခြင်းသည် သာမညအမှုဖြစ်၏။ ငါသည် သင့်အား မြေကြီးစွန်းတိုင်အောင်၊ ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ တစ်ပါးအမျိုးသားတို့အတွက် အလင်းဖြစ်စေရန်လည်း ခန့်ထားမည်ဟု မိန့်တော်မူ၏။
၇ ကိုယ်တော်ရှင်၊ ဣသရေလအမျိုး၏ ရွေးနုတ်ရှင်၊ သူ၏သန့်ရှင်းသောဘုရားသည် လူတို့မထီမဲ့မြင်ပြုသော၊ ပြည်သားတို့ရွံရှာသော၊ မင်းထံ၌ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသောကိုယ်တော်ရှင်ကြောင့် ရှင်ဘုရင်တို့သည် မြင်၍ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
၈ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သောအချိန်၌၊ ငါသည် သင့်စကားကို ကြားတော်မူပြီ၊ အို ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်သားတို့၊ ကယ်တင်ရာကာလ၌ ငါသည် သင့်ကို မစပြီ။ ငါသည် သင့်ကို ကာကွယ်စောင့်မ၍လည်း၊ လူတို့အတွက် ပဋိညာဉ်ပြုစရာအဖို့၊ မြေကြီးကို ပြုပြင်ရန်၊ ဆိတ်ညံသောအမွေခံရာအရပ်တို့ကို အမွေရရှိစေရန်၊ ငါ၏ကျွန်ကို သင့်အား ပေး၏။
၉ သင်သည် အကျဉ်းသားတို့အား ထွက်ကြလော့၊ မှောင်မိုက်ထဲ၌ ထိုင်ကြသောသူတို့အား သင်တို့ကိုယ်သင်တို့ ပြကြလော့ဟု ပြောနိုင်၏။ ထိုသူတို့သည် လမ်းခရီးတို့အနား၌ စားရ၍၊ သူတို့၏ကျက်စားရာတို့သည် မြင့်သောနေရာ ခပ်သိမ်းတို့၌ ရှိကြလိမ့်မည်။
၁၀ သူတို့သည် အစာမငတ်၊ ရေမငတ်ရ။ အပူကိုလည်းမခံကြရ၊ နေရောင်ခြည်မထိရ၊ အကြောင်းမူကား၊ သူတို့ကို ကရုဏာထားသော သူသည် သူတို့ကို ပို့ဆောင်၍ စမ်းရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
၁၁ ငါသည် ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ၏လမ်းမတို့ကိုလည်း မြှင့်မည်။
၁၂ ထို့နောက်၊ အို ဣသရေလအမျိုးသားတို့၊ ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ဦးလော့၊ ဤသူတို့သည် မြောက်မျက်နှာနှင့် အနောက်မျက်နှာမှ၊ ဤသူတို့သည်လည်း သိနိမ်ပြည်မှ လာကြလိမ့်မည်။
၁၃ အို ကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အို မြေကြီး၊ ရွှင်လန်းအားရလော့။ အကြောင်းမူကား၊ အရှေ့မျက်နှာ၌ရှိသော သူတို့၏ခြေတို့သည် ရပ်တည်ကြလိမ့်မည်။ အို တောင်များတို့၊ သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်မခံကြရတော့လတ္တံ့။ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသောမိမိလူတို့ကို ကရုဏာလည်းထားတော်မူ၏။
၁၄ သို့ရာတွင်၊ ရှုလော့၊ ဇိအုန်က ကိုယ်တော်ရှင်သည် ငါ့ကို စွန့်ပစ်တော်မူပြီ၊ ကိုယ်တော်ရှင်သည် ငါ့ကို မေ့တော်မူလေပြီ—ဟုဆိုသော်လည်း သူမေ့ခြင်းမရှိလေကြောင်းပြတော်မူလိမ့်မည်။
၁၅ အကြောင်းမူကား၊ မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့နိုင်သလော၊ အကယ်၍၊ သူတို့မေ့သော်လည်း၊ ငါသည် သင့်ကို မမေ့၊ အို ဣသရေလအမျိုးသားတို့။
၁၆ ရှုလော့၊ ငါသည် ကိုယ့်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏တံတိုင်းသည် ငါ့ရှေ့၌ အစဉ်မပြတ်ရှိ၏။
၁၇ သင်၏သားသမီးတို့သည် သင့်ကိုဖျက်ဆီးသောသူတို့နှင့်ဆန့်ကျင်၍ အလျင်အမြန်ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။
၁၈ အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူခပ်သိမ်းတို့သည် သူတို့ကိုယ်သူတို့ အတူတကွစုဝေး၍ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သောအဝတ်ကို ဝတ်သကဲ့သို့ ဤသူခပ်သိမ်းတို့ကို ဝတ်လိမ့်မည်။ သတို့သမီး ကဲ့သို့ပင် တန်ဆာဆင်လိမ့်မည်။
၁၉ သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်တို့၊ ထို့အတူ ပျက်စီးသောပြည်သည် နေသူတို့ကြောင့် ယခုမှာပင် အလွန်ကျဉ်းလိမ့်မည်။ သင့်ကို ဝါးမျိုသောသူတို့သည်လည်း ဝေးကြလိမ့်မည်။
၂၀ သင်၏သားဦးတို့ ဆုံးရှုံးပြီးမှ၊ သင်တစ်ဖန် ရပြန်လိမ့်မည့်သားတို့က၊ ငါ့အတွက် နေရာသည် အလွန်ကျပ်တည်းပါ၏။ နေစရာအရပ်ကို ပေးပါဟု သင့်ကို တစ်ဖန်တောင်းကြလိမ့်ဦးမည်။
၂၁ သင်ကလည်း၊ ဤသူတို့ကို ငါ့အတွက် အဘယ်သူဖွားမြင်စေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက်နေရသောသူ၊ အကျဉ်းသား၊ အရပ်ရပ်သို့လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ရှုလော့၊ ငါသည် တစ်ယောက်တည်းနေရသူဖြစ်၍၊ ဤသူတို့သည် အဘယ်မှာရှိကြလေသနည်းဟု သင့်စိတ်နှလုံးထဲ၌ တွေးလိမ့်မည်။
၂၂ ကိုယ်တော်ရှင်ဘုရားသခင် မိန့်တော်မူလေသည်မှာ၊ ရှုလော့ ငါသည် တစ်ပါးအမျိုးသားတို့အား လက်ကိုချီ၍ လူမျိုးတို့အား အလံကိုထူသဖြင့်၊ သူတို့သည် သင်၏သားတို့ကို လက်နှင့်ပွေ့၍၊ သင်၏သမီးတို့ကို ပခုံးပေါ်မှာထမ်း၍ ဆောင်ခဲ့ကြလိမ့်မည်။
၂၃ ရှင်ဘုရင်တို့သည် သင်တို့၏ ကျွေးဖခင်များ၊ မိဖုရားတို့သည် သင်တို့၏ ကျွေးမွေးစောင့်ရှောက်သောမိခင်များ ဖြစ်ကြလိမ့်မည်။ သူတို့သည် သင့်ရှေ့၌ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ သင်တို့သည်လည်း ငါကိုယ်တော်ရှင်ဖြစ်ကြောင်းကို သိကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ကို စောင့်မျှော်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြရ။
၂၄ အကြောင်းမူကား၊ လုယူရာဥစ္စာသည် အားကြီးသောသူ၏လက်မှ အယူခံရမည်လော၊ တရားသော အကျဉ်းသားတို့သည် လွှတ်ပေးခံရမည်လော။
၂၅ သို့ရာတွင်၊ ကိုယ်တော်ရှင် မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူသိမ်းသွားသော အကျဉ်းသားတို့သည် နုတ်ယူခံရလိမ့်မည်။ ကြောက်မက်ဖွယ်သောသူ လုယူရာဥစ္စာသည် လွှတ်ပေးခံရလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်နှင့်ရန်တွေ့သောသူကို ရန်တွေ့၍၊ သင်၏သားသမီးတို့ကို ကယ်တင်မည်။
၂၆ ငါသည် သင့်ကို ညှဉ်းပန်းနှိပ်စက်သောသူတို့ကို သူတို့ကိုယ်တိုင်၏အသားနှင့် ကျွေးမည်။ သူတို့သည် ချိုသောစပျစ်ရည်နှင့် ယစ်မူးသကဲ့သို့၊ သူတို့ကိုယ်တိုင်၏အသွေးနှင့် ယစ်မူးကြရလိမ့်မည်။ သို့ဖြစ်၍၊ ခပ်သိမ်းသောလူတို့သည် ငါ၊ ကိုယ်တော်ရှင်အား သင်၏ကယ်တင်ရှင်၊ သင်၏ရွေးနုတ်ရှင်၊ ယာကုပ်အမျိုး၏ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို သိကြရလိမ့်မည်။