အခန်းကြီး ၅
စာရိယသည် လေဟိကို အပြစ်တင်မြည်တမ်း၏—သူတို့၏သားတို့ပြန်လာသောကြောင့် နှစ်ဦးစလုံး ရွှင်လန်းဝမ်းမြောက်ကြ၏—သူတို့သည် ယဇ်များ ပူဇော်ကြ၏—ကြေးပုရပိုက်ပြားတို့၌ မောရှေနှင့်ပရောဖက်တို့၏စာများ ပါဝင်၏—လေဟိသည် ယောသပ်၏အမျိုးအနွယ်ဖြစ်ကြောင်း ပုရပိုက်ပြားတို့က ဖော်ပြ၏—လေဟိသည် သူ၏အမျိုးအနွယ်တို့အကြောင်းနှင့် ပုရပိုက်ပြားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအကြောင်းကို ပရောဖက်ပြု၍ဟော၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါတို့သည် ငါတို့၏အဘဆီသို့၊ တောရိုင်းထဲသို့ ဆင်းလာကြလေပြီးနောက်၊ ရှုလော့၊ သူသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံ၏။ ငါ၏အမိ စာရိယသည်လည်း အလွန်ဝမ်းသာ၏။ အကြောင်းမူကား၊ သူမသည် ငါတို့ကြောင့် အမှန်ပင် ငိုကြွေး မြည်တမ်းခဲ့ရလေပြီ။
၂ တောရိုင်းထဲ၌ ငါတို့ပျက်စီးလေပြီဟု ထင်မှတ်လေ၏။ ငါ့အဘကိုလည်း ရူပါရုံရသူဟုပြော၏၊ အပြစ်တင်မြည်တမ်း၍ ဆိုလေသည်ကား၊ ရှုလော့၊ သင်သည် ငါတို့ကို ငါတို့၏အမွေခံရာမြေမှဆောင်ခဲ့၍၊ ငါ့သားတို့လည်းမရှိကြတော့။ ငါတို့သည်လည်း တောရိုင်းထဲ၌ ပျက်စီးကြ၏။
၃ ဤကဲ့သို့သောစကားဖြင့်၊ ငါ၏အမိသည် ငါ့အဘကို အပြစ်တင်မြည်တမ်းလေ၏။
၄ ဤသို့အားဖြင့်အချိန်တန်ခဲ့လေသောအခါ၊ ငါ၏အဘကလည်း သူမကို ဆို၍ ပြောလေသည်ကား၊ ငါသည် ရူပါရုံရသူဖြစ်ကြောင်း သိ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်၏အမှုတော်များကို ရူပါရုံအားဖြင့် မမြင်ခဲ့ရလေလျှင်၊ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို သိခဲ့ရမည်မဟုတ်၊ ယေရုရှလင်၌ နေ၍သာ၊ ငါ၏အစ်ကိုတို့နှင့်အတူပျက်စီးခဲ့ရလေမည်။
၅ သို့ရာတွင်၊ ရှုလော့၊ ငါသည် ကတိတော်မြေကို ရရှိလေပြီ။ ထိုအရာတို့၌ ငါရွှင်လန်းဝမ်းမြောက်၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်သည် ငါ့သားတို့ကို လာဗန်၏လက်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ တောရိုင်းထဲရှိငါတို့ထံ တစ်ဖန်ဆောင်ယူတော်မူလိမ့်မည်ကိုလည်း ငါသိ၏။
၆ ငါတို့သည် ယုဒလူမျိူးတို့၏မှတ်တမ်းကို ရယူခြင်းငှာ ယေရုရှလင်နယ်မြေအထိ တောရိုင်းထဲ၌ ခရီးသွားစဉ်တွင်၊ ဤကဲ့သို့သောစကားဖြင့် ငါ၏အဘလေဟိသည်လည်း ငါတို့နှင့်စပ်လျဉ်း၍၊ ငါ၏အမိစာရိယကို နှစ်သိမ့်စေ၏။
၇ ငါတို့သည် ငါ့အဘ၏တဲသို့ ပြန်လာခဲ့ကြလေသောအခါ၊ ရှုလော့၊ သူတို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၍ ငါ၏အမိသည် သက်သာခြင်းသို့ရောက်၏။
၈ သူမကလည်းမြွက်ဆို၍၊ ဆိုလေသည်ကား၊ ယခုတွင် ငါသည် ကိုယ်တော်ရှင် ငါ့ခင်ပွန်းကို တောရိုင်းထဲသို့ထွက်ပြေးသွားရန်၊ မိန့်တော်မူလေကြောင်း၊ ယခုပင် ဧကန်အမှန်သိ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင် ငါ့သားတို့ကို ကာကွယ်ပေးတော်မူ၍၊ လာဗန်၏လက်မှ ကယ်လွှတ်ပေးတော်မူ၍၊ သူတို့အား ကိုယ်တော်ရှင် မိန့်တော်မူလေသည့် အမှုကို ပြီးမြောက်နိုင်စေမည့်အစွမ်းသတ္တိကို ပေးတော်မူကြောင်းကိုလည်း ဧကန်အမှန်သိ၏။ ဤကဲ့သို့သောစကားဖြင့်၊ သူမကပြော၏။
၉ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူတို့သည် လွန်စွာရွှင်လန်းဝမ်းမြောက်၍၊ ကိုယ်တော်ရှင်အား ယဇ်နှင့် မီးရှို့ရာပူဇော်သက္ကာများ ပူဇော်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းကြ၏။
၁၀ သူတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းကြလေပြီးနောက်၊ ငါ၏အဘလေဟိသည် ကြေးပုရပိုက်ပြားတို့ပေါ်၌ ရေးထွင်းထားသည့် မှတ်တမ်းများကိုယူပြီးလျှင်၊ ရှေ့ဆုံးမှစ၍ စေ့စေ့ဖတ်ရှု၏။
၁၁ သူသည် ကမ္ဘာကို ဖန်ဆင်းတော်မူခြင်းအကြောင်းနှင့် ငါတို့၏ပထမဦးဆုံးသောမိဘများဖြစ်သည့် အာဒံနှင့် ဧဝတို့အကြောင်းကို ဖော်ပြသည့် မောရှေကျမ်း ငါးကျမ်း၊ ထိုမှတ်တမ်းများ၌ ပါဝင်ကြောင်း မြင်တွေ့၏။
၁၂ ရှေးဦးစွာမှစ၍၊ ယုဒရှင်ဘုရင်ဇေဒကိ နန်းစံခြင်းအစအထိပင် ယုဒလူမျိုးတို့၏မှတ်တမ်းလည်း ပါဝင်၏။
၁၃ ရှေးဦးစွာမှစ၍၊ ဇေဒကိနန်းစံခြင်း အစအထိပင် သန့်ရှင်းသောပရောဖက်တို့၏ ပရောဖက်ပြုဟောချက်များလည်း ပါဝင်၏။ ယေရမိ၏နှုတ်ဖြင့် ဟောသည့် ပရောဖက်ပြုဟောချက်များစွာတို့လည်း ပါဝင်၏။
၁၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၏အဘလေဟိသည် သူ့ဘိုးဘေးတို့၏ဆွေစဉ်မျိုးဆက်မှတ်တမ်းကိုလည်း ကြေးပုရပိုက်ပြားတို့ပေါ်၌ တွေ့၏။ သို့ဖြစ်၍၊ သူသည် ယောသပ်၊ အထူးသဖြင့်၊ ယာကုပ်၏သားဖြစ်သူ၊ အဲဂုတ္တုပြည်သို့ အရောင်းခံရသူ၊ သူ၏အဘ ယာကုပ်နှင့် အိမ်သူအိမ်သားအားလုံးတို့ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် ပျက်စီးခြင်းမှ ကာကွယ်စောင့်မနိုင်စေခြင်းငှာ ကိုယ်တော်ရှင်၏လက်တော်ဖြင့်၊ ကာကွယ်စောင့်မထားခြင်းခံရသော ထိုယောသပ်၏အမျိုးအနွယ်ဖြစ်ကြောင်းကို သိကြ၏။
၁၅ သူတို့သည် ဖမ်းဆီးချုပ်နှောင်ခြင်းမှလည်းကောင်း၊ အဲဂုတ္တုပြည်မှလည်းကောင်း နုတ်ဆောင်ခံရသည်မှာလည်း သူတို့ကို ကာကွယ်စောင့်မတော်မူသည့် ထိုမပြောင်းမလဲသောဘုရားသခင်အားဖြင့်ပေတည်း။
၁၆ ထိုကဲ့သို့အားဖြင့်၊ ငါ၏အဘလေဟိသည် သူ့ဘိုးဘေးတို့၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ရှာဖွေတွေ့ရှိ၏။ လာဗန်သည်လည်း ယောသပ်၏အမျိုးအနွယ်ဖြစ်၏။ သို့ဖြစ်၍၊ သူနှင့် သူ၏ဘိုးဘေးတို့သည် မှတ်တမ်းများကို ရေးမှတ်ကြ၏။
၁၇ ယခုမူကား၊ ငါ၏အဘသည် ဤအရာခပ်သိမ်းတို့ကို မြင်လျှင်၊ ဝိညာဉ်တော်နှင့်ပြည့်စုံ၍၊ သူ့အမျိုးအနွယ်များအကြောင်းကို ပရောဖက်ပြု၍ဟောစပြုလေသည်ကား—
၁၈ ဤကြေးပုရပိုက်ပြားတို့သည် သူ၏အမျိုးအနွယ်များဖြစ်သည့် ခပ်သိမ်းသောပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးတို့ထံ ကူးသွားလိမ့်မည်ဟု ဖြစ်လေသတည်း။
၁၉ သို့ဖြစ်၍၊ သူသည် ဤကြေးပုရပိုက်ပြားတို့ အဘယ်တော့မျှ ပျက်စီးလိမ့်မည်မဟုတ်ကြောင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ်၍ မှေးမှိန်သွားလိမ့်မည်မဟုတ်တော့ကြောင်း ဆို၏။ သူ့အမျိုးအနွယ်တို့နှင့် စပ်လျဉ်း၍၊ အရာများစွာတို့ကိုလည်း ပရောဖက်ပြု၍ဟော၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါနှင့်ငါ၏အဘသည်လည်း ကိုယ်တော်ရှင် မိန့်တော်မူလေသော ပညတ်တော်များကို ဤမျှအထိ စောင့်ထိန်း၏။
၂၁ ငါတို့သည်လည်း ကိုယ်တော်ရှင်မိန့်တော်မူလေသည့် မှတ်တမ်းများကိုရယူပြီးလျှင်၊ စေ့စေ့ဖတ်ရှု၍၊ နှစ်လိုဖွယ်ဖြစ်ကြောင်းကို တွေ့ရှိ၏။ အမှန်စင်စစ်၊ ငါတို့အတွက် ကြီးစွာပင်အဖိုးထိုက်သဖြင့်၊ ငါတို့သည် ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို ငါတို့၏သားမြေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်နိုင်၏။
၂၂ သို့ဖြစ်၍၊ ကတိတော်မြေဆီသို့ တောရိုင်းထဲ၌ ငါတို့ခရီးသွားကြစဉ်တွင် ထိုမှတ်တမ်းများကို ငါတို့နှင့်အတူ သယ်ဆောင်ခြင်းသည်ကား၊ ကိုယ်တော်ရှင်၏ဉာဏ်ပညာတော်အတိုင်းပေတည်း။