ကျမ်းစာများ
၁ နီဖိုင်း ၁


နီဖိုင်းပထမကျမ်း

သူ၏အုပ်စိုးခြင်းနှင့် အမှုတော်ဆောင်ခြင်း

လေဟိ၊ သူ၏​ဇနီး စာရိယနှင့် (အကြီးဆုံးမှ​စ၍) လာမန်၊ လေမွေလ၊ ရှမ်နှင့် နီဖိုင်းဟု ခေါ်သော သူ၏​သား​လေး​ယောက်တို့၏​မှတ်တမ်း။ လေဟိသည် လူတို့အား သူတို့၏​ဒုစရိုက်များ​အကြောင်းကို ပရောဖက်​ပြု၍​ဟောသောကြောင့်၊ သူ့​အသက်ကို ဖျက်ဆီးရန် ကြိုးစားကြ​သဖြင့်၊ သူ့ကို ယေရုရှလင်​နယ်မြေမှ ထွက်ခွာသွားစေရန် ကိုယ်တော်ရှင်​သတိ​ပေး​တော်မူ၏။ သူသည် သူ့​မိသားစုနှင့် တောရိုင်းထဲသို့ သုံးရက်ကြာ ခရီးသွား၏။ နီဖိုင်းသည် ယုဒ​လူမျိုးတို့၏​မှတ်တမ်းများကို ရယူခြင်းငှာ သူ့​အစ်ကိုတို့ ခေါ်၍ ယေရုရှလင်​နယ်မြေသို့ ပြန်သွား၏။ သူတို့၏​ဒုက္ခဝေဒနာ​ခံစားရခြင်းများ​အကြောင်း မှတ်တမ်း။ သူတို့သည် ဣရှမေလ၏​သမီးများနှင့် အိမ်ထောင်​ဖက်ပြုကြ၏။ သူတို့သည် မိမိတို့​မိသားစုများကို ခေါ်ဆောင်၍၊ တောရိုင်းထဲသို့ ထွက်ခွာသွားကြ၏။ တောရိုင်းထဲ၌ သူတို့၏ ဒုက္ခဝေဒနာ​ခံစားရခြင်းများနှင့် ဆင်းရဲဒုက္ခများ။ သူတို့၏ ခရီးလမ်းကြောင်းများ။ သူတို့သည် သမုဒ္ဒရာသို့ ရောက်ကြ၏။ နီဖိုင်း၏​အစ်ကိုတို့က သူ့ကို ဆန့်ကျင်ပုန်ကန်ကြ၏။ သူသည် ချေပ၍ သင်္ဘောကို တည်ဆောက်၏။ သူတို့သည် ထိုနေရာ၏​အမည်ကို အလျှံပယ်ဟု ခေါ်ကြ၏။ သူတို့သည် သမုဒ္ဒရာကို​ဖြတ်၍၊ ကတိတော်​မြေသို့​သွားခြင်းနှင့် စသည့်အကြောင်းများ။ ဤအရာသည်ကား၊ နီဖိုင်း၏ မှတ်တမ်း​အတိုင်းဖြစ်၏။ သို့မဟုတ်၊ တစ်နည်းအားဖြင့်၊ ဤမှတ်တမ်းကို ငါနီဖိုင်း​ရေး၏။

အခန်းကြီး ၁

နီဖိုင်းသည် သူ၏​လူမျိုးတို့အကြောင်း​မှတ်တမ်းကို စ၍ပြုစု၏—လေဟိသည် ရူပါရုံ​ဖြင့် မီး​တန်း​တစ်​ခု​ကို မြင်​ပြီး၊ ပရောဖက်​ပြု​ဟော​ချက်​ကျမ်း​ကို ဖတ်​၏—သူ​သည် ဘုရားသခင်​အား ချီး​မွမ်း​၍ မေရှိယ​ကြွ​လာ​တော်​မူ​ခြင်း​ကို ကြို​တင်​ဟော​ပြော​လျက်၊ ယေရုရှလင်​မြို့​ပျက်​စီး​ခြင်း​ကို ပရောဖက်​ပြု​၍​ဟော​၏—သူ​သည် ယုဒ​လူ​မျိုး​တို့​၏​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​၏။ ဘီစီ ၆၀၀ ခန့်။

ငါ​နီဖိုင်း​ကို ယဉ်​ကျေး​သော​မိဘ​တို့​မှ မွေး​ဖွား​၍၊ ထို့​ကြောင့်၊ ငါ​သည် ငါ့​အဘ​၏​ခပ်သိမ်းသော အသိ​ပညာ​၌ သွန်​သင်​ခြင်း​ကို အတော်​အသင့်​ခံ​ရ​၏။ ငါ​၏​အသက်​တာ​၌ ဆင်း​ရဲ​ဒုက္ခ​များ​စွာ​နှင့်​လည်း ကြုံ​တွေ့​ရ​၏။ သို့​သော်​လည်း၊ ငါ​၏​အသက်​တာ​တစ်​လျှောက်​လုံး​၌ ကိုယ်​တော်​ရှင်၏​အလွန်​နှစ်​သက်​တော်​မူ​ခြင်း​ကို ခံ​ရ​၏။ အထူး​သ​ဖြင့်၊ ဘုရားသခင်​၏​ကောင်း​မြတ်​ခြင်း​နှင့် နက်​နဲ​သော​အရာ​တို့​အကြောင်း ကြီး​စွာ​သော​အသိ​ပညာ ရှိ​၍၊ ထို့​ကြောင့်၊ ငါသည် ငါ​၏​အသက်​တာ​၌ လုပ်​ဆောင်​မှု​များ​အကြောင်း မှတ်​တမ်း​တစ်​ခု​ကို ပြု​စု​၏။

အထူး​သ​ဖြင့်၊ ယုဒ​လူ​မျိုး​တို့​၏​အသိ​ပညာ​များ​နှင့် အဲဂုတ္တု​လူ​မျိုး​တို့​၏ ဘာသာစကား​များ​ပါ​ဝင်​သော ငါ့​အဘ​၏​ဘာသာစကား​ဖြင့် မှတ်​တမ်း​တစ်​ခု​ကို ငါ​ပြု​စု​၏။

ငါ​ပြု​စု​သော​မှတ်​တမ်း​မှန်​ကန်​ကြောင်း​ကို​လည်း ငါ​သိ​၏။ ထို​မှတ်​တမ်း​ကို ငါ့​လက်​ဖြင့် ပြု​စု​၏။ ထို​မှတ်​တမ်း​ကို ငါ့အသိ​ပညာ​အတိုင်း​လည်း ပြု​စု​၏။

အကြောင်း​မူ​ကား၊ အချိန်​တန်​လာ​သော​အခါ၊ ယုဒ​ရှင်​ဘုရင်​ဇေဒကိ​နန်း​စံ​ခြင်း ပထမ​နှစ်​အစ​တွင်၊ (ငါ့​အဘ လေဟိ​သည် သူ့​အသက်​တာ​တစ်​လျှောက်​လုံး ယေရုရှလင်​၌ နေ​ထိုင်​ခဲ့​လေ​၏) ထို​တစ်​နှစ်​တည်း​တွင် များ​စွာ​သော​ပရောဖက်​တို့​သည် လူ​တို့​အား၊ နောင်​တ​ရ​ကြ​ရ​မည်၊ သို့​မ​ဟုတ်​လျှင်၊ ယေရုရှလင်​မြို့​ကြီး ဖျက်​ဆီး​ခံ​ရ​မည့်​အကြောင်း၊ ပရောဖက်​ပြု​၍​ဟော​လျက် ရောက်​လာ​ကြ​၏။

သို့​ဖြစ်​၍၊ အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ လေဟိ​သည် ထွက်​သွား​ပြီး၊ ကိုယ်​တော်​ရှင်​ထံ​သို့၊ အမှန်​စင်​စစ်၊ စိတ်​နှလုံး​အကြွင်း​မဲ့​ဖြင့်​ပင် သူ့​လူ​မျိုး​တို့​၏​ကိုယ်​စား ဆု​တောင်း​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​ထံ​သို့ သူ​ဆု​တောင်း​နေ​စဉ်တွင် မီး​တန်း​တစ်​ခု​ကျ​လာ​ပြီး၊ သူ့​ရှေ့​ရှိ​ကျောက်​တုံး​ပေါ်​တွင် တည်​၏။ သူ​သည် များ​စွာ​သော​အရာ​တို့​ကို​လည်း မြင်​ရ၊ ကြား​ရ​၏။ မြင်​ရ၊ ကြား​ရ​သော​အရာ​များ​ကြောင့်​လည်း သူသည် တုန်​လှုပ်​၍၊ လွန်​စွာ​တုန်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ယေရုရှလင်​ရှိ သူ့​နေ​အိမ်​သို့ ပြန်​လာ​၏။ သူ​သည် ဝိညာဉ်​တော်​နှင့် သူ​မြင်​ခဲ့​ရ​လေ​သော​အရာ​တို့​ဖြင့် မွန်း​လျက်​ရှိ​သော​ကြောင့်၊ သူ့​ကိုယ်​သူ အိပ်​ရာ​ပေါ်​သို့ ပစ်​လှဲ​၏။

ထို​ကဲ့​သို့ ဝိညာဉ်​တော်​နှင့် မွန်း​လျက်​ရှိ​စဉ်​တွင်၊ သူ​သည် ရူပါရုံ​အား​ဖြင့် သယ်​ဆောင်​သွား​ခံ​ရ​လျက်၊ ကောင်း​ကင်​ပွင့်​သည်​ကို​ပင်​မြင်​၍၊ သူ​တွေး​တော​မိ​သည်​ကား၊ ဘုရားသခင်​သည် သူ​၏​ပလ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​လျက် မ​ရေ​မ​တွက်​နိုင်​သော ကောင်း​ကင်​တမန်​အစု​အဝေး​တို့​က သူ​တို့​၏​ဘုရားသခင်​အား ဝန်း​ရံ​၍ ချီး​မွမ်း၊ ထော​မနာ​သီချင်း​ဆို​နေ​သည်​ကို သူ​မြင်​ရ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူသည် ဘုရား​တစ်​ပါး ကောင်း​ကင်​အလယ်မှ ဆင်း​သက်​လာ​သည်​ကို မြင်​ရ၏၊ ထို​သူ​၏​တောက်​ပ​ခြင်း​မှာ၊ မွန်း​တည့်​နေ​ထက် ပို​၍​တောက်​ပသည်​ကို​လည်း သူ​သတိ​ပြု​မိ​၏။

၁၀ ထို​သူ​၏​နောက်​မှ လိုက်​လာ​ကြ​သည့် အခြား​တစ်​ဆယ့်​နှစ်​ပါး​ကို​လည်း သူ​မြင်​ရ​ပြီး၊ ထို​သူ​တို့​၏​တောက်​ပခြင်း​မှာ၊ မိုး​မျက်​နှာ​ကြက်​၌​ရှိ​သော ကြယ်​များ​ထက် သာ​လွန်​၏။

၁၁ ထို​သူ​တို့​သည်​လည်း ဆင်း​လာ​ကြ​၍၊ မြေ​ကြီး​မျက်​နှာ​ပြင်​ပေါ်၌ သွား​လာ​ကြ​၏။ ပထမ​ဦး​ဆုံး​သော​သူ​သည် ငါ့​အဘ​၏​ရှေ့​သို့ လာ​၍​ရပ်​ပြီး၊ စာ​အုပ်​တစ်​အုပ်​ကို ပေး​၍ ဖတ်​ရ​မည့်​အကြောင်း မိန့်​တော်​မူ​၏။

၁၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ဖတ်​နေ​စဉ်​တွင်၊ ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​နှင့် ပြည့်​စုံ​၏။

၁၃ သူ​သည်​လည်း ဖတ်​၍ ယေရုရှလင်​မြို့​သည် အမင်္ဂလာ​ရှိ​၏၊ အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ ငါ​သည် သင်​၏​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အမှုများ​ကို မြင်​ရ​လေ​ပြီ​တ​ကား​ဟု ဆို​၏။ ထို​မှ​တစ်​ပါး၊ များ​စွာ​သော​အရာ​တို့​ကို ငါ​၏​အဘ​သည် ယေရုရှလင်​မြို့​နှင့်​စပ်​လျဉ်း​၍၊ ဖတ်​ရာ​၌—ထို​မြို့​နှင့် မြို့၌​နေ​ထိုင်​သော​သူ​တို့ ဖျက်​ဆီး​ခံ​ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း၊ များ​စွာ​သော​သူ​တို့ ဓား​ဘေး​ဖြင့်၊ ပျက်​စီး​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​နှင့် များ​စွာ​သော​သူ​တို့ ဗာဗုလုန်​မြို့​သို့ ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး သယ်​ဆောင်​သွား​ခံ​ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း​တို့​ပါ​ရှိ​၏။

၁၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ့​အဘ​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​ကောင်း​သော​အရာ​များ​စွာ​ကို ဖတ်​ရ၊ မြင်​ရ​လျှင်၊ များ​စွာ​သော​အရာ​တို့​ကို ကိုယ်​တော်​ရှင်​ထံ​သို့ ဟစ်​ကြွေး​သည်​ကား၊ ကြီး​မြတ်​၍ အံ့​ဩ​ဖွယ်​ကောင်း​သည်​မှာ ကိုယ်​တော်​ပြု​ပြင်​စီ​ရင်​တော်​မူ​သော​အမှု​များ​ဖြစ်​ပါ​၏။ အို ကိုယ်​တော်​ရှင်​ဘုရားသခင်​အနန္တ​တန်ခိုး​ရှင်၊ ကိုယ်​တော်​၏​ပလ္လင်​တော်​သည် ကောင်း​ကင်​၌ မြင့်​မား​လှ​ပါ​၏၊ ကိုယ်​တော်​၏​တန်​ခိုး​တော်၊ ကောင်း​မြတ်​ခြင်း​နှင့် ကရုဏာတော်​တို့​သည်​လည်း မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သူ​ခပ်သိမ်း​တို့​အပေါ်​သို့ သက်​ရောက်​တော်​မူ​၏။ ထို့​အတူ၊ ကိုယ်​တော်​သည် ကရုဏာကြီး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ထံ​သို့​လာ​ကြ​သော​သူ​များ​ကို ပျက်​စီးရ​စေ​ခြင်းငှာ အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​ပါ။

၁၅ ဤ​ကဲ့​သို့​သော​အလေ့​အထ​မှာ​လည်း ငါ​၏​အဘ​က သူ​၏​ဘုရားသခင်​အား ချီး​မွမ်း​ရာ ဘာသာစကား​ဖြစ်​၏။ အကြောင်း​မူ​ကား၊ သူ​မြင်​ခဲ့​ရ​လေ​သော​အရာ​များ၊ အထူး​သ​ဖြင့်၊ သူ့​ကို ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့​လေ​သော​အရာ​များ​ကြောင့်၊ သူ​၏​စိတ်​ဝိညာဉ်​သည် ရွှင်​လန်း​ဝမ်း​မြောက်​၍၊ သူ့​စိတ်​နှ​လုံး​တစ်​ခု​လုံး ပြည့်​စုံ​၏။

၁၆ ယ​ခု​မူ​ကား၊ ငါ​နီဖိုင်း​သည် ငါ့​အဘ​ရေး​လေ​သော​အရာ​များ​အကြောင်း၊ ပြည့်​စုံ​သော​မှတ်​တမ်း​တစ်​ခု​ကို မ​ပြု​စု။ အကြောင်း​မူ​ကား၊ ငါ့​အဘ​သည် ရူပါရုံ​များ​နှင့် အိပ်​မက်​များ​၌ သူ​မြင်​ရ​သော​အရာ​များ​စွာ​တို့​ကို ရေး​လေ​၏။ သူ​၏​သား​သမီး​များ​သို့ သူ​ပရောဖက်​ပြု​၍​ဟော​ပြီး ဆို​သည့် အရာ​များ​စွာ​တို့​ကို​လည်း ရေး​လေ​၏။ ထို​အရာ​တို့​အကြောင်း​ပြည့်​စုံ​သော​မှတ်​တမ်း​ကို ငါ​ပြု​စု​လိမ့်​မည်​မ​ဟုတ်။

၁၇ သို့​ရာ​တွင်၊ ငါ့​အသက်​တာ​၌ လုပ်​ဆောင်​မှု​များ​အကြောင်း မှတ်​တမ်း​ကို ငါ​ပြု​စု​မည်။ ရှုလော့၊ ငါ့​အဘ​၏​မှတ်​တမ်း​အကျဉ်း​ချုပ်​ကို ငါ့​လက်​ဖြင့်​ပြု​လုပ်​ထား​သော ပုရပိုက်​ပြား​များ​ပေါ်၌ ငါ​ပြု​စု​၏။ သို့​ဖြစ်​၍၊ ငါ့​အဘ​၏​မှတ်​တမ်း​ကို အကျဉ်း​ချုပ်​ပြီး​မှ၊ ငါ့​အသက်​တာ​အကြောင်း မှတ်​တမ်း​ကို ငါ​ပြု​စု​မည်။

၁၈ ထို​ကြောင့်၊ သင်​တို့​သိ​စေခြင်းငှာ ငါ​အလို​ရှိ​သည်​မှာ၊ အံ့​ဩ​ဖွယ်​ကောင်း​သော​အရာ အလွန်​များ​စွာ​ကို၊ အထူး​သဖြင့် ယေရုရှလင်​မြို့​ပျက်​စီး​ခြင်း​နှင့်​စပ်​လျဉ်း​၍ ငါ့​အဘ​လေဟိ​ကို ကိုယ်​တော်​ရှင် ပြ​တော်​မူ​ခဲ့​လေ​ပြီး​နောက်၊ ရှု​လော့၊ သူ​သည်​လည်း လူ​တို့​ထံ​ထွက်​သွား​၍ သူ​မြင်​ရ​ကြား​ရ​သော အရာ​များ​နှင့်​စပ်​လျဉ်း​ပြီး၊ ပရောဖက်​ပြု​၍​ဟော​လျက် ဟစ်​ကြော်​စ​ပြု​ကြောင်း​ပေ​တည်း။

၁၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ယုဒ​လူ​မျိုး​တို့​သည် မိမိ​တို့​အကြောင်း သူ​သက်​သေ​ခံ​သော​အရာ​များ​ကြောင့်၊ သူ့​ကို ပြက်​ရယ်​ပြု​ကြ​၏။ အကြောင်း​မူ​ကား၊ သူ​သည် ထို​သူ​တို့​၏​ဆိုး​ညစ်​ခြင်း​နှင့် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အမှု​များ​ကို အမှန်​ပင်​သက်​သေ​ခံ​၏။ ထို့အတူ သူ​သည် မြင်​ရ၊ ကြား​ရ​သော အရာ​များ​နှင့် ထို​စာ​အုပ်​ထဲ​၌​ဖတ်​ရ​သော အရာ​များ​က၊ မေရှိယ ကြွ​လာ​တော်​မူခြင်း​အကြောင်း​နှင့် လော​က​ကို ရွေး​နှုတ်​ခြင်း အကြောင်း​တို့​ကို​လည်း ရှင်း​လင်း​ထင်​ရှား​စွာ​ပြကြောင်းကို သက်သေခံ​၏။

၂၀ ယုဒ​လူ​မျိုး​တို့​သည်​လည်း ဤ​အရာ​တို့​ကို ကြား​ရ​သော​အခါ အမှန်​စင်​စစ်​၊ သူ​တို့​နှင်​ထုတ်​လေ​ခဲ့၊ ကျောက်​ခဲ​နှင့်​ပစ်​လေ​ခဲ့၊ ကွပ်​မျက်​လေ​ခဲ့​ကြ​သော ရှေး​ပရောဖက်​များ​ကို ပြု​သ​ကဲ့​သို့​ပင် သူ့​ကို အမျက်​ထွက်​ကြ​၏။ သူ့​အသက်​ကို နှုတ်​ယူ​ခြင်း​ငှာ​လည်း ကြိုး​စားအားထုတ်​ကြ​၏။ သို့​ရာ​တွင်၊ ရှု​လော့​၊ ကိုယ်တော်​ရှင်​၏ နူး​ညံ့​သော ကရုဏာတော်တို့​သည် သူ​ရွေး​ကောက်​ထား​သော သူ​ခပ်သိမ်း​တို့​အပေါ်​၌ ရှိ​တော်​မူ၍၊ သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် လွတ်​မြောက်​နိုင်​သော​စွမ်း​အား ရ​ရှိ​သည့်​တိုင်​အောင်​ပင် သူ​တို့​ကို အား​ကြီး​စေ​တော်​မူ​ကြောင်း သင်​တို့​ကို ငါ​နီဖိုင်း​ပြ​မည်။