အခန်းကြီး ၁၂
နီဖိုင်းသည် ရူပါရုံ၌ ကတိတော်မြေ၊ ၎င်း၌နေထိုင်သူတို့၏ ဖြောင့်မတ်ခြင်း၊ ဒုစရိုက်နှင့် လဲကျခြင်း၊ သူတို့၌ ဘုရားသခင်၏သိုးသငယ် ကြွလာတော်မူခြင်း၊ တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့် တမန်တော်တစ်ဆယ့်နှစ်ပါးတို့ ဣသရေလအမျိုးတို့ကို အဘယ်သို့ တရားစီရင်မည့်အကြောင်း၊ ယုံကြည်မှုလျော့ပါးဆုတ်ယုတ်လာသည့်သူတို့၏ ရွံရှာမုန်းတီးစရာနှင့် ညစ်ညမ်းသည့် ဖြစ်ဟန်များကို မြင်၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကောင်းကင်တမန်သည် သင်၏အမျိုးအနွယ်တို့နှင့် သင့်အစ်ကိုတို့၏အမျိုးအနွယ်တို့ကို ကြည့်ရှု၍ မြင်လော့ဟု ငါ့ကို မြွက်ဆို၏။ ငါသည်လည်း ကြည့်ရှု၍ ကတိတော်မြေကို မြင်၏။ လူအစုအဝေးတို့၊ အမှန်စင်စစ်၊ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးတမျှပင်များပြားလှသော သူတို့ကိုလည်း မြင်၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် တစ်ဖက်နှင့်တစ်ဖက် စစ်တိုက်ခြင်းငှာ အတူတကွစုဝေးကြသော လူအစုအဝေးတို့ကိုမြင်၏။ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်း တစ်ဆင့်စကားများ၊ ငါ၏လူမျိုးတို့၌ လက်နက်ဖြင့် ကြီးစွာသောသိမ်းရုံးသတ်ဖြတ်ခြင်းများကိုလည်း မြင်၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဤပြည်၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများဖြင့် များစွာသော မျိုးဆက်တို့ကွယ်လွန်သွားကြသည်ကို မြင်၏။ အမှန်စင်စစ်၊ ငါမရေတွက်လေသည့် များစွာသောမြို့များကိုပင် မြင်၏။
၄ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ကတိတော်မြေ၏မျက်နှာပြင်ပေါ်၌ အမှောင်ထုကို မြင်၏။ လျှပ်စီးလက်ခြင်းကို မြင်၏၊ မိုးချုန်းခြင်း၊ မြေကြီးလှုပ်ခြင်းနှင့် အမျိုးမျိုးသော အုတ်အုတ်ကျက်ကျက်အသံဗလံတို့ကို ကြား၏။ မြေကြီး၊ ကျောက်များနှင့် ၎င်းတို့ကွဲသည်ကို မြင်၏။ တောင်များ အစိတ်စိတ်အပိုင်းပိုင်းပြိုကျသည်ကို မြင်၏။ မြေကြီးပေါ်ရှိလွင်ပြင်များနှင့် ၎င်းတို့ ကွဲပြတ်သည်ကို မြင်၏။ များစွာသောမြို့များနှင့် ၎င်းတို့ နစ်မြုပ်သည်ကိုမြင်၏။ မြို့များစွာတို့ မီးလောင်သည်ကို မြင်၏။ မြေကြီးလှုပ်ခြင်းကြောင့် များစွာတို့ မြေကြီးပေါ်သို့ပြိုကျသည်ကိုလည်းမြင်၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် ဤအရာတို့ကို မြင်ပြီးနောက် မြေကြီးမျက်နှာပြင်မှ အမှောင်ထုကွယ်ပျောက်သွားသည်ကို မြင်၏။ ရှုဦးလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသောကြောက်မက်ဖွယ် တရားစီရင်တော်မူခြင်းတို့ကြောင့် လဲကျမသွားလေသည့် လူအစုအဝေးတို့ကိုလည်း မြင်၏။
၆ ကောင်းကင်ပွင့်သည်ကိုလည်း မြင်၏။ ဘုရားသခင်၏သိုးသငယ်သည်လည်း ကောင်းကင်ဘုံမှ ဆင်းသက်လျက်ရှိ၏။ ဆင်းလာတော်မူပြီးလျှင်၊ သူတို့ကို ကိုယ်ထင်ပြတော်မူ၏။
၇ ငါသည် သန့်ရှင်းသောဝိညာဉ်တော် အခြားတစ်ဆယ့်နှစ်ပါးအပေါ်သို့ သက်ဆင်းတော်မူသည်ကိုလည်း မြင်၍ သက်သေခံ၏။ သူတို့သည်ကား၊ ဘုရားသခင်အားဖြင့် ခန့်ထားတော်မူ၍၊ ရွေးကောက်ထားတော်မူသောသူများလည်းဖြစ်၏။
၈ ကောင်းကင်တမန်ကလည်း ငါ့အား သင်၏ အမျိုးအနွယ်တို့ကို အမှုတော်ဆောင်ရန် ရွေးကောက်ထားခံရသည့် သိုးသငယ်၏ တပည့်တော်တစ်ဆယ့်နှစ်ပါးကို ကြည့်ရှုဆင်ခြင်လော့ဟု မြွက်ဆို၏။
၉ ထို့အတူ၊ ငါ့ကို မြွက်ဆိုသည်ကား၊ သင်သည် သိုးသငယ်၏ တမန်တော်တစ်ဆယ့်နှစ်ပါးကို အောက်မေ့သလော။ ရှုလော့၊ သူတို့သည် ဣသရေလမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်မည့်သူများဖြစ်၏။ သို့ဖြစ်၍၊ သင်၏အမျိုးအနွယ်တို့ထဲမှ အမှုတော်ဆောင် တစ်ဆယ့်နှစ်ပါးသည် ထိုသူတို့အားဖြင့် တရားစီရင်ခံရလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ဣသရေလအမျိုးသားများဖြစ်ကြ၏။
၁၀ သင်မြင်သည့် ဤအမှုတော်ဆောင်တစ်ဆယ့်နှစ်ပါးတို့သည် သင်၏အမျိုးအနွယ်တို့ကို တရားစီရင်ကြလိမ့်မည်။ ရှုဦးလော့၊ ထိုသူတို့သည် အစဉ်အမြဲဖြောင့်မတ်ကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏သိုးသငယ်ကို သူတို့၏ယုံကြည်ခြင်းကြောင့် သူတို့၏အဝတ်တန်ဆာများကို သူ၏အသွေးတော်အားဖြင့် ဖြူစင်စေ၏။
၁၁ ကြည့်ရှုလော့ဟု ငါ့ကို ကောင်းကင်တမန်မြွက်ဆို၏။ ငါသည်လည်း ကြည့်ရှုရာ မျိုးဆက်သုံးဆက်တို့ ဖြောင့်မတ်ခြင်းရှိလျက်၊ ကွယ်လွန်သွားကြသည်ကိုမြင်၏။ ထိုသူတို့၏အဝတ်တန်ဆာများသည် ဘုရားသခင်၏သိုးသငယ်ကဲ့သို့ပင် ဖြူစင်ကြ၏။ ထို့အတူ၊ ကောင်းကင်တမန်က ငါ့ကို မြွက်ဆိုသည်ကား၊ ဤသူတို့ကို သိုးသငယ်၏အသွေးတော်အားဖြင့် ဖြူစင်စေသည်မှာသူ့ကို သူတို့၏ယုံကြည်ခြင်းကြောင့် ပေတည်း။
၁၂ ငါ၊ နီဖိုင်းသည် ဖြောင့်မတ်ခြင်းရှိလျက်၊ ကွယ်လွန်သွားလေသူများဖြစ်သည့် လေးခုမြောက်သောမျိုးဆက်မှ များစွာသောသူတို့ကိုလည်း မြင်၏။
၁၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် မြေကြီးပေါ်၌ နေထိုင်သောလူအစုအဝေးတို့ အတူတကွစုဝေးကြသည်ကို မြင်၏။
၁၄ သင်၏အမျိုးအနွယ်တို့နှင့် သင့်အစ်ကိုတို့၏အမျိုးအနွယ်တို့ကိုလည်း ကြည့်ရှုဆင်ခြင်လော့ဟု ကောင်းကင်တမန်က ငါ့ကို မြွက်ဆို၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ကြည့်ရှုရာ၊ ငါ့အမျိုးအနွယ်၏လူမျိုးတို့၊ ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့နှင့် ဆန့်ကျင်၍ လူအစုအဝေးလိုက် အတူတကွစုဝေးကြသည်ကို မြင်၏။ သူတို့သည် စစ်တိုက်ခြင်းငှာ အတူတကွစုဝေးကြ၏။
၁၆ ကောင်းကင်တမန်ကလည်း ငါ့ကို မြွက်ဆိုသည်ကား၊ သင့်အဘမြင်လေသည့် ညစ်ညမ်းသောရေရှိရာ၊ အထူးသဖြင့် သူပြောသည့်ထိုမြစ်ကို ကြည့်ရှုဆင်ခြင်လော့။ ထိုမြစ်၏အနက်မှာ ငရဲ၏အနက်တမျှဖြစ်၏။
၁၇ ထိုအမှောင်ထုတို့သည်ကား၊ လူသားတို့၏မျက်စိကိုကွယ်စေ၊ စိတ်နှလုံးကိုမာကျောစေလျက်၊ သူတို့ကို ပျက်စီး၍၊ ပျောက်ဆုံးကြစေခြင်းငှာ၊ ကျယ်ဝန်းသည့်လမ်းများထဲသို့ လှည့်ဖြားခေါ်ဆောင်သွားသည့် နတ်ဆိုး၏သွေးဆောင်ဖြားယောင်းခြင်းများပေတည်း။
၁၈ သင့်အဘမြင်လေသော ကြီးမားကျယ်ဝန်းသည့် အဆောက်အအုံသည်ကား၊ လူသားတို့၏ အချည်းနှီးတွေးဆခြင်းများနှင့်မာနဖြစ်၏။ အလွန်နက်လှသည့် ကြောက်မက်ဖွယ်ရာချောက်ကြီးသည် ထိုသူတို့အား အထူးသဖြင့်၊ ထာဝရဘုရားသခင်၏ ဖြောင့်မှန်သောနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ ကမ္ဘာဦးမှစ၍၊ ဤအချိန်ထိ၊ ထို့အတူ၊ ဤအချိန်ယခုမှစ၍၊ ကာလအစဉ်အဆက် သန့်ရှင်းသောဝိညာဉ်တော်သက်သေခံတော်မူသည့် ဘုရားသခင်၏သိုးသငယ်ဖြစ်သည့်မေရှိယနှင့်လည်းကောင်း ပိုင်းခြားထား၏။
၁၉ ကောင်းကင်တမန် ဤစကားများကို ပြောစဉ်တွင်၊ ငါသည် ကြည့်ရှု၍၊ ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့ ငါ၏အမျိုးအနွယ်တို့ကို ဆန့်ကျင်ရန်တွေ့ကြသည်ကို မြင်ရသည်မှာ ကောင်းကင်တမန်၏စကားအတိုင်းပင်ဖြစ်၏။ ငါ့အမျိုးအနွယ်တို့၏မာနနှင့် နတ်ဆိုး၏သွေးဆောင်ဖြားယောင်းခြင်းတို့ကြောင့်၊ ငါ့အစ်ကိုတို့၏အမျိုးအနွယ်တို့ ငါ့အမျိုးအနွယ်၏လူမျိုးတို့ကို အနိုင်ရကြသည်ကို မြင်၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည်လည်း ကြည့်ရှု၍ ငါ့ညီအစ်ကိုတို့၏အမျိုးအနွယ်လူမျိုးတို့ ငါ့အမျိုးအနွယ်တို့အား အနိုင်ရကြလေသည်ကို မြင်၏။ သူတို့သည်လည်း ထိုပြည်၏မျက်နှာပြင်ပေါ်၌ လူအစုအဝေးလိုက်ထွက်သွားကြ၏။
၂၁ ထို့အတူ၊ ငါသည် သူတို့ လူအစုအဝေးလိုက် အတူတကွစုဝေးကြသည်ကို မြင်၏။ သူတို့၌ရှိသော စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားတို့ကိုလည်း မြင်၏။ စစ်တိုက်ခြင်းများနှင့် စစ်တိုက်ခြင်းအကြောင်းတစ်ဆင့်စကားတို့ရှိလျက် များစွာသောမျိုးဆက်များ ကွယ်လွန်သွားကြသည်ကိုလည်း မြင်၏။
၂၂ ထိုသူတို့ယုံကြည်မှု လျော့ပါးဆုတ်ယုတ်လာလိမ့်မည်ကို ကြည့်ရှုလော့ဟုလည်း ကောင်းကင်တမန်က ငါ့ကို မြွက်ဆို၏။
၂၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါသည် သူတို့ယုံကြည်မှု လျော့ပါးဆုတ်ယုတ်လာခဲ့ကြလေပြီးနောက် အသားမည်း၍ ရွံရှာမုန်းတီးစရာကောင်းသော၊ ပျင်းရိခြင်း၊ အမျိုးမျိုးသောစက်ဆုပ်ရွံရှာဖွယ်အမှုများနှင့်ပြည့်သည့် ညစ်ညမ်းသောလူများ ဖြစ်လာကြသည်ကို သိမြင်၏။