ကျမ်းစာများ
၁ နီဖိုင်း ၇


အခန်းကြီး ၇

လေဟိ​၏​သား​များ​သည် ယေရုရှလင်​သို့ ပြန်​လာ​၍ ဣရှမေလ​နှင့် သူ​၏​အိမ်​သူ​အိမ်​သား​တို့​အား မိမိ​တို့​၏​လမ်း​ခရီး​၌ ပူး​ပေါင်းရန် ဖိတ်​ခေါ်​ကြ​၏—လာမန်​နှင့် အခြား​သူ​များ​က ပုန်​ကန်​ကြ​၏—နီဖိုင်း​သည် သူ​၏​အစ်​ကို​တို့​အား ကိုယ်​တော်​ရှင်​ကို ယုံ​ကြည်​ခြင်း​ရှိ​ကြ​ရန် တိုက်​တွန်း​၏—သူ​တို့​သည် သူ့​ကို ကြိုး​များ​နှင့် ချည်​နှောင်​၍၊ ဖျက်​ဆီး​ခြင်း​ငှာ ကြံ​စည်​ကြ​၏—သူ​သည် ယုံ​ကြည်​ခြင်း​တန်​ခိုး​အား​ဖြင့် လွတ်​မြောက်​၏—သူ​၏​အစ်​ကို​တို့​သည် ခွင့်​လွှတ်​ခြင်း​ကို တောင်း​ခံ​ကြ​၏—လေဟိ​နှင့် သူ​၏​အပေါင်း​အဖော်​တို့​သည် ယဇ်​နှင့် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာ​များ ပူဇော်​ကြ​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ယ​ခု​မူ​ကား၊ သင်​တို့​သိ​နိုင်​စေ​ကြောင်း ငါ​အလို​ရှိ​သည်​မှာ၊ ငါ​၏​အဘ​လေဟိ​သည် သူ့​အမျိုး​အနွယ်​များ​အကြောင်း ပရောဖက်​ပြု​၍​ဟော​ခြင်း​ကို လက်​စ​သတ်​ပြီး​နောက်၊ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​က သူ့​ကို တစ်​ဖန်​မြွက်​ဆို​၍ မိန့်​တော်​မူ​လေ​သည်​ကား၊ လေဟိ​အဖို့ သူ့​မိသားစု​တစ်​စု​တည်း တော​ရိုင်း​ထဲ​သို့ ခေါ်​ဆောင်​သွား​ရ​မည်​မှာ မ​သင့်​လျော်။ သို့​ရာ​တွင်၊ သူ​၏​သား​များ​သည်​လည်း ကိုယ်​တော်​ရှင်​အဖို့ ကတိ​တော်​မြေ​၌ အမျိုး​မ​ပြတ်​ဆက်​နွယ်​နိုင်​စေခြင်းငှာ သမီး​က​ညာ​တို့​ကို အိမ်​ထောင်​ဖက်​ပြု​ရ​မည့်​အကြောင်း​ပေ​တည်း။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​က သူ့​ကို မိန့်​တော်​မူ​သည်​မှာ ငါ​နီဖိုင်း​နှင့် ငါ​၏​အစ်​ကို​တို့၊ ယေရုရှလင်​နယ်​မြေ​သို့ တစ်​ဖန်​ပြန်​သွား​၍၊ ဣရှမေလ​နှင့်​သူ​၏​မိသားစု​ကို တော​ရိုင်း​ထဲ​သို့ ဆောင်​ယူ​လာ​ရ​မည့်​အကြောင်း​ပေ​တည်း။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည်​လည်း ငါ​၏​အစ်​ကို​တို့​နှင့် ယေရုရှလင်​အထိ​သွား​ခြင်း​ငှာ တော​ရိုင်း​ထဲ​သို့ တစ်​ဖန်​ထွက်​သွား​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ဣရှမေလ​၏​အိမ်​သို့​တက်​သွား​၍၊ ဣရှမေလ​၏​စိတ်​၌ မျက်​နှာ​ရ​ကြ​သည်​မှာ သူ့​အား ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​များ​ကို ပြော​ပြ​သည့်​တိုင်​အောင်​ပင်​တည်း။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​သည် ဣရှမေလ​နှင့် သူ​၏​အိမ်​သူ​အိမ်​သား​တို့​၏ စိတ်​နှလုံး​ကို ပျော့​ပျောင်း​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ငါ​တို့​အဘ​၏​တဲ​ဆီ​သို့ ငါ​တို့​နှင့်​အတူ တော​ရိုင်း​ထဲ​သို့ ခရီး​သွား​ကြ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တော​ရိုင်း​ထဲ​၌ ငါ​တို့​ခရီး​သွား​စဉ်တွင်​၊ ရှု​လော့ လာမန်၊ လေမွေလ၊ ဣရှမေလ​၏​သမီး​နှစ်​ယောက်၊ ဣရှမေလ​၏​သား​နှစ်​ယောက်​နှင့် သူ​တို့​၏​မိသားစု​တို့​သည် ငါ​တို့​ကို ဆန့်​ကျင်​ပုန်​ကန်​ကြ​၏။ အထူး​သ​ဖြင့်၊ ငါ​နီဖိုင်း၊ ရှမ်၊ သူ​တို့​၏​အဘ ဣရှမေလ၊ ထို့​အတူ၊ သူ့​ဇနီး​နှင့်​သူ​၏​အခြား​သော​သမီး​သုံး​ယောက်​ကို ဆန့်​ကျင်​ကြ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ထို​သို့​ပုန်​ကန်​ရာ​၌ သူ​တို့​သည် ယေရုရှလင်​နယ်​မြေ​သို့ ပြန်​သွား​လို​ကြ​လေ​၏။

ယ​ခု​မူ​ကား၊ ငါ​နီဖိုင်း​သည် သူ​တို့​စိတ်​နှလုံး​၏​မာ​ကျော​ခြင်း​ကြောင့် ဝမ်း​နည်း​ပူ​ဆွေး​လျက်၊ ထို့​ကြောင့်၊ သူ​တို့​ကို အထူး​သ​ဖြင့်၊ လာမန်​နှင့်​လေမွေလ​တို့​ကို​ပင် ဆို​လေ​သည်​ကား၊ ရှု​လော့၊ သင်​တို့​သည် ငါ​၏​အစ်​ကို​ကြီး​များ​ဖြစ်​လျက်၊ သင်​တို့​၏​ညီ​ငယ်​ငါ​က သင်​တို့​ကို ပြော​ပြ​ရ၊ ထို​မှ​တစ်​ပါး၊ သင်​တို့​အတွက် ပုံ​သက်​သေ​ပြ​ရ​ဖို့​လို​အပ်​ကြ​လျက်၊ သင်​တို့​စိတ်​နှလုံး​က အဘယ်​သို့​အား​ဖြင့်၊ အလွန်​မာ​ကျော​လေ​ကြ၊ သင်​တို့​၏​စိတ်​၌ အလွန်​အသိ​စိတ်​ကွယ်​လေ​ကြ​သ​နည်း။

သင်​တို့​သည် ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို စေ့စေ့နား​မ​ထောင်​မ​ဘဲ​နေ​ကြ​လေ​သည်​ကား၊ အဘယ်​သို့​နည်း။

၁၀ သင်​တို့​သည် ကိုယ်​တော်​ရှင်​၏​ကောင်း​ကင်​တမန်​အား မြင်​ခဲ့​ရ​သည်​ကို မေ့​ကြလေ​သည်​ကား၊ အဘယ်​သို့​နည်း။

၁၁ ထို​မှ​တစ်​ပါး၊ ငါ​တို့​ကို လာဗန်​၏​လက်​မှ ကယ်​လွှတ်​တော်​မူ​၍၊ မှတ်​တမ်း​များ​ကို ငါ​တို့​ရ​ယူ​ရာ၌လည်း ကြီး​စွာ​သော​အမှု​များ​ကို ကိုယ်​တော်​ရှင်​ပြု​ထား​တော်​မူ​ကြောင်း သင်​တို့​မေ့​ကြလေ​သည်​ကား၊ အဘယ်​သို့​နည်း။

၁၂ ထို​မှ​တစ်​ပါး၊ ကိုယ်​တော်​ရှင်​သည် လူ​သား​တို့​သူ့​ကို ယုံ​ကြည်မှု​ပြု​ကြ​လျှင်၊ သူ​တို့​အတွက် ခပ်သိမ်းသော အရာ​တို့ကို သူ​၏​အလို​တော်​အတိုင်း​ပြုရန် တတ်​နိုင်​တော်​မူ​သည့်​အကြောင်း သင်​တို့​မေ့​ကြလေ​သည်​ကား၊ အဘယ်​သို့​နည်း။ သို့​ဖြစ်​၍၊ ငါ​တို့​သည် သူ့​ကို သစ္စာ​ရှိ​ကြ​ကုန်​အံ့။

၁၃ ငါ​တို့​သည် သူ့​ကို​သစ္စာ​ရှိ​ကြ​လျှင်၊ ကတိ​တော်​မြေ​ကို ရ​ရှိ​ကြ​လိမ့်​မည်။ ယေရုရှလင်​မြို့​ပျက်​စီး​ခြင်း​နှင့်​စပ်​လျဉ်း​သည့် ကိုယ်​တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​သည် တစ်​စုံ​တစ်​ခု​သော အနာ​ဂတ်​ကာ​လ​တွင် ပြီး​ပြည့်​စုံ​စေ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့် ယေရုရှလင်​မြို့​ပျက်​စီး​ခြင်း​နှင့်​စပ်​လျဉ်း​သည့် ခပ်​သိမ်း​သောအရာတို့ကို ပြီး​ပြည့်​စုံ​စေ​ရ​ပေ​မည်။

၁၄ အကြောင်း​မူ​ကား၊ ရှု​လော့၊ ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​သည် သူ​တို့​အား​ပဲ့ပြင်ဆုံး​မ​သည်​ကို မ​ကြာ​မြင့်​မီ ရပ်​တန့်​တော်​မူ​တော့​မည်။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​တို့​သည် ပရောဖက်​များ​ကို ငြင်း​ပယ်​ကြ​ပြီး၊ ယေရမိ​ကို ထောင်​ထဲ​၌ လှောင်​ထား​ကြ​၏။ သူ​တို့​သည် ငါ့​အဘ​၏ အသက်​ကို နှုတ်​ယူရန် ကြိုး​စား​အား​ထုတ်​ကြ​သည်​မှာ၊ သူ့​ကို ထို​ပြည်​မှ နှင်​ထုတ်​ကြ​သည်​အထိ​ပင်​တည်း။

၁၅ ယ​ခု​တွင်၊ ရှု​လော့ သင်​တို့​ကို ငါ​ဆို​သည်​မှာ သင်​တို့​သည် ယေရုရှလင်​မြို့​သို့​ပြန်​သွား​ကြ​လျှင်၊ သူ​တို့​နှင့်​အတူ ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သင်​တို့​၌ ရွေး​ချယ်ခွင့်ရှိ​လျှင်၊ ထို​မြေ​သို့​တက်​သွား​လော့။ သင်​တို့​သွား​လျှင်၊ ပျက်​စီး​လိမ့်​မည့်​အကြောင်း သင်​တို့​ကို ငါ​ပြော​သည့် စကား​များ​ကို​လည်း အောက်​မေ့​ကြ​လော့။ အကြောင်း​မူ​ကား၊ ဤ​သို့​ပြော​စေ​ကြောင်း၊ ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​က ငါ့​ကို အတင်း​စေ​ခိုင်း​တော်​မူ​၏။

၁၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်းသည် ဤ​စကား​များ​ကို ငါ​၏​အစ်​ကို​တို့​အား ပြီးလေသောအခါ၊ သူ​တို့​သည် ငါ့​ကို အမျက်​ထွက်​ကြ​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ငါ့​ကို ဖမ်း​ဆီး​ကြ​၏။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​တို့​သည် လွန်​စွာ​အမျက်​ထွက်​၍၊ ငါ့​ကို ကြိုး​များ​နှင့် ချည်​နှောင်​ကြ​၏။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို တော​ရိုင်း​ထဲ​၌ တော​သား​ရဲ​များ​ကိုက်​စား​ခံရစေရန် ချန်​ထားခဲ့​ပြီး၊ ငါ့​အသက်​ကို နှုတ်​ယူရန် ကြိုး​စား​အား​ထုတ်​ကြ​၏။

၁၇ သို့​ရာ​တွင်၊ အချိန်​တန်​လာ​သော​အခါ၊ ငါ​သည်​လည်း ကိုယ်​တော်​ရှင်​ထံ​သို့ အို ကိုယ်​တော်​ရှင်၊ ကိုယ်​တော်​အပေါ်​၌​ရှိ​သော အကျွန်ုပ်​၏​ယုံ​ကြည်​ခြင်း​အတိုင်း၊ ကိုယ်​တော်​သည် အကျွန်ုပ်​ကို အကျွန်ုပ်​အစ်​ကို​တို့​၏​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ။ အထူး​သ​ဖြင့်၊ အကျွန်ုပ်​ကို ချည်​နှောင်​ထား​သည့် ဤ​ကြိုး​များကို ဖြတ်​နိုင်​စေ​ခြင်း​ငှာ ခွန်​အား​ကို​ပင် ပေး​သ​နား​တော်​မူ​ပါ​ဟု လျှောက်​လျက် ဆု​တောင်း​၏။

၁၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ဤ​စကား​များ​ကို ပြောပြီး​လေ​သောအခါ၊ ရှု​လော့၊ ငါ့​လက်​နှင့် ခြေ​တို့​မှ ကြိုး​များ​ပြေ​၍ ငါ​သည် ငါ့​အစ်​ကို​တို့​၏​ရှေ့၌​ရပ်​ပြီး၊ တစ်​ဖန်​ပြော​ပြန်​၏။

၁၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ငါ့​ကို တစ်​ဖန်​အမျက်​ထွက်​၍၊ ဖမ်း​ဆီး​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​ကြ​၏။ သို့​ရာ​တွင်၊ ရှု​လော့၊ ဣရှမေလ​၏​သမီး​များ​ထဲ​မှ​တစ်​ယောက်​က၊ ထို​မှ​တစ်​ပါး သူ​မ​၏​အမိ​နှင့် ဣရှမေလ​၏​သား​များ​ထဲ​မှ​တစ်​ယောက်​က ငါ​၏​အစ်​ကို​တို့​ကို တောင်း​ပန်​ကြ​သ​ဖြင့်၊ သူ​တို့​၏​စိတ်​နှလုံး ပျော့​ပျောင်း​လာ​၏။ ငါ့​အသက်​ကို နှုတ်​ယူ​ရန် ကြိုး​စား​အား​ထုတ်​ခြင်း​မှ​လည်း ရပ်​တန့်​ကြ​၏။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် သူ​တို့​၏​ဆိုး​ညစ်​ခြင်း​ကြောင့် ဝမ်း​နည်း​ကြ​ပြီး၊ ငါ့​ကို ဆန့်​ကျင်​၍​ပြု​လေ​သော အမှု​အတွက် သူ​တို့​ကို ငါ​ခွင့်​လွှတ်​ပါ​မည့်​အကြောင်း ငါ့​ရှေ့​၌ ဦး​ညွှတ်​၍​တောင်း​ပန်​ကြ​၏။

၂၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သာ​အခါ၊ ငါ​သည် သူ​တို့​ပြု​လေ​သည့် ခပ်သိမ်းသောအရာတို့ကို ချွင်း​ချက်​မ​ရှိ ခွင့်​လွှတ်​၏။ သူတို့သည်လည်း ခွင့်လွှတ်ခြင်းအတွက် သူ​တို့​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​ထံ​သို့ ဆု​တောင်းရ​ကြမည့်အကြောင်း၊ ငါ​တိုက်​တွန်း​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​ဆု​တောင်း​ကြ​၏။ ကိုယ်​တော်​ရှင်​ထံ​သို့ ဆု​တောင်း​ခြင်း​အမှု​ကို သူ​တို့​ပြု​ကြ​လေ​ပြီး​နောက်​၊ ငါ​တို့​သည် ငါ​တို့​အဘ​၏​တဲ​ဆီ​သို့​တစ်​ဖန် ခရီး​ဆက်​ကြ​၏။

၂၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ငါ​တို့​အဘ​၏​တဲ​သို့ ဆင်း​လာ​ကြ​၏။ ငါ၊ ငါ့​အစ်​ကို​များ​နှင့် ဣရှမေလ​၏​အိမ်​သူ​အိမ်​သား​အား​လုံး​တို့​သည် ငါ့​အဘ​၏​တဲ​သို့ ဆင်း​လာ​ကြ​ပြီး​နောက်၊ သူ​တို့​သည် သူ​တို့​၏​ဘုရားသခင်​ကိုယ်​တော်ရှင်​အား ကျေးဇူး​တော်​ချီး​မွမ်း​ကြ​၏။ ယဇ်​နှင့် မီး​ရှို့​ရာ​ပူ​ဇော်​သက္ကာ​များ​ကို​လည်း သူ့​အား ပူ​ဇော်​ကြ​၏။