ကျမ်းစာများ
မောဇိယ ၂


အခန်းကြီး ၂

ဗင်္ယာမိန်​မင်းကြီးသည် မိမိလူမျိုးတို့အား ဟောပြော၏—သူသည် မိမိ​နန်းစံခြင်း၏​ဖြောင့်မှန်ခြင်း၊ တရားမျှ​တခြင်းနှင့် ဝိညာဉ်ပကတိ​သဘောကို ပြန်လည်​ပြောပြ၏—မိမိတို့​ကောင်းကင်ဘုံရှင် ရှင်ဘုရင်အား အစေခံရန် အကြံပေး၏—ဘုရားသခင်အား ဆန့်ကျင်​ပုန်ကန်သော​သူတို့သည် မငြိမ်းနိုင်သော​မီးလျှံနှင့်​တူသည့် ပြင်းစွာသော​စိတ်ဆင်းရဲခြင်း ဒုက္ခ​ဝေဒနာကို ခံစားရလိမ့်မည်။ ဘီစီ ၁၂၄ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယက သူ့​အဘ​မိန့်မှာသည့်​အတိုင်း ထိုပြည်​တစ်လျှောက်လုံး၌ ကြေညာခြင်းကို ပြုလေပြီးနောက်၊ လူမျိုးတို့သည် ဗင်္ယာမိန်​မင်းကြီး​ဟောပြောမည့် စကားများကို ကြားနာခြင်းငှာ၊ ဗိမာန်တော်သို့ တက်၍​သွားနိုင်စေ​ခြင်းငှာ၊ ထိုပြည်​တစ်လျှောက်လုံး၌ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြ၏။

များစွာသော​သူတို့ရှိ​လေ၍၊ ထိုကဲ့သို့ပင် အလွန်များ​လှသဖြင့် မရေတွက်နိုင်ခဲ့။ အကြောင်းမူကား၊ သူတို့သည် လွန်စွာ​ပွားများ၍၊ ထိုပြည်၌ အမြောက်​အမြား​ဖြစ်​လာကြ၏။

သူတို့၏​သိုးစုများမှ အဦး​ဖွားသော​သားတို့ကိုလည်း ယူ​လာကြသည်ကား၊ မောရှေ၏​ပညတ်တရား​အတိုင်း ယဇ်နှင့် မီးရှို့ရာ​ပူဇော်​သက္ကာများ​ပူဇော်နိုင်ကြ​စေကြောင်း၊

ထို့အတူ၊ သူတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်ယူ​တော်မူခဲ့​လေသောသူ၊ သူတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်ပေး​တော်မူခဲ့​လေသောသူ၊ ဖြောင့်မတ်သော​သူများကို သူတို့၏​ဆရာများ​အဖြစ်​လည်းကောင်း၊ ဖြောင့်မတ်သူ​တစ်ဦးကို သူတို့၏​ရှင်ဘုရင်​အဖြစ်​လည်းကောင်း၊ ခန့်အပ်ထား​တော်မူခဲ့လေသော​သူတည်း​ဟူသော သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို ကျေးဇူးတော်​ချီးမွမ်းကြ​စေကြောင်းပင်တည်း။ ထိုရှင်ဘုရင်သည် ဇရဟင်မလ​ပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်ခဲ့​လေပြီး၊ သူတို့ ရွှင်လန်း​ဝမ်းမြောက်​၍ ဘုရားသခင်နှင့် ခပ်သိမ်းသောလူတို့ကို ချစ်ခြင်းဖြင့် ပြည့်ဝနိုင်​စေကြောင်း၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းကြရန် သွန်သင်ပေးခဲ့​လေသော​သူလည်း​ဖြစ်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ဗိမာန်တော်​ရှိရာသို့​လာ၍၊ ပတ်ဝန်း​ကျင်၌ သူတို့၏​တဲများကို ဆောက်ကြ၏၊ လူတိုင်း ကိုယ့်မိသားစု​အလိုက် ကိုယ့်ဇနီး၊ ကိုယ့်သားများ၊ ကိုယ့်​သမီးများနှင့် အကြီးဆုံးမှ အငယ်ဆုံး​အထိ သူတို့၏​သားများနှင့် သူတို့၏​သမီးများတို့ဖြင့် မိသားစု​တိုင်းကို တစ်စုနှင့်​တစ်စု သီးခြား​စီထားကြ၏။

သူတို့သည် ဗိမာန်တော်၏​ပတ်ဝန်းကျင်၌ သူတို့၏​တဲများကို ဆောက်၍၊ လူတိုင်း ကိုယ့်တဲ၌ ဗိမာန်တော်​ဘက်သို့ မျက်နှာမူသော တံခါး​ရှိလျက်၊ ထိုကဲ့သို့​အားဖြင့်၊ တဲများ၌နေ၍ ဗင်္ယာမိန်​မင်းကြီး​ဟောပြောမည့်​စကားများကို ကြားနာနိုင်ကြ၏။

လူ​အစုအဝေးမှာ အလွန်​ကြီးမား​သဖြင့် ဗင်္ယာမိန်​မင်းကြီးသည် သူတို့​အားလုံးကို ဗိမာန်တော်နံရံများ​အတွင်း၌ မသွန်သင်နိုင်ခဲ့။ ထို့ကြောင့်၊ လင့်စင်​တစ်ခုကို တည်ဆောက်စေ၍၊ ထိုကဲ့သို့​အားဖြင့်၊ သူ၏​လူမျိုးတို့သည် သူဟော​ပြောမည့် စကားများကို ကြားနာနိုင်ကြ၏။

ဤသို့​အားဖြင့်​ချိန်တန်​လာသော​အခါ၊ သူသည် လင့်စင်မှ​နေ၍ မိမိ၏​လူမျိုးတို့အား ဟောပြောစ​ပြုခဲ့၏။ လူအစုအဝေး၏​ကြီးမား​လှခြင်းကြောင့်၊ သူတို့​အားလုံးမှ သူ့အသံကို မကြားနိုင်ကြ။ ထို့ကြောင့်၊ သူ့အသံကို ကြားနိုင်ရာ​အရပ်၌ မရှိသော​သူတို့အားလည်း သူ့စကားများကို ရရှိနိုင်ကြ​စေကြောင်း၊ ဟောပြောသည့်​စကားများကို ရေး၍ ထိုသူတို့ထံ ပို့လွှတ်စေ၏။

သူဟောပြော၍၊ ရေးစေခဲ့သော​စကားများသည်ကား၊ ငါ၏​ညီအစ်ကိုတို့၊ ဤနေ့တွင်၊ ငါဟောပြောမည့်​စကားများကို ကြားနိုင်ကြသော သင်တို့​အားလုံး သင်တို့ကိုယ်သင်တို့အတူတကွ​စည်းဝေးကြလေပြီ။ အကြောင်းမူကား၊ ဤ​နေရာကို​လာပြီး ငါဟော​ပြောမည့်​စကားများကို မထီမဲ့​မြင်ပြု​ကြစေရန် သင်တို့ကို ငါမမိန့်မှာ​လေခဲ့၊ သို့ရာတွင် ငါ့ကို စေ့စေ့နားထောင်၍၊ ကြားနာနိုင်ကြရန် နားကို စွင့်လျက်၊ နားလည်နိုင်ကြစေရန် သင်တို့​စိတ်နှလုံးကို ဖွင့်လျက်၊ ဘုရားသခင်၏ နက်နဲသော​အရာတို့ကို သင်တို့၏ မြင်ကွင်း၌ ဖွင့်ပြ​ရစေခြင်းငှာ သင်တို့၏ စိတ်ကို​ဖွင့်ကြလော့။

၁၀ ငါ့ကို ကြောက်ရွံ့​စေကြောင်း၊ သို့မဟုတ်၊ ငါကိုယ်တိုင်အား သေခြင်းရှိသော လူသားထက်ပို၍ ကြီးမြတ်သော​သူဖြစ်သည်ဟု ထင်စေကြောင်း သင်တို့ကို ဤနေရာသို့ လာကြရန် မမိန့်မှာလေခဲ့​။

၁၁ သို့ရာတွင်၊ ငါသည်လည်း သင်တို့​ကဲ့သို့ပင် ကိုယ်ခန္ဓာနှင့် စိတ်၌ အမျိုးမျိုးသော အနာရောဂါ​ဝေဒနာများ ဖြစ်လေ့ရှိ၏။ သို့သော်လည်း၊ ငါသည် ဤလူမျိုးတို့၏​ရွေးကောက်ခြင်းကို ခံရ၏၊ ငါ့အဘအားဖြင့်လည်း ခန့်ထားခံရ၏ ၊ ဤလူမျိုးတို့​အပေါ်၌၊ အုပ်စိုးသူနှင့် ရှင်ဘုရင်​တစ်ပါး​အဖြစ် ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် အခွင့်ပေး​တော်မူခြင်းကိုလည်း ခံခဲ့ရ၏။ ငါ့အား ကိုယ်တော်ရှင် ပေးထားတော်မူလေသော အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် သင်တို့ကို အစေခံခြင်းငှာ​၊ သူ၏​အတု​မရှိသော တန်ခိုးတော်​အားဖြင့်​ထိန်းသိမ်း၍ ကာကွယ်​စောင့်မထား​တော်မူခြင်း​ကိုလည်း ခံခဲ့ရလေပြီ။

၁၂ ငါဆိုသည်ကား၊ ငါ၏ဘဝကို သင်တို့၏ အမှုကို ဆောင်ခြင်း၌ အသုံးပြုရန် ယခု​ကာလ​တိုင်အောင်ပင်၊ အခွင့်​ပေးထားသည်ကို ခံရ၍၊ သင်တို့​ထံမှ ရွှေကို​သော်​လည်းကောင်း၊ ငွေကို​သော်​လည်းကောင်း၊ စည်းစိမ်​ဥစ္စာ​တစ်စုံ​တစ်ခုကို​သော်​လည်းကောင်း ရရှိရန်​ကြိုးစားအားထုတ်ခြင်းမရှိခဲ့။

၁၃ ငါသည် သင်တို့ကို မြေတွင်း​လှောင်အိမ်ထဲ၌ လှောင်ထားခြင်းကိုသော်​လည်းကောင်း၊ သင်တို့ တစ်ဦးနှင့်​တစ်ဦး ကျွန်ပြုခြင်း​ကိုသော်​လည်းကောင်း၊ လူ့အသက်​သတ်ခြင်းကို​သော်လည်းကောင်း၊ လုယက်ခြင်းကို​သော်လည်းကောင်း၊ ခိုးယူခြင်းကို​သော်လည်းကောင်း၊ သူ့​သားမယားအား​ပြစ်မှားခြင်းကို ကျူးလွန်ခြင်းကို သော်လည်းကောင်း အခွင့်​မပေးခဲ့။ ငါသည် သင်တို့ကို တစ်စုံ​တစ်ခုသော ဆိုးညစ်ခြင်းကိုပင် ကျူးလွန်ရန် အခွင့်မပေးဘဲ၊ အရာရာ၌ သင်တို့ကို မိန့်တော်မူ​လေသည့် ကိုယ်တော်ရှင်၏ ပညတ်တော်များကို စောင့်ထိန်း​ကြစေရန် သွန်သင်​ပေးလေပြီ—

၁၄ ငါသည် သင်တို့ကို အစေခံနိုင်ခြင်း​ငှာလည်းကောင်း၊ သင်တို့ကို အခွန်များနှင့် ဝန်မလေး​ကြစေခြင်း​ငှာလည်းကောင်း၊ ထမ်းဖို့​လေးလံသည့် အဘယ်​အရာကိုမျှ သင်တို့​အပေါ် မကျရောက်စေခြင်း​ငှာလည်းကောင်း ငါကိုယ်တိုင်​သည်ပင်လျှင်၊ ငါ့လက်ဖြင့် အလုပ်လုပ်​လေပြီ—ငါပြောလေသည့် ဤအရာ​ခပ်သိမ်းတို့ အတွက်လည်း ဤနေ့တွင် သင်တို့​ကိုယ်တိုင် အသိ​သက်သေများ​ဖြစ်ကြ၏။

၁၅ အဘယ်သို့​ပင်ဖြစ်စေ၊ ငါ၏​ညီအစ်ကိုတို့၊ ငါသည် ဝါကြွားနိုင်ရန်၊ ဤအရာတို့ကို ပြုလေသည်​မဟုတ်၊ သင်တို့ကို စွပ်စွဲရန် ဤအရာတို့ကို ပြောသည်လည်း မဟုတ်။ သို့ရာတွင်၊ ငါသည် ဤနေ့တွင် ဘုရားသခင်ရှေ့ ၌ အသိစိတ်​သန့်သန့်နှင့် ဖြေကြားနိုင်​ကြောင်းကို သင်တို့သိ​ကြစေရန်၊ ဤအရာတို့ကို သင်တို့အား ပြောပြ၏။

၁၆ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်တို့၏​အမှုကို ဆောင်ခြင်း၌ ငါ၏​ဘဝကို သုံး၍၊ ဝါကြွားရန် အလို​မရှိကြောင်း သင်တို့ကို ပြောခဲ့၏။ အကြောင်းမူကား၊ ငါသည် အကယ်စင်စစ်​ဘုရားသခင်၏​အမှုကို ဆောင်ခြင်း၌ ရှိလေပြီ။

၁၇ ရှုဦးလော့၊ သင်တို့သည် ဥာဏ်ပညာကို သင်ယူကြစေခြင်း​ငှာလည်းကောင်း၊ သင်တို့၏​အပေါင်း​အဖော်များ၏ အမှုကို ဆောင်ခြင်း၌ ရှိသော​အခါ၊ သင်တို့၏ ဘုရားသခင်၏ အမှုကို ဆောင်ခြင်း၌ အမှန် ရှိကြောင်းကို သင်ယူကြစေခြင်း​ငှာလည်းကောင်း ဤအရာများကို သင်တို့အား ငါပြောပြ၏။

၁၈ ရှုလော့၊ သင်တို့သည် ငါ့ကို သင်တို့၏​ရှင်ဘုရင်​အဖြစ် ခန့်အပ်​ထားကြလေပြီ။ သင်တို့၏​ရှင်ဘုရင်​အဖြစ် ခန့်အပ်​ခံရသည့်​ငါသည် သင်တို့ကို အစေခံရန် အလုပ်လုပ်လျှင်၊ သင်တို့သည် တစ်ယောက်ကို​တစ်ယောက် အစေခံရန် အလုပ်​မလုပ်သင့်​ကြလေသလော။

၁၉ ရှုဦးလော့၊ သင်တို့၏​ရှင်ဘုရင်​အဖြစ်​ခန့်အပ်​ခံရသည့်​သူတည်း​ဟူသော၊ သင်တို့၏ အမှုကို ဆောင်ခြင်း၌ ကိုယ့်နေ့​ရက်များကို​အသုံးပြုလေ၍၊ အဘယ်သို့​ပင်ဖြစ်စေ ဘုရားသခင်၏ အမှုကို ဆောင်ခြင်း၌ ရှိလေသော​ငါသည် သင်တို့ထံမှ ကျေးဇူးတင်ခြင်း တစ်စုံ​တစ်ခုကို ခံယူ​ထိုက်လျှင်၊ အို သင်တို့သည် သင်တို့၏​ကောင်းကင်​ဘုံရှင် ရှင်ဘုရင်အား ကျေးဇူးတော် ချီးမွမ်း​သင့်လှ​ပေစွတကား။

၂၀ ငါ၏​ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့ကို ဖန်ဆင်းတော်မူလေပြီး၊ ထိန်းသိမ်း၍ ကာကွယ်​စောင့်မတော်မူလျက်၊ ရွှင်လန်း​ဝမ်းမြောက်စေ၍ အချင်းချင်း ငြိမ်းချမ်းစွာ​နေနိုင်စေရန် အခွင့်​ပေးတော်မူ​လေသည့် ထိုဘုရားသခင်အား သင်တို့၏​စိတ်ဝိညာဉ်​တစ်ခု​လုံးမှာ ရှိနိုင်​စွမ်းသည့် ခပ်သိမ်းသော​ကျေးဇူးနှင့် ချီးမွမ်းခြင်းတို့ကို သင်တို့​ဆပ်ပေးကြလျှင်—

၂၁ ငါဆိုသည်ကား၊ ရှေးဦးစွာမှ​စ၍ သင်တို့ကို ဖန်ဆင်း​တော်မူလေပြီး၊ သင်တို့​အလို​အတိုင်း အသက်ရှင်၍ လှုပ်ရှား​ပြုမူနိုင်​စေခြင်းငှာ၊ ရှူရာ​အသက်ကို ပေးတော်မူခြင်း​အားဖြင့်​လည်းကောင်း၊ အချိန်တိုင်း၌​ပင်သင်တို့ကို ထောက်မခြင်း​အားဖြင့်​လည်းကောင်း နေ့တိုင်းမပြတ် ကာကွယ်​စောင့်မ​တော်မူ​လျက်ရှိသော​သူကို အစေခံကြလျှင်—ငါဆို​သည်ကား၊ အလုံးစုံသော​စိတ်ဝိညာဉ်​တစ်ခုလုံးဖြင့် သူ့ကို အစေခံကြ​သော်လည်း သင်တို့သည် အသုံး​မရသော အစေ​အပါးများ​ဖြစ်ကြ​လိမ့်မည်။

၂၂ ရှုဦးလော့၊ သင်တို့ထံမှ သူအလို​ရှိတော်မူသည့် အလုံးစုံသော​အရာသည်ကား၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းကြရန်​ပင်တည်း။ သင်တို့သည် သူ၏​ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ ထိုပြည်၌ အောင်မြင်​ကြလိမ့်မည်​ဟုလည်း ကတိထား​တော်မူလေပြီ။ သူသည် မိန့်တော်မူလေသည့်​အရာမှ အဘယ်သော​အခါမျှ၊ မသွေဖည်။ ထို့ကြောင့်၊ သူ၏​ပညတ်တော်များကို စောင့်ထိန်း​ကြလျှင်၊ သင်တို့ကို ကောင်းချီး​ပေး၍ အောင်မြင်​စေတော်မူမည်။

၂၃ ယခုမူကား၊ ရှေးဦးစွာ၌၊ သင်တို့ကို ဖန်ဆင်း​တော်မူလေပြီး၊ သင်တို့၏ အသက်ကို ပေးသနား​တော်မူ၍၊ ထိုအရာ​အတွက် သင်တို့သည် သူ့ထံသို့ ပေးဆပ်​စရာရှိကြ၏။

၂၄ ဒုတိယ​အနေဖြင့်၊ သူမိန့်​တော်မူလေသည့်​အတိုင်း၊ သင်တို့​ပြုစေရန် အလိုရှိ​တော်မူ၏။ ထိုအမှု​အတွက်၊ သင်တို့​ပြုကြလျှင်၊ သင်တို့ကို ချက်ချင်း​ကောင်းချီး​ပေးတော်မူ၏။ ထို့ကြောင့်၊ သင်တို့ကို အဖိုး​အခ​ပေးတော်မူ​လေ၏။ သင်တို့သည် သူ့ထံသို့ ကာလ​အစဉ်​အဆက်၊ ပေးဆပ်စရာ ရှိမြဲ​ရှိလျက်​နေပေဦးမည်။ ထို့ကြောင့်၊ သင်တို့၌ ဝါကြွားစရာ အဘယ်​အရာရှိ​သနည်း။

၂၅ ယခုမူကား၊ သင်တို့​ကိုယ်တိုင်၏​အကြောင်း တစ်စုံ​တစ်ခုကို ပြောနိုင်ကြသလောဟု ငါမေး၏။ မပြောနိုင်ဟု သင်တို့ကို ငါဖြေ၏။ သင်တို့သည် မြေမှုန့်​ကဲ့သို့​ပင်ဖြစ်​သည်ဟုလည်း မဆိုနိုင်ကြ။ သို့သော်လည်း သင်တို့ကို မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူခဲ့၏။ သို့ရာတွင်၊ ရှုလော့၊ ထိုမြေမှုန့်သည် သင့်တို့ကို ဖန်ဆင်း​တော်မူခဲ့သည့်​သူနှင့် ဆိုင်သော​အရာဖြစ်၏။

၂၆ ငါ​သည်လည်း အကယ်စင်စစ်၊ သင်တို့၏​ရှင်ဘုရင်ဟု သင်တို့​ခေါ်သည့် ငါသည် သင်တို့​ကိုယ်တိုင်​ထက်သာ၍ ကောင်းမြတ်သည်​မဟုတ်။ အကြောင်းမူကား၊ ငါသည်လည်း မြေမှုန့်မှ ဖြစ်၏။ ငါသည် အိုမင်း၍၊ ဤ​သေခြင်း​ရှိသော ကိုယ်ခန္ဓာကို ၎င်း၏​အမိ​မြေကြီးသို့ ပေးအပ်တော့​မည်ကို သင်တို့ ရှုကြလော့။

၂၇ ထို့ကြောင့်၊ ငါသည်​သင်တို့ကို အစေခံခဲ့လေပြီဟု ပြောခဲ့သည့်​အတိုင်း၊ ဘုရားသခင်​ရှေ့၌ အသိ​စိတ်သန့်​သန့်နှင့် လျှောက်လှမ်း​လျက်၊ ထိုကဲ့သို့ပင်၊ ဤအချိန်၌ သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေသည်မှာ၊ အပြစ်​တင်ခွင့်နှင့် ကင်းလွတ်​စေခြင်းငှာ၊ ထို့အတူ၊ သင်တို့နှင့်​စပ်လျဉ်း၍ ငါ့ကို သူမိန့်​တော်မူ​လေသည့် အရာများ​အတွက်၊ ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းကို​ခံရစေရန် ရပ်သော​အခါ ငါ့အပေါ် သင်တို့၏​အသွေး မကျရောက်ရ​စေခြင်းငှာပေတည်း။

၂၈ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်္ချိုင်းတွင်းသို့ ဆင်းသွားတော့မည့်၊ ဤအချိန်၌ ငါ၏ အဝတ်တန်ဆာများကို သင်တို့၏​အသွေးနှင့် ကင်းစင်​စေခြင်းငှာ​လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆင်း၍​သွားနိုင်ခြင်းငှာ​လည်းကောင်း သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေပြီ။ သေခြင်း​မရှိသော​ငါ၏​ဝိညာဉ်သည်လည်း တရားတော်မူသည့် ဘုရားသခင်အား ချီးမွမ်း​သီချင်း​ဆိုရာ၌ အထက်မှာ​ရှိသည့် ဓမ္မတေး​သံစုံ​ကျူး​အဖွဲ့​နှင့် ပူးပေါင်းနိုင်ပေမည်။

၂၉ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါသည် သင်တို့၏​ဆရာ​သော်လည်းကောင်း၊ သင်တို့၏​ရှင်ဘုရင်​သော်လည်းကောင်း မဟုတ်တော့​ကြောင်းကို ကြေညာ​နိုင်ခြင်းငှာ သင်တို့ကိုယ်သင်တို့ အတူတကွ စည်းဝေးစေလေပြီ။

၃၀ အကြောင်းမူကား၊ ဤ​အချိန်၌ပင်၊ သင်တို့ကို ဟောပြောခြင်းငှာ ကြိုးစား​စဉ်၌၊ ငါ့ကိုယ်ခန္ဓာ​တစ်ခုလုံးသည် လွန်စွာ​တုန်၏။ သို့ရာတွင်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ငါ့ကို ထောက်မ၍၊ သင်တို့ကို ငါဟောပြောစေမည့်​အကြောင်း အခွင့်ပေး​တော်မူလျက်၊ ငါ့သား​မောဇိယ​သည်ကား သင်တို့​အပေါ်​အုပ်စိုး​သူနှင့် ရှင်ဘုရင်​တစ်ပါးဖြစ်ကြောင်း၊ ဤနေ့တွင်၊ သင်တို့အား ကြေညာရမည်ကိုလည်း ငါ့ကို မိန့်မှာ​တော်မူ​လေပြီ။

၃၁ ယခုမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ယခု​တိုင်အောင်​ပြုလေပြီး​သကဲ့သို့ ပြုကြစေခြင်းငှာ ငါ​အလို​ရှိ၏။ သင်တို့သည် ငါ၏​မိန့်မှာချက်များ၊ ထို့အတူ၊ ငါ့အဘ၏​မိန့်မှာချက်များ​ကိုလည်း စောင့်ထိန်း၍၊ အောင်မြင်ကြ​လေပြီး၊ သင်တို့​ရန်သူများ၏​လက်ထဲသို့ ကျရောက်ခြင်းမှ တားမြစ်​ခံရလျက်၊ ထိုကဲ့သို့ပင်၊ ငါ့သား၏​မိန့်မှာချက်များ၊ သို့မဟုတ်၊ သူ့အားဖြင့် သင်တို့ကို ပေးအပ် တော်မူမည့်၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ ထိုပြည်၌ အောင်မြင်၍၊ သင်တို့၏​ရန်သူတို့​သည်လည်း သင်တို့​အပေါ် အစိုးရခြင်း ရှိမည်​မဟုတ်။

၃၂ သို့ရာတွင်၊ အို ငါ၏​လူမျိုးတို့၊ သင်တို့၌ ရန်တွေ့ခြင်းများ ဖြစ်ပေါ်လာ၍၊ သင်တို့သည် ငါ့အဘ မောဇိယ​ပြောထားသည့် မကောင်းသော​ဝိညာဉ်အား နာခံလိုကြမည်ကို သတိပြုကြလော့။

၃၃ ရှုလော့၊ ထိုဝိညာဉ်ကို နာခံလိုသည့်​သူ​အပေါ်၌ အမင်္ဂလာ​သက်ရောက်စေ၏။ အကြောင်းမူကား၊ ထိုသူသည် နာခံလို၍၊ မိမိ​အပြစ်များ၌ ဆက်၍​ရှိပြီး၊ သေလျှင်၊ ကိုယ်ဝိညာဉ်သို့ အပြစ်ဒဏ်​ရောက်ခြင်းကို သောက်၏။ မိမိအသိပညာနှင့် ဆန့်ကျင်၍ ဘုရားသခင်၏​ပညတ်တရားကို လွန်ကျူးလျက်၊ အဖိုး​အခ​အဖြစ် ထာဝရ​တည်မြဲသော​အပြစ်ဒဏ်ကို ရရှိ၏။

၃၄ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာများ​အကြောင်းကို သွန်သင်မခံရလေသည့် သင်တို့၏​ကလေးသူငယ်များ​မှတစ်ပါး၊ သင်တို့၏​ကောင်းကင်ဘုံ​ရှင်အဘထံသို့၊ သင်တို့နှင့် သင်တို့မှာ​ရှိသမျှတို့ကို ဆပ်ပေးရန် အစဉ်ထာဝရ​ပေးဆပ်စရာ​ရှိသူများ ဖြစ်ကြောင်း မသိလေသော​သူ၊ ငါတို့​အဘ​လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်​အထိ​တိုင်အောင်ပင်၊ သန့်ရှင်းသော​ပရောဖက်တို့က ဟောပြောထားလေသည့် ပရောဖက်ပြု​ဟောချက်များ​ပါရှိသော မှတ်တမ်းများ​အကြောင်းကိုလည်း သွန်သင်​မခံရလေသော​သူ တစ်စုံ​တစ်ယောက်မျှ သင်တို့၌​မရှိကြ။

၃၅ ယခု​တိုင်အောင် ငါတို့​ဘိုးဘေးတို့​ပြောထားလေသော​အရာ​ခပ်သိမ်းတို့​ကိုလည်း သွန်သင်​မခံရကြ။ ရှုဦးလော့၊ သူတို့သည် ကိုယ်တော်ရှင်​မိန့်တော်မူသည့်​အရာကိုလည်း ဟောပြောကြ၏။ ထို့ကြောင့်၊ မှတ်တမ်းများသည် တိကျ​မှန်ကန်၏။

၃၆ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို သိလေကြ၊ သွန်သင်ခြင်းကိုလည်း​ခံကြလေပြီးနောက်၊ ဟောပြော​ထားလေသည်နှင့် ဆန့်ကျင်လျက် လွန်ကျူးကြလျှင်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ထံမှ သင်တို့ကိုယ်​သင်တို့ နှုတ်ယူကြသဖြင့်၊ ထိုဝိညာဉ်တော်သည် သင်တို့​ကောင်းချီးခံစားရနိုင်၊ အောင်မြင်နိုင်၊ ကာကွယ်​စောင့်မခြင်း​ခံရနိုင်​စေကြောင်း၊ ဉာဏ်ပညာ၏ လမ်းခရီးတို့၌ လမ်းပြရန် သင်တို့​အထဲ၌ နေရာမရှိနိုင်—

၃၇ သင်တို့ကို ငါဆိုသည်ကား၊ ဤအမှုကို​ပြုသော​သူသည် ဘုရားသခင်ကို​ဆန့်ကျင်၍၊ ထင်ရှားစွာ ပုန်ကန်မှု​ပြုသော​သူကဲ့သို့ပင်​ဖြစ်၏။ ထို့ကြောင့်၊ သူသည် မကောင်းသော​ဝိညာဉ်ကို နာခံ​လို၍၊ အလုံးစုံသော​ဖြောင့်​မတ်ခြင်း၏ ရန်သူဖြစ်လာ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်​အဖို့ ထိုသူ့​အထဲ၌ နေရာမရှိ။ အကြောင်းမူကား၊ သူသည် မသန့်ရှင်းသော ဗိမာန်တော်၌ နေထိုင်ခြင်း​မရှိ။

၃၈ ထို့ကြောင့်၊ ၎င်းလူသည် နောင်တရခြင်း​မရှိဘဲ၊ ဘုရားသခင်၏ ရန်သူ​အဖြစ်ဆက်၍​ရှိပြီးနောက် သေလျက်၊ မြင့်မြတ်ခြင်း၏​လိုအပ်ချက်များက သူ၏​သေခြင်း​မရှိသော​ဝိညာဉ်ကို ကိုယ်​အပြစ်​ရောက်ခြင်း​အကြောင်း အားကြီးသည့်​အသိသို့ နှိုးဆော်၏။ ထိုအမှုက သူ့ကို ကိုယ်တော်ရှင်၏ မျက်မှောက်မှ တွန့်ဆုတ်​သွားစေလျက်၊ အပြစ်​ရောက်ခြင်း၊ နာကျင်မှု၊ ထို့အတူ၊ ကာလ​အစဉ်​အဆက် အမြဲ​တက်သည့် မငြိမ်းနိုင်သော​မီးလျှံ​ကဲ့သို့သော ပြင်းစွာသော​ဝေဒနာတို့နှင့် သူ၏​ရင်ကို ပြည့်စေ၏။

၃၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကရုဏာတော်သည် ထိုသူ့​အပေါ်သို့ မသက်ရောက်။ ထို့ကြောင့်၊ သူ၏​နောက်ဆုံး​ကြမ္မာ​ဆိုးသည် အဘယ်တော့မျှ​အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်း​အဖြစ် တည်ရှိ၏။

၄၀ အို ခပ်သိမ်းသော အသင်​အသက်ကြီး​သူတို့၊ အသင်​လူပျိုတို့၊ ထို့အတူ ငါ၏​စကားများကို နားလည်နိုင်​ကြသည့် အသင်ကလေး​သူငယ်များတို့၊ ငါသည် ရှင်းလင်းစွာ ဟောပြောလေ၍၊ သင်တို့​နားလည်နိုင်​ကြ၏။ လွန်ကျူးခြင်း​ထဲသို့ လဲကျလေသော​သူများ၏ အလွန်​ဆိုးရွားသော​အခြေအနေကို သင်တို့​အောက်မေ့​သတိပြုကြ​စေခြင်းငှာ၊ ငါဆုတောင်း၏။

၄၁ ထိုမှတစ်ဖန်၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသော​သူတို့၏ ကောင်းချီး​ခံစား၍၊ ပျော်ရွှင်သော​အခြေအနေကိုလည်း သင်တို့​ဆင်ခြင်ကြ​စေကြောင်း ငါအလို​ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိ​နှစ်ခုစလုံးတွင် ကောင်းချီး​ခံစားရကြ၏။ ထို့အတူ၊ သူတို့သည် အဆုံး​တိုင်အောင် ဆက်၍သစ္စာရှိလျှင်၊ ကောင်းကင်ဘုံ​ထဲသို့ ဝင်ခွင့်​ရ၍၊ ထိုသို့​အားဖြင့်၊ အဘယ်တော့​မျှအဆုံး​မရှိသော ပျော်ရွှင်ခြင်း​အခြေ​အနေ၌ ဘုရားသခင်နှင့် အတူ​နေထိုင်နိုင်ကြ၏။ အို ဤအရာတို့​မှန်ကန်ကြောင်းကို သတိရကြလော့၊ သတိရ​ကြလော့။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်​ဘုရားသခင်မိန့်​တော်မူလေပြီ။