ကျမ်းစာများ
မောဇိယ ၂၆


အခန်းကြီး ၂၆

အသင်းတော်၏​များစွာသော​အသင်းသားတို့သည် မယုံကြည်သူတို့​အားဖြင့် အပြစ်သို့ ပို့ဆောင်ခံရ၏—အယ်လမာအား ထာဝရ​အသက်ကို ကတိထား၏—နောင်တရ၍ ဗတ္တိဇံခံသော​သူတို့သည် ခွင့်လွှတ်ခြင်းကို ရရှိကြ၏—အယ်လမာနှင့် ကိုယ်တော်ရှင်ထံသို့ နောင်တရ၍ ဝန်ခံသော သူများတည်းဟူသော အပြစ်၌​ရှိသူ​အသင်းတော်​အသင်းသားတို့သည် ခွင့်လွှတ်ခံရ​လိမ့်မည်။ သို့မဟုတ်လျှင်၊ သူတို့သည် အသင်းတော်၏​လူတို့၌ ရေတွက်မ​ခံရ။ ဘီစီ ၁၂၀–၁၀၀ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ဤလူတို့အား ဗင်္ယာမိန်​မင်းကြီးဟော​ပြောစဉ်က၊ ကလေး​သူငယ်များ​ဖြစ်၍၊ သူ၏​စကားများ​စွာတို့ကို နားမလည်နိုင်​ခဲ့သည့်​သူတည်း​ဟူသော ကြီးပြင်း​လာသည့်​မျိုးဆက်မှ များစွာတို့​ရှိလေ၏။ သူတို့​သည်လည်း သူတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေ​သများကို မယုံကြည်ကြ။

သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း ပြောထားသည့်​အရာကို သူတို့​မယုံကြည်ကြ။ ခရစ်တော်၏​ကြွလာ​တော်မူခြင်း​အကြောင်းကိုလည်း မယုံကြည်ကြ။

ယခုမူကား၊ သူတို့၏​မယုံကြည်မှုကြောင့်၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သူတို့​နားမလည်နိုင်ကြ။ သူတို့​စိတ်နှလုံး​သည်လည်း မာကျောလေ၏။

သူတို့သည် ဗတ္တိဇံခံရန်လည်း အလို​မရှိကြ။ အသင်းတော်သို့လည်း မဝင်လို​ကြ။ သူတို့၏ ယုံကြည်ခြင်း​အတိုင်း ကွဲပြားသော​လူများ​ဖြစ်၍၊ သူတို့၏ကာမဂုဏ်သဘောနှင့် အပြစ်​များသော​အခြေအနေ၌​ပင် အစဉ်​အမြဲ​ဆက်၍​တည်ရှိ​ကြ၏။ အကြောင်းမူကား၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံ ပဌနာ​မပြု​လိုကြ။

ယခုမူကား၊ မောဇိယ​နန်းစံ​ကာလ၌ သူတို့သည် ဘုရားသခင့်​လူမျိုးတို့၏​တစ်ဝက်မျှ အမြောက်​အမြားမရှိ။ သို့ရာတွင်၊ ညီအစ်ကို​များကြား၌ ငြင်းခုံခြင်းများကြောင့်၊ သူတို့​ပို၍ မြောက်မြား​လာ၏။

အကြောင်းမူကား၊ သူတို့သည် အသင်းတော်၌​ရှိသည့် များစွာသော​သူတို့ကို သူတို့၏ မြှောက်ပင့်သော​စကားများဖြင့် လှည့်စား၍၊ များစွာသော​အပြစ်တို့ကို ကျူးလွန်​စေ၏။ ထို့ကြောင့်၊ အသင်းတော်၌​ရှိသော၊ အပြစ်​ကျူးလွန်သူများကို အသင်း​တော်အားဖြင့် ဆုံးမရန် လိုအပ်​လာ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ယဇ်ပုရောဟိတ်များ​ရှေ့သို့ ဆောင်ယူ​ခံရ၍၊ ဆရာများ​အားဖြင့် ယဇ်ပုရောဟိတ်များထံ လွှဲအပ်​ခံရ၏။ ယဇ်ပုရောဟိတ်တို့က သူတို့ကို ယဇ်ပုရောဟိတ်​မင်းဖြစ်သူ အယ်လမာ​ရှေ့သို့ ဆောင်ယူ​ကြ၏။

ယခုတွင်၊ မောဇိယ​မင်းကြီးသည် အယ်လမာအား အသင်းတော်​အပေါ် ၌ အခွင့်​အာဏာကို ပေး​လေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် သူတို့​အကြောင်းကို မသိ။ သို့ရာတွင်၊ သူတို့​တစ်ဖက်၌ သက်သေများစွာ​ရှိ၏။ အကြောင်းမူကား၊ သူတို့၏​ဒုစရိုက်ကို လူတို့ ရပ်၍​အမြောက်​အမြား သက်သေ​ခံကြ၏။

၁၀ ယခုတွင်၊ ထိုကဲ့သို့သော​အရာ​တစ်စုံတစ်ခု အသင်းတော်၌ ယခင်က မရှိလေခဲ့ပေ။ ထို့ကြောင့်၊ အယ်လမာသည် စိတ်ညှိုးငယ်၍ သူတို့ကို မင်းကြီး​ရှေ့သို့ ဆောင်ယူ​စေ၏။

၁၁ ထို့အတူ၊ မင်းကြီးကို သူလျှောက်​လေသည်ကား၊ ရှုလော့၊ သူတို့ညီအစ်ကိုများ စွပ်စွဲသော​သူတို့ကို ကိုယ်တော်ရှေ့သို့ အကျွန်ုပ်တို့ ဆောင်ယူ​ခဲ့လေပြီ၊ သူတို့ကို အထူးထူး​အပြားပြားသော​ဒုစရိုက်များ၌ ဖမ်းဆီး​မိခဲ့ပါပြီ။ သူတို့​ဒုစရိုက်များမှလည်း နောင်တမရကြ။ ထို့ကြောင့်၊ သူတို့​ပြစ်မှု​များအတိုင်း သူတို့ကို ကိုယ်တော်​တရားစီရင်​နိုင်စေရန် ကိုယ်တော်ရှေ့သို့ အကျွန်ုပ်တို့​ဆောင်ယူ​ခဲ့ပါပြီ။

၁၂ သို့ရာတွင်၊ မောဇိယ​မင်းကြီးက အယ်လမာအား၊ ရှုလော့၊ ငါသည် သူတို့ကို တရား​မစီရင်။ ထိုကြောင့်၊ သူတို့ကို တရားစီရင်ခံရစေရန် သင့်လက်သို့​အပ်နှံပါ၏ဟု ဆို၏။

၁၃ ယခုမူကား၊ အယ်လမာ၏​စိတ်ဝိညာဉ်သည် တစ်ဖန်ညှိုးငယ်ပြန်​သဖြင့်၊ ဤအမှုနှင့် စပ်လျဉ်း၍ သူအဘယ်သို့​ပြုရမည်ကို ကိုယ်တော်ရှင်​ထံသွား၍ မေးလျှောက်၏။ အကြောင်းမူကား၊ သူသည် ဘုရားသခင်၏​အမြင်၌ အမှား​ပြုမိမည်ကို စိုးရိမ်၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မိမိစိတ်ဝိညာဉ်​တစ်ခုလုံးကို ဘုရားသခင်ထံ သွန်းလောင်း​လေသဖြင့်၊ ကိုယ်တော်ရှင်၏​အသံ သူ့ထံရောက်​လာပြီး မိန့်တော်မူလေ​သည်ကား၊

၁၅ အသင်​အယ်လမာသည် မင်္ဂလာရှိ၏။ မော်မုန်​ရေများ၌ ဗတ္တိဇံခံသော​သူတို့​သည်လည်း မင်္ဂလာ​ရှိ၏။ သင်သည် ငါ့ကျွန်​အဘိနဒိ၏​စကားများကို ကြီးစွာသော ယုံကြည်ခြင်း​တစ်ခု​တည်းကြောင့် ကောင်းချီး​ခံစားရ၏။

၁၆ သူတို့​သည်လည်း သင်ဟော​ပြောလေသည့်​စကားများကို ကြီးစွာသော ယုံကြည်ခြင်း​တစ်ခု​တည်းကြောင့်၊ မင်္ဂလာ​ရှိ၏။

၁၇ ထို့အတူ၊ သင်သည် ဤလူတို့၌ အသင်းတော်​တစ်ခုကို တည်ထောင်​သောကြောင့် မင်္ဂလာ​ရှိ၏။ သူတို့ကိုလည်း တည်ထောင်၍၊ ငါ၏​လူများ ဖြစ်လိမ့်မည်။

၁၈ ထိုမှတစ်ပါး၊ ငါ၏​နာမတော်ကို ခံယူရန် လိုလိုလားလား​ရှိသော​ဤလူတို့သည် မင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ ငါ၏​နာမတော်​အားဖြင့် သူတို့သည် အခေါ်ခံရလိမ့်မည်။ သူတို့​သည်လည်း ငါ၏​လူများ​ဖြစ်၏။

၁၉ သင်သည် လွန်ကျူးသော​သူ၏​အကြောင်းကို ငါ့အား မေးလျှောက်​လေသောကြောင့်၊ ကောင်းချီး​ခံစား​ရ၏။

၂၀ သင်သည် ငါ့ကျွန်​ဖြစ်၏။ သင်သည် ထာဝရ​အသက်ကို ရမည့်အကြောင်းကိုလည်း ငါသည် သင်နှင့် ပဋိညာဉ်​ပြု၏။ သင်သည် ငါ့ကို အစေခံ၍၊ ငါ၏​နာမ​အားဖြင့် ထွက်​သွား၍၊ ငါ၏​သိုးတို့ကို အတူတကွ စုဝေး​လိမ့်မည်။

၂၁ ငါ၏​အသံကို ကြားနာသော​သူသည် ငါ၏​သိုး​ဖြစ်၍၊ အသင်းတော်​ထဲသို့ သူ့ကို သင်လက်​ခံလိမ့်မည်။ ငါသည်လည်း သူ့ကို လက်​ခံမည်။

၂၂ အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည် ငါ၏​အသင်းတော်​ဖြစ်၏။ ဗတ္တိဇံခံ​သူမှန်​သမျှသည် နောင်တရခြင်း​အလို့ငှာ ဗတ္တိဇံ​ခံလိမ့်မည်။ သင်လက်​ခံမည့်​သူမှန်​သမျှသည် ငါ၏​နာမတော်ကို ယုံကြည်​လိမ့်မည်။ သူ့ကိုလည်း ငါလွတ်လပ်စွာခွင့်​လွှတ်တော်မူမည်။

၂၃ အကြောင်းမူကား၊ လောကီ​သားတို့၏​အပြစ်များကို ငါ့​အပေါ်၌ ခံယူသူမှာ ငါ​ဖြစ်၏။ သူတို့ကို ဖန်ဆင်း​တော်မူ​လေသောသူမှာ ငါ​ဖြစ်၏။ အဆုံး​တိုင်အောင် ယုံကြည်သော​သူအား ငါ၏​လက်ယာတော်​ဘက်၌ နေရာတစ်နေရာ​ပေးသူမှာ​လည်း ငါ​ဖြစ်၏။

၂၄ အကြောင်းမူကား၊ ရှုလော့၊ ငါ၏​နာမတော်​အားဖြင့် သူတို့ကို ခေါ်လိမ့်မည်။ သူတို့​သည်လည်း ငါ့ကို သိလျှင်၊ ထွက်လာ၍ ငါ၏​လက်ယာတော်​ဘက်၌ နေရာ​တစ်နေရာ​အစဉ်​ထာဝရ ရရှိ​လိမ့်မည်။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ ဒုတိယ​တံပိုးကို မှုတ်လျှင်၊ ငါ့ကို အဘယ်တုန်းကမျှ မသိသော​သူတို့သည် ထွက်လာ၍ ငါ့ရှေ့ ၌ ရပ်လိမ့်မည်။

၂၆ ထို့နောက်တွင်၊ ငါသည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ဖြစ်တော်မူ​ကြောင်းနှင့် သူတို့၏​ရွေးနှုတ်ရှင်​ဖြစ်တော်မူ​ကြောင်းကို သူတို့​သိ​လိမ့်မည်။ သို့ရာတွင်၊ သူတို့သည် ရွေးနှုတ်ခြင်းကို ခံလိုကြ​မည်​မဟုတ်။

၂၇ ထို့နောက်တွင်၊ ငါသည် သူတို့ကို​ဘယ်တုန်းကမျှ​မသိကြောင်း သူတို့ကို ဝန်ခံ၍၊ သူတို့သည် နတ်ဆိုးနှင့် သူ၏​ကောင်းကင်​တမန်များ​အတွက် ပြင်ဆင်ထားသည့် ထာဝရ​တည်မြဲသော​မီးထဲသို့ ထွက်ခွာ​သွား​လိမ့်မည်။

၂၈ ထို့ကြောင့်၊ သင့်ကို ငါဆိုသည်ကား၊ ငါ၏​အသံကို မကြားနာသော​သူကို၊ ငါ၏​အသင်းတော်​ထဲသို့ သင်လက်မခံရ။ အကြောင်းမူကား၊ ထိုသူကို နောက်ဆုံးသော​နေ့၌ ငါလက်ခံ​လိမ့်မည်​မဟုတ်။

၂၉ ထို့ကြောင့်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့။ ငါ့ကို​ဆန့်ကျင်၍ လွန်ကျူးသော​သူမှန်သမျှကိုလည်း ထိုသူလွန်ကျူး​လေသော​အပြစ်များ​အတိုင်း သင်တရား​စီရင်​ရမည်။ အကယ်၍ ထိုသူသည် သူ့​အပြစ်များကို သင်နှင့်​ငါ့ရှေ့ ၌ ဝန်ခံ၍၊ စိတ်နှလုံး၏​ရိုးသားခြင်းဖြင့် နောင်တရလျှင်၊ ထိုသူကို ခွင့်လွှတ်လော့။ ငါသည်လည်း ထိုသူကို ခွင့်လွှတ်​တော်မူမည်။

၃၀ ထိုမှတစ်ပါး၊ ငါ၏​လူတို့သည် အကြိမ်ကြိမ် နောင်တရ​သမျှ၊ ငါ့ကို ဆန့်ကျင်သည့် သူတို့၏​လွန်ကျူးခြင်း​များကို ငါခွင့်​လွှတ်တော်မူ​မည်။

၃၁ သင်တို့သည် သင်တို့၏​လွန်ကျူးခြင်း​များကိုလည်း တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်​ရမည်။ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ကိုယ်နှင့်​စပ်ဆိုင်သော​သူ၏​လွန်ကျူးခြင်းကို ခွင့်လွှတ်ခြင်း​မရှိသော​သူက သူနောင်တရသည်​ဟုပြောလျှင်၊ ထိုသူသည် မိမိကိုယ်ကို ပြစ်ဒဏ်ချမှတ်ရာသို့ ရောက်စေ၏။

၃၂ ယခုတွင်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့။ မိမိ၏​အပြစ်များမှ နောင်တမရသူ​မှန်သမျှသည် ငါ၏​လူများ၌ ရေတွက်​ခံရလိမ့်မည်​မဟုတ်။ ဤအရာတို့ကို ယခု​အချိန်မှ​စ၍ ကျင့်စောင့်ရ​ပေမည်။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဤစကားများကို ကြားလေပြီးလျှင်၊ သတိရ​နိုင်ခြင်းငှာ​လည်းကောင်း၊ ထို​အသင်းတော်၏​လူတို့ကို ဘုရားသခင်၏ ပညတ်တော်များ​အတိုင်း တရားစီရင်​နိုင်ခြင်းငှာ​လည်းကောင်း ထိုစကားများကို ရေးချ၏။

၃၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဒုစရိုက်၌ ဖမ်းဆီး​မိလေသော​သူများကို ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​အတိုင်း အယ်လမာ​သည်သွား၍ တရား​စီရင်၏။

၃၅ မိမိတို့​အပြစ်များမှ နောင်တရ၍၊ ဝန်ခံသော​သူမှန်သမျှကို အသင်းတော်၏​လူများ၌ ရေတွက်၏။

၃၆ မိမိတို့​အပြစ်များကို ဝန်မခံဘဲ၊ မိမိတို့​ဒုစရိုက်များမှ နောင်တမရသော​သူများသည် အသင်းတော်၏​လူများ၌ ရေတွက်​မခံရ။ သူတို့​အမည်များ​သည်လည်း ပယ်ဖျောက်​ခံရလေ၏။

၃၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် အသင်းတော်၏ ခပ်သိမ်းသော အမှု​များကို အုပ်ချုပ်၏။ သူတို့​သည်လည်း ဘုရားသခင်ရှေ့ ၌ စေ့စေ့မြေ့မြေ့​ကျင့်ဆောင်လျက်၊ များစွာသော​သူတို့ကို လက်ခံလျက်၊ များစွာသော​သူတို့ကို ဗတ္တိဇံပေးလျက်၊ အသင်းတော်၏​အမှုများ၌ တစ်ဖန် ငြိမ်းချမ်းခြင်းကို​ရ၍၊ လွန်စွာ​အောင်မြင်​ကြ၏။

၃၈ ယခုမူကား၊ ဤအရာခပ်သိမ်းတို့ကို အယ်လမာနှင့်၊ အသင်းတော်​ရှိ အလုပ်လုပ်ကြသော သူ၏​အပေါင်း​အဖော်များ လုပ်ဆောင်ကြ၏၊ အလုံးစုံသော လုံ့လဝီရိယ​ဖြင့် ကျင့်ဆောင်လျက်၊ အရာရာ၌ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သွန်သင်​ပေးလျက်၊ အမျိုးမျိုးသော ဆင်းရဲ​ဒုက္ခများကို ခံစားလျက်၊ ဘုရားသခင်၏ အသင်းတော်နှင့် မဆိုင်သော​သူ ခပ်သိမ်းတို့၏ ညှဉ်းဆဲခြင်းကို ခံရလျက်ရှိ​ကြ၏။

၃၉ သူတို့သည် မိမိတို့​ညီအစ်ကိုများကို ဆုံးမ​ကြ၏။ သူတို့​အယောက်​တိုင်းသည် မိမိ​အပြစ်များ​အတိုင်း၊ သို့မဟုတ်၊ မိမိကျူးလွန်​လေသော​အပြစ်များ​အတိုင်း၊ ဘုရားသခင်၏​နှုတ်ကပတ်တော်​အားဖြင့် ဆုံးမ​ခံရလျက်၊ မခြားမလပ်​ဆုတောင်းရန်၊ ထို့အတူ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်​ချီးမွမ်းရန် ဘုရားသခင်၏ မိန့်မှာ​တော်မူခြင်းကို ခံရ​လေ၏။