ကျမ်းစာများ
မောဇိယ ၂၅


အခန်းကြီး ၂၅

မြူးလက်၏ အမျိုး​အနွယ်တို့သည် ဇရဟင်မလပြည်၌ နီဖိုင်း​အမျိုးသားများ ဖြစ်လာကြ၏—သူတို့သည် အယ်လမာနှင့် ဇေနိဖ်တို့၏ လူတို့​အကြောင်းကို သိကြ၏—အယ်လမာသည် လင်မဟိနှင့် သူ၏​လူများ​အားလုံးကို ဗတ္တိဇံ​ပေး၏—မောဇိယသည် အယ်လမာအား ဘုရားသခင်၏ အသင်းတော်ကို ဖွဲ့စည်း​စေခြင်းငှာ အခွင့်​အာဏာ​ပေး၏။ ဘီစီ ၁၂၀ ခန့်။

ယခုမူကား၊ မောဇိယ​မင်းကြီးသည် လူခပ်သိမ်းတို့ကို အတူတကွ စုဝေး​စေ၏။

ယခုတွင်၊ နီဖိုင်း၏​သားမြေးများ၊ သို့မဟုတ် နီဖိုင်း၏​အမျိုး​အနွယ်များ​ဖြစ်သည့် အလွန်​များစွာသော​သူတို့သည်ကား၊ မြူးလက်၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်သူ ဇရဟင်မလ၏​လူများ၊ တောရိုင်းထဲသို့ သူနှင့်​အတူ လာခဲ့​လေသည့်​သူများလောက် အလွန်​မများပေ။

ထို့အတူ၊ နီဖိုင်း​လူမျိုးတို့နှင့် ဇရဟင်မလ​လူမျိုးတို့သည် လာမန်​အမျိုးသားများ​လောက် အလွန်မ​များပေ။ အထူးသဖြင့်၊ သူတို့သည် တစ်ဝက်မျှပင် များပြားခြင်း​မရှိ။

ယခုမူကား၊ နီဖိုင်း​လူမျိုးခပ်သိမ်းတို့နှင့် ဇရဟင်မလ​လူမျိုး​ခပ်သိမ်းတို့​သည်လည်း အတူတကွ စည်းဝေးကြ၏။ သူတို့သည် အုပ်စု​နှစ်စု​အဖြစ် အတူတကွ စုဝေး​ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယသည် ဇေနိဖ်၏​မှတ်တမ်းများကို ဖတ်၍၊ မိမိလူတို့ကိုလည်း ဖတ်​စေ၏။ အထူး​သဖြင့်၊ သူသည် ဇေနိဖ်၏​လူတို့ ဇရဟင်မလပြည်ကို စွန့်ခွာ​ခဲ့သည့်​အချိန်မှ​စ၍၊ တစ်ဖန်​ပြန်လာသည်​အထိသူတို့ကြောင်း​မှတ်တမ်း​များကို ဖတ်၏။

အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့ ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍၊ တစ်ဖန်​ပြန်​လာသည့်​အချိန်​အထိ သူတို့၏​အလုံး​စုံသော ဆင်းရဲ​ဒုက္ခများ​အကြောင်းမှတ်​တမ်းကိုလည်း​ဖတ်၏။

ယခုမူကား၊ မောဇိယသည် မှတ်တမ်းများ​ဖတ်ခြင်းကို လက်​စသတ်​ပြီးလေလျှင်၊ ထိုပြည်၌​နေရစ်သော သူ၏​လူတို့သည် အံ့မခန်း​ချီးမွမ်းဖွယ်​ဖြစ်ခြင်း၊ အံ့အားသ​င့်ခြင်းတို့ဖြင့် စိတ်ထိ​ခိုက်ကြ၏။

အကြောင်းမူကား၊ သူတို့သည် အဘယ်သို့ စဉ်းစား​ရမှန်းမသိကြ။ ကျွန်ခံရာမှ ကယ်လွှတ်​ခံရသူများကို မြင်ရသော​အခါ၊ သူတို့သည် အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။

ထိုမှတစ်ဖန်၊ သူတို့သည် လာမန်​အမျိုးသားတို့၏​ကွပ်မျက်ခြင်း​ခံရလေသော သူတို့​ညီအစ်ကိုတို့ အကြောင်း စဉ်းစား​ကြသော​အခါ ဝမ်းနည်းခြင်းနှင့်​ပြည့်၍ ဝမ်းနည်းခြင်း​မျက်ရည်များစွာ​ပင်ကျလေ၏။

၁၀ ထိုမှတစ်ဖန်၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့ကို လာမန်​အမျိုးသားတို့၏ လက်မှ​လည်းကောင်း၊ ကျွန်ခံရာမှ​လည်းကောင်း ကယ်လွှတ်​တော်မူရာ၌ သူတို့သည် ကိုယ်တွေ့​ဖြစ်သည့် ဘုရားသခင်၏​ကောင်းမြတ်ခြင်းနှင့် သူ၏​တန်ခိုးတော်တို့​အကြောင်း စဉ်းစားကြ​သောအခါ၊ ကြွေးကြော်၍၊ မိမိတို့၏​ဘုရားသခင်ကို ကျေးဇူးတော်​ချီးမွမ်း​ကြ၏။

၁၁ ထိုမှတစ်ဖန်၊ သူတို့သည် မိမိတို့၏​ညီအစ်ကိုများ​ဖြစ်သော လာမန်​အမျိုးသားတို့နှင့် ထိုသူတို့၏​အပြစ်များ၍ ညစ်ညူးသော​အခြေအနေ​အကြောင်းကို စဉ်းစားမိသော​အခါ၊ ထိုသူတို့​စိတ်ဝိညာဉ်၏​ကောင်းကျိုး​အတွက် နာကျင်မှုနှင့် ပြင်းစွာသော​ဝေဒနာတို့နှင့် ပြည့်လေ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​သမီးများကို အိမ်ထောင်​ဖက်ပြု​လေသော အာမြူလုန်နှင့် သူ၏​ညီအစ်ကိုတို့၏ သားသမီးများ​ဖြစ်သော​သူတို့သည်၊ သူတို့​ဘိုးဘေးတို့၏​အပြု​အမူကို မနှစ်သက်သဖြင့်၊ သူတို့​ဘိုးဘေးတို့၏​အမည်​အားဖြင့် ဆက်၍​အခေါ်​ခံရန် အလို​မရှိ​ကြတော့။ ထို့ကြောင့်၊ သူတို့သည် နီဖိုင်း၏​သားမြေးများဟု အခေါ်ခံရ​နိုင်စေခြင်းငှာ​လည်းကောင်း၊ နီဖိုင်း​အမျိုးသားများဟု​ခေါ်သူများ၌ ရေတွက်​ခံရနိုင်​စေခြင်းငှာ​လည်းကောင်း သူတို့​အပေါ်၌ နီဖိုင်း၏​နာမကို ခံယူ​ကြ၏။

၁၃ ယခုမူကား၊ ဇရဟင်မလ၏​လူခပ်သိမ်းတို့သည် နီဖိုင်း​အမျိုးသားတို့နှင့်​အတူ ရေတွက်​ခံရ၍၊ ဤသို့​ဖြစ်ရသည်မှာ၊ နိုင်ငံကို နီဖိုင်း၏​အမျိုး​အနွယ်​ဖြစ်သူများ​မှတစ်ပါး၊ အဘယ်သူ့ကိုမျှ၊ အပ်နှင်းလေသည်​မဟုတ်သော​ကြောင့်ပင်တည်း။

၁၄ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မောဇိယသည် လူတို့ကို ပြောဆိုခြင်းနှင့် ဖတ်ခြင်းကို လက်​စသတ်ပြီးလျှင်၊ အယ်လမာကိုလည်း လူတို့ကို ဟောပြောစေရန် အလို​ရှိ၏။

၁၅ အယ်လမာ​သည်လည်း သူတို့ကို ဟောပြော၏။ ကြီးမားသော​အုပ်စုများ​အဖြစ်၊ သူတို့​အတူတကွ​စည်းဝေးကြသော​အခါ၊ သူသည် အုပ်စု​တစ်ခုမှ တခြားတစ်ခု​သို့သွား၍၊ လူတို့အား နောင်တရခြင်းနှင့် ကိုယ်တော်ရှင်​အပေါ်​ယုံကြည်ခြင်းတို့ကို ဟောပြော​လျက်ရှိ၏။

၁၆ သူသည် လင်မဟိ၏​လူများနှင့် မိမိညီအစ်ကိုများ၊ ကျွန်ခံရာမှ ကယ်လွှတ်ခြင်းကို ခံရလေသော​သူခပ်သိမ်းတို့အား၊ သူတို့ကို ကယ်လွှတ်သော​သူမှာ၊ ကိုယ်တော်ရှင်​ဖြစ်တော်မူ​သည်ကို သတိရ​ကြရမည့်​အကြောင်း တိုက်တွန်း၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် လူတို့အား များစွာသော​အရာများကို သွန်သင်​ပေး၍၊ ပြောဆိုခြင်းကို လက်​စသတ်လေပြီးနောက်၊ လင်မဟိ​မင်းကြီးသည် ဗတ္တိဇံ​ခံနိုင်ရန် အလို​ရှိ၏။ သူ၏​လူခပ်သိမ်းတို့​သည်လည်း၊ ဗတ္တိဇံ​ခံနိုင်ရန် အလို​ရှိကြ​လေ၏။

၁၈ ထို့ကြောင့်၊ အယ်လမာသည် ရေထဲသို့သွား၍ သူတို့ကို ဗတ္တိဇံ​ပေး၏။ အထူးသဖြင့်၊ သူသည် မော်မုန်​ရေများ၌ သူ၏​ညီအစ်ကိုများကို ပြုခဲ့စဉ်က​အတိုင်း သူတို့ကို ဗတ္တိဇံ​ပေး၏။ ထိုမှတစ်ပါး၊ သူဗတ္တိဇံ​ပေးခဲ့သော​သူမှန်သမျှသည် ဘုရားသခင်၏​အသင်းတော်နှင့် ဆိုင်သောသူများ ဖြစ်၍၊ ဤသို့​ဖြစ်​ရသည်မှာ အယ်လမာ၏​စကားများ​အပေါ်၌ သူတို့၏ ယုံကြည်မှုကြောင့်​ပေတည်း။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယ​မင်းကြီးသည် အယ်လမာအား၊ ဇရဟင်မလပြည်​တစ်လျှောက်လုံး၌ အသင်းတော်များကို တည်ထောင်ရန် အခွင့်​ပေး၏။ အသင်းတော်တိုင်း၌ ယဇ်ပုရောဟိတ်များနှင့် ဆရာများခန့်ထားနိုင်ခွင့်ကိုလည်း သူ့ကိုပေး၏။

၂၀ ယခုတွင်၊ ဤအမှုကို ပြုလေသည်မှာ၊ များစွာသော​လူတို့ရှိ၍၊ သူတို့​အားလုံးကို ဆရာ​တစ်ဦး​တည်းဖြင့် အုပ်ချုပ်နိုင်ခြင်း​မရှိသောကြောင့်​ဖြစ်၏။ သူတို့​အားလုံးသည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို အစည်းအဝေး​တစ်ခု​တည်း၌ ကြားနာနိုင်ခြင်း​လည်း​မရှိ။

၂၁ ထို့ကြောင့်၊ သူတို့သည် ခြားနားသော​အုပ်စုများ၌ သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေး၍၊ အသင်းတော်များဟု ခေါ်ကြ၏။ အသင်းတော်​တိုင်းသည် ၎င်းတို့၏​ယဇ်ပုရောဟိတ်များနှင့် ၎င်းတို့၏​ဆရာများ​ရှိ၍၊ ယဇ်ပုရောဟိတ်တိုင်းသည် မိမိကို အယ်လမာ၏ နှုတ်မှ​ဟောထားသည့်​အတိုင်း နှုတ်ကပတ်တော်ကို ဟောပြောလျက်​ရှိကြ၏။

၂၂ ထိုကဲ့သို့​အားဖြင့်၊ များစွာသော​အသင်းတော်များ​ရှိသော်ငြားလည်း၊ ၎င်းတို့​အားလုံးသည် အသင်းတော်​တစ်ခုတည်း၊ အထူးသဖြင့်၊ ဘုရားသခင်၏​အသင်းတော်ပင်​ဖြစ်၏။ အကြောင်းမူကား၊ ခပ်သိမ်းသော​အသင်းတော်တို့၌ နောင်တရခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ မှတစ်ပါး၊ အဘယ်​အရာကိုမျှ မဟော​ပြောကြ။

၂၃ ယခုမူကား၊ ဇရဟင်မလပြည်၌ အသင်းတော်​ခုနစ်ခု​ရှိလေ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ခရစ်တော်၏​သို့မဟုတ်၊ ဘုရားသခင်၏​နာမတော်ကို မိမိတို့​အပေါ်၌ ခံယူရန် အလို​ရှိသော​သူမှန်သမျှသည် ဘုရားသခင်၏​အသင်းတော်များသို့ ဝင်ကြ၏။

၂၄ သူတို့ကိုလည်း ဘုရားသခင်၏​လူမျိုးများဟု ခေါ်လေ၏။ ကိုယ်တော်ရှင်ကလည်း သူ၏​ဝိညာဉ်တော်ကို သူတို့​အပေါ် သွန်းလောင်း​တော်မူ၍၊ သူတို့သည် ကောင်းချီး​ခံစားရ၍၊ ထိုပြည်၌ အောင်မြင်​ကြ၏။