ကျမ်းစာများ
မောဇိယ ၁၄


အခန်းကြီး ၁၄

ဟေရှာယသည် မေရှိယ​အကြောင်းကို ပြော၏—မေရှိယ၏​နှိမ့်ချခြင်းနှင့် ဒုက္ခ​ဝေဒနာ​ခံစား​ရခြင်းများကို ဖော်ပြ​ထား၏—သူသည် အပြစ်​အတွက် မိမိ​အသက်ကို ပူဇော်​သက္ကာ​အဖြစ်​ပြု၍၊ လွန်ကျူးသော​သူများ​အတွက် တောင်းပန်ခြင်းကို ပြု၏—ဟေရှာယအခန်းကြီး ၅၃ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၁၄၈ ခန့်။

ထိုမှတစ်ပါး၊ ငါတို့​ဟောပြောသော သတင်း​စကားကို အဘယ်​သူယုံသနည်း။ ကိုယ်တော်ရှင်၏​လက်ရုံးတော်ကို အဘယ်သူအား ဖော်ပြ​သနည်းဟု ဟေရှာယကပင် မဟော​လေသလော။

အကြောင်းမူကား၊ သူသည် အညွန့်ကဲ့သို့​လည်းကောင်း၊ ခြောက်သွေ့သော မြေ၌​ပေါက်သော​အမြစ်​ကဲ့သို့​လည်းကောင်း၊ ရှေ့တော်၌ အောင်မြင်၏။ သူ့တွင် ပမာဏ​ပြုစရာ အဆင်း​လှခြင်း​မရှိ။ သူ့ကို ငါတို့​မြင်ရသော​အခါ၊ နှစ်လို​ဖွယ်သော​တင့်တယ်ခြင်း မရှိ။

သူသည် လူသားတို့၏ မထီမဲ့​မြင်ပြုခြင်းနှင့် ငြင်းပယ်ခြင်းကို​ခံရ၏။ ဝမ်းနည်းခြင်းများ​ရှိသော​လူဖြစ်၍၊ ဝမ်းနည်း​ပူဆွေးခြင်းနှင့် ကျွမ်းဝင်၏။ ငါတို့သည် သူ့ကို မျက်နှာ​လွှဲသကဲ့သို့၊ သူသည် မထီမဲ့​မြင်ပြုခြင်းကို​ခံရလျက်၊ ငါတို့သည် သူ့ကို ရိုသေခြင်း​မရှိကြ။

သူသည် ငါတို့၏ ဝမ်းနည်း​ပူဆွေးမှုများကို ဧကန်​အမှန်​ခံယူ၍၊ ငါတို့၏​ဝမ်းနည်းခြင်းများကို ဆောင်ယူ​သွားခဲ့လေ၏။ သူ့အား ဆုံးမ​တော်မူခြင်းကို​လည်းကောင်း၊ ဘုရားသခင်၏ ဒဏ်ခတ်​တော်မူခြင်းကို​လည်းကောင်း ခံရပြီး၊ ညှဉ်းဆဲခြင်း​ခံရ၏ဟု ငါတို့​ထင်မှတ်ကြ၏။

သို့ရာတွင်၊ ငါတို့၏​လွန်ကျူးခြင်း​များကြောင့်၊ သူသည် နာခဲ့၏။ ငါတို့၏​ဒုစရိုက်​များကြောင့်၊ သူဒဏ်​ရာရခဲ့၏။ ငါတို့၏​ငြိမ်းချမ်းခြင်း​ချမ်းသာကို​ဖြစ်စေသော​ဆုံးမခြင်းသည် သူ့အပေါ်သို့​ရောက်၍၊ သူခံရသော​ဒဏ်ချက်အားဖြင့် ငါတို့သည် အနာ​ပျောက်လျက်​ရှိကြ၏။

ငါတို့​ရှိသမျှသည် သိုးကဲ့သို့​လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး​လိုက်သွား​ကြသည်​ဖြစ်၍၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော​ငါတို့၏ ဒုစရိုက်များကို သူ့အပေါ်၌​တင်တော်မူ၏။

သူသည် ညှဉ်းပန်း​နှိပ်စက်ခံရ၏၊ ထို့အတူ ညှဉ်းဆဲ​ခံရ၍၊ နှုတ်ကို မဖွင့်ဘဲ​နေ၏။ အသေ​သတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို​ဆောင်သွား၍၊ သိုးသည် မိမိ​အမွေးညှပ်သော​သူရှေ့မှာ မမြည်ဘဲ​နေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ​နေ၏။

သူ့ကို ထောင်မှ​လည်းကောင်း၊ တရား​စီရင်ရာမှ​လည်းကောင်း ထုတ်သွား​ကြ၏။ အသက်​ရှင်သော​သူတို့၏​နေရာမှ သူ့ကို သုတ်သင်​ပယ်ရှင်းသည်​ဖြစ်၍၊ သူ၏​မျိုးဆက်ကို အဘယ်သူ ပြညွှန်​မည်နည်း။ ငါ့လူမျိုးတို့၏ လွန်ကျူးခြင်းများကြောင့်၊ ဒဏ်ခတ်​တော်မူခြင်းကို သူခံလေ၏။

သူသည် မကောင်းမှုကို မပြု၊ သူ၏​နှုတ်၌ မုသား​တစ်စုံ​တစ်ခုမျှ မရှိ​သော်လည်း၊ သေသော​အခါ၌ ဆိုးညစ်သော​သူ၊ သူဌေးတို့နှင့်​အတူ မြေမြှုပ်ခြင်းကို ခံ၏။

၁၀ သို့သော်လည်း သူ့ကို​အနာတရ​ဖြစ်စေခြင်းက ကိုယ်တော်ရှင်ကို နှစ်သက်စေ၍၊ သူ့ကို ဝမ်းနည်း​ပူဆွေးစေ၏။ သူသည် အပြစ်​အတွက် သူ၏​အသက်ကို ပူဇော်​သက္ကာ​အဖြစ်​ပြုပြီးမှ၊ သူ၏​အမျိုး​အနွယ်ကို မြင်ရလိမ့်မည်။ သူ၏​အသက်​တော်လည်း ရှည်လိမ့်မည်။ ကိုယ်တော်ရှင်၏ အကြံတော်​သည်လည်း၊ သူ၏​လက်၌ အောင်မြင်ခြင်းသို့ ရောက်လိမ့်မည်။

၁၁ သူသည် မိမိ​စိတ်ဝိညာဉ်​ခံရသော ဝေဒနာကို မြင်၍ ကျေနပ်​လိမ့်မည်။ ငါ၏​ဖြောင့်မတ်သော​ကျွန်သည် မိမိ​အသိပညာ​အားဖြင့်၊ များစွာသော​သူတို့ကို အပြစ်​ကင်းစေ၏။ အကြောင်းမူကား၊ ထိုသူတို့၏​ဒုစရိုက်များကို သူခံ​ယူပေ​လိမ့်မည်။

၁၂ ထို့ကြောင့်၊ ငါသည် သူ၏​အဖို့ကို အားကြီးသော​သူတို့နှင့် ခွဲဝေမည်။ သူသည် လည်း မိမိ​လက်ရ​ဥစ္စာကို အစွမ်း​သတ္တိရှိသော​သူတို့နှင့် ခွဲဝေလိမ့်မည်။ သူသည် မိမိအသက်ကို သေခြင်း၌ သွန်းသောကြောင့်၊ လွန်ကျူးသော​သူတို့နှင့် ရေတွက်​ဝင်ခြင်းသို့ ရောက်၏။ ထို့အတူ၊ သူသည် များစွာသော​သူတို့၏​အပြစ်များကို ခံယူ၍ လွန်ကျူးသော​သူတို့​အတွက် တောင်းပန်၏။