ကျမ်းစာများ
မောဇိယ ၂၉


အခန်းကြီး ၂၉

ရှင်ဘုရင်​နေရာ၌ တရား​သူကြီးများ ရွေးကောက်ခံရစေရန် မောဇိယက အဆို​ပြု၏—မဖြောင့်မတ်သော​မင်းတို့သည် မိမိတို့​လူများကို အပြစ်သို့ ပို့ဆောင်ကြ၏—အယ်လမာ​အငယ်သည် လူတို့၏​မဲဆန္ဒဖြင့် တရားသူ​ကြီးချုပ်​အဖြစ် ရွေးကောက်​ခံရ၏—သူသည် အသင်းတော်၌ ယဇ်ပုရောဟိတ်​မင်းလည်း​ဖြစ်၏—အယ်လမာ​အကြီးနှင့် မောဇိယ​သေ၏။ ဘီစီ ၉၂–၉၁ ခန့်။

ယခုတွင် မောဇိယသည် ဤအရာကို​ပြုလေပြီးလျှင်၊ အဘယ်သူသည် သူတို့၏​ရှင်ဘုရင်​ဖြစ်သင့်ကြောင်းနှင့်​စပ်လျဉ်း၍ သူတို့​ဆန္ဒကို သိလိုသဖြင့်၊ ထိုပြည်​တစ်လျှောက်လုံး​ရှိ ခပ်သိမ်းသောလူ​မျိုးတို့၌ သတင်း​လွှင့်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​မဲဆန္ဒ​ပေါ်လာ၍ ဆိုလေသည်ကား၊ ကိုယ်တော်၏သား အာရုန်ကို အကျွန်ုပ်တို့၏​ရှင်ဘုရင်နှင့် အကျွန်ုပ်တို့၏​အုပ်စိုးသူ​ဖြစ်စေရန် အကျွန်ုပ်တို့​အလို​ရှိကြ​ပါ၏။

ယခုတွင်၊ အာရုန်သည် နီဖိုင်းပြည်သို့ တက်သွား​ခဲ့လေ၏။ ထို့ကြောင့်၊ မင်းကြီးသည် နိုင်ငံကို သူ့ထံသို့ မအပ်နှင်း​နိုင်ပေ။ အာရုန်ကလည်း နိုင်ငံကို ခံယူလိမ့်မည်​မဟုတ်။ မောဇိယ၏​သားတို့မှလည်း နိုင်ငံကို ခံယူရန် အဘယ်သူမျှ​လိုလိုလားလား​မရှိကြ။

ထို့ကြောင့်၊ မောဇိယ​မင်းကြီးသည် လူတို့၌ တစ်ဖန်​သတင်း​လွှင့်၏။ အထူးသဖြင့်၊ ရေးထားသော​စကားကိုပင် လူတို့ထံ သူစေလွှတ်၏။ ရေးထားလေသော ဤစကားများ​သည်ကား၊

ရှုလော့၊ အို အသင် ငါ၏​လူများ သို့မဟုတ်၊ ငါ၏​ညီအစ်ကို​များဟုပင်၊ ငါမှတ်​ယူသောကြောင့်၊ ဆင်ခြင်​စေခြင်းငှာ သင်တို့​အခေါ်​ခံရသည့်​အကြောင်းရင်းကို သင်တို့​ဆင်ခြင်စေရန် ငါအလို​ရှိ၏—အကြောင်းမူကား၊ သင်တို့သည် ရှင်ဘုရင်​တစ်ပါး​ရှိစေရန် အလို​ရှိကြ၏။

ယခုတွင်၊ သင်တို့အား ငါကြေညာ​သည်မှာ၊ နိုင်ငံကို မှန်ကန်စွာ​ပိုင်ဆိုင်သည့်​သူသည် ငြင်းပယ်၍၊ သူ့အပေါ်၌ နိုင်ငံကို ခံယူ​လိမ့်မည်​မဟုတ်။

ယခုမူကား၊ သူ၏​နေရာ၌၊ တခြားသော​သူကို ခန့်အပ်လျှင်၊ ရှုလော့၊ သင်တို့၌ ရန်တွေ့ခြင်းများ ဖြစ်ပေါ်​လာလိမ့်မည်ကို ငါ​စိုးရိမ်မိ၏။ နိုင်ငံကို ပိုင်ဆိုင်သည့် ငါ့သားသည် အမျက်​ထွက်ကောင်း ထွက်လာပြီး၊ ဤလူတို့မှ တစ်ချို့သော​သူများကို သူ့နောက်သို့ သွေးဆောင်၍​ခေါ်ဆောင်​သွားမည့်​အဖြစ်က အသွေး​သွန်းလောင်းခြင်းများစွာနှင့်၊ ကိုယ်တော်ရှင်၏ လမ်းစဉ်များကို မှောက်လှန်ခြင်း၊ ထိုမှတစ်ပါး၊ လူများစွာတို့၏​အသက်ကို ဖျက်ဆီးခြင်း၏ အကြောင်းရင်း​ဖြစ်သည့် စစ်တိုက်ခြင်း​များနှင့် ရန်တွေ့ခြင်းများကို သင်တို့၌ ဖြစ်စေ​လိမ့်မည်။

ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ငါတို့သည် ဉာဏ်ပညာရှိ၍ ဤအရာတို့ကို ဆင်ခြင်​ကြကုန်အံ့။ အကြောင်းမူကား၊ ငါ့သားကို ဖျက်ဆီးရန် ငါတို့၌ အခွင့်​အရေး​မရှိ။ တခြား​တစ်ယောက်ကို သူ့နေရာ၌ ခန့်အပ်​ထားလျှင်လည်း၊ ထိုသူကို ဖျက်ဆီးရန် တစ်စုံ​တစ်ခုသော​အခွင့်​အရေး ငါတို့၌​မရှိ။

ငါ့သားသည် သူ၏​မာနနှင့် အချည်းနှီးသော​အရာများ​ဘက်သို့ တစ်ဖန်​ပြန်လှည့်၍၊ သူပြော​ထားလေသည့်​အရာများကို ပြန်ပြီး​ရုပ်သိမ်းလျက်၊ နိုင်ငံကို​ပိုင်ရသော သူ့အခွင့်​အရေးကို တောင်းဆိုမည်​ဆိုလျှင်လည်း၊ ထိုအမှုက သူနှင့် ဤလူတို့ကိုလည်း၊ များစွာသော​အပြစ်တို့ကို ကျူးလွန်​စေလိမ့်မည်။

၁၀ ယခုမူကား၊ ငါတို့သည် ဉာဏ်ပညာရှိ၍၊ ဤအရာများကို မျှော်လင့်၍၊ ဤလူတို့၏​ငြိမ်းချမ်းခြင်းကို ဖြစ်စေမည့်​အရာကို ပြုကြ​ကုန်အံ့။

၁၁ ထို့ကြောင့်၊ ငါ့အသက်​တာ၏​ကျန်ကြွင်းချိန်၌ ငါသည်​သင်တို့၏ ရှင်ဘုရင်​ဖြစ်ပေမည်။ သို့သော်လည်း၊ ငါတို့၏​ဥပဒေ​အတိုင်း၊ ဤလူတို့ကို တရား​စီရင်စေရန် တရားသူ​ကြီးများကို ငါတို့​ခန့်အပ်​ကြကုန်အံ့။ ငါတို့သည် ဤလူတို့၏​အမှုများကို နည်းလမ်း​အသစ်ဖြင့် စီစဉ်​ကြမည်။ အကြောင်းမူကား၊ ဤလူတို့ကို ဘုရားသခင်၏​ပညတ်တော်များ​အတိုင်း တရား​စီရင်ကြမည့် ဉာဏ်ပညာ​ရှိသော​သူတို့ကို တရားသူ​ကြီးများ​အဖြစ် ငါတို့​ခန့်အပ်​ကြမည်။

၁၂ ယခုတွင်၊ လူသည် လူအားဖြင့်​တရားစီရင်​ခံရသည်ထက် ဘုရားသခင်​အားဖြင့် တရားစီရင်​ခံရသည်မှာ၊ သာ၍ ကောင်း၏။ အကြောင်းမူကား၊ ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းများသည် အစဉ်​အမြဲ​တရားမျှ​တ၏။ သို့ရာတွင် လူ၏​တရား​စီရင်ခြင်းများမှာ အစဉ်​အမြဲ​တရား​မမျှတ။

၁၃ ထို့ကြောင့်၊ ဘုရားသခင်၏​ပညတ်တရားတို့ကို တည်ထောင်၍၊ ဤလူတို့အား သူ၏​ပညတ်တော်များ​အတိုင်း တရားစီရင်မည့် ဖြောင့်မတ်သော​သူတို့ကို သင်တို့၏​ရှင်ဘုရင်များ​အဖြစ် သင်တို့၌ရှိနိုင်လျှင်၊ ထိုမှတစ်ပါး၊ ဤလူတို့​အတွက် ငါ၏​အဘ​ဗင်္ယာမိန်​ပြုခဲ့​သကဲ့သို့ပင် ပြုကြမည့် ယောက်ျားများ သင်တို့၏​ရှင်ဘုရင်များ​ဖြစ်စေရန် သင်တို့၌ ရှိနိုင်လျှင်—ငါဆို​သည်ကား၊ ဤကဲ့သို့သော​အခြေ​အနေ​အစဉ်​အမြဲ​ရှိနိုင်လျှင်၊ သင်တို့ကို အုပ်စိုးခြင်းငှာ၊ ရှင်ဘုရင်များ​အစဉ်အမြဲ ရှိစေရန်​သင့်လျော်၏။

၁၄ ဘုရားသခင်၏​ပညတ်တော်များကို သင်တို့အား သွန်သင်​ပေးခြင်းငှာ၊ ထို့အတူ ပြည်​တစ်လျှောက်လုံး၌ ငြိမ်းချမ်းခြင်းကို တည်ထောင်ခြင်းငှာ ငါကိုယ်တိုင်ပင်၊ ငါ့၌​ရှိသည့် အလုံးစုံသော​အစွမ်း​သတ္တိနှင့် စွမ်းရည်တို့ဖြင့် အလုပ်လုပ်​လေသည်​မှာလည်း၊ စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ခိုးယူခြင်း၊ လုယက်ခြင်း၊ လူ့အသက်ကို​သတ်ခြင်းနှင့် ဒုစရိုက်​တစ်စုံ​တစ်ခုမျှ မရှိရ​စေကြောင်း​ပင်တည်း။

၁၅ ဒုစရိုက်ကို ကျူးလွန်လေ​သူ​အဘယ်သူ့ကို​မဆို၊ ကျူးလွန်လေသည့် ပြစ်မှု​အတိုင်း၊ ငါတို့​ဘိုးဘေးတို့မှ ငါတို့ကို ပေးထား​လေသော ဥပဒေ​အတိုင်း ထိုသူကို ငါ​အပြစ်​ဒဏ်ပေး​လေပြီ။

၁၆ ယခုတွင်၊ သင်တို့ကို ငါဆိုသည်ကား၊ ခပ်သိမ်းသော​လူတို့သည် မဖြောင့်မတ်သော​ကြောင့်၊ သင်တို့​အပေါ်​အုပ်စိုးစေရန် ရှင်ဘုရင်​တစ်ပါး သို့မဟုတ်၊ ရှင်ဘုရင်များ သင်တို့၌​ရှိရမည်မှာ မသင့်​လျော်ပေ။

၁၇ အကြောင်းမူကား၊ ရှုလော့၊ ဆိုးညစ်သော ရှင်ဘုရင်​တစ်ပါးက ကျူးလွန်​စေသော ဒုစရိုက်မှာ၊ ကြီးမားလှ​ပေစွတကား။ ထိုမှတစ်ပါး၊ ဖျက်ဆီးခြင်းမှာ၊ ကြီးမားလှ​ပေစွတကား။

၁၈ ထိုမှတစ်ပါး၊ နောဧမင်းကြီး၊ သူ၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၊ ထို့အတူ၊ သူ့လူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို အောက်မေ့​ကြလော့။ သူတို့​အပေါ် အဘယ်သို့သော ကြီးမားသည့်​ဖျက်ဆီးခြင်း ကျရောက်​လာခဲ့​လေသည်ကို ကြည့်ရှု​ဆင်ခြင်လော့။ ထို့အတူ၊ သူတို့၏​ဒုစရိုက်များ​ကြောင့်လည်း၊ သူတို့သည် ကျွန်ပြုခြင်းသို့ ဆောင်ယူ​ခံရကြ၏။

၁၉ သူတို့၏​ရိုးသားသော နောင်တရခြင်းကြောင့်၊ အရာ​မှန်သမျှကို သိတော်မူသည့် သူတို့၏​ဖန်ဆင်းရှင်၏ ကြားဝင်​စေ့စပ်​ပေးတော်မူခြင်း​အားဖြင့် မဟုတ်လေလျှင်၊ သူတို့သည် ကျွန်ခံရာ၌ ယခု​တိုင်အောင်၊ ရှောင်လွှဲ၍​မရဘဲ ဆက်၍​ရှိနေ​ရပေမည်။

၂၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် ရှေ့တော်၌ သူတို့​ကိုယ်ကို နှိမ့်ချသောကြောင့် သူကယ်လွှတ်​တော်မူ၏။ သူ့ထံသို့ စိတ်အား​ထက်သန်စွာ​တောင်းလျှောက်​ကြသောကြောင့်လည်း သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူ၏။ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်သည် လူသားတို့၌ ခပ်သိမ်းသော​အခြေ​အနေများတွင်၊ သူ၏​တန်ခိုးတော်ဖြင့် ပြုတော်မူပြီး၊ သူ့ကို ကိုးစားသော​သူများဆီသို့ ကရုဏာ​လက်ရုံးတော်ကို ဆန့်လျက်​ရှိ၏။

၂၁ ရှုဦးလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဆိုးယုတ်သော​ရှင်ဘုရင်ကို တိုက်ခိုက်ခြင်း​များစွာနှင့် အသွေး​သွန်းလောင်းခြင်း​များစွာတို့​အားဖြင့်​မှတစ်ပါး၊ နန်း​မချနိုင်ကြ။

၂၂ အကြောင်းမူကား၊ ရှုလော့၊ သူ့၌ ဒုစရိုက်​ပြုဘက်​အဆွေ​ခင်ပွန်းများ​ရှိပြီး၊ သူ့အနီး၌ အစောင့်များ​ချထား၏။ သူသည် သူ့အရင်က ဖြောင့်မတ်ခြင်းဖြင့် အုပ်စိုး​ခဲ့ကြသော​သူတို့၏ ဥပဒေများကိုလည်း ပယ်ဖျက်၏။ ဘုရားသခင်၏​ပညတ်တော်​များကိုလည်း ခြေဖြင့် နင်း၏။

၂၃ သူသည် ဥပဒေများ၊ အထူးသဖြင့်၊ သူကိုယ်တိုင်၏​ဆိုးညစ်ခြင်းများ​အတိုင်း​ရှိသော ဥပဒေများကို ပြဌာန်း​သတ်မှတ်ပြီး၊ သူ၏​လူများ၌ ထုတ်​ပြန်၏။ သူ၏​ဥပဒေများကို မနာခံသူ​မှန်သမျှကိုလည်း ပျက်စီး​စေ၏။ သူ့ကို ဆန့်ကျင်၍ ပုန်ကန်သူ​မှန်သမျှကို၊ ဆန့်ကျင်၍၊ စစ်တိုက်ခြင်းငှာ သူ၏​စစ်တပ်များကို စေလွှတ်​လိမ့်မည်​ဖြစ်ပြီး၊ တတ်နိုင်လျှင်၊ ထိုသူတို့ကို ဖျက်ဆီး​လိမ့်မည်။ ထိုကဲ့သို့​အားဖြင့်၊ မဖြောင့်မတ်သော​ရှင်ဘုရင်သည် အလုံးစုံသော​ဖြောင့်မတ်ခြင်း​လမ်းများကို မှောက်​လှန်၏။

၂၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ထိုကဲ့သို့သော စက်ဆုပ်​ရွံရှာဖွယ်​အမှုများ သင်တို့​အပေါ်​ကျရောက်​ရမည်မှာ မသင့်​လျော်ပေ။

၂၅ ထို့ကြောင့်၊ သင်တို့အား ငါတို့​ဘိုးဘေးတို့​ပေးထား​လေသည့် ဥပဒေ​တည်း​ဟူသော၊ ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် ပေးထား​တော်မူခဲ့သော မှန်ကန်သည့် ဥပဒေတို့​အတိုင်း တရား​စီရင်ခံရ​နိုင်ခြင်းငှာ၊ တရားသူ​ကြီးများကို လူတို့၏​မဲဆန္ဒ​အားဖြင့် သင်တို့​ရွေးချယ်​ကြလော့။

၂၆ ယခုတွင်၊ လူတို့၏​မဲဆန္ဒက မှန်သော​အရာနှင့် ဆန့်ကျင်သော​အဘယ်​အရာကို​မဆို အလို​ရှိခြင်းမှာ၊ အစဉ်​အလာ​မဟုတ်ပေ။ သို့ရာတွင်၊ လူနည်းစု​အတွက်​မူကား၊ မမှန်သော​အရာကို အလို​ရှိခြင်းမှာ၊ အစဉ်​အလာ​ဖြစ်၍​နေ၏။ ထို့ကြောင့်၊ ဤအရာကို သင်တို့​ကျင့်စောင့်လျက်၊ သင်တို့၏​ဥပဒေ​အဖြစ်​ပြုကြလော့—လူတို့၏​မဲဆန္ဒ​အားဖြင့် သင်တို့၏​အမှုအရေးကို စီရင်ခြင်း​ငှာပေတည်း။

၂၇ လူတို့၏​မဲဆန္ဒက ဒုစရိုက်ကို​ရွေးချယ်သည့်​အချိန်​ကျရောက်​လာလျှင်၊ ထို့နောက်တွင်ကား၊ ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းများ သင်တို့​အပေါ် ကျရောက်​လာမည့်​အချိန်​ဖြစ်၏။ ထိုမှတစ်ပါး၊ ယင်းနောက်တွင်၊ သူသည် ဤပြည်ကို ယခင်က​ဆုံးမ​တော်မူ​လေသကဲ့သို့ပင်၊ ကြီးစွာသော​ဖျက်ဆီးခြင်းဖြင့်၊ သင်တို့ကို ဆုံးမ​တော်မူ​လိမ့်မည့် အချိန်​ဖြစ်၏။

၂၈ ယခုမူကား၊ သင်တို့၌ တရားသူ​ကြီးများ​ရှိ၍၊ ပေးထား​လေခဲ့သော ဥပဒေ​အတိုင်း သင်တို့ကို တရား​မစီရင်လျှင်၊ ထိုသူတို့ကို အထက်​တရားသူကြီး​အားဖြင့် တရားစီရင်​ခံရစေရန် သင်တို့​ပြုနိုင်၏။

၂၉ သင်တို့၏​အထက်​တရား​သူကြီးများသည် ဖြောင့်မတ်သော​စီရင်ချက်များကို မစီရင်ကြလျှင်၊ သင်တို့၏​အောက်​တရား​သူကြီး​အနည်းငယ်ကို အတူတကွ​စုဝေး​စေရမည်။ ထိုသူတို့​သည်လည်း သင်တို့၏​အထက်​တရား​သူကြီးများကို လူတို့၏​မဲဆန္ဒ​အတိုင်း တရားစီရင်​ကြလိမ့်မည်။

၃၀ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းဖြင့်၊ ဤအရာတို့ကို ပြုရန်​ကိုလည်း သင်တို့ကို ငါမိန့်မှာ၏။ ဤအရာတို့ကို​ပြုစေခြင်းငှာ သင်တို့ကို ငါမိန့်မှာ​သည်ကား၊ သင်တို့၌ ရှင်ဘုရင်​မရှိ​ရစေကြောင်း၊ ဤလူတို့​အပြစ်နှင့်​ဒုစရိုက်များကို ကျူးလွန်​ကြလျှင်၊ ထို​အပြစ်​ဒုစရိုက်များ သူတို့၏​ဦးခေါင်း​ပေါ်သို့ ကျရောက်​စေကြောင်း​ပင်တည်း။

၃၁ အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ များစွာသော​လူတို့၏​အပြစ်များ​သည်ကား၊ သူတို့​ရှင်ဘုရင်များ၏​ဒုစရိုက်များကြောင့် ဖြစ်ရ​လေပြီ။ ထို့ကြောင့်၊ သူတို့၏​ဒုစရိုက်များသည် သူတို့​ရှင်ဘုရင်များ၏​ဦးခေါင်းပေါ်သို့ ကျရောက်​လေ၏။

၃၂ ယခုမူကား၊ ငါသည် ဤမမျှတခြင်းကို ဤမြေထဲ၌၊ အထူးသဖြင့် ဤငါ၏​လူတို့၌ မရှိ​တော့စေခြင်းငှာ အလို​ရှိ၏။ သို့ရာတွင် ငါသည် ဤပြည်ကို လွတ်လပ်ရာပြည်ဖြစ်စေ​ကြောင်း၊ ထို့အတူ ငါတို့​ထိုပြည်၌​နေထိုင်၍ အမွေ​ခံနိုင်စေခြင်းငှာ သင့်လျော်သည်ဟု ကိုယ်တော်ရှင်​ဆင်ခြင်​တော်မူ​သမျှ​ကာလ​ပတ်လုံး၊ ထိုမှတစ်ပါး၊ ငါတို့၏​သားစဉ်​မြေးဆက်မှ တစ်စုံ​တစ်ဦး ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ ဆက်၍​တည်ရှိ​နေသမျှ၊ လူသား​တိုင်းသည် မိမိအခွင့်အရေးများနှင့် အထူးအခွင့်​အရေးများကို ညီမျှစွာ​ခံစားနိုင်​စေကြောင်း အလို​ရှိ၏။

၃၃ ထို့အတူ၊ မောဇိယ​မင်းကြီးသည် သာ၍​များစွာသော​အရာတို့ကို သူတို့ထံ ရေးခဲ့ပြီး၊ ဖြောင့်မတ်သော​မင်းကြီး၏​ခပ်သိမ်းသော စုံစမ်း​ခံရခြင်းများနှင့် ဒုက္ခများ၊ ထိုမှတစ်ပါး၊ သူတို့၏​လူများ​အတွက် စိတ်ဝိညာဉ်၏​ခပ်သိမ်းသော​ဝေဒနာများ၊ ထို့အတူ၊ သူတို့၏​မင်းကြီး​ထံသို့ လူတို့၏​အလုံး​စုံသော​ညည်းညူ​အပြစ်​တင်ခြင်း​များကိုလည်း ဖွင့်ပြလျက်​ရှိ၏။ ထိုအရာ​အားလုံးတို့​ကိုလည်း သူတို့အား ရှင်း​ပြခဲ့၏။

၃၄ ဤအရာများ မဖြစ်​အပ်ကြောင်းကိုလည်း သူပြော​ပြ၏။ သို့ရာတွင်၊ လူတိုင်း မိမိ​တာဝန်ကို ဆောင်ရွက်​နိုင်စေခြင်းငှာ ထိုတာဝန်သည် ခပ်သိမ်းသော​လူတို့​အပေါ်သို့ ကျရောက်​ရပေမည်။

၃၅ မဖြောင့်မတ်သော​ရှင်ဘုရင်ကို သူတို့​အပေါ် အုပ်စိုး​စေရန် ထားရှိခြင်း​အားဖြင့်၊ သူတို့​ခံစားရမည့် ဆိုးကျိုး​မှန်သမျှ​ကိုလည်း ဖွင့်ပြ​ခဲ့သည်မှာ၊

၃၆ အထူးသဖြင့်၊ သူ၏​ခပ်သိမ်းသော ဒုစရိုက်များနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၊ ခပ်သိမ်းသော​စစ်တိုက်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ အသွေး​သွန်းလောင်းခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်း၊ မတရားသော​မေထုန်​အမှုများ​ပြုခြင်း၊ အမျိုးမျိုးသော​မရေတွက်နိုင်သည့် ဒုစရိုက်များ​ဖြစ်၍—ဤအရာတို့ မဖြစ်​အပ်ကြောင်းကို​လည်းကောင်း၊ ဘုရားသခင်၏​ပညတ်တော်များကို သူတို့​အတည့်​အလင်း ဆန့်ကျင်​လေသည်ကို​လည်းကောင်း ပြောပြလျက်​ရှိ၏။

၃၇ ယခုမူကား၊ မောဇိယ​မင်းကြီးက ဤအရာများကို လူတို့​ထံပို့​လွှတ်ပြီးနောက်တွင် သူ့စကားများ၏​မှန်ကန်ခြင်း​အကြောင်း နားသွင်းခြင်းကို သူတို့​ခံရကြ၏။

၃၈ ထို့ကြောင့်၊ သူတို့သည် ရှင်ဘုရင်​ထားရှိ​လိုသော အလို​ဆန္ဒများကို စွန့်လွှတ်၍၊ ထိုပြည်​တစ်လျှောက်လုံး၌၊ လူတိုင်း​တူညီသော​အခွင့်​အလမ်း ရှိရန် အလွန်​စိတ်ထက်​သန်​လာ၏။ ထိုမှတစ်ပါး၊ လူတိုင်း​မိမိ​ကိုယ်တိုင်၏ အပြစ်​များအတွက် တာဝန်​ယူရန် လိုလိုလားလား​ရှိခြင်းကို ပြကြ၏။

၃၉ ထို့ကြောင့်၊ အချိန်တန်​လာသော​အခါ၊ သူတို့သည် မိမိတို့ကို ပေးထားလေသော ဥပဒေ​အတိုင်း တရားစီရင်စေရန် အဘယ်သူ့ကို မိမိတို့၏​တရားသူ​ကြီးဖြစ်​သင့်ကြောင်းနှင့်​စပ်လျဉ်း၍၊ ဆန္ဒကို​ထုတ်ဖော်ပြခြင်းငှာ၊ ထိုပြည်​တစ်လျှောက်လုံး၌ အုပ်စုများ​အဖြစ် သူတို့ကိုယ်သူတို့ အတူတကွ​စည်းဝေးကြ၏။ မိမိတို့ကို ပေးထား​လေသော လွတ်လပ်ခြင်းကြောင့်လည်း လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်ကြ၏။

၄၀ သူတို့သည် မောဇိယကို ချစ်အားကြီး၍လည်း လာကြ၏။ ထိုမှတစ်ပါး၊ သူ့ကို အခြားသော​သူအားလုံး​ထက်ပို၍ ရိုသေကြ၏။ အကြောင်းမူကား၊ အမြတ်​ရရန်၊ အထူးသဖြင့်၊ စိတ်ဝိညာဉ်ကို ဖောက်ပြန်​စေသော​စီးပွားကို ရှာလျက်​ရှိသည့် မတရား​ဖိနှိပ်​ညှဉ်းပန်းသူ​တစ်ဦး​အဖြစ် သူ့ကို မမှတ်ယူကြ။ အကြောင်းမူကား၊ သူတို့ထံမှ စည်းစိမ်​ဥစ္စာများကို သူမတောင်းဆို၊ အသွေး​သွန်းလောင်းခြင်း၌လည်း မမွေ့လျော်။ သို့ရာတွင်၊ သူသည် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်ပြီး၊ သူ၏​လူများကို အမျိုးမျိုးသော​ကျွန်ခံရာမှ လွတ်မြောက်စေခြင်းငှာ အခွင့်​ပေးလေ၏။ ထို့ကြောင့်၊ သူ့ကို အမှန်စင်စစ်၊ အတိုင်း​ထက်​အလွန် လွန်စွာ​ရိုသေကြ၏။

၄၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​အပေါ်​အုပ်စိုး​စေခြင်းငှာ သို့မဟုတ်၊ သူတို့ကို ဥပဒေအတိုင်း တရားစီရင်​စေခြင်းငှာ တရားသူ​ကြီးများကို သူတို့​ခန့်အပ်​ကြ၏။ ဤအမှုကို ထိုပြည်​တစ်လျှောက်လုံး၌ ပြုကြ၏။

၄၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ပထမ​ဦးဆုံး​တရားသူ​ကြီးချုပ်အဖြစ်​ခန့်အပ်​ခံရ၏။ သူ့အဘက သူ့အား ထိုအမှု​အရာကို အပ်နှင်း​ထားလေသောကြောင့်၊ သူသည် ယဇ်ပုရောဟိတ်​မင်းလည်း​ဖြစ်သဖြင့်၊ အသင်းတော်၏​အမှု​အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍လည်း သူ့ကို တာဝန်​ပေးထား​လေ၏။

၄၃ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ကိုယ်တော်ရှင်၏​လမ်းစဉ်များသို့ လိုက်၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းလျက်၊ ဖြောင့်မတ်သော​စီရင်ချက်များကို စီရင်၏။ ထိုပြည်​တစ်လျှောက်၌လည်း၊ အဆက်​မပြတ်​ငြိမ်းချမ်းခြင်း ရှိလေ၏။

၄၄ ထိုကဲ့သို့​အားဖြင့်၊ ဇရဟင်မလ​ပြည်​တစ်လျှောက်လုံးတွင်၊ နီဖိုင်း​အမျိုးသားများဟု​ခေါ်သော လူတို့၌ တရားသူကြီးများ​အုပ်စိုးခြင်း စတင်ခဲ့၏။ အယ်လမာ​သည်လည်း ပထမ​ဦးဆုံး တရားသူ​ကြီးချုပ်​ဖြစ်လေ၏။

၄၅ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ သူ၏​အဘသည် ဘုရားသခင်၏​ပညတ်တော်များကို ပြီးပြည့်စုံ​စေရန် နေထိုင်လေပြီး၊ အသက်​ရှစ်ဆယ်နှစ်နှစ်​ရှိသော​အခါ၊ သေ၏။

၄၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့​ချိန်မှ စုစုပေါင်း ငါးရာကိုးနှစ်​ကြာလျှင်၊ မောဇိယ​သည်လည်း၊ နန်းစံနှစ်​သုံးဆယ်သုံးနှစ်၊ အသက်​ခြောက်ဆယ်သုံးနှစ်​ရှိသော​အခါ သေ၏။

၄၇ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်းလူမျိုးတို့​အပေါ် ရှင်ဘုရင်များ​နန်းစံခြင်း ပြီးဆုံးခဲ့၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏​အသင်းတော်ကို တည်ထောင်သူ​အယ်လမာ၏​ဘဝ ပြီးဆုံး​လေသတည်း။