ကျမ်းစာများ
မောဇိယ ၁၉


အခန်းကြီး ၁၉

ဂိဒေါင်သည် နောဧမင်းကြီးကို ကွပ်မျက်ရန် ကြိုးစား၏—လာမန်​အမျိုးသားတို့သည် ထိုပြည်ကို ဝင်ရောက်​တိုက်ခိုက်ကြ၏—နောဧမင်းကြီးသည် မီးဘေးဖြင့် သေခြင်းကို ခံစားရ၏—လင်မဟိသည် အခွန်​ပေးရသော​မင်းအဖြစ် နန်းစံ၏။ ဘီစီ ၁၄၅–၁၂၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီး၏​တပ်သည် ကိုယ်တော်ရှင်၏​လူတို့ကို ရှာဖွေရာ၌ အချည်းနှီး​ဖြစ်လျက် ပြန်လာ၏။

ယခုမူကား၊ ရှုလော့၊ မင်းကြီး၏အင်အားစုသည် လျော့နည်း၍ အနည်းငယ်သာ ကျန်ရှိပြီး၊ ကျန်ကြွင်းသောလူများ၌လည်း ကွဲပြားစပြုလေ၏။

အနည်းစုသည် မင်းကြီးကိုဆန့်ကျင်၍ ခြိမ်းခြောက်ခြင်းဖြင့် ပြင်းစွာပြောဆိုသဖြင့် သူတို့၌ ကြီးစွာသောတိုက်ခိုက်ခြင်း အစပြုလေ၏။

ယခုမူကား၊ သူတို့၌ ဂိဒေါင်အမည်ရှိသူတစ်ဦးရှိ၍၊ သူသည် အားကြီးသောသူဖြစ်၏၊ မင်းကြီး၏ရန်သူလည်းဖြစ်၏။ ထို့ကြောင့်၊ သူသည် ဓားကိုဆွဲ၍ မင်းကြီးကို ကွပ်မျက်မည့်အကြောင်း၊ အမျက်ထွက်၍ ကျိန်ဆို၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မင်းကြီးကို​တိုက်၏။ မင်းကြီး​သည်လည်း မိမိအား ထိုသူနိုင်တော့မည်ကို သိမြင်လျှင်၊ ထွက်ပြေး၍ ဗိမာန်တော်​အနီး​ရှိလင့်စင်​ပေါ်သို့ တက်၏။

ဂိဒေါင်သည်လည်း နောက်ကလိုက်၍၊ မင်းကြီးကို ကွပ်မျက်ရန် လင့်စင်ပေါ်သို့ တက်တော့မည် အပြုတွင်၊ မင်းကြီးသည် ရှေမလုန်ပြည်ရှိရာအရပ်သို့ မျှော်ကြည့်လျှင်၊ လာမန်အမျိုးသားတို့၏ တပ်မှာ ထိုပြည်၏ နယ်နိမိတ်အတွင်း၌ရှိလေသည်ကို မြင်၏။

ယခုမူကား၊ မင်းကြီးသည် သူ့စိတ်ဝိညာဉ်၏ ပြင်းစွာသော​ဝေဒနာဖြင့်၊ ဂိဒေါင်၊ ငါ့ကို ချမ်းသာ​ပေးပါ၊ လာမန်​အမျိုးသားတို့သည် ငါတို့ကို တိုက်ခိုက်​လာ၍၊ ငါတို့ကို ဖျက်ဆီး​ကြလိမ့်မည်။ ထိုမှတစ်ပါး၊ ငါ၏​လူတို့ကို ဖျက်ဆီးကြ​လိမ့်မည်ဟု ဆို၏။

ယခုမူကား၊ မင်းကြီးသည် သူ့အသက်​အတွက် ပူပန်​သလောက် သူ့လူများ​အတွက် လွန်စွာ​ပူပန်ခြင်း​မဟုတ်။ သို့သော်လည်း၊ ဂိဒေါင်သည် သူ့အသက်ကို ချမ်းသာ​ပေး၏။

မင်းကြီးကလည်း သူ၏​လူတို့အား လာမန်​အမျိုးသားတို့ရှေ့မှ ထွက်ပြေး​သွားရန် အမိန့်​ပေး၍၊ သူကိုယ်တိုင်လည်း ထိုသူတို့ရှေ့မှ သွား၏။ သူတို့သည် မိမိတို့​မိန်းမများနှင့် သားသမီးများနှင့်​အတူ တောရိုင်းထဲသို့ ထွက်ပြေး​သွားကြ၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် ထိုသူတို့​ကို လိုက်၍၊ အနိုင်ရလျက် ကွပ်မျက်​စပြုကြ၏။

၁၁ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ယောက်ျား​ခပ်သိမ်းတို့သည် မိမိတို့​ဇနီးများနှင့် မိမိတို့​သားသမီးများကို ချန်ထား၍၊ လာမန်​အမျိုးသားတို့၏ရှေ့မှ ထွက်ပြေးရမည့်​အကြောင်း၊ မင်းကြီး​အမိန့်​ပေး၏။

၁၂ ယခုတွင်၊ များစွာသော​သူတို့မှာ ချန်မထားလိုဘဲ၊ သူတို့နှင့် ဆက်နေပြီး ပျက်စီးခြင်းငှာ ပို၍​အလို​ရှိကြ၏။ ကြွင်းသော​သူတို့သည်ကား၊ မိမိတို့၏​ဇနီးများနှင့် သားသမီးများကို ချန်ထား၍ ထွက်​ပြေးကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဇနီးများ၊ သားသမီးများနှင့် နေရစ်ခဲ့​ကြသော​သူတို့သည် လာမန်အမျိုးသားများ သူတို့ကို မကွပ်မျက်စေခြင်းငှာ မိမိတို့၏​ချောမောသော​သမီးများကို ရှေ့သို့​ထွက်၍​တောင်းပန်​စေ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့​မိန်းမများ၏​အလှနှင့် ဆွဲဆောင်ခြင်း​ခံရ၍၊ သူတို့ကို သနား​ကြလေ၏။

၁၅ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့သည် ထိုသူတို့ကို အသက်​ချမ်းသာ​ပေး၏၊ ဖမ်းဆီး​ချုပ်နှောင်​သွားပြီး၊ နီဖိုင်းပြည်သို့ ပြန်၍ ခေါ်ဆောင်၏၊ နောဧမင်းကြီးကို လာမန်​အမျိုးသားတို့၏​လက်သို့ သူတို့​ပေးအပ်​ပါမည်၊ သူတို့၏​ဥစ္စာပစ္စည်းများ၊ သူတို့​ပိုင်ဆိုင်သမျှ၏ တစ်ဝက်၊ သူတို့၏ရွှေ၊ သူတို့၏​ငွေနှင့် သူတို့၏ အဖိုး​ထိုက်သည့်​အရာ​မှန်သမျှ၏​တစ်ဝက်ကို ပေးအပ်ပါမည်၊ ထိုကဲ့သို့​အားဖြင့် လာမန်​အမျိုးသားတို့၏​ရှင်ဘုရင်ကို နှစ်စဉ်နှစ်တိုင်း အခွန်​ပေးရမည်​ဟူသော ပြဌာန်းချက်များနှင့် ထိုပြည်ကို ပိုင်ဆိုင်ရန် သူတို့ကို အခွင့်​ပေး၏။

၁၆ ယခုမူကား၊ ဖမ်းဆီး​ချုပ်နှောင်​သွားခြင်း​ခံရလေသော​သူများထဲတွင်၊ မင်းကြီး၏​သားများထဲမှ တစ်ဦး​ရှိလေ၏၊ ထိုသူ၏​အမည်မှာ လင်မဟိ​ဖြစ်၏။

၁၇ ယခုမူကား၊ လင်မဟိသည် သူ့အဘကို မပျက်စီး​စေလိုပေ။ သို့သော်လည်း၊ လင်မဟိသည် သူကိုယ်တိုင် ဖြောင့်မတ်သော​သူတစ်ယောက်​ဖြစ်၍ သူ့အဘ၏​ဒုစရိုက်များကို မသိဘဲ​မရှိ။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဂိဒေါင်သည် မင်းကြီး​အပါအဝင် သူနှင့်​အတူ​ရှိလေသူများကို ရှာဖွေခြင်းငှာ လူများကို တောရိုင်းထဲသို့ တိတ်ဆိတ်စွာ စေလွှတ်၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးနှင့် သူ၏​ယဇ်ပုရောဟိတ်များ​မှတစ်ပါး၊ ခပ်သိမ်းသောသူတို့ကို တောရိုင်းထဲ၌ တွေ့ကြ၏။

၁၉ ယခုတွင်၊ သူတို့​စိတ်နှလုံး၌ ကျိန်ဆိုကြ​သည်ကား၊ သူတို့သည် နီဖိုင်းပြည်သို့​ပြန်သွား​ကြမည်။ သူတို့​ဇနီးများနှင့် သားသမီးများ၊ ထို့အတူ၊ သူတို့နှင့်​အတူ​နေရစ်သော​သူများ ကွပ်မျက်​ခံရလျှင်၊ လက်တုံ့​ပြန်ခြင်းငှာ ကြိုးစား၍ ထိုသူတို့နှင့်​အတူပျက်စီး​ကြမည်ဟု ဖြစ်လေ​သတည်း။

၂၀ မင်းကြီးကလည်း၊ သူတို့ကို ပြန်​မသွားရန် အမိန့်​ပေး၏။ သူတို့သည်လည်း မင်းကြီးကို အမျက်​ထွက်၍ မီးဘေးဖြင့်​သေသည့်​တိုင်အောင်ပင် ခံစား​စေ၏။

၂၁ သူတို့သည် ယဇ်ပုရောဟိတ်များကိုလည်း ဖမ်း၍ သတ်တော့မည်​ပြုသဖြင့်၊ သူတို့ရှေ့မှ ထွက်​ပြေးကြ​လေ၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်းပြည်သို့ ပြန်သွား​ကြတော့မည်​ပြုလျှင်၊ ဂိဒေါင်၏​လူများနှင့် တွေ့၏။ ဂိဒေါင်၏​လူများကလည်း၊ သူတို့၏​ဇနီးများနှင့် သားသမီးတို့ ၌ ပေါ်ပေါက်သမျှကို​လည်းကောင်း၊ လာမန်​အမျိုးသားတို့အား သူတို့​ပိုင်ဆိုင်သမျှ၏​တစ်ဝက်ကို အခွန်​ပေးခြင်း​အားဖြင့်၊ သူတို့အား ထိုပြည်ကို ပိုင်ဆိုင်နိုင်ရန် လာမန်​အမျိုးသားတို့က အခွင့်​ပေးလေကြောင်းကို​လည်းကောင်း ပြော​ပြကြ၏။

၂၃ လူတို့ကလည်း မိမိတို့သည် မင်းကြီးကို ကွပ်မျက်လေ၍ သူ၏​ယဇ်ပုရောဟိတ်တို့သည် မိမိတို့ထံမှ ပို၍​ဝေးသော​တောရိုင်းထဲသို့ ထွက်ပြေးကြ​ကြောင်းကို ဂိဒေါင်၏​လူတို့အား ပြော​ပြကြ၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် တွေ့ဆုံပွဲ​ပြီးဆုံးလေသည့်​နောက်တွင်၊ နီဖိုင်းပြည်သို့ ပြန်သွားကြပြီး၊ မိမိတို့၏​ဇနီးများနှင့် သားသမီးများ​ကွပ်မျက်​မခံရသောကြောင့်၊ ရွှင်လန်း​ဝမ်းမြောက်လျက်၊ မင်းကြီးကို သူတို့​ပြုလေသည့်​အရာကို ဂိဒေါင်အား ပြော​ပြကြ၏။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​မင်းကြီးသည် မိမိလူများ သူတို့ကို မကွပ်မျက်မည့်​အကြောင်း၊ ကျိန်ဆိုခြင်းကို ပြု၏။

၂၆ လင်မဟိသည်လည်း မင်းကြီး၏​သားဖြစ်၍၊ လူတို့က နိုင်ငံကို သူ့အား အပ်နှင်း​ထားလေသောကြောင့်၊ လာမန်​အမျိုးသားတို့၏​မင်းကြီးအား မိမိလူတို့သည် သူတို့​ပိုင်ဆိုင်သမျှ၏ တစ်ဝက်ကိုပင် အခွန်​ပေးမည့်​အကြောင်း ကျိန်ဆိုခြင်းကို ပြု၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိသည် နိုင်ငံကို တည်ထောင်၍၊ သူ၏​လူတို့၌ ငြိမ်းချမ်းခြင်းကို တည်ထောင်​စပြု၏။

၂၈ လာမန်​အမျိုးသားတို့၏​မင်းကြီး​သည်လည်း လင်မဟိ၏​လူတို့ကို ထိုပြည်၌ ထိန်းထားနိုင်ခြင်း​ငှာလည်းကောင်း၊ တောရိုင်းထဲသို့ ထွက်ခွာ​မသွားနိုင်​စေခြင်း​ငှာလည်းကောင်း၊ ထိုပြည်​တစ်ဝိုက်၌ အစောင့်များ​ချထား၍၊ မိမိအစောင့်တို့ကို နီဖိုင်း​အမျိုးသားတို့​ထံမှ ရရှိသည့် အခွန်များဖြင့် ထောက်မ၏။

၂၉ ယခုမူကား၊ လာမန်​အမျိုးသားတို့​မနှောင့်ယှက်သော​ကြောင့်​သော်​လည်း​ကောင်း၊ ဖျက်ဆီးခြင်းငှာ မကြိုးစားသော​ကြောင့်​သော်​လည်း​ကောင်း လင်မဟိ​မင်းကြီးသည် မိမိ​နိုင်ငံ၌ နှစ်နှစ်​ကြာအောင် အဆက်​မပြတ်​ငြိမ်းချမ်းခြင်းကို ရရှိ​လေသတည်း။