ကျမ်းစာများ
မောဇိယ ၂၇


အခန်းကြီး ၂၇

မောဇိယသည် ညှဉ်းဆဲခြင်းကို တားမြစ်၍၊ ညီမျှစေရန် မိန့်မှာ၏—အယ်လမာ​အငယ်နှင့် မောဇိယ၏​သား​လေးဦးတို့သည် အသင်းတော်ကို ဖျက်ဆီးခြင်းငှာ ကြိုးစား​ကြ၏—ကောင်းကင်​တမန်​တစ်ပါး ရောက်လာပြီး၊ သူတို့၏ဆိုးသော​အကျင့်များကို ရပ်တန့်ရန် မိန့်မှာ၏—အယ်လမာသည် ထိခိုက်​ခံရပြီး ဆွံ့အသွား၏—လူသား​ခပ်သိမ်းသည် ကယ်တင်ခြင်းကို ရရှိရန် တစ်ဖန်​မွေးခြင်း​ခံရမည်—အယ်လမာနှင့် မောဇိယ၏​သားတို့သည် ဝမ်းသာစရာ​သတင်းကို ဟောကြား၏။ ဘီစီ ၁၀၀–၉၂ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မယုံကြည်သူများက အသင်းတော်ကို ထိခိုက်စေသော ညှဉ်းဆဲခြင်း​များမှာ၊ အလွန်​ကြီးမား​လှ၏၊ အသင်းတော်သည် ထိုအမှုနှင့်​စပ်လျဉ်း၍၊ မိမိတို့၏​အကြီး​အကဲများကို ညည်းညူ​အပြစ်​တင်​စပြု၏။ သူတို့သည် အယ်လမာကိုလည်း အပြစ်​တင်၏။ အယ်လမာသည်လည်း၊ ထိုအကြောင်း​ကိစ္စကို မောဇိယ​မင်းကြီး​ရှေ့သို့ တင်​ပြ၏။ မောဇိယ​သည်လည်း မိမိ​ယဇ်ပုရောဟိတ်များနှင့် တိုင်​ပင်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယ​မင်းကြီးသည် အဘယ်​မယုံကြည်​သူမဆို၊ ဘုရားသခင်၏​အသင်းတော်နှင့် ဆိုင်သောသူအဘယ်သူ့ကိုမျှ မညှဉ်းဆဲရန် ပတ်ဝန်း​ကျင်ပြည်​တစ်လျှောက်သို့ ကြေ​ညာချက်ကို ထုတ်​ပြန်၏။

ခပ်သိမ်းသော​အသင်းတော်​များ အနှံ့အပြား၌ တင်းကျပ်သော​အမိန့်​ရှိလေသည်မှာ​လည်း၊ သူတို့၌ ညှဉ်းဆဲခြင်းများ မရှိရမည့်​အကြောင်း၊ ခပ်သိမ်းသောလူသားတို့၌ ညီမျှခြင်း​ရှိရမည့်​အကြောင်း၊

သူတို့သည် မာနကို​သော်လည်းကောင်း၊ စိတ်မြင့်သော​သဘောကို​သော်လည်းကောင်း မိမိတို့၏​ငြိမ်းချမ်းခြင်းအား နှောင့်ယှက်ခွင့်​မပေးရမည့်​အကြောင်း၊ လူသားတိုင်း မိမိတို့​အထောက်​အမ​အတွက် မိမိတို့​လက်ဖြင့် အလုပ်​လုပ်လျက်၊ ကိုယ်နှင့်​စပ်ဆိုင်သော​သူကို မိမိကိုယ်​ကဲ့သို့ မှတ်​ယူရမည့်​အကြောင်း​ဖြစ်၏။

ထိုမှတစ်ပါး၊ သူတို့၏ ခပ်သိမ်းသော ယဇ်ပုရောဟိတ်များနှင့် ဆရာများသည် ဖျားနာခြင်း၌ရှိသော၊ သို့မဟုတ်၊ အလွန်​ဆင်းရဲလျက်​ရှိသော အခြေ​အနေများတွင်​မှတစ်ပါး၊ မိမိတို့​အထောက်​အမ​အတွက် မိမိတို့​လက်ဖြင့် အလုပ်​လုပ်ရမည်။ ဤအရာတို့ကို ပြုခြင်း​အားဖြင့်​လည်း၊ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကြွယ်ဝ​ကြ၏။

ထိုပြည်၌ ငြိမ်းချမ်းခြင်းများစွာ တစ်ဖန်​ရှိ​စပြု၏။ လူတို့​သည်လည်း အလွန်​မြောက်မြား​စပြု၍၊ မြေကြီး​မျက်နှာ​ပြင်ပေါ်၌ အထူး​သဖြင့်၊ မြောက်​အရပ်နှင့် တောင်​အရပ်တို့တွင်​လည်းကောင်း၊ အရှေ့​အရပ်နှင့် အနောက်​အရပ်တို့တွင်​လည်းကောင်း ထိုပြည်၏​ခပ်သိမ်းသော​အရပ်တို့၌ မြို့ကြီးများနှင့်၊ ရွာများတို့ကို တည်ဆောက်လျက်၊ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲ​စပြု၏။

ကိုယ်တော်ရှင်​သည်လည်း သူတို့ကို အကြည့်​အရှု​ကြွတော်မူပြီး၊ အောင်မြင်စေလျက် သူတို့သည် အမြောက်​အမြား​ကြွယ်ဝသည့် လူများ​ဖြစ်လာ​ကြ၏။

ယခုတွင်၊ မောဇိယ၏​သားများသည် မယုံကြည်သူ​များ၌ ရေတွက်​ခံရ၏။ ထို့အတူ၊ အယ်လမာ၏​သားများထဲမှ တစ်ယောက်​သည်လည်း သူ့အဘ၏​အမည်​အတိုင်း​ခေါ်၍ သူတို့၌ ရေတွက်​ခံရ၏။ သို့သော်လည်း၊ သူသည် အလွန်​ဆိုးညစ်ပြီး၊ ရုပ်တု​ကိုးကွယ်သော​သူတစ်ဦး ဖြစ်လာ၏။ သူသည် စကားများစွာ​ပြောတတ်​သူလည်း​ဖြစ်၍၊ လူတို့ကို များစွာ​မြှောက်ပင့်၍ ပြော၏။ ထို့ကြောင့်၊ သူသည် လူများစွာတို့ကို သူ၏​ဒုစရိုက်များ​အတိုင်း​ပြုကြစေရန် ဦးဆောင်၏။

သူသည် ဘုရားသခင်၏​အသင်းတော် အောင်မြင်ခြင်း​အတွက် ကြီးစွာသော အဆီး​အတား​တစ်ခုလည်း ဖြစ်လာ၏။ လူတို့၏​စိတ်နှလုံးကို​ခိုးယူ​သွားလျက်၊ လူတို့၌ များစွာသော ငြင်းခုံခြင်းများကို​ဖြစ်စေလျက်၊ ဘုရားသခင်၏​ရန်သူ​အတွက်၊ ထိုသူတို့​အပေါ် အစိုးရခြင်းကို ကျင့်သုံးစေရန် အခွင့်​အရေးကို ပေးလျက်​ရှိ၏။

၁၀ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ သူသည် ဘုရားသခင်၏​အသင်းတော်ကို ဖျက်ဆီးရန် အရပ်ရပ်သို့​သွားစဉ်တွင်၊ အသင်းတော်ကို ဖျက်ဆီးခြင်းငှာနှင့်၊ ကိုယ်တော်ရှင်၏ လူတို့အား၊ ဘုရားသခင်၏ ပညတ်တော်များ သို့မဟုတ်၊ မင်းကြီးကိုပင် ဆန့်ကျင်၍၊ လမ်းလွဲသို့​ဆောင်ခြင်းငှာ​ကြိုးစားလျက်၊ မောဇိယ၏​သားများနှင့် အတူ​အရပ်ရပ်သို့ တိတ်ဆိတ်စွာ​သွားပြီး—

၁၁ သင်တို့အား ငါပြောခဲ့သည့်​အတိုင်း၊ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်လျက်၊ အရပ်ရပ်သို့ သွားစဉ်တွင်၊ ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်သည် သူတို့ထံသို့ ပေါ်လာ၏။ သူသည် မိုးတိမ်ထဲမှာ ရှိလေသည့်​အလား၊ ဆင်းသက်​တော်မူ၍၊ မိုးချုန်း​သံကဲ့သို့ပင် မြွက်ဆိုခြင်းက၊ သူတို့ရပ်သည့်​မြေကြီးကို တုန်လှုပ်​စေ၏။

၁၂ သူတို့သည်လည်း အလွန်​အံ့ဩ၍၊ မြေကြီးသို့ လဲကျကြ၏၊ မိမိတို့ကို မြွက်ဆိုသည့်​စကားများ​ကိုလည်း နားလည်ခြင်း​မရှိကြ။

၁၃ သို့သော်လည်း၊ သူတစ်ဖန်​အော်ဟစ်​ပြန်သည်ကား၊ အယ်လမာ၊ ထလော့၊ ရှေ့သို့​လာလော့၊ သင်သည် ဘုရားသခင်၏​အသင်းတော်ကို အဘယ်ကြော့င် ညှဉ်းဆဲသနည်း။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​မိန့်တော်မူသည်မှာ၊ ဤအရာသည် ငါ၏​အသင်းတော်​ဖြစ်၍ ငါ​တည်ထောင်မည်။ ငါ့လူမျိုးတို့၏​လွန်ကျူးခြင်း​မှတစ်ပါး၊ အဘယ်​အရာကမျှ ထိုအသင်းတော်ကို ဖျက်ဆီး​လိမ့်မည်​မဟုတ်။

၁၄ ထိုမှတစ်ဖန်၊ ကောင်းကင်​တမန်​မြွက်ဆို​သည်ကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ့လူမျိုးတို့၏​ဆုတောင်းခြင်းများနှင့် သင့်အဘ​တည်းဟူသော သူ့ကျွန်​အယ်လမာ၏ ဆုတောင်းခြင်းများကိုလည်း ကြားတော်မူ၏။ အကြောင်းမူကား၊ သင်နှင့်​စပ်လျဉ်း၍၊ သမ္မာ​တရား​ကို သိခြင်းသို့ သင်ဆောင်ယူ​ခံရနိုင်စေခြင်းငှာ၊ များစွာသော​ယုံကြည်ခြင်းဖြင့် သူဆုတောင်း​လေပြီ။ ထို့ကြောင့်၊ ဘုရားသခင်၏​တန်ခိုးနှင့် အခွင့်​အာဏာတို့နှင့်​စပ်လျဉ်း၍၊ သူ့ကျွန်တို့၏​ဆုတောင်း​ခြင်းများသည် သူတို့၏​ယုံကြည်ခြင်း​အတိုင်း အဖြေ​ရနိုင်​ကြောင်းကို သင့်အား နားသွင်းခြင်း​ငှာဟူသည့် ဤကြံရွယ်ချက်​အတွက် ငါလာ​လေပြီ။

၁၅ ယခုမူကား၊ ရှုလော့၊ သင်သည် ဘုရားသခင်၏​တန်ခိုးတော်ကို သံသယ​ဝင်နိုင်သလော။ အကြောင်းမူကား၊ ရှုလော့၊ ငါ၏​အသံသည် မြေကြီးကို မလှုပ်သလော။ ထို့အတူ၊ သင့်ရှေ့၌ ငါ့ကို မမြင်သလော။ ငါ့ကို ဘုရားသခင်ထံမှ စေလွှတ်​တော်မူ၏။

၁၆ ယခုတွင်၊ သင့်ကို ငါဆိုသည်ကား၊ သွားလော့၊ ဟေလမ်ပြည်နှင့် နီဖိုင်းပြည်၌ သင့်​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်ခံရခြင်းကို အောက်မေ့လော့။ သူတို့​အတွက် အဘယ်မျှ​လောက်​ကြီးစွာသော​အမှုများကို သူပြုတော်မူ​လေကြောင်းကိုလည်း သတိရလော့။ အကြောင်းမူကား၊ သူတို့​ကျွန်ခံရာ၌ ရှိ၍၊ သူကယ်လွှတ်​တော်မူလေ၏။ ယခုမူကား၊ သင့်ကို ငါဆိုသည်မှာ၊ အယ်လမာ၊ သင့်လမ်းသင်သွားလော့၊ အသင်းတော်ကို ဖျက်ဆီးရန် မ​ကြိုးစားတော့နှင့်။ သူတို့​ဆုတောင်းခြင်းများ၏​အဖြေကို ရနိုင်​စေခြင်းငှာ၊ သင်ကိုယ်တိုင် နှင်ထုတ်​ခံရလိမ့််မည်​ဖြစ်သော်လည်း ဤသို့​ပြုလော့။

၁၇ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဤအရာတို့​သည်ကား၊ ကောင်းကင်​တမန်က အယ်လမာကို ပြောခဲ့သော နောက်ဆုံး​စကားများ​ဖြစ်၏။ ထို့နောက် ထွက်​ခွာသွား၏။

၁၈ ယခုမူကား၊ အယ်လမာနှင့် အတူ​ရှိသော​သူများသည် အလွန်​အံ့ဩသော​ကြောင့်၊ မြေကြီးသို့ တစ်ဖန် လဲကျ​ပြန်၏။ အကြောင်းမူကား၊ သူတို့သည် ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်ကို သူတို့​မျက်စိဖြင့် မြင်လေ၏။ သူ၏​အသံသည် မြေကြီးကို လှုပ်​စေသော မိုးချုန်း​သံကဲ့သို့ ဖြစ်၏။ မြေကြီးကို​လှုပ်ယမ်း​နိုင်ပြီး၊ အစိတ်စိတ်​ကွဲမတတ် တုန်​စေသော ဘုရားသခင်၏​တန်ခိုးတော်​မှတစ်ပါး၊ အဘယ်​အရာမျှ မရှိသည်​ကိုလည်း သူတို့​သိကြ၏။

၁၉ ယခုမူကား၊ အယ်လမာ၏​အံ့ဩခြင်းမှာ အလွန်​ကြီးမား​၍ ဆွံ့​အလာသဖြင့်၊ သူသည် နှုတ်ကို မဖွင့်နိုင်ချေ။ ထိုမှတစ်ပါး၊ အားနည်း​လာ၍၊ သူ့လက်များကိုပင် မလှုပ်ရှား​နိုင်ချေ။ ထို့ကြောင့်၊ သူနှင့်​အတူ​ရှိသူများ​အားဖြင့် ယူဆောင်​သွားခံရပြီး၊ သူ့အဘ​ရှေ့ ၌ ချထားသည့်​တိုင်အောင် ဘာမျှ​မလုပ်နိုင်ဘဲနှင့် သယ်ဆောင်​သွားခံရ၏။

၂၀ သူတို့၌​ဖြစ်ပျက်​လေသမျှကို သူ့အဘအား သူတို့​ပြန်၍​ပြောပြလျှင်၊ သူ့​အဘသည် ရွှင်လန်း​ဝမ်းမြောက်၏။ အကြောင်းမူကား၊ ထိုအမှုမှာ ဘုရားသခင်၏​တန်ခိုးတော်​ဖြစ်​ကြောင်းကို သူသိ၏။

၂၁ သူ့သား​အတွက်​လည်းကောင်း၊ သူနှင့်​အတူ​ရှိလေသော​သူများ​အတွက်​လည်းကောင်း ကိုယ်တော်ရှင်​ပြုတော်မူ​လေသော​အရာတို့ကို သက်သေခံ​နိုင်စေခြင်းငှာ သူသည်​လူအစု​အဝေးကို အတူတကွ​စုဝေး​စေ၏။

၂၂ ယဇ်ပုရောဟိတ်တို့ကိုလည်း သူတို့​ကိုယ်သူတို့ အတူတကွ စည်းဝေးစေ၏။ အယ်လမာ​စကား​ပြောနိုင်စေရန် နှုတ်ကို ဖွင့်တော်မူ​စေခြင်းငှာ​လည်းကောင်း၊ သူ၏​ခြေလက်တို့ အင်အား​ရရှိစေခြင်းငှာ​လည်းကောင်း၊ သူတို့သည် အစာ​ရှောင်ပြီး၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံ ဆုတောင်း​စပြု​ကြ၏—ထိုကဲ့သို့​အားဖြင့် လူတို့၏​မျက်စိပွင့်လင်း၍၊ ဘုရားသခင်၏ ကောင်းမြတ်​တော်မူခြင်းနှင့် ဘုန်းတော်တို့​အကြောင်း မြင်၍ သိနိုင်​စေကြောင်း​ပင်တည်း။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နှစ်ရက်နှင့် နှစ်ည​ကြာအောင် အစာ​ရှောင်၍​ဆုတောင်း​ကြပြီး​လေလျှင်၊ အယ်လမာ၏​ခြေနှင့်​လက်များ အင်အား​ရရှိ၏၊ ထို့အတူ သူသည် ရပ်၍၊ သူတို့ကို ကောင်းစွာ​စိတ်သက်​သာခြင်း​ရှိကြရန် ပြောပြ၍၊ စကား​ပြော​စပြုခဲ့၏။

၂၄ သူဆိုလေသည်မှာ၊ အကြောင်းမူကား၊ ငါသည် ငါ၏​အပြစ်များမှ နောင်တရ​လေပြီ၊ ကိုယ်တော်ရှင်၏​ရွေးနှုတ်တော်မူခြင်းကိုလည်း ခံရလေပြီ။ ရှုလော့၊ ငါသည် ဝိညာဉ်တော် ဖြစ်ဖွားစေ​တော်မူသော​သူ​ဖြစ်၏။

၂၅ ကိုယ်တော်ရှင်ကလည်း ငါ့ကို မိန့်တော်မူ​လေသည်ကား၊ ခပ်သိမ်းသော​လူသားများ၊ အထူးသဖြင့်၊ ယောက်ျားများနှင့် မိန်းမများ၊ ခပ်သိမ်းသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုးတို့​တစ်ဖန်​မွေးခြင်း​ခံရမည်ကို အံ့ဩခြင်းမရှိနှင့်။ အထူးသဖြင့်၊ ဘုရားသခင်​ဖြစ်ဖွား​စေတော်မူ၍၊ သူတို့၏လောကီဆိုင်ရာနှင့် ကျရှုံးရာ​အခြေအနေမှ၊ ဖြောင့်မတ်ခြင်း​အခြေအနေသို့ ပြောင်းလဲလျက်၊ ဘုရားသခင်​အားဖြင့် ရွေးနှုတ်​တော်မူခြင်းကို ခံရလျက်၊ သူ၏​သားသမီးများ​ဖြစ်လာလျက်​ရှိကြ၏။

၂၆ ထို့ကဲ့သို့အားဖြင့်၊ သူတို့သည် အသစ်သော​လူသတ္တဝါများ ဖြစ်​လာကြ၏။ သူတို့သည် ဤအမှုကို မပြုလျှင်၊ ဘုရားသခင်၏​နိုင်ငံတော်ကို အလျှင်း​အမွေမခံ​နိုင်ကြ။

၂၇ သင့်ကို ငါဆိုသည်မှာ၊ ဤအမှု​မဟုတ်လျှင်၊ သူတို့သည် စွန့်ပစ်ခံရမည်။ ငါသည်လည်း စွန့်ပစ်ခံရ​လုသော​လက္ခဏာ​ရှိသောကြောင့် ဤအရာကို သိ၏။

၂၈ သို့သော်လည်း၊ များစွာသော​အတိ​ဒုက္ခများကို ဖြတ်သန်းပြီးမှ၊ သေလုနီးပါး​နောင်တရ​သဖြင့်၊ ကိုယ်တော်ရှင်သည် ငါ့ကို ထာဝရ​တည်မြဲသော​လောင်မြိုက်ခြင်း​ထဲမှ ရုတ်တရက်​ဆွဲယူရန် သင့်လျော်မည်ဟု ကရုဏာတော်​ဖြင့် ဆင်ခြင်​တော်မူလေသဖြင့်၊ ငါသည် ဘုရားသခင်​ဖြစ်ဖွားစေ​တော်မူသော​သူဖြစ်၏။

၂၉ ငါ၏​ဝိညာဉ်သည် ခါးစွာသော​သည်းခြေနှင့် ဒုစရိုက်​အနှောင်အဖွဲ့များမှ ရွေးနှုတ် ခံထားရလေပြီ။ ငါသည် အမှောင်​မိုက်ဆုံးဖြစ်သည့် နက်ရှိုင်းလှသော​ချောက်ကြီးထဲ၌ ရှိခဲ့၏။ သို့ရာတွင်၊ ယခု၌၊ ငါသည် ဘုရားသခင်၏​အံ့ဩဖွယ်​ကောင်းသော​အလင်းတော်ကို မြင်ပြီ။ ငါ၏​ဝိညာဉ်သည် ထာဝရ​စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းနှင့် နှိပ်စက်​ခံရ၏။ သို့ရာတွင်၊ ငါသည် ရုတ်တရက်​ကယ်ယူ ခံရ၏၊ ငါ၏​ဝိညာဉ်သည်လည်း မနာကျင်တော့။

၃၀ ငါ၏​ရွေးနှုတ်ရှင်ကို ငါငြင်းပယ်ပြီး၊ ငါတို့​ဘိုးဘေးတို့ ပြောထား​လေသည်ကို ငြင်းဆို၏။ သို့ရာတွင်၊ သူကြွလာတော်မူပြီး၊ သူ၏​ဖန်ဆင်း​ထားသည့် လူသတ္တဝါ​မှန်သမျှတို့ကို အောက်မေ့​တော်မူသည့်​အကြောင်း ယခု သူတို့​ကြိုတင်၍​မြင်နိုင်​စေကြောင်း၊ ခပ်သိမ်းသော​သူတို့ထံ သူ့ကိုယ်ကို ထင်ရှားစွာ​ပြတော်မူ​လိမ့်မည်။

၃၁ ထိုမှတစ်ပါး၊ သူ့ရှေ့၌ လူတိုင်း​ဒူးထောက်ပြီး၊ နှုတ်ဖြင့် ဝန်ခံ​လိမ့်မည်။ ထိုမှတစ်ပါး၊ အကယ်စင်စစ်၊ နောက်ဆုံးသော​နေ့၌၊ ခပ်သိမ်းသော လူသားတို့ သူ့အားဖြင့် တရားစီရင်​ခံရစေရန် ရပ်ကြသော​အခါ၊ သူသည် ဘုရားသခင်​ဖြစ်တော်မူ​ကြောင်းကို ဝန်ခံကြ​လိမ့်မည်။ ထို့နောက်တွင်၊ လောက၌ ဘုရားမဲ့​နေသော​သူများက ထာဝရ​တည်မြဲသော​အပြစ်​ဒဏ်၏​စီရင်ချက်မှာ၊ သူတို့​အပေါ်​တရားမျှ​တတော်မူ​ကြောင်း ဝန်ခံ​ကြလိမ့်မည်။ သူတို့သည် အလုံးစုံတို့ကို စစ်ဆေး​တော်မူသည့် သူ့​မျက်လုံး​တော်၏​လျှပ်​တစ်ပြက်​အကြည့်​အောက်၌၊ တုန်လှုပ်၍ တုန်ပြီး၊ တွန့်ဆုတ်ကြ​လိမ့်မည်။

၃၂ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် သူတို့ထံ​ကောင်းကင်တမန် ရောက်​လာသော​အချိန်က အယ်လမာနှင့်​အတူ​ရှိကြသော​သူတို့သည် ဤအချိန်မှ​စ၍၊ ထိုပြည်​တစ်လျှောက်လုံး​ရှိပတ်​ဝန်းကျင်သို့ ခရီး​သွားလျက်၊ မိမိတို့ မြင်လေ၊ ကြားလေသော​အရာများကို လူ​ခပ်သိမ်းတို့အား ပြောကြားလျက်၊ မယုံကြည်သူများ​အားဖြင့် ကြီးစွာ​ညှဉ်းဆဲခြင်းကို​ခံ၍၊ ထိုသူတို့​အားဖြင့် ပြင်းစွာ​ရိုက်ခြင်းကို​ခံလျက်၊ အတိ​ဒုက္ခများ​စွာဖြင့် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟော​ပြောလျက်​ရှိကြ၏။

၃၃ သို့ရာတွင်၊ အားလုံးသော​ဤအမှုများ​ရှိသော်ငြားလည်း၊ သူတို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​မြဲမြံစေလျက်၊ ဘုရားသခင်၏​ပညတ်တော်တို့ကို စောင့်ထိန်းရန်၊ စိတ်ရှည်ခြင်းနှင့် များစွာသော​အခက်​အခဲတို့ဖြင့် သူတို့ကို​တိုက်​တွန်းလျက်၊ များစွာသော​သက်သာ​စေခြင်းကို အသင်းတော်သို့ မျှ၍​ပေးကြ၏။

၃၄ သူတို့​အထဲမှ လေးဦး​သည်ကား၊ မောဇိယ၏​သားများ​ဖြစ်၏။ သူတို့​အမည်များမှာ၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိတို့ ဖြစ်၏။ ဤအရာတို့မှာ၊ မောဇိယ​သားများ၏​အမည်များ​ပေတည်း။

၃၅ သူတို့သည်လည်း၊ ဇရဟင်မလ​ပြည်တစ်လျှောက်နှင့် မောဇိယ​မင်းကြီး၏​အုပ်စိုး​မှုအောက်၌ ရှိသော​သူခပ်သိမ်းတို့​ကြား၊ ခရီးသွား၍၊ အသင်းတော်ကို သူတို့​ပြုလေသော ပျက်စီးမှု​မှန်သမျှတို့မှ ပြုပြင်ခြင်းငှာ၊ ထက်သန်​ပြင်းပြစွာ​ကြိုးစားလျက်၊ သူတို့၏​ခပ်သိမ်းသော​အပြစ်များကို ဝန်ခံလျက်၊ သူတို့​မြင်ခဲ့​ရလေသည့် ခပ်သိမ်းသော​အရာတို့ကို ပြောကြားလျက်၊ ပရောဖက်​ပြုဟောချက်များနှင့် ကျမ်းစာများကို ၎င်းတို့အား ကြားနာလို​သူမှန်သမျှတို့ကို ရှင်းပြလျက်​ရှိကြ၏။

၃၆ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် များစွာသော​သူတို့အား သမ္မာတရားကို​သိခြင်းသို့၊ အထူးသဖြင့်၊ သူတို့၏​ရွေးနှုတ်ရှင်ကို​သိခြင်းသို့ ဆောင်ယူရာတွင် ဘုရားသခင်၏​လက်တော်၌ တန်ဆာများ​ဖြစ်လေ၏။

၃၇ သူတို့သည်လည်း မင်္ဂလာရှိ​ပေစွတကား။ အကြောင်းမူကား၊ သူတို့သည် ငြိမ်းချမ်းခြင်းကို ပြောကြား၏။ ကောင်းမြတ်ခြင်း၏​ဝမ်းမြောက်စရာ​သတင်းကို ပြောကြား၏။ ကိုယ်တော်ရှင်​အုပ်စိုး​တော်မူကြောင်းကိုလည်း လူတို့အား ဟောကြား​လေသတည်း။