ကျမ်းစာများ
မောဇိယ ၁၈


အခန်းကြီး ၁၈

အယ်လမာသည် တိတ်ဆိတ်စွာ​ဟောပြော၏—သူသည် ဗတ္တိဇံ​ပဋိညာဉ်​အကြောင်းကို ရှင်းပြ၍၊ မော်မုန်ရေများ၌ ဗတ္တိဇံပေး၏—သူသည် ခရစ်တော်၏​အသင်းတော်ကို ဖွဲ့စည်း၍ ယဇ်ပုရောဟိတ်များကို ခန့်ထား၏—သူတို့သည် မိမိတို့ဘာသာမိမိ ထောက်မ၍၊ လူတို့ကို သွန်သင်​ပေး၏—အယ်လမာနှင့် သူ၏​လူတို့သည် နောဧ​မင်းကြီးထံမှ တောရိုင်းထဲသို့ ထွက်ပြေးကြ၏။ ဘီစီ ၁၄၇–၁၄၅ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နောဧ​မင်းကြီး၏​ကျွန်များထံမှ ထွက်ပြေး​ခဲ့လေသော အယ်လမာသည် မိမိ​အပြစ်များနှင့် ဒုစရိုက်များမှ နောင်တရ​သဖြင့်၊ လူများ​ကြားသို့ တိတ်ဆိတ်စွာ​သွား၍ အဘိနဒိ၏​စကားများကို သွန်သင်​ပေးစပြု​လေသည်ကား—

အထူးသဖြင့်၊ ဖြစ်လာမည့်​အရာများ​အကြောင်း၊ ထို့အတူ သေသူတို့၏ ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း၊ ခရစ်တော်၏​တန်ခိုးတော် ဒုက္ခ​ဝေဒနာ​ခံစားခြင်းများနှင့် သေခြင်း၊ ရှင်ပြန်​ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်၍ သွားတော်မူခြင်းတို့​အားဖြင့်​ဖြစ်ပေါ်စေသည့် လူတို့အား​ရွေးနှုတ်ခြင်း​အကြောင်းတို့​ပေတည်း။

သူ၏​စကားကို ကြားနာလို​သူမှန်သမျှတို့အား သူသွန်သင်​ပေး၏။ ထိုအမှုကို မင်းကြီး​သိခြင်းသို့ မရောက်နိုင်​စေခြင်းငှာ၊ သူတို့ကို တိတ်ဆိတ်စွာ​သွန်သင်​ပေး၏။ များစွာသော​သူတို့ကလည်း သူ၏​စကားများကို ယုံကြည်ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို ယုံကြည်သူ​မှန်သမျှသည် ထိုပြည်၏​နယ်နိမိတ်တွင် ကာလများစွာ​အားဖြင့်၊ သို့မဟုတ် ရာသီများစွာတို့၌ တောသားရဲတို့​ထကြွလေသော၊ မင်းကြီးထံမှ အမည်​ရရှိထားသည့် မော်မုန်ဟု ခေါ်သော​အရပ်သို့ သွားကြ၏။

ယခုတွင်၊ မော်မုန်အရပ်၌ စင်ကြယ်သော စမ်းရေတွင်း​ရှိ၏။ အယ်လမာသည် ထိုနေရာသို့ သွား၍၊ ရေနှင့်​နီးရာ၌ သစ်ပင်ငယ်တို့၏​တောအုပ်ရှိရာ၊ ထိုအရပ်တွင် နေ့အချိန်၌ မင်းကြီး၏​ရှာဖွေခြင်းမှ ပုန်းရှောင်​နေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို ယုံကြည်သော​သူမှန်သမျှသည် သူ၏​စကားများကို ကြားနာခြင်းငှာ၊ ထိုနေရာသို့ သွားကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နေ့များစွာကြာပြီးနောက်တွင်၊ အတော်များသော​သူတို့သည် အယ်လမာ၏​စကားများကို ကြားနာခြင်းငှာ၊ မော်မုန်​အရပ်၌ အတူတကွ စုဝေးကြ၏။ ထိုမှတစ်ပါး၊ သူ၏​စကားကို ယုံကြည်သူ​ခပ်သိမ်းတို့သည် သူ့ကို ကြားနာခြင်းငှာ၊ အတူတကွ စုဝေးကြ၏။ သူကလည်း သွန်သင်၍ နောင်တရခြင်း၊ ရွေးနှုတ်ခြင်းနှင့် ကိုယ်တော်ရှင်​အပေါ်၌​ယုံကြည်ခြင်းတို့ကို ဟောပြော၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့ကို ဆိုလေသည်ကား၊ ရှုလော့၊ ဤအရပ်တွင်၊ မော်မုန်ရေများ​ရှိကြ၏၊ (ထိုကဲ့သို့​အားဖြင့် ခေါ်ကြ၏) ယခုမူကား၊ သင်တို့သည် ဘုရားသခင်၏​သိုးစုထဲသို့ ဝင်၍ သူ၏​လူမျိုးဟု အခေါ်​ခံရရန် အလို​ရှိလျက်၊ တစ်ယောက်နှင့်တစ်ယောက်၏​ဝန်များကို ပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန် လိုလား​ကြသဖြင့်၊

ထိုမှတစ်ပါး၊ ငိုကြွေး​မည်တမ်း​သူတို့နှင့်​အတူ ငိုကြွေး​မြည်တမ်းရန် လိုလိုလားလား​ရှိကြ၏။ ထိုမှတစ်ပါး၊ နှစ်သိမ့်ခြင်းကို လိုအပ်လျက်​ရှိသူတို့ကို နှစ်သိမ့်ပြီး၊ ခပ်သိမ်းသော ကာလတို့ ၌​လည်းကောင်း၊ ခပ်သိမ်းသော​အရာတို့ ၌​လည်းကောင်း၊ သင်တို့​ရှိကြမည့် ခပ်သိမ်းသော​အရပ်တို့၌​လည်းကောင်း သေခြင်းသို့​တိုင်အောင်ပင် ဘုရားသခင်၏ သက်သေများ​အဖြစ် ရပ်တည်လျက်​ရှိသည်မှာ၊ သင်တို့သည် ဘုရားသခင်​အားဖြင့်၊ ရွေးနှုတ်​တော်မူခြင်းကို ခံလျက်၊ ပထမ​ရှင်ပြန်​ထမြောက်ခြင်း၌ ရှိသူများနှင့်​အတူ ရေတွက်​ခံရစေခြင်းငှာ​ဖြစ်၍၊ ထာဝရ​အသက်ကို ရရှိနိုင်ကြစေခြင်းငှာပေတည်း—

၁၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤအရာသည် သင်တို့​စိတ်နှလုံး၏​အလို​ဆန္ဒ​ဖြစ်လျှင်၊ သူ၏​ဝိညာဉ်တော်ကို သင်တို့​အပေါ်သို့ သာ၍​မြောက်မြားစွာ​သွန်းလောင်းစေကြောင်း၊ သင်တို့သည် သူ့ကို အစေခံ၍ သူ၏​ပညတ်တော်များကို စောင့်ထိန်းလျက်၊ သူနှင့် ပဋိညာဉ်​ပြုလျက်​သူ၏ရှေ့၌ သက်သေ​အဖြစ်​ကိုယ်တော်ရှင်၏​နာမတော်၌ ဗတ္တိဇံခံဖို့ကို ဆန့်ကျင်သလော။

၁၁ ယခုမူကား၊ လူတို့သည် ဤစကားများကို ကြားနာပြီး​လေလျှင်၊ ဝမ်းမြောက်သောကြောင့် လက်ခုပ်တီး၍၊ ဤအရာ​သည်ကား၊ ငါတို့​စိတ်နှလုံး၏ အလိုဆန္ဒ​ပေတည်းဟု ဟစ်ကြွေး​ကြ၏။

၁၂ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ပထမ​ဦးဆုံး​ဖြစ်သူ၊ ဟေလမ်ကို​ခေါ်သွားပြီး ရေထဲ၌​ရပ်၍၊ အို ကိုယ်တော်ရှင်၊ သူသည် ဤအမှုတော်ကို စိတ်နှလုံး သန့်ရှင်းစွာ​ပြုနိုင်​စေကြောင်း၊ ကိုယ်တော်၏​ဝိညာဉ်တော်ကို ကိုယ်တော်၏​ကျွန်​အပေါ်သို့၊ သွန်းလောင်း​တော်မူပါဟု ဆိုလျက် ဟစ်ကြွေး​လေ၏။

၁၃ ဤစကားများကို ပြော၍​ပြီးလျှင်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်၍၊ သူဆိုသည်မှာ၊ ဟေလမ်၊ ငါသည် အနန္တတန်ခိုး​ရှင်ဘုရားသခင်ထံမှ အခွင့်​အာဏာကို​ရရှိသဖြင့်၊ သေခြင်း​ရှိသော​ကိုယ်ခန္ဓာ၏​သေသည့်​တိုင်အောင် သူ့ကို အစေခံခြင်းငှာ သင်​ပဋိညာဉ်​ပြုလေသည့် သက်သေ​အဖြစ် သင့်ကို ဗတ္တိဇံ​ပေး၏။ သင့်​အပေါ်သို့ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ကိုလည်း သွန်းလောင်း​တော်မူပါစေ။ ကမ္ဘာတည်ကတည်းက သူပြင်ဆင်​ထားတော်မူ​ခဲ့လေသည့် ခရစ်တော်၏​ရွေးနှုတ်ခြင်း​အားဖြင့်၊ သင့်အား ထာဝရ​အသက်ကိုလည်း သူပေး​တော်မူပါစေ။

၁၄ အယ်လမာသည် ဤစကားများကို ပြောလေ​ပြီးနောက်၊ အယ်လမာနှင့် ဟေလမ်နှစ်ဦး​စလုံးတို့သည် ရေထဲ၌ နှစ်မြှုပ်ကြ၏။ ထို့နောက်၊ သူတို့သည် ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ရွှင်လန်း​ဝမ်းမြောက်လျက် ရေထဲမှ​ထွက်လာပြီး ထကြ၏။

၁၅ ထိုမှတစ်ဖန်၊ အယ်လမာသည် နောက်တစ်ဦးကို ခေါ်၍ ရေထဲသို့ ဒုတိယ​အကြိမ်​သွားပြီး၊ သူကိုယ်တိုင်​ရေထဲ၌ တစ်ဖန်​မနှစ်မြှုပ်သည်​မှတစ်ပါး၊ ထိုသူကို ပထမ​တစ်ဦး​အတိုင်း ဗတ္တိဇံ​ပေး၏။

၁၆ မော်မုန်အရပ်သို့ သွားသူ​မှန်သမျှကို ဤကဲ့သို့​အားဖြင့်၊ သူဗတ္တိဇံ​ပေး၏။ သူတို့သည်ကား၊ အရေ​အတွက်​အားဖြင့် နှစ်ရာလေးဦး​ဖြစ်၏။ အမှန်စင်စစ်၊ သူတို့သည် မော်မုန်ရေများ၌ ဗတ္တိဇံခံပြီး၊ ဘုရားသခင်၏​ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။

၁၇ ထိုအချိန်မှစ၍၊ သူတို့ကိုလည်း ဘုရားသခင်၏​အသင်းတော် သို့မဟုတ်၊ ခရစ်တော်၏​အသင်းတော်ဟု ခေါ်ကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဘုရားသခင်၏​တန်ခိုးနှင့် အခွင့်​အာဏာတို့​အားဖြင့် ဗတ္တိဇံ​ခံခဲ့ကြသော​သူ​မှန်သမျှကို သူ၏​အသင်းတော်သို့ ဝင်စေ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဘုရားသခင်ထံမှ အခွင့်​အာဏာကို ရရှိထားသော​ကြောင့်၊ ယဇ်ပုရောဟိတ်များကို ခန့်ထား၏။ သူတို့ကို ဟောပြော​စေခြင်း​ငှာလည်းကောင်း၊ သူတို့ကို ဘုရားသခင်၏​နိုင်ငံတော်နှင့် စပ်ဆိုင်သည့်​အရာများ​အကြောင်း သွန်သင်​ပေးစေခြင်း​ငှာလည်းကောင်း သူတို့၏​အယောက်​ငါးဆယ်တိုင်း​အတွက် ယဇ်ပုရောဟိတ်​တစ်ဦးကိုပင် ခန့်ထား၏။

၁၉ သူတို့သည် မိမိ​သွန်သင်​ပေးခဲ့သည့်​အရာများနှင့် သန့်ရှင်းသော​ပရောဖက်တို့၏​နှုတ်မှ ဟောထားခဲ့​လေသော​အရာတို့​မှတစ်ပါး၊ အဘယ်​အရာကိုမျှ သွန်သင်​မပေးရ​စေကြောင်း သူမိန့်မှာ၏။

၂၀ ထိုမှတစ်ပါး၊ သူတို့သည် နောင်တရခြင်းနှင့် မိမိလူတို့ကို ရွေးနှုတ်​တော်မူလေသည့် ကိုယ်တော်ရှင်​အပေါ်​ယုံကြည်ခြင်းတို့​မှတစ်ပါး၊ အဘယ်​အရာကိုမျှ မဟော​ပြောရစေ​ကြောင်းကိုပင် သူမိန့်မှာ၏။

၂၁ ထို့အတူ၊ သူတို့အား၊ အချင်းချင်း ရန်တွေ့ခြင်း​မရှိရမည့်အကြောင်း၊ သူတို့​စိတ်နှလုံးကို ညီညွတ်ခြင်းနှင့် တစ်ယောက်ကို​တစ်ယောက်​ချစ်ခြင်း၌ အတူ​တကွ​ထုံးဖွဲ့လျက်၊ ယုံကြည်ခြင်း​တစ်ခုနှင့် ဗတ္တိဇံ​တစ်ခု ရှိလျက်၊ တညီ​တညွတ်တည်း မျှော်လင့်​ရမည့်အကြောင်းကိုသာ သူမိန့်မှာ၏။

၂၂ ထို့ကဲ့သို့​အားဖြင့်၊ ဟောပြောစေခြင်းငှာ သူတို့ကို မိန့်မှာ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဘုရားသခင်၏​သားသမီးများ ဖြစ်​လာကြ၏။

၂၃ ဥပုသ်နေ့ကို ရိုသေစွာ​ပြု၍ သန့်ရှင်းစေပြီး၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား နေ့တိုင်း ကျေးဇူးတော်​ချီးမွမ်း​ရမည်ကိုလည်း သူမိန့်မှာ၏။

၂၄ သူခန့်ထား​လေသော ယဇ်ပုရောဟိတ်တို့သည် မိမိတို့​အထောက်​အမ​အတွက် မိမိတို့​လက်ဖြင့် အလုပ်လုပ်​ရမည်ကိုလည်း သူမိန့်မှာ၏။

၂၅ လူတို့အား သွန်သင်​ပေးကြခြင်းငှာနှင့် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား ကိုးကွယ်​ကြခြင်းငှာ၊ သူတို့ကိုယ်သူတို့ အတူတကွ စုဝေးကြရန် သီတင်း​ပတ်တိုင်းတွင် ရွေးထားသော​နေ့တစ်​နေ့ရှိ၏။ သူတို့တတ်နိုင်​သမျှ သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် အတူတကွ စည်းဝေး​ကြခြင်​ငှာလည်း​ဖြစ်၏။

၂၆ ယဇ်ပုရောဟိတ်တို့သည် မိမိတို့၏​အထောက်​အမ​အတွက်၊ လူတို့ကို မမှီခိုရ။ သို့ရာတွင်၊ သူတို့၏​အလုပ်လုပ်ခြင်း​အတွက်၊ ဘုရားသခင်ထံမှ ကျေးဇူးတော်ကို လက်ခံ​ရရှိကြ​သည်မှာ၊ ဘုရားသခင်၏​အကြောင်းကို သိခြင်း​ရှိလျက်၊ ဝိညာဉ်တော်၌ အားကြီး​လာနိုင်ကြ​စေကြောင်း၊ ဘုရားသခင်ထံမှ​တန်ခိုးနှင့် အခွင့်​အာဏာတို့​အားဖြင့် သွန်သင်​ပေးနိုင်​စေကြောင်း​ပင်တည်း။

၂၇ ထိုမှတစ်ဖန်၊ အသင်းတော်မှ​လူတိုင်းသည် မိမိတို့​ဥစ္စာကို မိမိမှာရှိသည့်​အတိုင်း မျှ၍​ပေးရမည်ကိုလည်း အယ်လမာ​မိန့်မှာခဲ့၏။ သာ၍​မြောက်မြားစွာ​ရှိလျှင်၊ သာ၍​မြောက်မြားစွာ မျှ၍​ပေးရမည်။ အနည်းငယ်​သာရှိသော​သူထံမှ အနည်းငယ်ကို လိုအပ်၏။ မရှိသည့်​သူကို ပေးရမည်။

၂၈ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဘုရားသခင်ထံသို့ မိမိတို့၏​လွတ်လပ်သော​စိတ်နှင့် ကောင်းမြတ်သော​အလိုဆန္ဒ​အတိုင်း မိမိတို့၏​ဥစ္စာကို လိုအပ်လျက်​ရှိသော​ယဇ်ပုရောဟိတ်များ၊ ထိုမှတစ်ပါး၊ ချို့တဲ့သော​သူမှန်သမျှနှင့် အဝတ်​မရှိသော​သူတို့အား မျှ၍​ပေးရမည်။

၂၉ ဘုရားသခင်၏​မိန့်မှာထား​တော်မူခြင်းကို ခံရလျက်၊ ဤအရာကို သူတို့အား ပြော၏။ သူတို့သည်လည်း၊ မိမိတို့၏​လိုအပ်ချက်များနှင့် အလို​ရှိသော​အရာများ​အတိုင်း၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိ​နှစ်ခုစလုံးတို့၌ တစ်ယောက်ကို​တစ်ယောက် မျှ၍​ပေးလျက်၊ ဘုရားသခင်ရှေ့ ၌ ဖြောင့်မတ်စွာ​ကျင့်ကြ၏။

၃၀ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဤအမှု​ခပ်သိမ်းတို့ကို မော်မုန်၌၊ အထူး​သဖြင့်၊ မော်မုန်ရေများ​၏ဘေးနား၌၊ မော်မုန်ရေများ​အနီးရှိ​တော၌၊ ထိုမှတစ်ပါး မော်မုန်​အရပ်၊ မော်မုန်ရေများ၌၊ မော်မုန်တော၌ ပြုလေ၍၊ မိမိတို့၏ ရွေးနှုတ်​ရှင်ကို​သိခြင်းသို့ ရောက်သည့်​သူတို့၏​မျက်စိ၌ သူတို့သည် အလွန်​တင့်တယ်​လှပေစွတကား။ ထိုမှတစ်ပါး၊ သူတို့သည် အလွန်မင်္ဂလာ​ရှိကြ​ပေစွတကား။ အကြောင်းမူကား၊ သူ့ကို ချီးမွမ်းခြင်းငှာ၊ ကာလ​အစဉ်အဆက် သီချင်း​ဆိုကြလိမ့်မည်။

၃၁ ဤအမှုတို့ကို မင်းကြီး​သိခြင်းသို့ မရောက်နိုင်​စေခြင်းငှာ၊ ထိုပြည်၏​နယ်နိမိတ်၌ ပြုခဲ့လေ၏။

၃၂ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် ထိုလူတို့၌​လှုပ်ရှားမှုကို တွေ့ရှိသောကြောင့်၊ စောင့်ကြည့်​စေခြင်းငှာ မိမိကျွန်များကို စေလွှတ်၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို ကြားနာရန် သူတို့​ကိုယ်သူတို့အတူတကွ စည်းဝေးသော​နေ့တွင်၊ မင်းကြီးသည် ထိုအမှုများကို တွေ့ရှိလေ၏။

၃၃ ယခုမူကား၊ လူများ သူ့ကို ဆန့်ကျင်​ပုန်ကန်​စေခြင်းငှာ အယ်လမာ​နှိုးဆော်​နေကြောင်း၊ မင်းကြီး​ဆို၏။ ထို့ကြောင့်၊ သူတို့ကို ဖျက်ဆီးစေခြင်းငှာ သူ့တပ်များကို စေလွှတ်၏။

၃၄ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် ကိုယ်တော်ရှင်၏​လူတို့သည် မင်းကြီး၏တပ် လာနေကြောင်းကို သတင်း​ရရှိကြ၏။ ထို့ကြောင့်၊ သူတို့၏​တဲများနှင့် သူတို့၏​မိသားစုများကို ဆောင်ယူလျက် တောရိုင်းထဲသို့ ထွက်ခွာ​သွားကြ၏။

၃၅ သူတို့သည်လည်း အရေအတွက်​အားဖြင့် လေးရာ​ငါးဆယ်​ဦးခန့် ဖြစ်လေ၏။