ကျမ်းစာများ
မောဇိယ ၁၇


အခန်းကြီး ၁၇

အယ်လမာသည် အဘိနဒိ၏​စကားတို့ကို ယုံကြည်၍ ရေး၏—အဘိနဒိသည် မီးဘေးဖြင့် သေခြင်းကို ခံစားရ၏—သူ့ကို​သတ်သော​သူတို့​အပေါ်​ရောက်မည့်​ရောဂါနှင့် မီးဘေးဖြင့် သေခြင်းကို သူပရောဖက်ပြု၍​ဟော၏​။ ဘီစီ ၁၄၈ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အဘိနဒိ ဤဟော​ပြောခြင်းတို့ကို ပြီးဆုံးသောအခါ၊ မင်းကြီးသည် ယဇ်ပုရောဟိတ်များ သူ့ကို ဖမ်းဆီးရမည့်​အကြောင်းနှင့် သူအသေ​သတ်ခံ​စေရမည့်​အကြောင်း အမိန့်​ပေး၏။

သို့ရာတွင်၊ သူတို့၌ အယ်လမာ​အမည်​ရှိသောသူ​တစ်ဦး​ရှိ၏၊ ထိုသူသည်လည်း နီဖိုင်း၏ အမျိုး​အနွယ်​တစ်ဦး ဖြစ်၏။ လူပျို​တစ်ဦးလည်း ဖြစ်၏။ သူတို့​တစ်ဖက်၌ အဘိနဒိ သက်သေခံ​ခဲ့လေသော ဒုစရိုက်ကို​သိသောကြောင့် အဘိနဒိ​ပြောလေသော​စကားတို့​ကိုလည်း ယုံကြည်၏။ ထို့ကြောင့်၊ သူသည် မင်းကြီးအား အဘိနဒိကို အမျက်​မထွက်မည့်အကြောင်း၊ ငြိမ်းချမ်းစွာ ထွက်ခွာ​သွားနိုင်​စေခြင်းငှာ၊ အခွင့်ပေးပါမည့်အကြောင်းကိုသာ တောင်းပန်​စပြု၏။

သို့ရာတွင်၊ မင်းကြီးသည် သာ၍​အမျက်​ထွက်လျက်၊ အယ်လမာကို သူတို့​အထဲမှ နှင်ထုတ်​စေ၍၊ ကွပ်မျက်​စေခြင်းငှာ မိမိကျွန်တို့ကို သူ့နောက်သို့​စေလွှတ်၏။

သို့ရာတွင်၊ သူတို့​ရှေ့မှ​ထွက်ပြေး၍၊ ပုန်းကွယ်သဖြင့် သူ့ကို တွေ့မြင်ခြင်း​မရှိကြ။ သူသည် ရက်ပေါင်းများစွာ​ပုန်းအောင်း​နေစဉ်တွင် အဘိနဒိ​ဟောခဲ့လေသည့် စကားခပ်သိမ်းတို့ကိုလည်း ရေးခဲ့၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် သူ၏​ကိုယ်ရံ​တော်များကို အဘိနဒိအား ဝိုင်း၍​ဖမ်းဆီး​စေ၏။ ထိုသူတို့​သည်လည်း သူ့ကို ချည်နှောင်၍ ထောင်ထဲ၌ လှောင်​ထားကြ၏။

သုံးရက်​လွန်လေပြီးမှ၊ သူ၏​ယဇ်ပုရောဟိတ်တို့နှင့်​တိုင်ပင်ပြီးလျှင်၊ သူ့ရှေ့သို့ တစ်ဖန်​ခေါ်ဆောင်​စေ၏။

သူဆိုလေသည်ကား၊ အဘိနဒိ၊ ငါတို့သည် သင့်တစ်ဖက်၌ စွပ်စွဲချက်ကို တွေ့​ရှိသဖြင့် သင်သည်​သေခြင်းနှင့်ထိုက်တန်၏။

အကြောင်းမူကား၊ သင်သည် ဘုရားသခင်ကိုယ်တိုင် လူသားတို့၌ ဆင်းလာ​တော်မူမည့်​အကြောင်း ပြော၏။ ယခုမူကား၊ သင်သည် ငါနှင့် ငါ၏​လူတို့​အကြောင်း မကောင်းသောအရာကို ပြောသည့် ခပ်သိမ်းသော​စကားတို့ကို ပြန်၍ မရုပ်သိမ်းလျှင်၊ ဤအကြောင်းကြောင့် အသေ​သတ် ခံရလိမ့်မည်။

ယခုတွင်၊ အဘိနဒိက သူ့ကို ပြောလေသည်ကား၊ သင်တို့ကို ငါဆို​သည်မှာ၊ ဤလူတို့နှင့်​စပ်လျဉ်း၍ သင်တို့ကို ငါပြော​ထားလေသည့်​စကားတို့ကို ငါသည်​ပြန်၍ ရုပ်သိမ်းမည်​မဟုတ်။ အကြောင်းမူကား၊ ထိုစကားတို့သည် အမှန်​ဖြစ်၏။ ထိုအရာတို့​ဧကန်​အမှန်​ဖြစ်ကြောင်းကို သင်တို့​သိနိုင်​စေခြင်းငှာလည်း၊ ငါ့ကိုယ်တိုင်အား သင်တို့လက်သို့ ကျရောက်စေရန် ငါအခွင့်​ပေးလေပြီ။

၁၀ ထိုမှတစ်ပါး၊ ငါသည် သေသည့်​တိုင်အောင်ပင် ဒုက္ခခံစားမည်။ ငါ၏​စကားတို့ကို ပြန်၍ ရုပ်သိမ်းမည်​မဟုတ်။ ထိုစကားတို့သည် သင်တို့​တစ်ဖက်၌ သက်သေ​အဖြစ်​ရှိလိမ့်မည်။ သင်တို့သည် ငါ့ကို​ကွပ်မျက်လျှင်၊ အပြစ်​မရှိသော​သူ၏ အသွေးကို သွန်းလောင်း၍၊ နောက်ဆုံးသော​နေ့တွင် ဤအမှုသည်လည်း သင်တို့​တစ်ဖက်၌ သက်သေ​အဖြစ်ရှိ​လိမ့်မည်။

၁၁ ယခုမူကား၊ နောဧမင်းကြီးသည် သူ့ကို လွှတ်ပေးတော့မည်​ပြု၏။ အကြောင်းမူကား၊ သူ၏​စကားတို့ကို ကြောက်ရွံ့၏။ ဘုရားသခင်၏​တရားစီရင်​တော်မူခြင်းတို့ သူ့အပေါ်​ကျရောက်​လာမည်ကိုလည်း ကြောက်ရွံ့၏။

၁၂ သို့ရာတွင်၊ ယဇ်ပုရောဟိတ်တို့သည် သူ့တစ်ဖက်၌ ကြွေးကြော်သဖြင့်၊ သူသည် မင်းကြီးကို မထီမဲ့​မြင်ပြု​ပါ၏ဟု ဆိုလျက် စွပ်စွဲ​စပြုလေ၏။ ထို့ကြောင့်၊ မင်းကြီးသည် သူ့ကို အမျက်​ထွက်၍၊ ကွပ်မျက်​ခံရစေခြင်းငှာ ပေးအပ်​လေ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ကို ဖမ်းဆီး၍ ချည်နှောင်လျက်၊ ထင်းစည်းနှင့် အမှန်စင်စစ်၊ သေသည့်​တိုင်အောင်ပင် ရိုက်ပုတ်ကြ၏။

၁၄ ယခုမူကား၊ မီးလျှံများ သူ့ကို အပူ​လောင်စပြုသော​အခါ၊ သူတို့ကို ဆို၍ ဟစ်ကြွေး​လေသည်ကား၊

၁၅ ရှုလော့၊ သင်တို့သည် ငါ့ကို​ပြုလေသကဲ့သို့ပင်၊ သင်တို့၏​အမျိုး​အနွယ်တို့​ကလည်း၊ များစွာသော​သူတို့ကို ငါဒုက္ခ​ဝေဒနာခံစားရသည့် နာကျင်မှုတို့၊ အကယ်​စင်စစ် မီးဘေးဖြင့်​သေခြင်း၏ နာကျင်မှု​ဒုက္ခဝေဒနာကို ခံစား​စေလိမ့်မည်။ ဤအမှုသည်ကား၊ သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကို ယုံကြည်ကြသောကြောင့်​ဖြစ်၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ သင်တို့သည် သင်တို့၏​ဒုစရိုက်များကြောင့်၊ ခပ်သိမ်းသော​ရောဂါ​အမျိုးမျိုးတို့နှင့် ဒုက္ခရောက်ကြ​ပေလိမ့်မည်။

၁၇ ထိုမှတစ်ပါး၊ သင်တို့သည် အဘက်ဘက်မှ အရိုက်ခံရ၍၊ ရက်စက်သော သားရဲများ၏​မောင်းထုတ်ခြင်းကို ခံရသော​သိုးရိုင်းစု​ကဲ့သို့ပင်၊ မောင်းထုတ်ခံရသဖြင့်၊ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲ​ကြရလိမ့်မည်။

၁၈ ထိုကာလ၌၊ သင်တို့သည် လိုက်၍​အဖမ်း​ခံရသဖြင့်၊ သင်တို့​ရန်သူများ၏​လက်ဖြင့် ဖမ်းဆီး​သွားခြင်းကို ခံရလျက် ငါဒုက္ခဝေဒနာ​ခံစားသကဲ့သို့ မီးဘေးဖြင့်​သေခြင်း၏​နာကျင်မှုများကို ခံစားရလိမ့်မည်။

၁၉ ထိုကဲ့သို့​အားဖြင့်၊ ဘုရားသခင်သည် သူ၏​လူမျိုးတို့ကို ဖျက်ဆီးသည့်​သူတို့အပေါ် အပြစ်ဒဏ်ကို စီရင်တော်မူ၏။ အို ဘုရားသခင်၊ အကျွန်ုပ်၏​အသက်ဝိညာဉ်ကို လက်ခံတော်မူပါ။

၂၀ ယခုမူကား၊ အဘိနဒိသည် ဤစကားတို့ကို ပြော၍​ပြီးလျှင်၊ လဲကျ၍၊ မီးဘေးဖြင့် သေခြင်းကို ခံစားရ၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားသခင်၏​ပညတ်တော်တို့ကို မငြင်းဆို​လိုသောကြောင့်၊ သူ့စကားတို့၏​အမှန်​တရားကို သူ၏​သေခြင်းဖြင့် သက်သေ​ပြုလျက် အသေသတ်ခံ၏။