ကျမ်းစာများ
မောဇိယ ၁၃


အခန်းကြီး ၁၃

အဘိနဒိသည် မြင့်မြတ်သော​တန်ခိုးတော်​အားဖြင့် ကာကွယ်​ခံရ၏—သူသည် ပညတ်တော်​ဆယ်ပါးကို သွန်သင်​ပေး၏—ကယ်တင်ခြင်းသည် မောရှေ၏​ပညတ်တရား တစ်ခုတည်း​အားဖြင့် ရောက်ရှိ​လာသည် မဟုတ်—ဘုရားသခင်​ကိုယ်တော်​တိုင်သည် အပြစ်​ဖြေခြင်း​မင်္ဂလာကို ပြုတော်မူပြီး၊ မိမိလူမျိုးတို့ကို ရွေးနှုတ်တော်မူ​လိမ့်မည်။ ဘီစီ ၁၄၈ ခန့်။

ယခုမူကား၊ မင်းကြီးသည် ဤစကားများကို ကြားလေလျှင် သူ့​ယဇ်ပုရောဟိတ်တို့ကို ဆိုသည်ကား၊ ဤသူကို ခေါ်သွား၍၊ ကွပ်မျက်လော့။ အကြောင်းမူကား၊ ငါတို့သည် သူနှင့် အဘယ်သို့ စပ်ဆိုင်သနည်း။ သူသည် ရူး၏​ဟုဆိုလျှင်၊

သူတို့သည်လည်း ရှေ့သို့​တိုး၍ သူ့ကို ဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်၊ သူဆီးတား၍၊ ဆိုလေသည်ကား၊

ငါ့ကို​မထိကြနှင့်၊ အကြောင်းမူကား၊ သင်တို့ ငါ့ကို ဖမ်းဆီးလျှင်၊ ဘုရားသခင်သည် သင်တို့ကို ဒဏ်ခတ်တော်မူ​လိမ့်မည်။ ကိုယ်တော်ရှင်​စေလွှတ်၍၊ ဟောပြောစေ​လိုသော သတင်းစကားကိုလည်း ငါမဟောပြောရသေး။ ငါပြောပြဖို့၊ သင်တို့​တောင်းဆိုသည့်​အရာကိုလည်း မပြောပြ​ရသေး။ ထို့ကြောင့်၊ ဤအချိန်၌ ငါပျက်စီး​ရစေကြောင်းကို ဘုရားသခင်​အခွင့်​ပေးတော်မူမည်​မဟုတ်။

သို့ရာတွင်၊ ငါ့ကို ဘုရားသခင်​မိန့်တော်မူလေသည့် မိန့်မှာချက်များကို ငါပြီးပြည့်စုံ​စေရမည်။ သင်တို့အား သမ္မာတရားကို ငါပြောပြလေသော​ကြောင့်လည်း သင်တို့သည် ငါ့ကို အမျက်​ထွက်ကြ၏။ ထို​မှတစ်ဖန်၊ ငါသည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြော​လေသောကြောင့်၊ သင်တို့သည် ငါ့ကို အရူးဟု ရှုတ်​ချကြ၏။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အဘိနဒိက ဤစကားများကို ပြောလေ​ပြီးနောက်တွင် နောဧမင်းကြီး၏​လူတို့က မဖမ်းဆီး​ဝံ့ကြ။ အကြောင်းမူကား ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် သူ့အပေါ်၌ တည်လေ၏။ သူ၏​မျက်နှာသည်လည်း အလွန်​တောက်​ပသည်မှာ သိနာ​တောင်ပေါ်၌ မောရှေ ကိုယ်တော်ရှင်နှင့် စကား​ပြောစဉ်က​ကဲ့သို့ပင်​ဖြစ်လေ၏။

သူသည်လည်း ဘုရားသခင်ထံမှ တန်ခိုးနှင့် အခွင့်​အာဏာတို့​အားဖြင့် ဟောပြော၍၊ စကားကို ဆက်၍ ဆိုလေသည်ကား၊

ငါ့ကို ကွပ်မျက်ရန် သင်တို့၌ အစွမ်း​သတ္တိ​မရှိကြောင်း သင်တို့​သိကြ၏။ ထို့ကြောင့်၊ ငါ၏​အမှာ​စကားကို အဆုံး​သတ်မည်။ ထိုမှတစ်ပါး၊ ငါသည် သင်တို့၏​ဒုစရိုက်များနှင့်​စပ်လျဉ်း၍၊ အမှန်ကို ပြောပြသောကြောင့်၊ ထိုအချင်း​အရာက သင်တို့၏​စိတ်နှလုံးကို ထိခိုက်ကြောင်း ငါသိ​မြင်၏။

ထိုမှတစ်ပါး၊ ငါ၏​စကားများက သင်တို့ကို အံ့မခန်း​ချီးမွမ်း​ဖွယ်ဖြစ်ခြင်း၊ အံ့အား​သင့်ခြင်းနှင့် အမျက်တို့ဖြင့် ပြည့်စေ၏။

သို့ရာတွင်၊ ငါ၏​အမှာ​စကားကို ငါ​အဆုံးသတ်မည်။ ထို့နောက်တွင်ကား၊ အဘယ်​အရပ်သို့ ငါသွားသည်​ဖြစ်စေ အရေး​မကြီး။ ထိုသို့ဆိုလျှင်၊ ငါသည်​ကယ်တင်ခြင်းသို့ ရောက်၏။

၁၀ သို့ရာတွင်၊ ငါသည် ဤမျှ​အထိ​သင်တို့​ကို ပြောပြပြီးနောက်၊ ငါ့ကို သင်တို့​ပြုသည့်​အရာသည် ဖြစ်လာမည့်​အရာတို့၏ သင်္ကေတနှင့်​အရိပ်​အဖြစ် ရှိလိမ့်မည်။

၁၁ ယခုမူကား၊ ငါသည် သင်တို့အား ဘုရားသခင်၏ ကျန်ကြွင်းသော​ပညတ်တော်များကို ဖတ်၍​ပြ၏။ အကြောင်းမူကား၊ ထိုအရာတို့ကို သင်တို့​စိတ်နှလုံး​ထဲ၌ မှတ်သား​ထားခြင်း​မရှိကြောင်း ငါသိမြင်၏။ သင်တို့ဘဝ၏​အများဆုံးသော​ကာလ၌ ဒုစရိုက်ကို သင်ယူ၍၊ သွန်သင်​ပေးလေကြောင်း ငါသိမြင်၏။

၁၂ ယခုမူကား၊ အထက်​ကောင်းကင်၌​လည်းကောင်း၊ အောက်​အရပ်​မြေကြီးပေါ်၌​လည်းကောင်း၊ မြေကြီး​အောက်ရေထဲ၌​လည်းကောင်း ရှိသည့် ရုပ်တု​ဆင်းတု တစ်ခုကိုမျှ၊ သို့မဟုတ်၊ အရာတို့၏​ပုံသဏ္ဌာန်တူ​တစ်ခုကိုမျှ၊ ကိုယ်အဖို့ မလုပ်နှင့်ဟု သင်တို့အား ငါပြောသည်ကို သတိရ​ကြလော့။

၁၃ ထိုမှတစ်ဖန်၊ သင်သည် ထိုအရာတို့ကို ဦးမညွှတ်မပျပ်ဝပ်နှင့်။ ထိုအရာတို့ကို အစေမခံနှင့်။ အကြောင်းမူကား၊ သင်၏​ဘုရားသခင်​ငါကိုယ်တော်ရှင်သည် အပြစ်ရှိသည်ဟု ယုံလွယ်သော​ဘုရားသခင်ဖြစ်၏၊ ငါ့ကို မုန်းသော​သူတို့၏​မျိုးဆက်များကို တတိယ​နှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင်၊ အဘတို့၏​ဒုစရိုက်များကို သားတို့၌ ဆပ်ပေး​စီရင်လျက်၊

၁၄ ငါ့ကို​ချစ်၍၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းကြသူတို့၏ အထောင်​အသောင်း​တိုင်အောင် ကရုဏာတော်ကို ပြလျက်​ရှိ၏။

၁၅ သင်သည် သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​နာမတော်ကို အချည်းနှီး မမြွက်ဆိုနှင့်။ အကြောင်းမူကား၊ သူ၏​နာမတော်အား အချည်းနှီး​မြွက်ဆိုသောသူကို အပြစ်ကင်းသည်ဟု ကိုယ်တော်ရှင် မှတ်တော်မမူ။

၁၆ ဥပုသ်နေ့ကို သန့်ရှင်း​စေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။

၁၇ သင်သည် ခြောက်ရက်​ပတ်လုံး၊ သင်၏​အလုပ်​အားလုံးကို လုပ်လော့။

၁၈ သို့ရာတွင်၊ သတ္တမနေ့၊ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ဥပုသ်နေ့၌၊ သင်မှ​စ၍၊ သင်၏​သား၊ သင်၏​သမီး၊ သင်၏​ကျွန်ယောက်ျား၊ သင်၏​ကျွန်မိန်းမ၊ သင်၏​တိရစ္ဆာန်၊ သင်၏​တံခါး​အတွင်း၌​နေသောသူတစိမ်းတို့သည် အလုပ်​မလုပ်ရ။

၁၉ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ သမုဒ္ဒရာ​အရပ်ရပ်​ရှိသမျှတို့ကို ခြောက်ရက်တွင်​ဖန်ဆင်း၏။ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် ဥပုသ်နေ့ကို ကောင်းချီး​ပေး၍၊ သန့်ရှင်း​စေတော်မူ၏။

၂၀ သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်​ပေးသနား​တော်မူသော​ပြည်၌ သင်၏​အသက် တာရှည်မည်​အကြောင်း၊ သင်၏​အမိနှင့် အဘကို ရိုသေစွာ​ပြုလော့။

၂၁ သင်သည် လူ​အသက်ကို မသတ်ရ။

၂၂ သင်သည် သူ့သားမယားအား ပြစ်မှားခြင်း​ကို မကျူးလွန်ရ​။ သင်သည် မခိုးရ။

၂၃ သင်သည် ကိုယ်နှင့်​စပ်ဆိုင်သော​သူတစ်ဖက်၌ မမှန်သော​သက်သေကို မခံရ။

၂၄ သင်သည် ကိုယ်နှင့်​စပ်ဆိုင်သော​သူ၏​အိမ်ကို တပ်မက်​သော​စိတ်မရှိစေရ။ ကိုယ်နှင့်​စပ်ဆိုင်သော​သူ၏​ဇနီး၊ သူ၏​ကျွန်ယောက်ျား၊ သူ၏​ကျွန်မိန်းမ၊ သူ၏​နွား၊ သူ၏​မြည်းမှ​စ၍၊ ကိုယ်နှင့်​စပ်ဆိုင်သော​သူ၏ ဥစ္စာတစ်စုံ​တစ်ခုကိုမျှ တပ်မက်​သော​စိတ် မရှိစေရ။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အဘိနဒိသည် ဤဟောပြောခြင်းများကို လက်​စသတ်ပြီးနောက်၊ ထိုသူတို့ကို ဆိုသည်ကား၊ သင်တို့သည် ဤလူတို့အား ဤပညတ်တော်များကို စောင့်ထိန်းရန် ဤအရာခပ်သိမ်း​တို့ကို လုပ်ဆောင်ရန် အားထုတ်ရမည့်​အကြောင်း သွန်သင်​ပေးပြီး​လေပြီလော။

၂၆ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ အကြောင်းမူကား၊ သင်တို့​သွန်သင်​ပေးပြီး​လေလျှင်၊ ကိုယ်တော်ရှင်သည် ငါ့ကို ဤလူမျိုးတို့နှင့်​စပ်လျဉ်းသည့် မကောင်းသော​အရာကို လာပြီး၊ ပရောဖက်ပြု၍​ဟော​စေလိမ့်မည် မဟုတ်။

၂၇ ယခုမူကား၊ ကယ်တင်ခြင်းသည် မောရှေ၏​ပညတ်တရား​အားဖြင့် ရောက်လာကြောင်း သင်တို့​ပြောကြလေပြီ။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် မောရှေ၏​ပညတ်တရားကို စောင့်ထိန်းရန် လိုအပ်လျက်​ရှိသေး၏။ သို့ရာတွင်၊ မောရှေ၏​ပညတ်တရားကို စောင့်ထိန်းရန် မ​လိုအပ်တော့မည့် အချိန် ကျရောက်​လာလိမ့်မည်​ဖြစ်ကြောင်း သင်တို့ကို ငါဆို၏။

၂၈ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ကယ်တင်ခြင်းသည် ပညတ်တရား​တစ်ခုတည်း​အားဖြင့် ရောက်​လာသည်​မဟုတ်။ ဘုရားသခင်​ကိုယ်တိုင် မိမိလူများတို့၏​အပြစ်နှင့်​ဒုစရိုက်များ​အတွက် ပြုတော်မူမည့် အပြစ်​ဖြေခြင်း​မင်္ဂလာကြောင့် မဟုတ်​လေလျှင်၊ မောရှေ၏​ပညတ်တရား​ရှိသော်​ငြားလည်း၊ သူတို့သည် ရှောင်လွှဲ၍​မရနိုင်ဘဲ​ပျက်စီးရမည်။

၂၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဣသရေလ​အမျိုးသားတို့အား ပညတ်တရား၊ အမှန်စင်စစ်၊ အလွန်တင်းကျပ်သော​ပညတ်တရားကို ပြုထားရန် လိုအပ်၏။ အကြောင်းမူကား၊ သူတို့သည် လည်ပင်း​ခိုင်မာသော​လူမျိုး​ဖြစ်၍၊ ဒုစရိုက်ကို​ပြုရန် လျင်မြန်၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို အောက်မေ့ရန် နှေးကွေးကြ၏။

၃၀ ထို့ကြောင့်၊ သူတို့ကို ပညတ်တရား၊ အထူးသဖြင့်၊ စီရင်​တော်မူခြင်း​များနှင့် ဘိသိက်မင်္ဂလာများ၏​ပညတ်တရား၊ ဘုရားသခင်နှင့် သူ့ထံသို့​ပြုရမည့် မိမိတို့၏တာဝန်ကို အောက်မေ့လျက်​ရှိကြစေရန် နေ့တိုင်း​မပြတ်၊ တင်းကျပ်စွာ ကျင့်စောင့်​ကြရမည့်​ပညတ်တရားကို ပေးထား၏။

၃၁ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ ဤအရာခပ်သိမ်းတို့သည် ဖြစ်လာမည့် အရာတို့၏​သင်္ကေတများ​ပေတည်း။

၃၂ ယခုမူကား၊ သူတို့သည် ပညတ်တရားကို နားလည်​ကြသလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူတို့​အားလုံးသည် ပညတ်တရားကို နားမလည်ကြ။ ဤအမှု​သည်ကား၊ သူတို့​စိတ်နှလုံး၏​မာကျောခြင်း​ကြောင့်​ပေတည်း။ အကြောင်းမူကား၊ ဘုရားသခင်၏​ရွေးနှုတ်ခြင်း​အားဖြင့်​မှတစ်ပါး၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ မရောက်နိုင်ကြောင်း၊ သူတို့​နားလည်ခြင်း​မရှိကြ။

၃၃ အကြောင်းမူကား၊ ရှုလော့၊ မေရှိယ ကြွလာ​တော်မူခြင်း​အကြောင်းနှင့် ဘုရားသခင်သည် သူ၏​လူမျိုးတို့ကို ရွေးနှုတ်​တော်မူမည့်​အကြောင်း သူတို့ကို မောရှေ​ပရောဖက်​ပြု၍ မဟော​လေသလော။ ထိုမှတစ်ပါး၊ ကမ္ဘာ​ဦးကတည်းက ပရောဖက်​ပြု၍​ဟောလေသည့် ခပ်သိမ်းသောပရောဖက်​တို့သည်—ဤအရာများ​အကြောင်းကို ပို၍ သို့မဟုတ် လျော့၍ မဟော​ပြောလေ​သလော။

၃၄ ဘုရားသခင်​ကိုယ်တော်တိုင်သည် လူသားတို့၌ ဆင်းလာ​တော်မူပြီး၊ မိမိ​အပေါ်၌ လူသား၏​ပုံသဏ္ဌာန်ကို​ခံယူ၍၊ မြေကြီး​မျက်နှာပြင်​ပေါ်၌ ကြီးစွာသော​တန်ခိုးဖြင့် သွားတော်မူ​ကြောင်းကို သူတို့​မဟော​ပြောလေ​သလော။

၃၅ ထိုမှတစ်ပါး၊ သူသည် သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်စေမည့်​အကြောင်းကို​လည်းကောင်း၊ သူကိုယ်တိုင် ညှဉ်းပန်း​နှိပ်စက်ခြင်းနှင့် ညှဉ်းဆဲခြင်း​ခံရမည့်​အကြောင်းကို​လည်းကောင်း သူတို့​မဟော​ပြောလေ​သလော။