ကျမ်းစာများ
မောဇိယ ၁၅


အခန်းကြီး ၁၅

ခရစ်တော်သည်ကား၊ ခမည်းတော်နှင့် သားတော် နှစ်ဦးစလုံး​ဖြစ်ကြောင်းကို ရှင်းပြ၏—သူသည် မိမိလူတို့၏ လွန်ကျူးခြင်းများကို တောင်းပန်ပြီး ခံယူ၏—သူတို့နှင့် သန့်ရှင်းသည့် ပရောဖက်​ခပ်သိမ်းတို့သည် သူ၏​အမျိုးအနွယ်များ​ဖြစ်ကြ၏—သူသည် ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်စေ၏—ကလေး​သူငယ်တို့သည် ထာဝရ​အသက်ကို ရရှိကြ၏။ ဘီစီ ၁၄၈ ခန့်။

ယခုမူကား၊ အဘိနဒိက ဆိုလေသည်မှာ၊ ဘုရားသခင်​ကိုယ်တော်တိုင် လူသားတို့၌ ဆင်းလာ​တော်မူပြီး၊ သူ၏​လူမျိုးတို့ကို ရွေးနှုတ်​တော်မူမည်​ဖြစ်ကြောင်း သင်တို့​နားလည်စေရန် ငါအလို​ရှိ၏။

ထို့အတူ၊ သူသည် ဇာတိကိုယ်ခန္ဓာ၌ နေထိုင်သောကြောင့် ဘုရားသခင်၏​သားတော်ဟု အခေါ်​ခံရလိမ့်မည်။ ဇာတိကိုယ်ခန္ဓာ​ကိုလည်း ခမည်းတော်၏​အလိုတော်သို့ ဩဇာခံ​ဖြစ်စေသောကြောင့် ခမည်းတော်နှင့် သားတော်​ဖြစ်တော်မူ၏—

ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် ပဋိသန္ဓေစွဲ​ယူသော​ကြောင့်၊ ခမည်းတော်​ဖြစ်လျက်၊ ဇာတိကိုယ်ခန္ဓာ​ကြောင့်၊ သားတော်​ဖြစ်၍၊ ထိုကဲ့သို့​အားဖြင့် သူသည် ခမည်းတော်နှင့် သားတော် ဖြစ်​လာပေ၏—

သူတို့​သည်လည်း တစ်ပါးတည်းသော​ဘုရားသခင်၊ အထူးသဖြင့်၊ ကောင်းကင်နှင့်​မြေကြီး၏ ထာဝရ​အဘ အမှန်​ဖြစ်တော်မူ၏။

ထိုကဲ့သို့​အားဖြင့်၊ ဇာတိကိုယ်ခန္ဓာသည် ဝိညာဉ်တော်၏​ဩဇာခံ၊ သို့မဟုတ်၊ သားတော်သည် ခမည်းတော်၏​ဩဇာခံ ဖြစ်လာပြီး၊ တစ်ပါး​တည်းသော​ဘုရားသခင်​ဖြစ်လျက်၊ သွေးဆောင်​ဖြားယောင်းခြင်းကို ကြံ့ကြံ့​ခံ၍၊ သွေးဆောင်​ဖြားယောင်းခြင်းကို အရှုံး​မပေး၊ သို့ရာတွင် မိမိ​လူမျိုးတို့၏​ပြက်ရယ်​ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ပစ်ပယ်ခြင်းတို့​ခံရဖို့ သူ့ကိုယ်ကို အခွင့်​ပေးတော်မူ၏။

ဤအရာ​ခပ်သိမ်း၏​နောက်တွင်၊ လူသားတို့၌ ကြီးစွာသော အလွန်​တရာအံ့ဩဖွယ်​အမှု​များစွာတို့ကို ပြုတော်မူ​ပြီးနောက်၊ သူ့ကို ခေါ်ဆောင်​သွားလိမ့်မည်။ ထိုမှတစ်ပါး၊ ဟေရှာယက​ဟောခဲ့​သကဲ့သို့ပင်၊ သိုးသည် အမွေးညှပ်သော​သူရှေ့မှာ မမြည်ဘဲ​နေသကဲ့သို့၊ သူသည် နှုတ်ကို​မဖွင့်ဘဲ​နေ၏။

ထိုမှတစ်ပါး၊ သူသည် ထိုကဲ့သိုပင် ခေါ်ဆောင်​ခံလျက်၊ လက်ဝါး​ကပ်တိုင်မှာ ကွပ်မျက်​ခံရ၊ အသတ်​ခံရသဖြင့်၊ ဇာတိကိုယ်ခန္ဓာ​သည် သေခြင်း၏​ဩဇာခံပင်​ဖြစ်လာ၍၊ သားတော်၏​အလိုတော်သည် ခမည်းတော်၏​အလိုတော်​အားဖြင့် လွှမ်းခြုံ​ခံရ​လိမ့်မည်။

ထိုကဲ့သို့​အားဖြင့်၊ ဘုရားသခင်သည် သေခြင်း၏​ကြိုးများကို ဖြတ်၏၊ သေခြင်း​အပေါ်၌ အောင်နိုင်ခြင်းကို​ရရှိ၍၊ သားတော်အား လူသားတို့​အတွက် တောင်းပန်ခြင်း​ပြုတော်မူရန် တန်ခိုးကို ပေးတော်မူ၏—

ကောင်းကင်ဘုံသို့​တက်သွား​တော်မူလျက်၊ ကရုဏာတော်​ဝမ်း ရှိ​တော်မူလျက်၊ လူသားတို့​အပေါ် သနားတော်မူခြင်း​နှင့်လည်း ပြည့်တော်​မူလျက်၊ သူတို့နှင့် တရားတော်မူခြင်း​အကြား​တွင်ရပ်လျက်၊ သေခြင်း၏ ကြိုးများကို ဖြတ်တော်မူလျက်၊ သူတို့၏ ဒုစရိုက်နှင့် သူတို့၏ လွန်ကျူးခြင်းများကို သူ့ကိုယ်​ပေါ်၌ ခံယူတော်မူ၏။ သူတို့ကို ရွေးနှုတ်တော်မူလျက်၊ တရား​တော်မူခြင်း၏ လိုအပ်ချက်များကို ပြီးပြည့်စေ၏။

၁၀ ယခုမူကား၊ သင်တို့ကို ငါဆို​သည်မှာ၊ သူ၏​မျိုးဆက်ကို အဘယ်သူ ပြညွှန်​မည်နည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ အပြစ်အတွက် သူ၏​အသက်ကို ပူဇော်သက္ကာ​အဖြစ်​ပြုလေပြီးမှ၊ သူ၏​အမျိုး​အနွယ်ကို သူမြင်ရ​လိမ့်မည်။ ယခုမူကား၊ သင်တို့သည် အဘယ်​အရာကို ပြော​ကြသနည်း။ ထို့အတူ၊ အဘယ်​သူသည် သူ၏​အမျိုးအနွယ်​ဖြစ်​လိမ့်မည်​နည်း။

၁၁ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ပရောဖက်၊ အထူးသဖြင့်၊ ကိုယ်တော်ရှင် ကြွလာ​တော်မူမည့်​အကြောင်း ပရောဖက်​ပြု၍၊ ဟောလေသည့် သန့်ရှင်းသော ပရောဖက်​ခပ်သိမ်းတို့၏ စကားများကို ကြားနာ​လေသည့်​သူမှန်သမျှတို့​သည်လည်းကောင်း—သင်တို့ကို ငါဆိုသည်ကား၊ သူတို့၏​စကားများကို စေ့စေ့နားထောင်၍၊ သူ၏​လူမျိုးတို့ကို ကိုယ်တော်ရှင်​ရွေးနှုတ်တော်မူ​လိမ့်မည်​ဖြစ်ကြောင်း ယုံကြည်​သဖြင့်၊ မိမိတို့၏​အပြစ်များမှ​လွှတ်ခြင်း​အတွက် ထိုနေ့ကို မျှော်လင့်​ကြသောသူ ခပ်သိမ်းတို့​သည်လည်းကောင်း၊ သင်တို့ကို ငါဆိုသည်ကား၊ ဤသူတို့သည် သူ၏​အမျိုး​အနွယ် သို့မဟုတ်၊ ဘုရားသခင့်​နိုင်ငံတော်၏​အမွေကို ခံသောသူများ ဖြစ်ကြ၏။

၁၂ အကြောင်းမူကား၊ ဤသူတို့မှာ သူခံယူခဲ့သည့်​အပြစ်များ​ရှိသော​သူများ​ဖြစ်၏။ ဤသူတို့မှာ လွန်ကျူးခြင်းများမှ ရွေးနှုတ်ခြင်းငှာ၊ သူသေ၍​ပေးခဲ့လေသော​သူများ​ဖြစ်၏။ ယခုမူကား၊ သူတို့သည် သူ၏​အမျိုးအနွယ် မဟုတ်​ကြသလော။

၁၃ ထိုမှတစ်ပါး၊ ပရောဖက်ပြု၍​ဟောခြင်းငှာ၊ မိမိနှုတ်ကို​ဖွင့်ကြသော​သူတိုင်း၊ လွန်ကျူးခြင်း​ထဲသို့ မလဲကျ​လေသောသူ၊ ငါဆိုလို​သည်ကား၊ ကမ္ဘာ​ဦးကတည်းက ရှိခဲ့ကြ​လေသည့် သန့်ရှင်းသော​ပရောဖက်ခပ်သိမ်းတို့သည် သူ၏​အမျိုး​အနွယ်​မဟုတ်​ကြသလော။ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် သူ၏​အမျိုး​အနွယ်​ဖြစ်၏။

၁၄ ဤသူတို့သည်ကား၊ ငြိမ်းချမ်းခြင်းကို ပြောကြားသောသူ၊ ကောင်းမြတ်ခြင်း၏ ဝမ်းမြောက်စရာ​သတင်းကို ပြောကြားသော​သူ၊ ကယ်တင်ခြင်းကို ပြောကြားသောသူ၊ ထို့အတူ၊ သင်၏​ဘုရားသခင်​စိုးစံတော်မူ၏ဟု ဇိအုန်မြို့ကို ဆိုသော​သူများ​ပေတည်း။

၁၅ အို သူတို့၏​ခြေတို့သည်လည်း တောင်ပေါ်မှာ အလွန်​တင့်တယ်​လှပေစွ​တကား။

၁၆ ထိုမှတစ်ဖန်၊ ငြိမ်းချမ်းခြင်းကို ပြောကြားလျက်​ရှိနေ​သေးသော​သူတို့၏​ခြေတို့​သည်ကား၊ တောင်ပေါ်မှာ အလွန်​တင့်တယ်​လှပေစွ​တကား။

၁၇ ထိုမှတစ်ဖန်၊ နောင်​ကာလ၌၊ အမှန်စင်စစ်၊ ဤအချိန်ယခုမှ​စ၍၊ ကာလ​အစဉ်အဆက် ငြိမ်းချမ်းခြင်းကို ပြောကြားမည့်​သူတို့၏ ခြေတို့သည်ကား၊ တောင်ပေါ်မှာ အလွန်​တင့်တယ်​လှပေစွ​တကား။

၁၈ ရှုဦးလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာသည် အလုံး​စုံမဟုတ်။ အကြောင်းမူကား၊ အို ဝမ်းမြောက်စရာ​သတင်းကို ဆောင်ယူ​လာသောသူ၊ ငြိမ်းချမ်းခြင်းကို တည်ထောင်သူ၊ အထူး​သဖြင့်၊ မိမိလူတို့ကို ရွေးနှုတ်​တော်မူလေသည့် ကိုယ်တော်ရှင်​ပင်​ဖြစ်သည့်သူ၊ အထူး​သဖြင့်၊ မိမိ​လူတို့အား ကယ်တင်ခြင်းကို ပေးလေသည့် ထိုသူ၏​ခြေတို့​သည်ကား၊ တောင်ပေါ်မှာ အလွန်​တင့်တယ်​လှပေစွ​တကား။

၁၉ အကြောင်းမူကား၊ ကမ္ဘာတည်ကတည်းက ပြင်ဆင်​ထားတော်မူခဲ့သည့်၊ သူ၏​လူတို့​အတွက် ပြုထား​တော်မူခဲ့​လေသော ရွေးနှုတ်​ခြင်းကြောင့်​မဟုတ်လျှင်၊ သင်တို့ကို ငါဆိုသည်ကား၊ ဤအရာကြောင့် မဟုတ်လျှင်၊ ခပ်သိမ်းသော လူသားတို့​ပျက်စီး​ရပေမည်။

၂၀ သို့ရာတွင်၊ ရှုလော့၊ သေခြင်း၏​ကြိုးများ​ပြတ်လိမ့်မည်။ သားတော်​သည်လည်း အုပ်စိုး၍ သေခြင်းကို အစိုး​ရတော်မူ၏။ ထို့ကြောင့်၊ သူသည် သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်ပေါ်စေ၏။

၂၁ ထို့အတူ၊ ရှင်ပြန်​ထမြောက်ခြင်း၊ ပထမရှင်​ပြန်​ထမြောက်ခြင်းပင်​ဖြစ်ပေါ်​လာလိမ့်မည်။ အထူး​သဖြင့်၊ လွန်လေ​ပြီးသော​သူများ၊ ယခု​လက်ရှိ​သူများနှင့် နောင်ဖြစ်​လာမည့်​သူများတို့၏ ရှင်ပြန်​ထမြောက်ခြင်း​သည်ပင် ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်းသို့​တိုင်အောင်ပင် ဖြစ်ပေါ်လိမ့်မည်—အကြောင်းမူကား၊ သူသည် ထိုသို့ အခေါ်​ခံရလိမ့်မည်။

၂၂ ယခုမူကား၊ ရှင်ပြန်ထမြောက်ခြင်း၌၊ ခပ်သိမ်းသော​ပရောဖက်များ၊ ထို့အတူ သူတို့၏​စကားများကို ယုံကြည်သည့် ခပ်သိမ်းသောသူများ၊ သို့မဟုတ် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသည့် ခပ်သိမ်းသောသူတို့သည် ပထမ​ရှင်ပြန်​ထမြောက်ခြင်း၌ ထွက်လာကြလိမ့်မည်။ ထို့ကြောင့်၊ သူတို့သည် ပထမ​ရှင်ပြန်​ထမြောက်သူများ ဖြစ်ကြ၏။

၂၃ သူတို့ကို ရွေးနှုတ်​တော်မူလေသည့် ဘုရားသခင်နှင့် နေထိုင်ကြစေခြင်းငှာ ထမြောက်စေ၏။ ထို့ကြောင့်၊ သေခြင်း၏​ကြိုးများကို ဖြတ်တော်မူလေသည့် ခရစ်တော်အားဖြင့်၊ သူတို့သည် ထာဝရ​အသက်ကို ရရှိကြလေပြီ။

၂၄ ဤသူတို့​သည်ကား၊ ပထမ​ရှင်ပြန်​ထမြောက်ခြင်းကို ဝင်စားသော​သူများ​ဖြစ်၏။ ဤသူတို့သည်ကား၊ ကယ်တင်ခြင်းကို ဟောပြောထားခြင်း​မရှိ၍၊ အသိ​တရားမဲ့လျက် ခရစ်တော်​ကြွလာတော်​မမူမီ သေမည့်​သူများ​ဖြစ်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်သည် ဤသူတို့​အား ပြန်လည်​အပ်နှင်းခြင်းကို ဖြစ်ပေါ်​စေ၏။ သူတို့သည်လည်း ကိုယ်တော်ရှင်၏ ရွေးနှုတ်​တော်မူခြင်းကြောင့်၊ ပထမရှင်ပြန်​ထမြောက်ခြင်းကို ဝင်စားကြ၊ သို့မဟုတ်၊ ထာဝရ​အသက်ကို ရရှိကြ၏။

၂၅ ထို့အတူ၊ ကလေး​သူငယ်တို့​သည်လည်း ထာဝရ​အသက်ကို ရရှိကြ၏။

၂၆ သို့ရာတွင်၊ ရှုလော့၊ သင်တို့သည် တုန်ရမည်​ဖြစ်သော​ကြောင့်၊ ဘုရားသခင်​ရှေ့၌ ကြောက်ရွံ့၍ တုန်ကြလော့။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ့ကို​ဆန့်ကျင်​ပုန်ကန်၍ သူတို့၏​အပြစ်၌ သေသောသူ၊ အထူးသဖြင့်၊ ကမ္ဘာ​ဦးကတည်းက သူတို့၏​အပြစ်များ၌ ပျက်စီး​လေသောသူ၊ ဘုရားသခင်ကို တမင်ဆန့်ကျင်​ပုန်ကန်သောသူ၊ ဘုရားသခင်၏​ပညတ်တော်များကို သိလေပြီး မစောင့်ထိန်းလိုသူ ခပ်သိမ်းတို့မှ၊ အမှန်စင်စစ် ထိုကဲ့သို့သောသူ​အဘယ်သူကိုမျှ၊ ရွေးနှုတ်ခြင်း​မရှိ။ ဤသူတို့သည်ကား၊ ပထမ​ရှင်ပြန်​ထမြောက်ခြင်းကို မဝင်စားသူများ​ဖြစ်ကြ၏။

၂၇ ထို့ကြောင့်၊ သင်တို့​မတုန်သင့်​ကြသလော။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် ထိုကဲ့သို့သော​သူကို ရွေးနှုတ်ခြင်း​မရှိသောကြောင့်၊ ကယ်တင်ခြင်းသည် ထိုကဲ့သို့သောသူ​ထံသို့ မရောက်ရှိ။ အထူး​သဖြင့်၊ ကိုယ်တော်ရှင်​သည်လည်း ထိုကဲ့သို့သောသူကို ရွေးနှုတ်​တော်မူနိုင်ခြင်း​မရှိ။ အကြောင်းမူကား၊ ထိုသူသည် သူ့ကိုယ်သူ မငြင်းဆိုနိုင်။ ထိုသူသည် တရားတော်မူခြင်း၏ အကျိုး​ပြုသက်​ရောက်မှု​ရှိသော​အခါ မငြင်းဆို​နိုင်သောကြောင့်​ပေတည်း။

၂၈ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုး​မှန်သမျှထံ ကိုယ်တော်ရှင်၏​ကယ်တင်ခြင်းကို ဟောကြားမည့်​အချိန်သည် ကျရောက်​လာလိမ့်မည်။

၂၉ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၊ သင်၏​ကင်းစောင့်တို့သည် ကြွေးကြော်ကြ၍၊ တညီ​တညွတ်​တည်းသော​အသံဖြင့်၊ သီဆိုကြ​လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်က ဇိအုန်မြို့ကို ပြန်လည်​တည်ရှိ​စေတော်မူသော​အခါ၊ သူတို့သည် ကိုယ်တိုင်​မြင်​ရလိမ့်မည်။

၃၀ ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့၊ အတူတကွသီချင်းဆို​ကြလော့၊ ယေရုရှလင်ရှိ ပြိုပျက်ရာ​အရပ်တို့။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်စေ​တော်မူလေပြီ၊ ယေရုရှလင်ကို ရွေးနှုတ်​တော်မူလေပြီ။

၃၁ ကိုယ်တော်ရှင်သည် သူ၏​သန့်ရှင်းသော​လက်တော်ကို၊ ခပ်သိမ်းသော ပြည်သားတို့​ရှေ့၌၊ ဖွင့်ပြ​ထားတော်မူ၏။ မြေကြီး​စွန်းသား ခပ်သိမ်း​တို့​သည်လည်း ငါတို့​ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရ​လိမ့်မည်။