ကျမ်းစာများ
မောဇိယ ၂၄


အခန်းကြီး ၂၄

အာမြူလုန်သည် အယ်လမာနှင့် သူ၏​လူတို့ကို ညှဉ်းဆဲ၏—သူတို့သည် ဆုတောင်းလျှင်၊ အသေ​သတ်​ခံရမည်—ကိုယ်တော်ရှင်သည် သူတို့၏​ဝန်များကို ပေါ့သည်ဟု ထင်စေ၏—သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူ၏၊ သူတို့သည်လည်း ဇရဟင်မလပြည်သို့ ပြန်လာ​ကြ၏။ ဘီစီ ၁၄၅–၁၂၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမြူလုန်သည် လာမန်​အမျိုးသားတို့၏ မင်းကြီး၏ မျက်လုံးများ၌ နှစ်သက်ခြင်းကို ခံရ၏။ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့၏​မင်းကြီးက သူနှင့် သူ၏​ညီအစ်ကို​တို့အား၊ မိမိလူတို့​အပေါ် ၌ အထူးသဖြင့်၊ ရှေမလုန်ပြည်၊ ရှိလုမ်ပြည်နှင့် အာမြူလုန်​ပြည်၌​ရှိသော လူတို့​အပေါ်၌ ဆရာများ​အဖြစ်​ခန့်အပ်ထား​ခံရရန် အခွင့်​ပေး၏။

အကြောင်းမူကား၊ လာမန်​အမျိုးသား​တို့သည် ဤပြည်​ခပ်သိမ်းတို့ကို သိမ်းယူ​သွားလေ၏။ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့၏​မင်းကြီးသည် ဤပြည်​ခပ်သိမ်းတို့​အပေါ်၌ ရှင်ဘုရင်များကို ခန့်အပ်ထား​လေ၏။

ယခုမူကား၊ လာမန်​အမျိုးသားတို့​၏မင်းကြီး​အမည်ကား၊ လာမန်​ဖြစ်ပြီး၊ သူ့​အဘ၏​အမည်​အတိုင်း ခေါ်၏။ ထို့ကြောင့်၊ သူ့ကို လာမန်​မင်းကြီးဟု ခေါ်ကြ၏။ သူသည် လူမြောက်​မြားစွာတို့​အပေါ်၌ ရှင်ဘုရင်​ဖြစ်လေ၏။

ထို့အတူ သူသည် မိမိလူတို့​ပိုင်သော​ပြည်ရှိ​သမျှတွင်၊ အာမြူလုန်၏​ညီအစ်ကို​များထဲမှ ဆရာများ​ခန့်အပ်ထား၍၊ ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့၏​လူခပ်သိမ်းတို့၌ နီဖိုင်း၏​ဘာသာစကားကို သွန်သင်​စပြု​စေ၏။

သူတို့​သည်လည်း အချင်းချင်း ခင်မင်သော​လူများ ဖြစ်ကြ၏။ သို့သော်လည်း၊ သူတို့သည် ဘုရားသခင်ကို မသိကြ။ အာမြူလုန်၏​ညီအစ်ကို​တို့ကလည်း သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်နှင့် စပ်လျဉ်းသည့််​အရာ တစ်စုံ​တစ်ခုကိုမျှ မသွန်သင်ကြ။ မောရှေ၏ ပညတ်​တရားကို သော်လည်းကောင်း၊ အဘိနဒိ၏​စကားများကို သော်လည်းကောင်း သူတို့ကို မသွန်သင်​ကြ။

သို့ရာတွင်၊ သူတို့အား တစ်ယောက်ကို​တစ်ယောက်​ရေးစေခြင်းငှာ သူတို့၏​မှတ်တမ်းများကို ထိန်းသိမ်း​ရမည့်​အကြောင်း၊ သွန်သင်​ပေး၏။

ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် စည်းစိမ်​ဥစ္စာများ တိုးပွား​စပြု၍၊ အချင်းချင်း ဖောက်ကား​ရောင်းဝယ်မှုကို အစ​ပြု၍၊ ကြွယ်ဝ​လာသဖြင့်၊ လောကီ​ဉာဏ်ပညာ၌ စဉ်းလဲ၍ ဉာဏ်ပညာရှိသော​လူများ၊ ထို့အပြင်၊ မိမိတို့၏​ညီအစ်ကိုများ​အတွင်း​မှတစ်ပါး၊ အမျိုးမျိုးသော​ဆိုးညစ်ခြင်းနှင့် လုယက်ခြင်းတို့၌ မွေ့လျော်၍၊ အလွန်​စဉ်းလဲသော​လူများ ဖြစ်​စပြု​လာ၏။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အာမြူလုန်သည် အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့အပေါ် အခွင့်အာဏာကို ကျင့်သုံးရန် အစ​ပြု၏၊ ထို့အတူ သူ့ကို ညှဉ်းဆဲရန် အစ​ပြု၍၊ မိမိသားသမီးတို့ကိုလည်း၊ ထိုသူတို့၏​သားသမီးတို့ကို ညှဉ်းဆဲ​စေ၏။

အကြောင်းမူကား၊ အာမြူလုန်သည် အယ်လမာကို မင်းကြီး၏​ယဇ်ပုရောဟိတ်များထဲမှ တစ်ယောက်​ဖြစ်လေသည်ကို​လည်းကောင်း၊ အဘိနဒိ၏​စကားများကို ယုံကြည်၍၊ မင်းကြီးရှေ့မှ နှင်ထုတ်​ခံရသူ ဖြစ်ကြောင်းကို​လည်းကောင်း သိ၏။ ထို့ကြောင့်၊ သူ့ကို အမျက်​ထွက်၏။ သူသည် လာမန်​မင်းကြီး၏ ဩဇာခံ​ဖြစ်​သော်လည်း၊ သူတို့အပေါ် အခွင့်အာဏာကို ကျင့်သုံး၍၊ အလုပ်များ​ပေး၍၊ သူတို့​အပေါ် အလုပ်​ကြီးကြပ်​သူများခန့်​ထား၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ဆင်းရဲ​ဒုက္ခများမှာ၊ အလွန်​ကြီးမားလှ၍၊ သူတို့သည် ဘုရားသခင်ထံ စိတ်အား​ထက်သန်စွာ​တောင်းလျှောက်​စပြု၏။

၁၁ အာမြူလုန်ကလည်း သူတို့ကို တောင်းလျှောက်ခြင်းများမှ ရပ်ရန် အမိန့်​ပေးခဲ့ပြီး၊ ဘုရားသခင်​ထံပဌနာ​ပြုလျက်​တွေ့ရသူ​မှန်သမျှ အသေ​သတ်ခံရစေရန်၊ သူတို့​အပေါ် စောင့်ကြည့်​စေခြင်းငှာ အစောင့်များ​ချထား၏။

၁၂ အယ်လမာနှင့် သူ၏​လူတို့​သည်လည်း သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံ အသံကို မမြှင့်ကြတော့ချေ။ သို့ရာတွင်၊ စိတ်နှလုံးကို သူ့ထံသို့ သွန်း​လောင်းကြ၏။ သူသည်လည်း ထိုသူတို့​စိတ်နှလုံး၏ အတွေး​အကြံများကို သိ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်၏​အသံသည် သူတို့​ဆင်းရဲ​ဒုက္ခများ​ဖြစ်နေ​ချိန်၌ ရောက်​လာပြီး၊ မိန့်တော်မူ​လေသည်ကား၊ သင်တို့၏​ဦးခေါင်းကို မော့၍၊ ကောင်းစွာ​စိတ်သက်​သာခြင်း​ရှိလော့။ အကြောင်းမူကား၊ ငါ့ထံ သင်တို့​ပြုထား​လေသော ပဋိညာဉ်ကို ငါသိတော်မူ၏။ ထို့အတူ၊ ငါသည် ငါ၏​လူမျိုးတို့နှင့် ပဋိညာဉ်​ပြု၍၊ သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူမည်။

၁၄ သင်တို့၏​ပခုံးပေါ်၌ တင်ထားသော ဝန်များကိုလည်း ငါပေါ့​စေတော်မူ​သဖြင့်၊ သင်တို့သည် ကျွန်ခံရာ၌​ရှိစဉ်မှာပင်၊ ထိုဝန်များ​ကျောပေါ်၌ ရှိသည်​ဟု​မခံစားရ။ ဤအမှုကို ငါပြု​မည်ကား၊ သင်တို့သည် နောင်ကာလ၌ ငါ့အတွက် သက်သေ​အဖြစ် ရပ်တည်နိုင်​ကြစေ​ကြောင်းနှင့် ငါ၏​လူမျိုးတို့​ဆင်းရဲ​ဒုက္ခရောက်​နေချိန်၌ ငါကိုယ်တော်ရှင်​ဘုရားသခင် အကြည့်​အရှု​ကြွတော်မူ​သည်ကို သင်တို့​ဧကန်​အမှန်​သိနိုင်​ကြစေကြောင်း​ပင်တည်း။

၁၅ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့ အပေါ်၌ တင်ထားသော​ဝန်များကို ပေါ့စေ၏။ အထူး​သဖြင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ခွန်အား​ဖြည့်ပေး​တော်မူ၍၊ သူတို့သည် မိမိတို့၏​ဝန်များကို လွယ်ကူစွာဖြင့် သယ်ဆောင်နိုင်၍၊ ကိုယ်တော်ရှင်၏​အလိုတော်​အလုံးစုံတို့ကို သာယာသော​စိတ်နှင့်​သည်းခံခြင်းတို့ဖြင့် လိုက်နာကြ၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ယုံကြည်ခြင်းနှင့် သည်းခံခြင်းသည် အလွန်​ကြီးမားလှ​လေရကား၊ ကိုယ်တော်ရှင်၏​အသံ​တော်သည် သူတို့ထံ​တစ်ဖန်​ရောက်လာပြီး၊ ကောင်းစွာ​စိတ်​သက်သာခြင်း​ရှိကြလော့၊ အကြောင်းမူကား၊ နက်ဖြန်​နေ့၌ ငါသည် သင်တို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူ​မည်ဟု မိန့်တော်မူ၏။

၁၇ ထို့အတူ၊ အယ်လမာအား သင်သည် ဤလူတို့ရှေ့မှ​သွားလော့။ ငါသည်လည်း သင်နှင့်​အတူ​သွား၍ ဤလူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူမည်ဟု မိန့်တော်မူ၏။

၁၈ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် သူ၏​လူတို့သည် ညဉ့်​အချိန်၌ မိမိတို့၏​သိုးစုများ၊ ထို့အတူ၊ မိမိတို့၏​ဆန်စပါးများကို အတူတကွ စုဆောင်းကြ၏။ အမှန်စင်စစ်၊ သူတို့သည် မိမိတို့၏ သိုးစုများကို တစ်ညလုံးပင် အတူတကွ စုဆောင်းလျက်​ရှိကြ၏။

၁၉ နံနက်ခင်း၌၊ ကိုယ်တော်ရှင်သည် လာမန်​အမျိုးသားတို့​အပေါ် ကြီးသော​အိပ်ခြင်းကို ရောက်စေ​တော်မူ၍၊ ထိုမှတစ်ပါး၊ သူတို့၏​အလုပ်​ကြီးကြပ်သူခပ်သိမ်းတို့သည် နှစ်ခြိုက်စွာ​အိပ်ပျော်​နေကြ၏။

၂၀ အယ်လမာနှင့် သူ၏​လူတို့သည်လည်း တောရိုင်းထဲသို့ ထွက်ခွာ​သွားကြ၏။ သူတို့သည် တစ်နေ့လုံး ခရီးသွား​ကြပြီးမှ ချိုင့်ဝှမ်း​တစ်ခု၌ မိမိတို့​တဲများကို ဆောက်၍၊ တောရိုင်းထဲ၌ သူတို့၏​လမ်းကို အယ်လမာ​ဦးဆောင်သော​ကြောင့်၊ ထိုချိုင့်ဝှမ်းကို အယ်လမာဟု ခေါ်ကြ၏။

၂၁ ထိုမှတစ်ပါး၊ အယ်လမာ​ချိုင့်ဝှမ်း၌ သူတို့သည် ဘုရားသခင်အား ကျေးဇူးတော်​ချီးမွမ်း​ကြသည်မှာ၊ သူတို့ကို ကရုဏာကြီးတော်မူ၍၊ ဝန်များကို ပေါ့စေလျက်၊ သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်​တော်မူခဲ့ လေသောကြောင့် ဖြစ်၏။ အကြောင်းမူကား၊ သူတို့သည် ကျွန်ခံ​ရာ၌ ရှိလေပြီး၊ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင် မှတစ်ပါး၊ အဘယ်သူကမျှ သူတို့ကို မကယ်လွှတ်​နိုင်ခဲ့။

၂၂ သူတို့သည် ဘုရားသခင်အား ကျေးဇူးတော်​ချီးမွမ်းကြ၊ အထူး​သဖြင့်၊ သူတို့၏​ယောက်ျား​ခပ်သိမ်း၊ သူတို့၏​မိန်းမခပ်သိမ်းနှင့် သူတို့၏​စကားပြော​နိုင်သော သားသမီး​ခပ်သိမ်းတို့သည် သူတို့၏​ဘုရားသခင်အား ချီးမွမ်းရာ၌ ကြွေးကြော်​ကြ၏။

၂၃ ယခုမူကား၊ ကိုယ်တော်ရှင်က အယ်လမာကို မိန့်တော်မူ​လေသည်မှာ၊ သင်​အလျင်​အမြန်​ပြုလော့၊ သင်နှင့် ဤလူတို့ ဤပြည်မှ ထွက်လော့။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့​နိုးလာပြီး၊ သင့်ကို လိုက်ကြပြီ။ ထို့ကြောင့်၊ သင်သည် ဤပြည်မှ ထွက်လော့။ ငါသည်လည်း လာမန်​အမျိုး​သားတို့ကို ဤချိုင့်​ဝှမ်း၌ ရပ်တန့်စေ၍ ဤလူတို့ကို ဆက်၍ မလိုက်​ဘဲနေ​စေမည်။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ချိုင့်ဝှမ်းမှ​ထွက်ခွာပြီး၊ တောရိုင်းထဲသို့ ခရီး​သွားကြ၏။

၂၅ သူတို့သည်လည်း တောရိုင်းထဲ၌ တစ်ဆယ်နှစ်ရက်​ကြာလေ​ပြီးနောက်၊ ဇရဟင်မလပြည်သို့ ရောက်ကြ၏။ မောဇိယ​မင်းကြီးကလည်း သူတို့ကို ဝမ်းမြောက်စွာ​လက်ခံ၏။