ကျမ်းစာများ
၃ နီဖိုင်း ၆


အခန်းကြီး ၆

နီဖိုင်း​အမျိုးသားတို့သည် အောင်မြင်ကြ၏—မာန၊ ကြွယ်ဝခြင်းနှင့် လူ​တန်းစား​ခွဲခြား​ခြင်းတို့ ဖြစ်​လာ၏—အသင်းတော်သည် ငြင်း​ခုံခြင်းတို့​အားဖြင့် ပြိုကွဲ၏—စာတန်သည် လူတို့​အား ထင်ရှားစွာ​ပုန်ကန်ခြင်း၌ ဦးဆောင်၏—များစွာသော​ပရောဖက်တို့သည် နောင်တရခြင်းကို ဟစ်​ကြော်သဖြင့် ကွပ်မျက်​ခံရ၏—သူတို့၏​လူ့အသက်​သတ်သော​သူတို့သည် အစိုးရကို​လွှဲယူခြင်းငှာ လျှို့ဝှက်​ကြံစည်​ကြ၏။ အေဒီ ၂၆–၃၀ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့သည် နှစ်ဆယ်​ခြောက်​နှစ်​မြောက်၌၊ လူတိုင်း သူ့မိသားစု၊ သူ့​သိုးစုများနှင့် နွားစုများ၊ သူ့​မြင်းများနှင့် သူ့တိရစ္ဆာန်များ၊ ထို့အတူ၊ သူတို့​ပိုင်ဆိုင်​သမျှသော​အရာမှန်​သမျှနှင့်​တကွ သူတို့၏နေရင်းပြည်များသို့ အားလုံး​ပြန်​လာကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် သူတို့၏​ရိက္ခာ​အားလုံးကို စား​မပစ်ကြ။ ထို့ကြောင့်၊ သူတို့​မစားသည့် သူတို့၏​အလုံးစုံသော စပါး​မှန်သမျှ၊ ထို့အတူ သူတို့၏​ရွှေ၊ ထို့အတူ သူတို့၏​ငွေ၊ ထို့အတူ သူတို့၏ အဖိုး​ထိုက်သော​အရာ​မှန်သမျှတို့ကို သူတို့နှင့်​အတူ ယူ​လာလျက်၊ သူတို့နေရင်း​ပြည်များနှင့် သူတို့၏​ပိုင်ဆိုင်ရာ​များထံသို့၊ တောင်ဘက်နှင့် မြောက်​ဘက်​နှစ်ခုစလုံး၊ မြောက်​ဘက်​လားရာ​ပြည်နှင့် တောင်​ဘက်​လားရာ​ပြည်နှစ်​ခုစလုံး၌ ပြန်​လာကြ၏။

သူတို့​သည်လည်း ထိုပြည်၏​ငြိမ်းချမ်းခြင်းကို ထိန်း​သိမ်းရန် ပဋိညာဉ်​ပြုသူ၊ လာမန်​အမျိုးသားများ​အဖြစ် ဆက်၍​နေလို​သူတို့ကို သူတို့​အရေ​အတွက်​အတိုင်း ရရှိနိုင်ကြ​စေခြင်းငှာ၊ မြေများ​ပေး၍၊ ထိုမြေပေါ်၌ သူတို့၏​လုပ်အားဖြင့် အထောက်​အပံ့​ရစေခြင်းငှာ​ဖြစ်၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ထိုပြည်​တစ်လျှောက်၌ ငြိမ်းချမ်းခြင်းကို တည်​ဆောက်ကြ၏။

ထို့အတူ၊ သူတို့သည် တစ်ဖန်​အောင်မြင်၍၊ ကြွယ်ဝ​စပြုလျက်၊ နှစ်ဆယ်​ခြောက်​နှစ်​မြောက်နှင့် နှစ်ဆယ်​ခုနစ်​နှစ်မြောက်လည်း ကုန်လွန်၍ ထိုပြည်ထဲ၌ ကြီးစွာသောညီညွတ်ခြင်း​ရှိ၏။ သူတို့၏ ဥပဒေ​များကိုလည်း ဖြောင့်​မှန်ခြင်းနှင့် တရား​မျှတခြင်းတို့ဖြင့် ပြဌာန်း​သတ်​မှတ်ကြ၏။

ယခုမူကား၊ လူတို့သည် လွန်​ကျူးခြင်း​ထဲသို့ လဲကျခြင်း​မရှိလျှင်၊ ထိုပြည်​တစ်ခုလုံး၌ သူတို့ကို အစဉ်​မပြတ်​အောင်မြင်ခြင်းမှ ဆီး​တားသော​အရာ တစ်ခုမျှ​မရှိ။

ယခု​မူကား၊ ဂိဂိဒေါနိနှင့် တရား​သူကြီး​လာချော်နေရု၊ ထို့အတူ၊ အကြီး​အကဲများ​အဖြစ် ခန့်အပ်​ခံရ​သူတို့သည် ထိုပြည်ထဲ၌ ဤကြီးစွာသော​ငြိမ်းချမ်းခြင်းကို တည်​ထောင်သော​သူများ​ဖြစ်၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ များစွာသော​မြို့များ အသစ်​ထပ်မံ​တည်​ဆောက်၍၊ များစွာသော မြို့​ဟောင်းများကို ပြု​ပြင်၏။

တစ်မြို့မှ​တစ်မြို့သို့၊ ထို့အတူ တစ်ပြည်မှ တစ်ပြည်သို့၊ ထို့အတူ တစ်နေရာမှ တစ်နေရာသို့ ဆက်​သွယ်သည့် တည်​ဆောက်သော လမ်းမများစွာနှင့် ပြုလုပ်သော လမ်းများစွာ​ရှိ၏။

ထိုကဲ့သို့​အားဖြင့် နှစ်ဆယ်ရှစ်​နှစ်မြောက်​ကုန်​လွန်၍၊ လူတို့၌ အဆက်​မပြတ်​ငြိမ်း​ချမ်းခြင်း ရှိ၏။

၁၀ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ နှစ်ဆယ်ကိုး​နှစ်​မြောက်၌ လူတို့တွင် ငြင်းခုံခြင်း​အချို့​ရှိ​စပြု၏။ အချို့သော​သူတို့သည် မိမိတို့၏ အလွန်​ကြီးစွာသော​စည်းစိမ်​ဥစ္စာတို့ကြောင့် မာနနှင့် ဝါ​ကြွားခြင်းသို့​တိုင်အောင် ဘဝင်မြင့်လျက်၊ ထိုမှတစ်ပါး၊ ကြီးစွာသော​ညှဉ်းဆဲခြင်းတို့ကို ပြုသည့်​တိုင်အောင်​ပင်တည်း။

၁၁ အကြောင်း​မူကား၊ ထိုပြည်၌ များစွာသော​ကုန်သည်များ၊ ထို့အတူ များစွာသော​ရှေ့နေများ၊ များစွာသောအရာရှိများရှိ၏။

၁၂ လူတို့​သည်လည်း သူတို့၏​စည်းစိမ်​ဥစ္စာများနှင့် သူတို့၏​သင်ယူရာ အခွင့်​အလမ်းများ​အတိုင်း အဆင့်​ခွဲခြား​စပြု၏။ ထိုမှတစ်ပါး၊ အချို့သော​သူတို့သည် သူတို့၏ ဆင်းရဲ​နွမ်းပါးမှုကြောင့်၊ အသိ​ကင်းမဲ့​ရ၏၊ အခြားသော​သူတို့မှာ သူတို့၏ စည်းစိမ်​ဥစ္စာများကြောင့် ကြီးစွာသော အတတ်​ပညာများကို ရ​ရှိကြ၏။

၁၃ အချို့သော​သူတို့သည် မာနဖြင့် ဘဝင်​မြင့်ကြ၏၊ အခြားသော​သူတို့သည် လွန်စွာ​နှိမ့်​ချကြ၏။ အချို့သော​သူတို့သည် ကဲ့ရဲ့ စွာ​သော​အပြစ်​တင်ခြင်း​အတွက် ကဲ့ရဲ့ စွာသော​အပြစ်​တင်ခြင်းကို ပြန်၍​ပြုကြ၏၊ သို့ရာတွင် အခြားသော​သူတို့သည် ကဲ့ရဲ့​စွာသော​အပြစ်​တင်ခြင်း၊ ညှဉ်းဆဲခြင်းနှင့် အမျိုး​မျိုးသော ဆင်းရဲ​ဒုက္ခများကို ခံစားပြီးလျှင်၊ တစ်ဖန်​လှည့်၍ ကဲ့ရဲ့​ပြော​ဆိုလိုခြင်း​မရှိကြ​၊ နှိမ့်ချ၍ ဘုရားသခင်​ရှေ့၌ နောင်တ​ရလျက်သာ​ရှိကြ၏။

၁၄ ထိုကဲ့သို့​အားဖြင့်၊ ထိုပြည်​တစ်ခုလုံး၌ ကြီးစွာသော​မမျှတခြင်း ရှိလာ၍ အသင်းတော်သည် ပြိုကွဲ​စပြုခဲ့၊ အမှန်စင်စစ်၊ မှန်ကန်သော ယုံကြည်ခြင်းသို့ ပြောင်းလဲသူ လာမန်​အမျိုးသား​အနည်း​ငယ်တို့​မှတစ်ပါး၊ ထိုပြည်​တစ်ခုလုံး၌၊ သုံးဆယ်​နှစ်​မြောက်၌ အသင်းတော်သည် ပြို​ကွဲ၏။ သူတို့​သည်​လည်း ထိုယုံကြည်ခြင်းမှ စွန့်ခွာ​မသွား​လိုကြ။ အကြောင်း​မူကား၊ သူတို့သည် ခိုင်မာလျက်၊ မြဲမြံ၍ မတိမ်းယိမ်း​ဘဲ​ရှိလျက်၊ ကိုယ်တော်ရှင်၏​ပညတ်တော်များကို လုံ့လဝီရိယရှိသမျှနှင့် စောင့်​ထိန်းရန် လိုလို​လားလား​ရှိကြ၏။

၁၅ ယခုတွင်၊ လူတို့၌ ဤဒုစရိုက်၏​အကြောင်း​ရင်းမှာ၊ ဤသို့​ဖြစ်၏—စာတန်သည် လူတို့အား အမျိုး​မျိုးသော ဒုစရိုက်များကို ပြုစေရန် နှိုးဆော်ခြင်း၌​လည်း​ကောင်း၊ မာန​စိတ်​ထောင်လွှား​စေခြင်း၌​လည်း​ကောင်း၊ တန်ခိုးနှင့် အခွင့်​အာဏာ၊ ထို့အတူ စည်းစိမ်​ဥစ္စာများ၊ ထို့အတူ လောက၏​အချည်း​နှီးသော​အရာတို့ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ရန် သွေး​ဆောင်​ဖြားယောင်းခြင်း၌​လည်းကောင်း ကြီးစွာသော တန်ခိုး​ရှိ၏။

၁၆ ထိုကဲ့သို့​အားဖြင့် စာတန်သည် အမျိုး​မျိုးသော​ဒုစရိုက်များ​ပြု​ကြစေရန် လူတို့၏​စိတ်နှလုံးကို လှည့်ဖြား​ခေါ်ဆောင်​သွား၏။ ထို့ကြောင့်​သူတို့သည် ငြိမ်းချမ်းခြင်းကို နှစ်​အနည်းငယ်​သာလျှင်၊ ခံစား​ရ၏။

၁၇ ထိုကဲ့သို့​အားဖြင့်၊ သုံးဆယ်​နှစ်မြောက်၏​အစ၌—လူတို့ကို နတ်ဆိုး၏​သွေးဆောင်​ဖြားယောင်းခြင်းတို့​အားဖြင့်၊ သူ​ပို့ဆောင်​လိုရာ​အရပ်​မှန်သမျှ​ဆီသို့ ပို့ဆောင်​ခံရစေခြင်းငှာနှင့် သူ​ပြုစေလိုသော​ဒုစရိုက်​မှန်သမျှကို သူတို့​ပြုစေခြင်းငှာ အချိန်ကြာမြင့်စွာ ပေးအပ်​ထားလျက်—ထိုကဲ့သို့​အားဖြင့်၊ ဤသုံးဆယ်​နှစ်​မြောက်​အစ၌ သူတို့သည် အလွန်​ဆိုးရွားသော ဆိုးညစ်ခြင်း​အခြေ​အနေ၌ ရှိကြ၏။

၁၈ ယခုတွင်၊ သူတို့သည် မသိဘဲနှင့် အပြစ်​ပြုကြ​သည်​မဟုတ်။ အကြောင်းမူကား၊ သူ့တို့ကို သွန်သင်​ပေးလေပြီး​ဖြစ်၍၊ သူတို့နှင့်​စပ်လျဉ်းသည့်​ဘုရားသခင်၏​အလိုတော်ကို သိကြ၏။ ထို့ကြောင့်၊ သူတို့သည် ဘုရားသခင်ကို တမင်​ဆန့်ကျင်​ပုန်​ကန်ကြ၏။

၁၉ ယခုမူကား၊ ထိုအမှုမှာ လာချော်နေရု၏​သား လာချော်နေရု၏ လက်​ထက်၌​ဖြစ်၏။ အကြောင်း​မူကား၊ လာချော်နေရုသည် သူ့​အဘ၏​ပလ္လင်၌ ထမ်း​ဆောင်၍၊ ထိုနှစ်၌ လူတို့ကို အုပ်​ချုပ်၏။

၂၀ ထို့အတူ၊ ကောင်းကင်ဘုံမှ လမ်းပြ​လှုံ့ဆော်၍၊ စေလွှတ်​တော်မူခြင်း​ခံရသော လူ​ယောက်ျားများ ရှိ​စပြု၍၊ ခပ်သိမ်းသော​ပြည်များ​ရှိ​လူတို့၌​ရပ်လျက်၊ ဟော​ပြောလျက်၊ လူတို့၏​အပြစ်များနှင့် ဒုစရိုက်များကို ရဲရင့်စွာ​သက်သေ​ခံလျက်၊ ထို့အတူ မိမိ​လူမျိုးတို့​အတွက်​ကိုယ်တော်ရှင် ပြုတော်မူမည့် ရွေးနှုတ်​ခြင်း​အကြောင်းကို သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်းကို သူတို့အား သက်​သေ​ခံနေကြ၏။ သူတို့​သည်​လည်း သူ၏​သေခြင်းနှင့် ဒုက္ခ​ဝေဒနာ​ခံစားခြင်းတို့ကို ရဲရင့်စွာ သက်​သေ​ခံကြ၏။

၂၁ ယခုတွင်၊ ဤအရာများ​အကြောင်းကို သက်သေ​ခံသော​သူတို့ကြောင့်၊ လွန်စွာ​အမျက်​ထွက်သော​လူများစွာ​ရှိ၏။ ထိုအမျက်​ထွက်သော​သူတို့မှာ အဓိက​အားဖြင့်၊ တရား​သူကြီးချုပ်များ​ဖြစ်၏၊ ယဇ်ပုရောဟိတ်မင်း​များနှင့် ရှေ့နေများ ဖြစ်ခဲ့​လေသော​သူများ​လည်း​ဖြစ်၏။ ထိုမှတစ်ပါး၊ ရှေ့​နေဖြစ်​လေ​သူ​ခပ်သိမ်းတို့သည် ဤအရာများ​အကြောင်း သက်သေ​ခံသူတို့ကို အမျက်​ထွက်ကြ၏။

၂၂ ယခုတွင်၊ ပြစ်ဒဏ်​ချမှတ်ခြင်းကို ထိုပြည်၏​အုပ်ချုပ်သူ​အားဖြင့် တံဆိပ်​ခတ်​မထားလျှင်၊ တစ်စုံ​တစ်ယောက်ကို သေဒဏ်​ချမှတ်ရန် အခွင့်​ရှိနိုင်သော ရှေ့​နေသော်​လည်း​ကောင်း၊ တရား​သူကြီး​သော်​လည်း​ကောင်း၊ ယဇ်ပုရောဟိတ်မင်း​သော်​လည်း​ကောင်း​မရှိ။

၂၃ ယခုတွင်၊ ရဲရင့်စွာ​သက်သေခံသည့်​သူ၊ ခရစ်တော်နှင့်​စပ်ဆိုင်သော​အရာတို့​အကြောင်းကို သက်သေ​ခံသည့်သူ ထိုသူတို့မှ များစွာသော​သူတို့၊ ဖမ်းဆီး​ခံရပြီးလျှင်၊ သူတို့​သေပြီးသည့်​နောက်​တိုင်အောင် သူတို့​သေခြင်း​အကြောင်းကို ထိုပြည်၏​အုပ်ချုပ်သော​သူအား မသိ​စေခြင်းငှာ၊ တရား​သူကြီးတို့​အားဖြင့် လျှို့ဝှက်စွာ အသေ​သတ်​ခံရသော​သူများ​ရှိ၏။

၂၄ ယခုတွင်၊ ရှုလော့၊ သူတို့သည် ထိုပြည်၏​အုပ်​ချုပ်​သူထံမှ အခွင့်ကို မရ​ရှိလျှင်၊ တစ်စုံ​တစ်ဦး အသေ​သတ်​ခံရသည့် ဤအမှုမှာ ထိုပြည်၏​ဥပဒေများနှင့် ဆန့်​ကျင်၏—

၂၅ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏​ပရောဖက်တို့ကို ဥပဒေ​အတိုင်း​မဟုတ်ဘဲ၊ သေဒဏ်​ချမှတ်သူ ဤတရား​သူကြီးတို့ကို ဆန့်ကျင်၍ အပြစ်​တင်ခြင်းသည် ဇရဟင်မလ​ပြည်ရှိ၊ ထိုပြည်၏​အုပ်ချုပ်​သူထံသို့ ရောက်​လာ၏။

၂၆ ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ထိုသူတို့သည် ဖမ်းဆီး၍၊ သူတို့​ပြုသည့် ပြစ်မှု​အတွက်၊ လူတို့ တည်​ထောင်​ထားသော​ဥပဒေ​အတိုင်း တရား​စီရင်​ခံရ​စေရန် တရား​သူကြီးရှေ့သို့ ခေါ်​ဆောင်ခံရကြ၏။

၂၇ ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ထိုတရား​သူကြီးတို့၌၊ များစွာသော​အဆွေ​ခင်ပွန်းများနှင့် ဆွေ​မျိုးများ ရှိကြ၏။ ကျန်​ကြွင်းသော​သူတို့၊ အထူးသဖြင့်၊ ရှေ့​နေများနှင့် ယဇ်ပုရောဟိတ်မင်း​ခပ်သိမ်း​နီးပါးတို့​သည်​လည်း သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေး၍၊ ဥပဒေ​အတိုင်း စီရင်​ခံရမည်​ဖြစ်သော ထိုတရား​သူကြီးတို့၏ ဆွေမျိုးတို့နှင့် ပူးပေါင်းကြ၏။

၂၈ သူတို့သည် အချင်းချင်း ပဋိညာဉ်​ပြု၍၊ အထူးသဖြင့်၊ ရှေးက​လူများ တည်ထောင်​သကဲ့သို့ ဖြစ်သော ထိုပဋိညာဉ်ကို ပြုကြ၏။ ထိုပဋိညာဉ်မှာ၊ ခပ်သိမ်းသော​ဖြောင့်မတ်ခြင်း​တစ်ဖက်၌ ပူးပေါင်းခြင်းငှာ နတ်ဆိုး​အားဖြင့် တည်​ထောင်၍​စီမံ​ဆောင်ရွက်​ထားခြင်း​ပေတည်း။

၂၉ ထို့ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏​လူမျိုးတို့ တစ်ဖက်၌ ပူး​ပေါင်း၍၊ သူတို့ကို​ဖျက်ဆီးရန်နှင့် လူ့​အသက်​သတ်ခြင်း​အတွက် အပြစ်​ရောက်သော​သူတို့ကို ဥပဒေ​အတိုင်း စီမံဆောင်ရွက်တော့မည့် အပြစ်​ပေးခြင်း၏​ချုပ်​ကိုင်ခြင်းမှ လွှတ်​ပေးရန် ပဋိညာဉ်​ပြုကြ၏။

၃၀ သူတို့သည် မိမိတို့​တိုင်းပြည်၏ ဥပဒေနှင့် အခွင့်​အရေးများကို​လည်း ဖီဆန်ကြ၏။ အုပ်​ချုပ်သူကို ဖျက်​ဆီးခြင်းငှာ​လည်း​ကောင်း၊ ထိုပြည်ကို လွတ်​လပ်ခြင်း၌ မရှိ​စေတော့၊ ရှင်​ဘုရင်တို့၏​လွမ်းမိုးမှု​အောက်၌ ရှိစေရန်သာ၊ ထိုပြည်၌ ရှင်ဘုရင်​တစ်ပါးကို တင်​မြှောက်ခြင်းငှာ​လည်း​ကောင်း အချင်း​ချင်း ပဋိညာဉ်​ပြုကြ၏။