ကျမ်းစာများ
၃ နီဖိုင်း ၁


တတိယနီဖိုင်း

ဟေလမန်၏​သား​ဖြစ်သော နီဖိုင်း၏​သား
နီဖိုင်းကျမ်း

ဟေလမန်သည် ဟေလမန်၏ သားဖြစ်၏၊ ထိုဟေလမန်သည်ကား၊ ယုဒရှင်ဘုရင်​ဇေဒကိ နန်း​စံခြင်း ပထမ​နှစ်၌ ယေရုရှလင်မှ​ထွက်​လာခဲ့သူ လေဟိ၏​သား​ဖြစ်သော နီဖိုင်း၏​အမျိုး​အနွယ်​တစ်ဦး​ဖြစ်သော အယ်လမာ၏​သား အယ်လမာ၊ ထိုအယ်လမာ၏​သား ဖြစ်၏။

အခန်းကြီး ၁

ဟေလမန်၏​သား နီဖိုင်းသည် ထိုပြည်မှ ထွက်​ခွာ၏။ သူ၏​သား​နီဖိုင်း​သည်လည်း မှတ်တမ်းများကို ရေး​မှတ်၏—နိမိတ်​လက္ခဏာများနှင့် အံ့​မခန်း​ချီးမွမ်းဖွယ်​အမှုတို့ များစွာ​ရှိသော်​လည်း ဆိုးညစ်သော​သူတို့သည် ဖြောင့်​မတ်သော​သူများကို ကွပ်မျက်ခြင်းငှာ ကြံ​စည်ကြ၏—ခရစ်တော်​ဖွားမြင်​တော်မူရာ​ညဉ့် ရောက်​လာ၏—နိမိတ်​လက္ခဏာကို​ပေး၏၊ အသစ်​ဖြစ်သော​ကြယ်​တစ်လုံး ထွက်​လာ၏—မုသား​ပြောခြင်းနှင့် လှည့်​ဖြားခြင်းတို့ တိုးပွား​လာ၏၊ ဂါဒျန်တန်​ဓား​ပြတို့​သည် များစွာသော​သူတို့ကို သိမ်း​ရုံး​သတ်​ဖြတ်ကြ၏။ အေဒီ ၁–၄ ခန့်။

ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ကိုးဆယ်​တစ်​နှစ်မြောက် ကုန်​လွန်​သွားလေ၏၊ လေဟိ ယေရုရှလင်ကို စွန့်ခွာခဲ့​သည့်​အချိန်မှ​စ၍ နှစ်​ပေါင်း​ခြောက်ရာ ကြာခဲ့​လေပြီ။ ထိုနှစ်သည် လာချော်နေရု ထိုပြည်​အပေါ်၌ တရား​သူကြီး​ချုပ်နှင့် အုပ်ချုပ်​သူ​ဖြစ်သော​နှစ်​လည်း​ဖြစ်၏။

ဟေလမန်၏​သား​နီဖိုင်းသည် ဇရဟင်မလ​ပြည်မှ ထွက်​ခွာ၍၊ ကြေး​ပုရပိုက်​ပြားများ၊ ထို့အတူ၊ သိမ်း​ဆည်းထား​လေသည့် ခပ်သိမ်းသော​မှတ်တမ်းများ၊ ထို့အတူ၊ ယေရုရှလင်မှ လေဟိ​ထွက်​ခွာ​ချိန်​ကတည်းက သန့်ရှင်း​မွန်မြတ်စွာ​ထိန်းသိမ်း​ထားလေသည့် ခပ်သိမ်းသော​ထိုအရာတို့နှင့်​စပ်လျဉ်း၍ သူ၏​သား​အကြီး​ဆုံး​နီဖိုင်းကို တာဝန်​ပေး၏။

ထို့နောက်တွင်၊ သူသည် ထိုပြည်မှ ထွက်​ခွာ၍၊ အဘယ်​အရပ်သို့ သွားသည်ကို အဘယ်သူမျှ​မသိ။ သူ၏​သား​နီဖိုင်း​သည်​လည်း သူ့အစား မှတ်​တမ်းများ၊ အထူးသဖြင့် ဤလူမျိုးတို့၏​မှတ်တမ်း​များကို ရေး​မှတ်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုးဆယ်​နှစ်​နှစ်​မြောက်၏​အစ၌၊ ရှုလော့၊ ပရောဖက်တို့၏ ပရောဖက်​ပြုဟောချက်များ ပို၍​ပြည့်စုံစွာ ပြီးပြည့်​စပြု၏။ အကြောင်း​မူကား၊ ပို၍​ကြီးစွာသော​နိမိတ်​လက္ခဏာများနှင့် ပို၍​ကြီးစွာသော အလွန်​တရာ​အံ့ဩဖွယ်​အမှုများကို လူတို့၌ ပြုပြင်​စီရင်​စပြု၏။

သို့ရာတွင်၊ လာမန်​အမျိုးသား ရှမွေလ​ပြောသည့် စကားများ ပြီးပြည့်စုံ​စေဖို့ အချိန်​ကုန်လွန်​သွား​လေပြီဟု ပြော​စပြုသူ​အချို့ ရှိ၏။

သူတို့​သည်​လည်း မိမိတို့​ညီအစ်ကိုတို့​အပေါ်၌ ရွှင်​လန်းဝမ်း​မြောက်​စပြု၍၊ ဆိုကြ​လေသည်​ကား၊ ရှုလော့၊ အချိန် ကုန်လွန်​သွား၍၊ ရှမွေလ၏​စကားများလည်း မပြီး​ပြည့်စုံ။ ထို့ကြောင့်၊ ဤအမှုတို့နှင့်​စပ်လျဉ်း၍ သင်တို့၏​ပျော်ရွှင်ခြင်းနှင့် ယုံကြည်ခြင်း​သည် အချည်း​နှီး​ဖြစ်လေပြီ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်​တစ်လျှောက် အုတ်​အုတ်​သဲသဲ ပြုကြ၏။ ယုံကြည်သော​သူတို့​သည်လည်း ဟောလေသော​ထိုအရာများ တစ်စုံ​တစ်ခုသော​အကြောင်း​ကြောင့် ဖြစ်​မလာ​နိုင်မည်ကို စိုးရိမ်၍ အလွန်​ဝမ်းနည်း​စပြု၏။

သို့ရာတွင်၊ ရှုလော့၊ သူတို့၏​ယုံကြည်ခြင်း အချည်း​နှီး​မဖြစ်​လေကြောင်း​သိနိုင်​ကြခြင်းငှာ၊ ညမရှိသည့်ပမာ၊ တစ်နေ့​တည်း​ဖြစ်မည့် ထိုနေ့၊ ထိုညနှင့် ထိုနေ့တို့ကို မြဲမြံစွာ​စောင့်​ကြည့်ကြ၏။

ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ပရောဖက်​ရှမွေလဟော​ပြောသည့် နိမိတ်​လက္ခဏာ ဖြစ်​လာခြင်း​မရှိလျှင်၊ ထိုနည်း​ဥပဒေသများကို ယုံကြည်သော​သူ​ခပ်သိမ်းတို့​အသေ​သတ် ခံရမည့် နေ့တစ်နေ့ကို မယုံကြည်​သူတို့က ရွေး​ထား၏။

၁၀ ယခုတွင်၊ အချိန်တန်​လာသော​အခါ နီဖိုင်း၏​သား နီဖိုင်းသည် သူ့​လူမျိုးတို့၏​ဤဆိုး​ညစ်ခြင်းကို မြင်လျှင်၊ သူ၏​စိတ်နှလုံးသည် အလွန်​ဝမ်း​နည်း၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ထွက်​သွား၍၊ သူ့ကိုယ်ကို မြေကြီး​ပေါ်သို့ ဦး​ညွှတ်ချလျက်၊ သူ့​လူမျိုးတို့​ကိုယ်စား၊ အထူး​သဖြင့်၊ သူတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများ​ကို သူတို့၏ ယုံကြည်ခြင်းကြောင့် ဖျက်ဆီး​ခံရတော့မည့် ထိုသူတို့၏​ကိုယ်စား သူ၏​ဘုရားသခင်​ထံသို့ စိတ်​အား​ထက်​သန်စွာ တောင်း​လျှောက်၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ကိုယ်တော်ရှင်​ထံသို့ ထို​တစ်နေ့လုံး စိတ်​အား​ထက်​သန်စွာ​တောင်း​လျှောက်၏။ ရှုဦးလော့၊ သူ့ထံသို့ ကိုယ်တော်ရှင်၏​အသံ ရောက်​လာ၍၊ မိန့်တော်မူ​လေ​သည်ကား၊

၁၃ သင့်ခေါင်းကို မော့၍ ရွှင်​လန်းလော့။ အကြောင်း​မူကား၊ ရှုလော့၊ အချိန်သည် နီး​ကပ်​လာ၍၊ ဤညတွင် နိမိတ်​လက္ခဏာကို ပေးလိမ့်မည်။ နက်ဖြန့်​နေ့၌​လည်း ငါသည် ငါ၏​သန့်​ရှင်းသော​ပရောဖက်တို့၏​နှုတ်​အားဖြင့် ပြော​စေခဲ့သည့် အရာ​ခပ်သိမ်းတို့ကို ပြီးပြည့်စုံ​စေမည့်​အကြောင်း လောကကို​ပြ​တော်မူခြင်းငှာ၊ လောက​ထဲသို့ ကြွလာ​တော်မူမည်။

၁၄ ရှုလော့၊ ငါသည် ကမ္ဘာတည်ကတည်းက လူသားများသို့ ဖော်​ပြသည့်​အရာတို့ကို ပြီးပြည့်စုံ​စေခြင်းငှာ​လည်း​ကောင်း၊ ခမည်းတော်နှင့် သားတော်​နှစ်ပါး​စလုံး၏ အလိုကို​ဆောင်ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​လူမျိုးတို့​ထံသို့ ကြွလာ​တော်မူ၏—ငါ့ကြောင့် ခမည်းတော်၏​အလိုဖြစ်၏၊ ငါ့​ကိုယ်ခန္ဓာ​ကြောင့်၊ သားတော်၏​အလိုဖြစ်၏။ ရှုဦးလော့၊ အချိန်သည် နီးကပ်​လာ၍၊ ဤည၌ နိမိတ်​လက္ခဏာကို ပေး​တော်မူမည်။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းထံသို့ ရောက်​လာသော​စကားများသည် ပြော​ထားခဲ့​သည့်​အတိုင်းပင် ပြီး​ပြည့်စုံ၏။ အကြောင်း​မူကား၊ ရှုလော့၊ နေဝင်​သွားချိန်၌ မှောင်​မိုက်ခြင်း​မရှိ။ လူတို့​သည်​လည်း ညဉ့်​အချိန်​ရောက်​လာသော​အခါ၌ မှောင်မိုက်ခြင်း​မရှိသော​ကြောင့် အံ့ဩ​စပြုကြ၏။

၁၆ ပရောဖက်တို့၏​စကားများကို မယုံကြည်သူ၊ မြေကြီးသို့​လဲကျ၍ သေသကဲ့သို့ ဖြစ်​လာသော​သူများစွာ​ရှိ၏။ အကြောင်း​မူကား၊ သူတို့သည် ပရောဖက်တို့၏​စကားများကို ယုံကြည်သော​သူများ​အတွက် သူတို့​ချမှတ်​ထားသည့် ကြီးသော​ဖျက်ဆီးခြင်း​အစီအစဉ် အထ​မမြောက်လေ​ပြီဖြစ်​ကြောင်းကို သိကြ၏။ ပေး​ထားသော နိမိတ်​လက္ခဏာ​သည်​လည်း ဖြစ်ပျက်နှင့်​လေပြီ။

၁၇ ဘုရားသခင်၏​သားတော် မကြာမြင့်မီ ထွက်​ပေါ်​လာတော့မည်​ကိုလည်း သိ​စပြု၏။ ထိုမှတစ်ပါး၊ အချုပ်​အားဖြင့်၊ အရှေ့မှ အနောက်၊ မြောက်​အရပ်​ရှိပြည်နှင့် တောင်​အရပ်​ရှိပြည် နှစ်ခု​စလုံးနှင့် မြေကြီး​တစ်ခုလုံး၏ မျက်နှာ​ပြင်ပေါ်မှ ခပ်သိမ်းသော​လူတို့သည် လွန်စွာ​အံ့ဩ၍ မြေကြီးသို့ လဲကျ​ကြ၏။

၁၈ အကြောင်းမူကား၊ ဤအရာများ​အကြောင်းကို နှစ်​ပေါင်းများစွာ​ကတည်းက ပရောဖက်များ သက်​သေခံကြ​သည်ကို သိကြ၏။ ပေး​ထားသော နိမိတ်​လက္ခဏာ​သည်​လည်း ဖြစ်ပျက်နှင့်​လေပြီ။ သူ​တို့၏​ဒုစရိုက်နှင့် သူတို့၏​မယုံကြည်မှု​ကြောင့်​လည်း ကြောက်ရွံ့​စပြုကြ၏။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထို့တစ်ညဉ့်​လုံး၌ မှောင်​မိုက်ခြင်း​မရှိ၊ နေ့လည်မှာ​ကဲ့သို့ပင် အလင်းသာ​ရှိ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နေသည် နံနက်​အချိန်၌ သူ့​ပုံမှန်​အစီ​အစဉ်​အတိုင်း ထွက်​လာ၏။ ပေး​ထားလေသည့် နိမိတ်​လက္ခဏာ​ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်ကို ဖွားမြင်မည့်​နေ့​ဖြစ်ကြောင်းကို​လည်း သိကြ၏။

၂၀ ဤသို့​အားဖြင့်၊ ခပ်သိမ်းသော​အရာ​မှန်သမျှသည် ပရောဖက်တို့၏​စကားများ​အတိုင်း ဖြစ်​လာ၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အသစ်​ဖြစ်သော ကြယ်​တစ်လုံး​သည်​လည်း စကား​အတိုင်း ပေါ်​ထွက်​လာ၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယခု​အချိန်မှ​စ၍၊ လူတို့၌ သူတို့​မြင်ခဲ့​ရလေသည့် ထိုနိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုတို့ကို သူတို့​မယုံကြည်​နိုင်ကြ​စေခြင်းငှာဟူသော ရည်ရွယ်ချက်​အတွက် သူတို့​စိတ်နှလုံးကို မာကျော​စေရန်၊ စာတန်​လွှတ်သည့် မုသား​ပြောခြင်းများ ရှိ​စပြု၏။ သို့ရာတွင်၊ ဤမုသား​ပြောခြင်းနှင့် လှည့်​စားခြင်းတို့ ရှိသော်​ငြားလည်း၊ လူတို့မှ အများစု​သည် ယုံကြည်၍ ကိုယ်တော်ရှင်​ထံသို့ ပြောင်း​လဲကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းနှင့် အခြား​သူများစွာတို့​သည်လည်း လူတို့ထံ ထွက်​သွား၍၊ နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ပေးလျက်​ရှိရာတွင်၊ အပြစ်များမှ​လွှတ်ခြင်း များစွာ​ရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ လူတို့သည် ထိုပြည်၌ ငြိမ်းချမ်းခြင်း တစ်ဖန်​ရှိ​စပြု၏။

၂၄ မောရှေ၏​ပညတ်​တရားကိုလည်း ကျင့်စောင့်ရန် မလိုအပ်​တော့​ကြောင်း၊ ကျမ်းစာများ​အားဖြင့် သက်သေ​ပြခြင်းငှာ ကြိုးစားလျက်​ဟောပြော​စပြုသူ အနည်းငယ်တို့​မှတစ်ပါး၊ ငြင်းခုံခြင်းများ မရှိ။ ယခုတွင်၊ ဤအရာ၌ သူတို့​တိမ်းမှားကြ​သည်မှာ ကျမ်းစာများကို နား​မလည်သော​ကြောင့်​ဖြစ်၏။

၂၅ သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ သူတို့သည် မကြာမြင့်မီ ပြောင်းလဲ​လာ၏၊ သူတို့​ရောက်​နေသည့်​အရာ၏ မှားယွင်းခြင်း​အကြောင်း၊ နားသွင်းခြင်းကိုလည်း ခံရကြ၏။ အကြောင်း​မူကား၊ ပညတ်​တရား မပြီးပြည့်စုံ​သေးသည်ကို​လည်း​ကောင်း၊ ထိုပညတ်​တရားသည် အလုံး​စုံတို့၌ ပြီးပြည့်စုံ​ရမည်ကို​လည်း​ကောင်း၊ ထိုမှတစ်ပါး၊ သူတို့​ထံသို့​ရောက်​လာသည့် စကား ပြီးပြည့်​စုံ​ရမည်ကို​လည်း​ကောင်း၊ ထိုမှတစ်ပါး၊ အငယ်​ဆုံးသော​စာလုံးနှင့် ဗိန္ဒုတို့ ထိုတရား​ပြီးပြည့်စုံ​သည့်​တိုင်အောင် ကွယ်​ပျောက်လိမ့်မည်​မဟုတ်​ကြောင်းကို​လည်း​ကောင်း၊ သူတို့​ထံသို့ ဖော်ပြ​တော်မူ​လေ၏။ ထို့ကြောင့်၊ ဤတစ်နှစ်​တည်းတွင်၊ သူတို့၏​မှားယွင်းခြင်း​အကြောင်းကို သိခြင်းသို့ ဆောင်ယူခံရ၍၊ သူတို့၏အမှား​များကို ဝန်ခံ​ကြ၏။

၂၆ ထိုကဲ့သို့​အားဖြင့်၊ သန့်ရှင်းသော ပရောဖက် ခပ်သိမ်းတို့၏ ပရောဖက်​ပြုဟောချက် စကားများ​အတိုင်း ဖြစ်​လာသည့် နိမိတ်​လက္ခဏာ​များကြောင့် လူတို့​ထံသို့ ဝမ်းသာစရာ​သတင်းကို ဆောင်​ယူလျက် ကိုးဆယ်နှစ်​နှစ်မြောက် ကုန်​လွန်​သွား၏။

၂၇ ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တောင်များ​ပေါ်၌​နေထိုင်သူ၊ ထိုပြည်၌​ထကြွသူ ဂါဒျန်တန်​ဓားပြများ​မှတစ်ပါး၊ ကိုးဆယ်သုံး​နှစ်မြောက်​သည်​လည်း ငြိမ်းချမ်းစွာ ကုန်လွန်​သွား၏။ အကြောင်း​မူကား၊ သူတို့၏​စခန်းများနှင့် လျှို့​ဝှက်သော​နေရာများမှာ အလွန်​ခိုင်မာ​လေသဖြင့်၊ သူတို့ကို လူတို့​အနိုင်​မရနိုင်ကြ။ ထို့ကြောင့်၊ သူတို့သည် လူ့​အသက်​သတ်ခြင်း​များစွာကို ကျူးလွန်၍၊ လူတို့၌ သိမ်းရုံး​သတ်ဖြတ်ခြင်း​များစွာတို့ကို ပြုကြ၏။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုးဆယ်​လေး​နှစ်​မြောက်၌၊ သူတို့​ထံသို့ ထွက်​ပြေး​သူ၊ နီဖိုင်း​အမျိုးသားတို့​ထံမှ​သဘော​ကွဲလွဲသော​သူများစွာ​ရှိသောကြောင့်၊ သူတို့သည် ကြီးစွာသော​ပမာဏ​အထိ တိုးပွား​စပြုကြ၏။ ထိုထွက်​ပြေးခြင်း​အမှုက ပြည်၌ ဆက်၍​နေထိုင်ခဲ့​သည့် နီဖိုင်း​အမျိုးသားတို့ကို ဝမ်းနည်းခြင်း​များစွာ​ဖြစ်စေ၏။

၂၉ ထို့အတူ၊ လာမန်​အမျိုးသားတို့၌ များစွာသော​ဝမ်းနည်းခြင်း၏ အကြောင်းရင်း​တစ်ခုလည်း ရှိ၏။ အကြောင်း​မူကား၊ ရှုလော့၊ သူတို့၌ နှစ်များ​ကြာ၍ ကြီး​ပြင်းလျက် အား​ကြီး​စပြုလာသော သားသမီးများ များစွာရှိကြလေရာ၊ ထိုသူတို့သည် ကိုယ့်​စိတ်​အတိုင်း ပြု​လာကြ၊ ထို့အတူ ဇော်ရမ်​အမျိုးသား​ဖြစ်​သူ​အချို့၏ မုသား​ပြောခြင်းများနှင့် မြှောက်​ပင့်သော​စကားများ​အားဖြင့် ဂါဒျန်တန်​ဓားပြများနှင့် ပူးပေါင်းစေရန် လှည့်ဖြား​ခေါ်ဆောင်​သွား​ခံရကြ၏။

၃၀ ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့​သည် ဒုက္ခလည်း​ရောက်ကြ၏၊ ထို့အတူ ကြီးပြင်း​လာသော မျိုး​ဆက်၏ ဆိုး​ညစ်ခြင်း​ကြောင့်၊ သူတို့၏​ယုံကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့၌ ဆုတ်​ယုတ်​စပြုကြ၏။