ကျမ်းစာများ
၃ နီဖိုင်း ၁၄


အခန်းကြီး ၁၄

ယေရှုသည် တရား​မစီရင်ရန်၊ ဘုရားသခင်ထံမှ တောင်းရန်၊ မိစ္ဆာပရောဖက်တို့ကို သတိ​ပြုကြရန် မိန့်မှာ၏—သူသည် ဘုရားသခင်၏​အလိုတော်ကို​ဆောင်သော​သူတို့အား ကယ်တင်ခြင်းကို ကတိ​ထားတော်မူ၏—မဿဲအခန်းကြီး ၇ နှင့် နှိုင်း​ယှဉ်ပါ။ အေဒီ ၃၄ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို ဟော​လေပြီးလျှင်၊ လူ​အစု​အဝေး​ဆီသို့ တစ်ဖန်​လှည့်၍၊ နှုတ်တော်ကို​တစ်ဖန်​ဖွင့်လျက် မိန့်တော်မူ​လေသည်မှာ၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်ကား၊ သင်တို့သည် တရား​စီရင်​မခံရမည့်​အကြောင်း၊ သူတစ်ပါးကို တရား​စီရင်ခြင်း မပြုနှင့်။

အကြောင်း​မူကား၊ သင်တို့သည် အကြင်​တရား​အတိုင်း တရား​စီရင်ကြ၏။ ထိုတရား​အတိုင်း တရား​စီရင်​ခံရကြမည်။ သင်တို့သည် အကြင်ချိန်၊ တင်း​ပမာဏနှင့် သူတစ်ပါးကို ပေး၏။ ထို​ပမာဏ​အတိုင်း တစ်ဖန်​ခံရကြမည်။

ညီအစ်ကို မျက်စိ၌​ရှိသော ငြောင့်​ငယ်ကို အဘယ်ကြောင့်​ကြည့်ရှုကြ​သနည်း။ သို့သော်​လည်း ကိုယ့်​မျက်စိ၌​ရှိသော တံကျင်ကို အောက်မေ့ခြင်း​မရှိကြ​ပါတကား။

ညီအစ်ကိုအား သင်၏​မျက်စိ၌​ရှိသော​ငြောင့်​ငယ်ကို ထုတ်​ပါရစေဟု အဘယ်သို့​အားဖြင့် ဆိုကြမည်နည်း—ရှုဦးလော့၊ သင်တို့​ကိုယ်တိုင်၏​မျက်စိ၌ တံကျင်​ရှိ၏။

အသင်​သူတော်​ကောင်း​ယောင်​ဆောင်သော​သူတို့၊ ကိုယ့်​မျက်စိ၌​ရှိသော တံကျင်ကို ရှေး​ဦးစွာ​ထုတ်​ပစ်လော့။ ထို့​နောက်တွင်၊ ညီအစ်ကို မျက်စိ၌​ရှိသော​ငြောင့်​ငယ်ကို ထုတ်​ပစ်ခြင်းငှာ ရှင်း​လင်းစွာ မြင်​လိမ့်မည်။

သန့်ရှင်းသော​အရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာကို ဝက်တို့ ခြေ​အောက်၌ မနင်း​ချေနိုင်​စေခြင်းငှာ၊ ၎င်းတို့​ရှေ့မှာ မချနှင့်။ သူတို့သည် တစ်ဖန်လှည့်၍ သင်တို့ကို ကိုက်​ဖြတ်ကြ​လိမ့်မည်။

တောင်းကြလော့။ တောင်းလျှင် သင်တို့​ထံသို့ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့​တွေ့ကြမည်။ ခေါက်ကြ​လော့၊ ခေါက်လျှင် သင်တို့အား ဖွင့်​ပေးလိမ့်မည်။

အကြောင်း​မူကား၊ တောင်းသော​သူတိုင်း ရကြ၏။ ရှာသော​သူလည်း တွေ့၏။ ခေါက်သော​သူအားလည်း တံခါးကို ဖွင့်​ပေး၏။

သို့မဟုတ်၊ သားက မုန့်ကို​တောင်းလျှင်၊ မိမိသားအား ကျောက်ခဲကို ပေးမည့်သူ သင်တို့ ၌ ရှိသ​လော။

၁၀ သို့မဟုတ်၊ ငါးကို​တောင်းလျှင်၊ ထိုသူသည် မြွေကို​ပေးမည်​လော။

၁၁ သင်တို့သည် အဆိုး​ဖြစ်လျက်ပင်၊ ကိုယ့်သား​သမီးတို့အား ကောင်းသော​ဆု​ကျေးဇူးကို ပေး​တတ်ကြလျှင်၊ ကောင်းကင်ဘုံ၌​ရှိတော်မူသော သင်တို့​အဘသည် သူ့ထံသို့​တောင်းသော​သူတို့အား ကောင်းသော​အရာများကို သာ၍​ပေးတော်မူမည် မဟုတ်လော။

၁၂ ထို့ကြောင့်၊ သင်တို့သည် ကိုယ်၌ သူ​တစ်ပါး​ပြုစေလို​သမျှသော​အရာ​အတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤအရာ​သည်ကား၊ ပညတ်​တရားနှင့် ပရောဖက်တို့၏​စကားများ​ပေတည်း။

၁၃ သင်တို့သည် ကျပ်​တည်းသော တံခါးမှ ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သော​တံခါးသည်​ကျယ်၍၊ လမ်းသည် ကျယ်ဝန်း၍ ထိုတံခါးမှ ဝင်သော​သူများ၏။

၁၄ အသက်ရှင်ခြင်းသို့​ရောက်သော တံခါးသည် ကျပ်​တည်း၏၊ လမ်းသည် ကျဉ်း​မြောင်းသည်​ဖြစ်၍၊ တွေ့ဝင်သောသူ နည်း၏။

၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေး​ဖြစ်လျက်၊ သိုးရေကို​ခြုံ၍ သင်တို့​ရှိရာသို့​လာသော မိစ္ဆာပရောဖက်တို့ကို သတိ​ပြုကြလော့။

၁၆ ထိုသူတို့၏ အကျင့်ကို ထောက်၍၊ သူတို့ကို သိကြ​လိမ့်မည်။ လူသားတို့သည် ဆူးပင်၌ စပျစ်သီးကို ဆွတ်​တတ်သလော။ သို့မဟုတ်၊ ဆူးလေပင်၌ သင်္ဘော​သဖန်း​သီးကို ဆွတ်ကြ​သလော။

၁၇ ထိုကဲ့သို့ပင်၊ ကောင်းသော​အပင်​တိုင်းသည် ကောင်းသော​အသီးကို သီး၏။ သို့ရာတွင်၊ ဖောက်​ပြန်သော​အပင်သည် မကောင်းသော​အသီးကို သီး၏။

၁၈ ကောင်းသော​အပင်သည် မကောင်းသော​အသီးကို မသီးနိုင်။ ဖောက်​ပြန်သော​အပင်​သည်​လည်း ကောင်းသော​အသီးကို မသီးနိုင်။

၁၉ ကောင်းသော​အသီးကို မသီးသော​အပင်​ရှိသမျှကို ခုတ်လှဲ၍ မီးထဲသို့​ချလိုက်​တတ်၏။

၂၀ သို့ဖြစ်၍၊ သင်တို့သည် သူတို့၏​အကျင့်ကို​ထောက်၍ သူတို့ကို သိကြ​လိမ့်မည်။

၂၁ ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင်ဟု ငါ့ကို​လျှောက်သော​သူတိုင်း ကောင်းကင်​နိုင်ငံတော်သို့ ဝင်ရ​လိမ့်မည်​မဟုတ်။ ကောင်းကင်ဘုံ၌​ရှိတော်မူသော ငါ့အဘတော်၏​အလိုကို ဆောင်သော​သူ​သာလျှင်၊ ဝင်ရ​လိမ့်မည်။

၂၂ ထိုနေ့၌​ကား၊ ကိုယ်တော်ရှင်၊ ကိုယ်တော်ရှင် အကျွန်ုပ်တို့သည် ကိုယ်တော်၏​နာမတော်​အားဖြင့် ပရောဖက်​ပြု၍​ဟောကြ​ပါပြီ မဟုတ်လော။ ကိုယ်တော်၏​နာမတော်​အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်​ပါပြီ မဟုတ်လော။ ကိုယ်တော်၏​နာမတော်​အားဖြင့် များစွာသော အံ့ဩဖွယ်​အမှုတို့ကို ပြုကြလေ​ပြီမဟုတ်​လောဟု များစွာသော​သူတို့သည် ငါ့အား လျှောက်ကြ​လိမ့်မည်။

၂၃ ထိုသို့​လျှောက်ကြသော​အခါ၊ သင်တို့ကို ငါ​မသိ။ ဒုစရိုက်ကို​ပြုသော​သင်တို့၊ ငါ့ထံမှ ဖယ်ကြဟု ထို​သူတို့အား ငါ​အတည့်​အလင်း ပြောမည်။

၂၄ ထို့ကြောင့်၊ အကြင်​သူသည် ငါ​ပြောသော ဤစကားများကို ကြား၍ ဆောင်ရွက်၏။ ငါသည် ထိုသူအား၊ ကျောက်ပေါ် ၌မိမိ​အိမ်ကို​ဆောက်သည့် ဉာဏ်ပညာ​ရှိသောသူနှင့် တူကြောင်းကို ပုံ​ပြမည်—

၂၅ မိုးရွာ၍ ရေလွှမ်းမိုး​သည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်​ရှိသော်၊ ကျောက်ပေါ်၌​တည်သော​ကြောင့်၊ မပြို​မလဲ နေ၏။

၂၆ ငါ​ပြောသော ဤစကားများကို ကြား၍ ဆောင်​ရွက်ခြင်း​မရှိသော​သူ​မှန်သမျှသည် သဲပေါ်၌​အိမ်​ဆောက်သော​လူမိုက်နှင့်​တူကြောင်း ပုံ​ပြခံရမည်—

၂၇ မိုးရွာ၍ ရေလွှမ်းမိုး​သည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်​ရှိသော်၊ ပြို​လဲ၍၊ ၎င်း၏​ပြိုလဲခြင်းမှာ ကြီး​မားလှ၏။