ကျမ်းစာများ
၃ နီဖိုင်း ၁၁


ယေရှုခရစ်တော်သည် နီဖိုင်း​လူမျိုးတို့ကို ကိုယ်ထင်ပြတော်မူ၏၊ အလျှံပယ်​ပြည်၌ လူအစု​အဝေး အတူတကွ​စုဝေးကြစဉ် သူတို့ကို အမှုတော်​ဆောင်၏။ ဤနည်း​အားဖြင့်၊ သူတို့ထံ ကိုယ်ထင်ပြတော်မူ၏။

အခန်းကြီး ၁၁ မှ ၂၆ အထိ ဖွဲ့စည်း​ပါဝင်၏။

အခန်းကြီး ၁၁

ခမည်းတော်သည် သူ၏​ချစ်သား​အကြောင်းကို သက်​သေ​ခံ၏—ခရစ်တော် ရောက်​လာတော်မူပြီးလျှင် သူ၏​အပြစ်​ဖြေခြင်း​မင်္ဂလာကို ကြေ​ညာ၏—လူတို့သည် သူ၏​လက်၊ ခြေနှင့် နံဘေးတော်မှ ဒဏ်ရာ​ဒဏ်ချက်များကို တို့​စမ်းကြ၏—သူတို့သည် ဟောရှဏ္ဏဟု ဟစ်​ကြွေးကြ၏—သူသည် ဗတ္တိဇံ​နည်း​နာနိဿယနှင့် နည်း​လမ်းကို သွန်သင်၏—ရန်တွေ့ခြင်းစိတ်သဘောသည် နတ်ဆိုး​၏ အရာဖြစ်၏—ခရစ်တော်၏​ဩဝါဒမှာ၊ လူသားတို့​ယုံကြည်လျက် ဗတ္တိဇံ​ခံ၍၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရ​ရှိ​ရမည့်​အကြောင်း​ဖြစ်၏။ အေဒီ ၃၄ ခန့်။

ယခု​မူကား၊ အချိန်​တန်​လာသော​အခါ၊ အလျှံပယ်​ပြည်၌​ရှိသည့် ဗိမာန်တော်၏​ပတ်​ဝန်း​ကျင်၌၊ နီဖိုင်း​လူမျိုးတို့၏ အတူတကွ​စုဝေးသည့် ကြီးစွာသော လူအစု​အဝေး ရှိ၏။ သူတို့​သည်​လည်း အချင်းချင်း အံ့မခန်း​ချီးမွမ်းဖွယ်​ဖြစ်လျက်၊ အံ့ဩ​ချီးမွမ်းလျက်​၊ ဖြစ်ပျက်ခဲ့​လေသည့် ကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသော ပြောင်းလဲခြင်းကို တစ်ယောက်ကို​တစ်ယောက်​ပြ​နေကြ၏။

သူ၏​သေခြင်းနှင့်​စပ်လျဉ်း၍ နိမိတ်​လက္ခဏာကို​ပေး​ထားသည့် ဤယေရှုခရစ်တော်​အကြောင်းကိုလည်း ပြော​ဆို​နေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထိုကဲ့သို့ အချင်း​ချင်း စကား​ပြောလျက်​ရှိစဉ်၊ ကောင်းကင်မှ ဆင်းလာ​သကဲ့သို့​ဖြစ်သည့် အသံကို ကြား၍ အရပ်​ရပ်သို့ မျှော်​ကြည့်ကြ၏။ အကြောင်း​မူကား၊ ကြားသည့်​အသံကို နားလည်ခြင်း​မရှိကြ။ ထိုအသံမှာ စူးရှသော​အသံ​မဟုတ်။ ကျယ်သော​အသံလည်း​မဟုတ်။ အဘယ်သို့​ပင်​ဖြစ်စေ၊ ထိုအရာသည် ညှင်းသော​အသံ​ဖြစ်​သော်​ငြား​လည်း၊ ကြားသော​သူတို့ကို အလယ်သို့ ထိုး​ဖောက်၍၊ ၎င်းက မတုန်​လှုပ်​စေသည့် သူတို့​ကိုယ်ခန္ဓာ၏​အစိတ်​အပိုင်း​မရှိသည့်တိုင်အောင်ပင်တည်း။ ထိုမှတစ်ပါး၊ သူတို့ကို စိတ်ဝိညာဉ်သို့​ထိုး​ဖောက်၍၊ သူတို့၏​စိတ်နှလုံးကိုလည်း လောင်​ကျွမ်း​စေ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် အသံကို တစ်ဖန်​ကြား၏၊ နား​လည်ခြင်း​မရှိကြ။

ထိုမှတစ်ဖန်၊ တတိယ​အကြိမ်​မြောက် အသံကို​ကြား၍၊ ကြား​နာခြင်းငှာ သူတို့​နားကို ဖွင့်ကြ၏။ သူတို့​မျက်စိများ​သည်​လည်း အသံ​လာရာ​ဆီသို့ မျှော်ကြည့်လျက်​ရှိ၏။ သူတို့သည် အသံ​လာရာ ကောင်းကင်သို့လည်း မြဲမြံစွာ​ကြည့်ကြ၏။

ရှုဦးလော့၊ တတိယ​မြောက်​အကြိမ်၌၊ သူတို့သည် ကြားသည့်​အသံကို နား​လည်ကြ၏။ ထို​အသံက သူတို့ကို မိန့်တော်မူ​သည်ကား၊

ငါ​အလွန် နှစ်သက်​တော်မူရာ၊ ငါ၏​နာမတော်ကို ငါ​ချီးမြှောက်​တော်မူရာ ငါ၏​ချစ်သားကို ကြည့်ရှု​ဆင်ခြင်ကြလော့—သင်တို့ သူ့ကို ကြား​နာကြလော့။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် နားလည်၍၊ ကောင်းကင်​ဆီသို့ တစ်ဖန် မျှော်​ကြည့်ကြ၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်မှ လူ​တစ်ယောက် ဆင်းသက်လာ​နေသည်ကို မြင်ကြ၏။ ထိုသူသည် အဖြူ​ရောင်​ဝတ်လုံကို ဝတ်ဆင်​ထား၏။ ထိုသူ​သည်​လည်း ဆင်း​လာပြီးလျှင် သူတို့​အလယ်၌ ရပ်၏။ လူ​အစု​အဝေး​တစ်ခုလုံး၏​မျက်စိတို့သည် သူ့​အပေါ်သို့​လှည့်၍၊ တစ်ယောက်ကို တစ်ယောက်​ပြောရန်ပင် နှုတ်ကို မဖွင့်​ဝံ့ကြ။ ထိုအမှုကား၊ အဘယ်​သို့ ဆိုလို​သည်ကို​လည်း မသိကြ။ အကြောင်း​မူကား၊ သူတို့​ထံ​ရောက်​လာသည့် ကောင်း​ကင်​တမန်​တစ်ပါး​ဖြစ်သည်ဟု တွေး​ထင်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုသူသည် မိမိ​လက်ကို​ဆန့်၍ လူတို့အား ဟော​ပြောလျက် မိန့်တော်မူ​သည်​ကား၊

၁၀ ရှုလော့၊ ငါသည်​ကား၊ လောက​ထဲသို့ ကြွ​လာတော်မူ​လိမ့်မည်ဟု ပရောဖက်တို့ သက်​သေ​ခံခဲ့သူ ယေရှုခရစ်တော်​ဖြစ်၏။

၁၁ ရှုဦးလော့၊ ငါသည် လောက၏ အလင်းနှင့် အသက်​ဖြစ်၏။ ငါ့အား ခမည်းတော်​ပေး​တော်မူသည့် ခါးသော​ခွက်ကို ငါ​သောက်၍၊ လောကီ​သားတို့၏​အပြစ်များကို ငါ့​အပေါ်၌ ခံယူရာတွင် ခမည်းတော်ကို ချီးမွမ်းလေပြီ။ ငါသည် ထိုအမှု၌ ရှေးဦးစွာ​ကတည်းက အရာရာ၌ ခမည်းတော်၏​အလိုတော်ကို ဆောင်ခဲ့​လေပြီ။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှု ဤစကားများကို ဟော​လေ​ပြီးလျှင်၊ လူ​အစု​အဝေး​တစ်ခု​လုံးသည် မြေကြီးသို့ လဲကျ၏။ အကြောင်း​မူကား၊ သူတို့သည် ခရစ်တော် ကောင်းကင်ဘုံသို့ တက်၍​သွားတော်မူခြင်း၏​နောက်၌ သူတို့​ထံ ကိုယ်ထင်​ပြတော်မူမည့်​အကြောင်း ပရောဖက်​ပြု၍​ဟော​ထားသည်ကို သတိ​ရကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကိုယ်တော်ရှင် သူတို့ကို မြွက်​ဆို၍၊ မိန့်တော်မူ​လေသည်​ကား၊

၁၄ သင်တို့သည် ငါ့​နံဘေးတော်ကို သင်တို့၏​လက်ဖြင့် စမ်း​သပ်​နိုင်ကြခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏​လက်နှင့် ငါ၏​ခြေတို့မှ သံရိုက်ရာ​ချက်တို့ကို တို့​စမ်းနိုင်​ကြခြင်းငှာ​လည်း​ကောင်း၊ ငါ​သည်​ကား၊ ဣသရေလ​အမျိုး၏ ဘုရားသခင်​ဖြစ်၍၊ မြေကြီး​တစ်ခုလုံး၏ ဘုရားသခင်​ဖြစ်၍၊ လောကီ​သားတို့၏ အပြစ်များ​အတွက် ကွပ်မျက်​ခံလေ​ပြီဖြစ်ကြောင်းကို သင်တို့ သိနိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း ထ၍ ငါထံသို့ လာ​ကြလော့။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူ​အစု​အဝေးသည် ရှေ့သို့​ထွက်​လာ၍၊ သူ၏​နံ​ဘေးတော်ကို သူတို့​လက်ဖြင့် စမ်း​သပ်ကြ၏၊ သူ၏​လက်နှင့် သူ၏​ခြေတို့မှ သံရိုက်ရာ​ချက်တို့ကိုလည်း တို့စမ်းကြ၏။ သူတို့​အားလုံး ရှေ့သို့ ထွက်ပြီး​လေသည့်​တိုင်အောင်၊ တစ်ယောက်​ပြီး​တစ်​ယောက် ရှေ့သို့​ထွက်လျက်၊ ဤအမှုကို ပြု၍၊ သူတို့၏​မျက်စိဖြင့် ကြည့်ကြ၊ ထို့အတူ၊ သူတို့၏​လက်ဖြင့် တို့စမ်းကြ၊ ထို့အတူ၊ သူ​သည်ကား၊ ပရောဖက်တို့​ရေး​ထားသည့် ကြွ​လာတော်မူမည့်​သူ​ဖြစ်ကြောင်းကို ဧကန်​အမှန်​သိ၍ သက်​သေ​ခံကြ၏။

၁၆ သူတို့​အားလုံး​သည် ရှေ့သို့​ထွက်၍ သူတို့​ကိုယ်တိုင် တွေ့​မြင်ကြ​လေ​ပြီးနောက် တညီ​တညွတ်​တည်း​အော်​ဟစ်၍ ဆိုကြ​လေသည်​ကား၊

၁၇ ဟောရှဏ္ဏ​ဖြစ်စေ​သတည်း၊ အမြင့်​ဆုံး​သော​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်း။ သူတို့​သည်​လည်း ယေရှု၏​ခြေတော်​ရင်း၌ လဲကျ၍၊ ကိုး​ကွယ်ကြ၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် နီဖိုင်းကို မြွက်ဆို၍ (နီဖိုင်း​သည် လူ​အစု​အဝေးထဲ၌ ရှိသဖြင့်) ရှေ့သို့​ထွက်​လာရန် မိန့်တော်မူ၏။

၁၉ နီဖိုင်း​သည်​လည်း ထ၍ ရှေ့သို့​ထွက်​လာပြီးလျှင်၊ ကိုယ်တော်ရှင်​ရှေ့၌ ကိုယ်ကို ညွှတ်၍ သူ့​ခြေတို့ကို နမ်း၏။

၂၀ ကိုယ်တော်ရှင်ကလည်း သူ့ကို ထဖို့​မိန့်တော်မူ၏။ သူသည်လည်း ထ၍ ရှေ့တော်၌ ရပ်၏။

၂၁ ကိုယ်တော်ရှင်ကလည်း သူ့ကို​မိန့်တော်မူ​သည်ကား၊ ငါသည် ကောင်းကင်​ဘုံသို့ တစ်ဖန်​တက်​သွားပြီး​နောက်၊ ဤလူမျိုးတို့ကို သင်​ဗတ္တိဇံ​ပေးနိုင်မည့်​အကြောင်း၊ သင့်အား တန်ခိုးကို ပေး၏။

၂၂ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်သည် အခြားသော​သူတို့ကိုလည်း ခေါ်တော်မူ၍၊ ထိုနည်းတူ မိန့်တော်မူ၏။ ဗတ္တိဇံ​ပေးရန် တန်ခိုးကို​လည်း သူတို့အား ပေးတော်မူ၏။ သူတို့ကို မိန့်တော်မူ​လေသည်ကား၊ သင်တို့သည် ဤနည်း​အားဖြင့် ဗတ္တိဇံ​ပေးရမည်။ သင်တို့၌ ငြင်းခုံခြင်း​များလည်း မရှိရ။

၂၃ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့၏​စကားများကြောင့် မိမိ​အပြစ်များမှ နောင်တ​ရ၍၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံလိုသော​သူကို ဤနည်း​အားဖြင့် သင်တို့​ဗတ္တိဇံ​ပေးရမည်—ရှုလော့၊ သင်တို့သည် ရေထဲသို့​ဆင်းသွားပြီးလျှင်၊ ရပ်၍ ငါ၏​နာမတော်၌ သူတို့ကို ဗတ္တိဇံ​ပေး​ရမည်။

၂၄ ယခု​မူကား၊ ရှုလော့၊ သင်တို့သည် သူတို့၏​နာမည်ကို ခေါ်လျက် ဤစကားများကို​ဆို၍ ပြော​ရမည်မှာ၊

၂၅ ယေရှု​ခရစ်တော်​အားဖြင့် ငါ့အား ပေး​ထားတော်မူသော အခွင့်​အာဏာကို ဆောင်လျက်၊ ငါသည် ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်၏ နာမ၌ သင့်ကို ဗတ္တိဇံ​ပေး၏။ အာမင်။

၂၆ ထို့နောက်တွင်၊ သင်တို့သည် သူတို့ကို ရေထဲ၌ နှစ်၍၊ ရေထဲမှ တစ်ဖန်ထွက်​ပေါ်​လာ​ရမည်။

၂၇ ဤကဲ့သို့​အားဖြင့် သင်တို့သည် ငါ၏​နာမတော်၌ ဗတ္တိဇံ​ပေး​ရမည်။ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ခမည်းတော်၊ ထို့အတူ၊ သားတော်၊ ထို့အတူ၊ သန့်ရှင်းသော​ဝိညာဉ်တော်တို့သည် တစ်လုံး​တစ်ဝတည်း​ဖြစ်တော်မူ၏။ ငါသည် ခမည်းတော်၌ ရှိ၏၊ ခမည်းတော်​သည် ငါ၌ ရှိတော်မူ၍၊ ခမည်းတော်နှင့် ငါသည် တစ်လုံး​တစ်ဝ​တည်း​ဖြစ်၏။

၂၈ သင်တို့ကို ငါ​မိန့်တော်မူ​လေသည့်​အတိုင်း သင်တို့သည် ဗတ္တိဇံပေး​ရမည်။ သင်တို့၌ ယခင်က​ရှိသကဲ့သို့ ငြင်းခုံခြင်းများ မရှိရ။ သင်တို့၌ ယခင်က​ရှိသကဲ့သို့ ငါ၏​ဩဝါဒအချက်များနှင့်​စပ်လျဉ်း၍​လည်း ငြင်းခုံခြင်းများ​မရှိရ။

၂၉ အကြောင်း​မူကား၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်​ကား၊ ရန်တွေ့ခြင်း​စိတ်သဘော​ရှိသူသည် ငါ၏​လူမဟုတ်၊ ရန်တွေ့ခြင်း၏​အဘ​ဖြစ်သည့် နတ်ဆိုး၏​လူသာ​ဖြစ်၏၊ ထိုသူသည် လူတို့၏​စိတ်နှလုံးကို အချင်း​ချင်း​အမျက်ဖြင့် ရန်တွေ့​စေခြင်းငှာ နှိုး​ဆော်၏။

၃၀ ရှုလော့၊ တစ်ဦးနှင့်​တစ်ဦး​ဆန့်ကျင်၍၊ လူတို့၏​စိတ်နှလုံးကို အမျက်ဖြင့် နှိုးဆော်ရန်မှာ ငါ၏​ဩဝါဒ​မဟုတ်။ သို့ရာတွင်၊ ထိုကဲ့သို့​သော​အမှုများကို ရပ်စဲ​စေရန်မှာ ငါ၏​ဩဝါဒ​ဖြစ်၏။

၃၁ ရှုလော့၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် သင်တို့အား ငါ၏​ဩဝါဒကို ဟော​ကြားမည်။

၃၂ ဤအရာ​သည်​ကား၊ ငါ၏​ဩဝါဒ​ဖြစ်၏၊ ငါ့ထံသို့ ခမည်းတော် ပေးတော်မူသော ဩဝါဒလည်း​ဖြစ်၏။ ငါသည် ခမည်းတော်​အကြောင်းကို သက်​သေ​ခံ၏၊ ခမည်းတော်သည် ငါ့​အကြောင်းကို သက်သေ​ခံတော်မူ၍၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် ခမည်းတော်နှင့် ငါ့​အကြောင်းကို သက်သေ​ခံ၏။ ခမည်းတော်သည် နေရာတိုင်း၌​ရှိသော​လူသား​ခပ်သိမ်းတို့​အား၊ နောင်တ​ရ၍ ငါ့ကို ယုံကြည်ကြရန် မိန့်တော်မူကြောင်း ငါ​သက်သေ​ခံ၏။

၃၃ ငါ့၌​ယုံကြည်၍ ဗတ္တိဇံ​ခံသော​သူ​သည်လည်း ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ ထိုသူတို့​သည်​ကား၊ ဘုရားသခင်၏​နိုင်ငံတော်ကို အမွေ​ခံရမည့်​သူများ​ဖြစ်၏။

၃၄ ငါ့၌​မယုံကြည်၍ ဗတ္တိဇံ မခံသော​သူ​သည်ကား၊ အပြစ်​စီရင် ခံရ​လိမ့်မည်။

၃၅ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်​ကား၊ ဤအရာ​သည် ငါ၏​ဩဝါဒ​ဖြစ်၏၊ ခမည်းတော်ထံမှ ဖြစ်တော်မူ​ကြောင်းကို ငါ​သက်​သေ​ခံ၏။ ငါ့၌ ယုံကြည်သော​သူ​သည် ခမည်းတော်၌​လည်း ယုံကြည်၏။ ခမည်းတော်သည် ထိုသူ့ထံသို့ ငါ့​အကြောင်းကို သက်သေ​ခံ​တော်မူ​ပေမည်။ အကြောင်း​မူကား၊ သူသည် ထို​သူ့ထံသို့ မီးနှင့် သန့်ရှင်းသော​ဝိညာဉ်​အားဖြင့် အကြည့်​အရှု​ကြွတော်မူ​ပေမည်။

၃၆ ထိုကဲ့သို့​အားဖြင့်၊ ခမည်းတော်သည် ငါ့​အကြောင်းကို သက်​သေ​ခံတော်မူ​လိမ့်မည်။ သန့်ရှင်းသော​ဝိညာဉ်တော်က​လည်း ထိုသူ့​ထံသို့ ခမည်းတော်နှင့် ငါ့​အကြောင်းကို သက်​သေ​ခံတော်မူ​လိမ့်မည်။ အကြောင်း​မူကား၊ ခမည်းတော်၊ ငါနှင့် သန့်ရှင်းသော​ဝိညာဉ်တော်တို့​သည် တစ်လုံး​တစ်ဝတည်း ဖြစ်၏။

၃၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ သင်တို့​သည် နောင်တ​ရ၍ ကလေး​သူငယ်ကဲ့သို့ ဖြစ်​လာပြီးလျှင်၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံရကြ​မည်။ သို့မဟုတ်လျှင်၊ ဤအရာတို့ကို အလျှင်း​လက်ခံ​မရ​ရှိနိုင်ကြ။

၃၈ ထို​မှတစ်ဖန်၊ သင်တို့ကို ငါ​ဆိုသည်ကား၊ သင်တို့သည် နောင်တ​ရ၍ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံလျက်၊ ကလေး​သူငယ်ကဲ့သို့ ဖြစ်​လာကြ​ရမည်။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏​နိုင်ငံတော်ကို အလျှင်း​အမွေ​မခံနိုင်ကြ။

၃၉ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ဤအရာသည် ငါ၏​ဩဝါဒ​ဖြစ်၏၊ ဤအရာ​အပေါ်၌ တည်​ဆောက်သော​သူသည် ငါ၏​ကျောက်ပေါ်၌ တည်​ဆောက်၏။ ငရဲ၏​တံခါးတို့​သည်​လည်း သူတို့ကို မနိုင်ရာ။

၄၀ ဤအရာ​ထက် ပို၍ သို့မဟုတ် လျော့၍​ဟော​ကြားပြီးလျှင်၊ ငါ၏​ဩဝါဒဟု ဆိုသော​သူ​သည်​လည်း မကောင်းမှုဆီမှ လာ၏၊ ငါ၏​ကျောက်ပေါ်၌ တည်​ဆောက်​ထားသည်​မဟုတ်။ သဲအုတ်မြစ် ပေါ်၌သာ တည်​ဆောက်သဖြင့်၊ သူတို့​အပေါ်သို့ ရေလွှမ်းမိုး၍ လေတိုက်သော​အခါ၊ ငရဲ၏​တံခါးများသည် ထိုကဲ့သို့သော​သူတို့ကို လက်ခံရန် ပွင့်လျက်​ရှိ၏။

၄၁ ထို့ကြောင့်၊ ဤလူတို့ထံသို့ ထွက်​သွားကြလော့၊ ငါ​ဟော​ပြောသည့်​စကားများကိုလည်း မြေကြီး​စွန်း​တိုင်​အောင် ဟော​ကြားကြလော့။