ကျမ်းစာများ
၃ နီဖိုင်း ၁၈


အခန်းကြီး ၁၈

ယေရှုသည် နီဖိုင်း​အမျိုးသားတို့၌ ပွဲတော်ကို တည်​ထောင်၏—သူတို့သည် သူ၏​နာမတော်​အားဖြင့် အစဉ်​အမြဲ​ဆုတောင်းကြရန် မိန့်မှာခံရ၏—မထိုက်​တန်ဘဲနှင့် သူ၏​ကိုယ်​ခန္ဓာတော်ကို စားသုံးသော​သူတို့နှင့် သူ၏​အသွေးတော်ကို သောက်သော​သူတို့သည် ပြစ်​ဒဏ်ချ​မှတ်ခံရ၏—တပည့်တော်​တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို အပ်နှင်းရန် တန်ခိုးကို ရ​ရှိကြ၏။ အေဒီ ၃၄ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယေရှုသည် မိမိတပည့်​တော်တို့အား မုန့်နှင့် စပျစ်ရည်​အချို့ကို သူ့ထံသို့ ယူ​လာခဲ့ရမည့်အကြောင်း မိန့်​တော်မူ၏။

ထိုသူတို့ မုန့်နှင့် စပျစ်ရည်ကို အရှာ​သွား​စဉ်တွင်၊ သူသည် လူ​အစု​အဝေးကို မြေကြီး​ပေါ်၌ ထိုင်ရမည့်အကြောင်း မိန့်တော်မူ၏။

တပည့်တော်တို့ မုန့်နှင့် စပျစ်ရည်တို့ဖြင့် ပြန်​လာကြ​သော​အခါ၊ သူသည် မုန့်ကို​ယူ၍ ဖဲ့ပြီးလျှင် ကောင်းချီး​ပေး၏။ တပည့်တော်တို့အား ပေး၍ စားရမည့်​အကြောင်း မိန့်တော်မူ၏။

သူတို့​စားပြီး၍ ဝမ်းပြည့်လျှင်၊ လူအစု​အဝေးအား ပေးစေ​ရမည့်​အကြောင်း မိန့်တော်မူ၏။

လူ​အစု​အဝေး စားပြီး၍​ဝမ်းပြည့်လျှင်၊ တပည့်တော်တို့​ကို မိန့်တော်မူ​လေသည်ကား၊ ရှုလော့၊ သင်တို့၌ တစ်ဦးသော​သူသည် ခန့်​ထားခံရလိမ့်မည်၊ ထိုသူသည် မုန့်ကို​ဖဲ့၍၊ ကောင်းချီး​ပေးပြီးလျှင်၊ ငါ့​အသင်းတော်၏​လူများသို့၊ ငါ့ကို ယုံကြည်၍ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံမည့်သူ မှန်သမျှသို့ ပေးနိုင်​စေမည့်​အကြောင်း ထိုသူအား ငါသည် တန်ခိုးကို ပေးတော်မူမည်။

ဤကဲ့သို့​အားဖြင့်၊ ငါ​ပြုသကဲ့သို့ပင်၊ ငါသည် မုန့်ကို​ဖဲ့၍ ကောင်းချီး​ပေးပြီးလျှင်၊ သင်တို့ကို ပေး​သကဲ့သို့ပင် သင်တို့သည် အစဉ်​အမြဲ​လုပ်ဆောင်ရန် အားထုတ်​ရမည်။

သင်တို့ကို ငါ​ပြတော်မူလေသည့် ငါ့​ကိုယ်ခန္ဓာကို အောက်​မေ့ဖို့ရာ သင်တို့သည် ဤအမှုကို​ပြုကြလော့။ ထိုအမှု​သည်လည်း သင်တို့ ငါ့ကို အစဉ်​အမြဲ​အောက်မေ့​ကြောင်း၊ ခမည်းတော်​ထံသို့ သက်သေ​အဖြစ် ရှိလိမ့်မည်။ ထို့အတူ သင်တို့​သည် ငါ့ကို အစဉ်​အမြဲ​အောက်​မေ့ကြလျှင်၊ ငါ၏​ဝိညာဉ်တော်သည် သင်တို့နှင့်​အတူ ရှိတော်မူ​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်​တန်လာသော​အခါ၊ သူသည် ဤစကားများကို ပြော​ပြီးလေလျှင်၊ သူ၏​တပည့်တော်တို့​အား၊ စပျစ်ရည်​ဖလားကို​ယူ၍ သောက်​ရမည့်​အကြောင်းကို​လည်း​ကောင်း၊ လူအစုအဝေးအား ထိုဖလားကို သောက်နိုင်​စေခြင်းငှာ ပေး​ရမည်ကို​လည်း​ကောင်း မိန့်​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် မိန့်တော်မူလေသည့်​အတိုင်း ထိုဖလားကို သောက်၍ ဝမ်း​ပြည့်ကြ၏။ ထို့အတူ လူအစု​အဝေးအား ပေး၍​သောက်ကြ​သဖြင့် ဝမ်း​ပြည့်ကြ၏။

၁၀ တပည့်တော်တို့ ဤအမှုကို ပြုကြ​ပြီးနောက်၊ ယေရှု​မိန့်တော်မူ​လေသည်​ကား၊ သင်တို့သည် ပြုလေသည့် ဤအမှုကြောင့် မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ဤအမှုသည် ငါ၏​ပညတ်တော်တို့ကို ပြီးပြည့်​စေခြင်း​ပင်တည်း။ သင့်တို့သည် ငါ​မိန့်တော်မူ​လေသော​အရာကို ဆောင်ရွက်ရန် လိုလို​လားလား​ရှိကြောင်း ဤအမှုက ခမည်းတော်​ထံသို့ သက်​သေ​ခံ၏။

၁၁ ထို့အတူ ဤအမှုကို သင်တို့သည် နောင်တ​ရ၍ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြသော သူတို့ထံ အစဉ်​အမြဲ ပြု​ရမည်။ သင်တို့သည် ငါ့ကို အစဉ်​အမြဲ အောက်​မေ့ကြောင်း ခမည်းတော်​ထံသို့ သက်​သေ​ခံနိုင်ကြ​စေခြင်းငှာ၊ သင်တို့​အတွက် ငါ​သွန်း​လောင်း​တော်မူသော ငါ၏​အသွေးတော်ကို အောက်​မေ့ဖို့ရာ ထိုအမှုကို ပြုကြ​ရမည်။ ထို့အတူ သင့်တို့သည် ငါ့ကို အစဉ်​အမြဲ​အောက်​မေ့ကြလျှင်၊ ငါ၏​ဝိညာဉ်တော်သည် သင်တို့နှင့်​အတူ ရှိ​တော်မူ​လိမ့်မည်။

၁၂ ငါသည် သင်တို့​ဤအမှုများကို ပြုရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။ သင်တို့သည် ဤအရာတို့ကို အစဉ်​အမြဲ​ပြုမည်​ဆိုလျှင်၊ မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သင်တို့ကို ငါ၏ ကျောက်ပေါ်၌ တည်​ဆောက်ထား၏။

၁၃ သို့ရာတွင်၊ ဤအရာတို့​ထက် ပို၍ သို့မဟုတ် လျော့၍ ပြုမည့်​သူ​မှန်သမျှ​သည်ကား၊ ငါ၏​ကျောက်ပေါ်၌ တည်​ဆောက်​ထားသည်​မဟုတ်၊ သဲ​အုတ်​မြစ်​ပေါ်၌သာ တည်​ဆောက်​ထားသဖြင့်၊ မိုးရွာ၍ ရေလွှမ်းမိုးသည်နှင့် လေလာ၍ သူတို့ကို တိုက်သည်​ရှိသော်၊ ပြို​လဲကြ​လိမ့်မည်။ ငရဲ၏​တံခါးတို့သည် သူတို့ကို လက်​ခံရန် ပွင့်လျက်​ရှိလေပြီ။

၁၄ ထို့ကြောင့်၊ သင်တို့သည် ငါ သင်တို့အား ပေးရမည့်​အကြောင်း၊ ငါ့ကို ခမည်းတော် မိန့်တော်မူ​လေသည့် ငါ၏ပညတ်​တော်များကို စောင့်​ထိန်းကြလျှင်၊ မင်္ဂလာ​ရှိကြ၏။

၁၅ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်​ကား၊ သင်တို့သည် နတ်ဆိုး​အားဖြင့် သွေး​ဆောင်​ဖြား​ယောင်း မခံ​ရ​စေခြင်းငှာ​လည်း​ကောင်း၊ သူ့​အားဖြင့် ဖမ်း​ဆီး​ချုပ်​နှောင်၍ ဆောင်​သွားခြင်းကို မခံ​ရ​စေခြင်းငှာ​လည်း​ကောင်း၊ အစဉ်​အမြဲ စောင့်၍ ဆု​တောင်း​ရမည်။

၁၆ ငါသင်တို့၌ ဆု​တောင်း​သကဲ့သို့၊ နောင်တ​ရ၍ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံသော ငါ၏​လူမျိုးတို့​ရှိရာ ငါ၏​အသင်းတော်၌၊ သင်တို့သည် ထိုကဲ့သို့ပင် ဆုတောင်း​ကြလော့။ ရှုလော့၊ ငါသည် အလင်း​ဖြစ်၏။ ငါသည် သင်တို့​အတွက် ပုံ​သက်သေကို ပြတော်မူလေပြီ။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို သူ၏​တပည့်တော်တို့အား ဟောလေ​ပြီးလျှင်၊ လူ​အစု​အဝေး​ဘက်သို့ တစ်​ဖန်လှည့်၍၊ မိန့်တော်မူ​လေ​သည်​ကား၊

၁၈ ရှုလော့၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်​ကား၊ သင်တို့သည် သွေး​ဆောင်​ဖြား​ယောင်းခြင်း​ထဲသို့ မဝင်ကြ​စေခြင်းငှာ၊ အစဉ်​အမြဲ​စောင့်လျက် ဆုတောင်းကြ​ရမည်။ အကြောင်း​မူကား၊ စာတန်သည် သင်တို့ကို ဂျုံဆန်ကဲ့သို့ ဆန်ကာ​ချရမည့်​အကြောင်း၊ အုပ်စိုးခြင်းငှာ အလို​ရှိ၏။

၁၉ ထို့ကြောင့်၊ သင်တို့သည် ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ အစဉ်​အမြဲ ဆုတောင်းကြ​ရမည်။

၂၀ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်ထံသို့ သင်တို့​တောင်းမည့်​အရာ၊ ဖြောင့်​မှန်သော​အရာ၊ ရ​ရှိလိမ့်မည်ဟု ယုံကြည်လျက်​ရှိသော​အရာ​မှန်သမျှကို၊ ရှုလော့၊ သင်တို့အား ပေးတော် မူလိမ့်မည်။

၂၁ သင်တို့၏​ဇနီးများနှင့် သင်တို့၏​သားသမီးတို့ ကောင်းချီး​ခံစား​ရနိုင်​စေခြင်းငှာ၊ သင်တို့​မိသားစုများ၌ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ အစဉ်​အမြဲ​ဆုတောင်း​ကြလော့။

၂၂ ရှုဦးလော့၊ သင်တို့သည် အကြိမ်​ကြိမ် အတူတကွ တွေ့​ဆုံကြလော့။ သင်တို့သည် အတူတကွ တွေ့ဆုံသော​အခါတိုင်း၊ သင်တို့​ထံသို့​လာသော​သူ အဘယ်သူ့ကိုမျှ မဆီး​တားနှင့်၊ သူတို့ကို သင်တို့​ထံသို့ လာနိုင်​စေခြင်းငှာသာ အခွင့်​ပေး၍ ဆီး​တားခြင်း မပြုကြနှင့်။

၂၃ သို့ရာတွင်၊ သင်တို့သည် သူတို့​အတွက် ဆုတောင်းကြ​ရမည်။ သူတို့ကို နှင်​မထုတ်ရ။ သူတို့ သင်တို့​ထံ အကြိမ်​ကြိမ်​လာလျှင်၊ သင်တို့သည် သူတို့​အတွက် ငါ၏​နာမတော်​အားဖြင့် ခမည်းတော်ထံသို့​ဆုတောင်းကြ​ရမည်။

၂၄ ထို့ကြောင့်၊ သင်တို့၏ အလင်းကို လောကသို့ တောက်ပနိုင်​စေခြင်းငှာ မြှောက်လော့။ ရှုလော့၊ ငါ​သည်​ကား၊ သင်တို့​မြှောက်မည့်​အလင်း—သင်တို့​လိုက်လျှောက်ရန် ပြုတော်မူ၍ သင်တို့ မြင်ရလေသော​သူ ပေတည်း။ ရှုလော့၊ သင်တို့သည် ငါခမည်းတော်ထံသို့ ဆုတောင်းသည်ကို မြင်၍၊ သင်တို့​အားလုံး သက်သေ​ခံကြ​လေပြီ။

၂၅ ငါသည် သင်တို့မှ အဘယ်​သူ့ကိုမျှ အဝေးသို့ ထွက်​သွား​ရစေကြောင်း မိန့်တော်မူသည် မဟုတ်၊ သင်တို့ တို့စမ်း၍ မြင်နိုင်​စေခြင်းငှာ၊ ငါ့ထံသို့ လာ​ရစေမည့်​အကြောင်းကိုသာ မိန့်တော်မူ​သည်ကို သင်တို့ သိကြ၏။ ထိုကဲ့သို့ပင်၊ သင်တို့သည် လောက​သားတို့ကို ပြု​ရမည်။ ဤပညတ်တော်ကို ချိုးဖောက်​သူ​မှန်သမျှသည် သွေးဆောင်​ဖြားယောင်းခြင်းထဲသို့ ပို့ဆောင်​ခံရစေရန် မိမိကိုယ်ကို အခွင့်​ပေး၏။

၂၆ ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို ဟောလေ​ပြီးလျှင်၊ သူ၏​မျက်စိကို သူ​ရွေးကောက်​ထားတော်မူသည့် တပည့်တော်တို့ထံ တစ်ဖန်​လှည့်၍ မိန့်တော်မူ လေသည်ကား၊

၂၇ ရှုလော့၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ ငါသည် သင်တို့အား တခြား​ပညတ်တော်​တစ်ခုကို ပေး၏။ ထို့နောက်တွင်၊ ငါ့ကို ပေးတော်မူသည့် အခြား​ပညတ်တော်များကို ပြီးပြည့်စုံနိုင်​စေခြင်းငှာ၊ ငါ၏​ခမည်းတော်ထံသို့ သွား​ရမည်။

၂၈ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါ​ပေးတော်မူသည့် ဤပညတ်တော်မှာ၊ ထိုအမှုကို သင်တို့​စီမံ​ဆောင်ရွက်သော​အခါတိုင်း၊ အဘယ်​သူ​တစ်ဦး​တစ်ယောက်ကိုမျှ မထိုက်​တန်မှန်း သိလျက်နှင့် ငါ၏​အသားတော်နှင့် အသွေးတော်ကို သုံး​ဆောင်စေရန် အခွင့်​မပေးကြနှင့်။

၂၉ အကြောင်းမူကား၊ ငါ၏​အသားတော်နှင့် အသွေးတော်ကို မထိုက်တန်ဘဲ စား​သောက်သော​သူသည် မိမိစိတ်ဝိညာဉ်သို့ အပြစ်ဒဏ်​ရောက်ခြင်းကို စားသောက်၏။ ထို့ကြောင့်၊ သင်တို့သည် လူတစ်ဦး ငါ၏​အသားတော်နှင့် အသွေးတော်ကို စားသောက်ရန် မထိုက်​တန်ကြောင်း သိလျှင်၊ ထိုသူကို တား​မြစ်​ရမည်။

၃၀ သို့သော်လည်း၊ ထိုသူကို သင်တို့ထံမှ နှင်မထုတ်နှင့်၊ အမှုတော်​ဆောင်၍သာ ထိုသူ့​အတွက်၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်းကြ​ရမည်။ ထိုသူသည် နောင်တ​ရ၍ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံလျှင်၊ သင်တို့သည်လက်​ခံ၍ သူ့အတွက် ငါ၏​အသားတော်နှင့် အသွေးတော်ကို စီမံ​ဆောင်​ရွက်ကြ​ရမည်။

၃၁ သို့ရာတွင်၊ ထိုသူသည် နောင်တ​ရခြင်း မရှိလျှင်၊ ငါ၏​လူမျိုးတို့ကို သူ​မဖျက်ဆီးနိုင်​စေခြင်းငှာ၊ ငါ၏​လူမျိုးတို့၌ ရေတွက်​ခံရမည်​မဟုတ်။ အကြောင်း​မူကား၊ ရှုလော့၊ ငါသည် ငါ၏​သိုးတို့ကို သိတော်မူ၏၊ သူတို့ကို ရေတွက်​ထား၏။

၃၂ သို့သော်လည်း၊ သင်တို့သည် ထိုသူကို သင်တို့၏​တရား​ဇရပ်များ၊ သို့မဟုတ်၊ သင်တို့၏ ကိုးကွယ်ရာ​နေရာတို့မှ နှင်​မထုတ်ရ။ အကြောင်း​မူကား၊ သင်တို့သည် ထိုကဲ့သို့သော​သူတို့ကို ဆက်၍ အမှုတော်​ဆောင်ကြ​ရမည်။ အကြောင်း​မူကား၊ သင်တို့သည် သူတို့ပြန်​လာ၍၊ နောင်တ​ရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ လာကြမည်ကို သိခြင်းမရှိကြ။ ငါသည်လည်း သူတို့ကို အနာကင်း​စေမည်။ သင်တို့​သည်လည်း ထိုသူတို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ယူရာ လက်နက်များ ဖြစ်ကြ​လိမ့်မည်။

၃၃ ထို့ကြောင့်၊ သင်တို့သည် ပြစ်ဒဏ်​ချမှတ်ခြင်းသို့ မရောက်နိုင်​စေခြင်းငှာ၊ ငါ​မိန့်မှာသည့် ဤစကားများကို စောင့်​ထိန်းကြလော့။ အကြောင်းမူကား၊ ခမည်းတော်​ပြစ်ဒဏ်​ချမှတ်သော​သူသည် အမင်္ဂလာ​ရှိ၏။

၃၄ ငါသည်လည်း သင်တို့၌ ရှိသည့် ငြင်း​ခုံခြင်း​များကြောင့်၊ ဤပညတ်တော်များကို သင်တို့အား ပေး​တော်​မူ၏။ သင်တို့၌ ငြင်းခုံခြင်းများ မရှိလျှင်၊ သင်တို့သည် မင်္ဂလာ​ရှိကြ၏။

၃၅ ယခုမူကား၊ ငါသည် သင်တို့​အတွက် ခမည်းတော်​ထံသို့ သွားရန် လို​အပ်သော​ကြောင့်၊ ခမည်းတော်​ထံသို့ သွား​တော်​မူမည်။

၃၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို လက်​စသတ်​ပြီးလျှင်၊ သူ​ရွေး​ကောက်သော သူ၏​တပည့်တော်တို့ကို သူ့​လက်ဖြင့် တစ်ယောက်​ပြီး​တစ်ယောက်တို့၍၊ သူတို့​အားလုံးကိုပင် တို့တော်မူလျက်၊ သူတို့ကို တို့တော်မူ​စဉ်​တွင် ဟော​ပြောတော်​မူ၏။

၃၇ လူ​အစု​အဝေး​သည်​လည်း သူ​ဟော​ပြောသည့် စကားများကို မကြား​ရကြ။ ထို့ကြောင့်၊ သူတို့သည် သက်​သေ​မခံကြ။ သို့ရာတွင်၊ တပည့်တော်တို့က သူသည် မိမိတို့အား သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးရန် အခွင့်ကို ပေးတော်​မူကြောင်း သက်သေ​ခံကြ၏။ ငါသည်လည်း ဤမှတ်တမ်း မှန်ကန်​ကြောင်းကို နောင်​ကာလ၌ သင်တို့အား ပြမည်။

၃၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှု သူတို့​အားလုံးကို တို့တော်​မူ​ပြီးလျှင်၊ တိမ်​တိုက်​တစ်ခု ကျ​လာ၍၊ လူအစု​အဝေးကို ဖုံး​လွှမ်းသဖြင့် သူတို့သည် ယေရှုကို မမြင်​နိုင်ကြ။

၃၉ သူတို့ဖုံးလွှမ်းခံ​ရ​လျက်​ရှိ​စဉ်တွင်၊ သူတို့​ထံမှ ထွက်​ခွာ၍၊ ကောင်းကင်ဘုံသို့ တက်​သွား​တော်မူ၏။ တပည့်တော်တို့​သည်​လည်း မြင်၍၊ သူကောင်းကင်ဘုံသို့ တစ်ဖန်​တက်​သွားတော်​မူကြောင်းကို သက်​သေ​ခံကြ၏။