ကျမ်းစာများ
၃ နီဖိုင်း ၄


အခန်းကြီး ၄

နီဖိုင်း​အမျိုးသားတို့သည် ဂါဒျန်တန်​ဓားပြတို့ကို အနိုင်​ရကြ၏—ဂိဒျန်ဟိသည် ကွပ်မျက်​ခံရ၏၊ သူ၏​နောက်မှ​တက်သူ ဇေမနာရိဟသည် လည်ဆွဲ​ချခံရ၏—နီဖိုင်း​အမျိုးသားတို့သည် မိမိတို့၏​အောင်နိုင်ခြင်းတို့​အတွက် ကိုယ်တော်ရှင်ကို ချီး​မွမ်းကြ၏။ အေဒီ ၁၉–၂၂ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တစ်ဆယ်ရှစ်​နှစ်မြောက်၏​နောက်ဆုံး​ပိုင်း၌၊ ထိုဓားပြတို့၏​တပ်များသည် စစ်တိုက်ရန် ပြင်ဆင်၍၊ တောင်ကုန်းများမှ၊ ထို့အတူ တောင်တို့မှ​ထွက်​လာ၍၊ ထို့အတူ တောရိုင်း၊ ထို့အတူ သူတို့၏​အခိုင်​အမာ​စခန်းများ၊ ထို့အတူ သူတို့၏​လျှို့ဝှက်သော​အရပ်များ​မှ​ဆင်းလာ၍ ရုတ်တရက်​ထိုးဖောက်​တိုက်ခိုက်​စပြုလျက်၊ တောင်​အရပ်​ရှိပြည်နှင့် မြောက်​အရပ်​ရှိပြည် နှစ်​ပြည်​စလုံးကို သိမ်း​ယူ​စပြုလျက်၊ နီဖိုင်း​လူမျိုးတို့ စွန့်ပစ်လေသော​ပြည်​ခပ်သိမ်းနှင့် လူ​ဆိတ်ညံရာ​အဖြစ်​ကျန်လေသည့် မြို့တို့ကို သိမ်းယူ​စပြုကြ၏။

သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့ စွန့်ပစ်လေသည့် ထိုပြည်များ၌ တောသားရဲများ​မရှိ၊ သား​ကောင်လည်း​မရှိ။ တောရိုင်း​ထဲ​မှတစ်ပါး၊ ဓားပြတို့​အတွက်လည်း သား​ကောင်​မရှိ။

ဓားပြတို့​သည်လည်း စားစရာ​မရှိသော​ကြောင့် တောရိုင်း​ထဲ​မှတစ်ပါး မနေ​ထိုင်​နိုင်ကြ။ အကြောင်း​မူကား၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့၏​ပြည်များကို လူဆိတ်ညံရာ​အဖြစ်​ထား၍၊ သူတို့၏​သိုးစုများ၊ သူတို့၏​နွားစုများနှင့် သူတို့၏​ခပ်သိမ်းသော ဥစ္စာများကို စုဆောင်း၍၊ တစုတည်း​ရှိကြ၏။

ထို့ကြောင့်၊ ဓားပြတို့​အတွက်၊ နီဖိုင်း​အမျိုးသားတို့ကို ထင်ရှားစွာ​စစ်တိုက်ခြင်း​မှတစ်ပါး၊ လုယက်ရန်နှင့် စားစရာ​ရရှိရန် အခွင့်​အရေး​မရှိလေကြ။ နီဖိုင်း​အမျိုးသားတို့​သည်လည်း တစ်စုတည်း​ရှိ၍၊ အလွန်များသော​အရေ​အတွက်​ရှိ၍၊ ဓားပြတို့ကို ထိုပြည်၏​မျက်နှာ​ပြင်မှ ဖျက်ဆီးရန် မျှော်လင့်သည့် ခုနစ်နှစ်ဟူသော ကာလ​ကြာအောင် ထောက်ပံ့နိုင်ခြင်းငှာ ရိက္ခာများ၊ ထို့အတူ မြင်းများနှင့် တိရစ္ဆာန်များ၊ ထို့အတူ အမျိုး​မျိုးသော​သိုးစုတို့ကို သူတို့​ကိုယ်တိုင်​အတွက် သိမ်း​ထားကြ၏။ ထိုကဲ့သို့​အားဖြင့် တစ်ဆယ်ရှစ်​နှစ်မြောက် ကုန်​လွန်​သွား၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တစ်ဆယ်ကိုး​နှစ်မြောက်၌ ဂိဒျန်ဟိသည် နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍​စစ်တိုက်​သွားရန် လိုအပ်ကြောင်း သိ​ရှိ၏။ အကြောင်း​မူကား၊ လု​ယက်ခြင်း၊ အနိုင်​အထက်​လုယူခြင်းနှင့် လူ့​အသက်​သတ်ခြင်းတို့​ကို ပြုရန်​မှတစ်ပါး သူတို့ထောက်​ပံ့နိုင်သော နည်း​လမ်း​မရှိ။

သူတို့​သည်​လည်း မိမိတို့ကို နီဖိုင်း​အမျိုးသားတို့​လာ၍​တိုက်​ခိုက်ပြီး ကွပ်မျက်မည်ကို စိုး​ရိမ်သဖြင့် စပါးကို​စိုက်​ပျိုးနိုင်စေကြောင်း ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်၌ အနှံ့​အပြား​မနေဝံ့ကြ။ ထို့ကြောင့်၊ ဂိဒျန်ဟိသည် မိမိ၏​တပ်များကို ဤနှစ်၌ နီဖိုင်း​အမျိုးသားတို့ကို​ဆန့်ကျင်၍ စစ်တိုက်​သွားရမည့်​အကြောင်း မိန့်မှာ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် စစ်တိုက်ရန် လာကြ၏။ ထိုအချိန်မှာ ခြောက်​လ​မြောက်​အချိန်​ဖြစ်၏။ ရှုဦးလော့၊ ကြီးစွာသော​ကြောက်​မက်ဖွယ်​အရာမှာ စစ်တိုက်ရန် သူတို့​လာသော​နေ့​ဖြစ်၏။ သူတို့သည် ဓားပြများ​ကဲ့သို့လည်း ဝတ်​ဆင်ကြ၏။ သူတို့၏​ခါး​ပတ်လည်၌​လည်း သိုး​သားရေကို​ဝတ်၍၊ သူတို့သည် သွေးဖြင့်​အရောင်​ဆိုးလျက်၊ သူတို့​ဦးခေါင်းကို​လည်း ရိတ်​ထား၏၊ သူတို့​အပေါ်၌ ဦးခေါင်း​တန်​ဆာများကိုလည်း ဝတ်ဆင်​ထားကြ၏။ သူတို့၏​ချပ်​ဝတ်တန်ဆာကြောင့်​လည်း​ကောင်း၊ သူတို့​သွေးဖြင့်​အရောင်​ဆိုးလျက်​ရှိခြင်း​ကြောင့်​လည်း​ကောင်း ကြီးစွာသော​ကြောက်​မက်ဖွယ်​အရာမှာ ဂိဒျန်ဟိ​တပ်များ၏ သဏ္ဌာန်​ဖြစ်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့၏​တပ်များသည် ဂိဒျန်ဟိ​တပ်၏ သဏ္ဌာန်ကို မြင်ကြလျှင်၊ အားလုံး မြေကြီးသို့​လဲကျကြ၏၊ သူတို့ကို ချမ်းသာ​ပေး၍၊ သူတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်​တော်မူပါမည့်​အကြောင်း သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဂိဒျန်ဟိ၏​တပ်များသည် ဤအမှုကို မြင်ကြလျှင်၊ ဝမ်း​မြောက်ခြင်း​ကြောင့် ကျယ်သော​အသံနှင့် အော်​ဟစ်​စပြုကြ၏။ အကြောင်း​မူကား၊ နီဖိုင်း​အမျိုးသားတို့ သူတို့​တပ်များကို ကြောက်သော​စိတ်ကြောင့် ကြောက်​ရွံ့ခြင်းဖြင့် လဲကျ​လေပြီဟု ထင်မှတ်ကြ၏။

၁၀ သို့ရာတွင်၊ ဤအမှု၌ သူတို့ စိတ်​ပျက်ကြ၏။ အကြောင်း​မူကား၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့ကို မကြောက်​ရွံ့ကြ၊ သူတို့၏ဘုရားသခင်ကိုသာ ကြောက်၍ အကာ​အကွယ်​အတွက် သူ့ကို ပဌနာ​ပြုကြ၏။ ထို့ကြောင့်၊ ဂိဒျန်ဟိ၏​တပ်များ သူတို့​အပေါ်သို့ တစ်ဟုန်​တည်း​ရောက်​လာသော​အခါ၊ ရင်ဆိုင်ရန် ပြင်​ဆင်ကြ၏။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏​ခွန်​အားဖြင့် ခုခံကြ၏။

၁၁ တိုက်ပွဲ​သည်လည်း ဤခြောက်​လ​မြောက်၌ စတင်၍၊ ကြီးစွာသော ကြောက်​မက်ဖွယ်​အရာမှာ ထိုတိုက်​ပွဲပင်တည်း။ အမှန်စင်စစ်၊ ကြီးစွာသော​ကြောက်မက်ဖွယ်​အရာမှာ ထိုသိမ်းရုံး​သတ်ဖြတ်ခြင်း​ဖြစ်၍၊ လေဟိ၏ လူမျိုး​ခပ်သိမ်းတို့၌ သူယေရုရှလင်ကို စွန့်ခွာပြီး​ကတည်းက ထိုကဲ့သို့ အလွန်​ကြီးစွာသော သိမ်းရုံး​သတ်​ဖြတ်ခြင်းကို မသိ​ရ​စဖူးပေ။

၁၂ ဂိဒျန်ဟိ​ပြုလေသည့် ခြိမ်းခြောက်ခြင်း​များနှင့် ကျိန်​ဆိုခြင်းများ ရှိ​သော်ငြား​လည်း၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့​အနိုင်​ရသဖြင့်၊ သူတို့​သည်​လည်း ရှေ့မှ​ဆုတ်ခွာ​သွားကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဂိဂိဒေါနိသည် မိမိတပ်များကို တောရိုင်း​နယ်နိမိတ်​အထိ​တိုင်​အောင် လိုက်​စေ၍၊ လမ်း​တစ်လျှောက်၌​လည်း မိမိတို့​လက်ထဲသို့ ကျရောက်​လာ​သူ​မှန်​သမျှကို ချမ်း​သာ​မပေးရမည့်​အကြောင်း အမိန့်​ပေး၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့ကို လိုက်၍၊ ကွပ်မျက်ရာ တောရိုင်း​နယ်နိမိတ်သို့​ရောက်၍၊ ဂိဂိဒေါနိ၏​အမိန့်ကို ပြီးပြည့်​စေသည့်​တိုင်​အောင်ပင်​တည်း။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရဲရင့်စွာ​ရပ်၍​တိုက်ခိုက်သူ ဂိဒျန်ဟိသည် ထွက်​ပြေးစဉ် အလိုက်​ခံရ၏။ သူ၏​တိုက်​ခိုက်ခြင်း​များစွာကြောင့် မောပန်းသဖြင့်၊ ဖမ်းမိ၍ ကွပ်မျက်​ခံရ၏။ ဤရွေ့ကား၊ ဓားပြ​ဂိဒျန်ဟိ၏​အဆုံး​ဖြစ်လေ​သတည်း။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့၏​တပ်များသည် မိမိတို့၏​လုံခြုံရာ​အရပ်သို့ တစ်ဖန်​ပြန်​လာကြ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤတစ်ဆယ်​ကိုး​နှစ်မြောက်​ကုန်​လွန်၍၊ ဓားပြတို့သည် စစ်တိုက်ရန် တစ်ဖန်​မလာကြ။ သူတို့သည် နှစ်ဆယ်​နှစ်​မြောက်၌​လည်း တစ်ဖန်​မလာကြ။

၁၆ နှစ်ဆယ်တစ်​နှစ်​မြောက်၌​လည်း၊ သူတို့သည် စစ်တိုက်ရန် တက်​မလာကြ။ သို့ရာတွင်၊ သူတို့သည် နီဖိုင်း​လူမျိုးတို့၏​ပတ်​ဝန်းကျင်၌ ဝိုင်း​ထားခြင်းငှာ အလုံး​စုံသော​အရပ်တို့မှ တက်​လာကြ၏။ အကြောင်း​မူကား၊ နီဖိုင်း​လူမျိုးတို့ကို သူတို့​ပြည်များမှ ဟန့်​တား​ထားလျှင်​လည်း​ကောင်း၊ အဘက်​ဘက်မှ လှောင်​ပိတ်၍၊ သူတို့၏​အပြင်​ဘက်​အထူး​အခွင့်​အရေး​မှန်သမျှကို ဟန့်​တား​ထားလျှင်​လည်း​ကောင်း၊ သူတို့​ဆန္ဒ​အတိုင်း သူတို့​ကိုယ်တိုင်​အရှုံး​ပေးစေရန် ပြုနိုင်မည်ဟု ထင်​မှတ်ကြ၏။

၁၇ ယခုတွင်၊ သူတို့ ၌ ဇေမနာရိဟ​အမည်​ရှိသောသူ​တစ်ဦးကို တခြား​အကြီး​အကဲ​အဖြစ် ခန့်​အပ်ထားကြ၏။ ထို့ကြောင့်၊ ဇေမနာရိဟ​သည်​ကား၊ ဤဝိုင်း​ထားခြင်းကို ဖြစ်စေ​သော​သူပေ​တည်း။

၁၈ သို့ရာတွင် ရှုလော့၊ ဤအမှုမှာ နီဖိုင်း​အမျိုးသားတို့​အတွက် အခွင့်​သာခြင်း​တစ်ခု ဖြစ်၏။ အကြောင်း​မူကား၊ နီဖိုင်း​အမျိုးသားတို့ သို​လှောင်​ထားသည့် များစွာသော ရိက္ခာများကြောင့် ဓား​ပြတို့​အတွက် သူတို့​အပေါ် တစ်စုံ​တစ်ခုသော အကျိုးကို သက်​ရောက်​စေရန်၊ လုံလောက်​အောင်ကြာ​ရှည်စွာ​ဝိုင်းထားရန်မှာ မဖြစ်​နိုင်ပေ။

၁၉ ဓားပြများ၌ ရိက္ခာ မလုံ​လောက်ခြင်း​ကြောင့်​လည်း​ဖြစ်၏။ အကြောင်း​မူကား၊ ရှုလော့၊ သူတို့၏​အထောက်​အပံ့​အတွက် တောရိုင်းထဲ၌ သူတို့ ရရှိ​လေသည့် အသား​တည်း​ဟူသော ထိုအသား​မှတစ်ပါး၊ သူတို့၌ အဘယ်​အရာမျှ မရှိကြ။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တောရိုင်း​ထဲ၌ တော​သား​ကောင်များ ရှား​ပါး​လာ၍၊ ဓားပြတို့သည် အစာ​ငတ်​မွတ်ခြင်းဖြင့် ပျက်စီး​တော့မည်ကဲ့သို့ရှိလေ၏။

၂၁ နီဖိုင်း​အမျိုးသားတို့​သည်​လည်း နေ့​ရောည​ရောထွက်၍အစဉ်မပြတ်​ချီ​တက်လျက်၊ သူတို့​တပ်များကို တိုက်​ခိုက်လျက်၊ သူတို့ကို ထောင်​ပေါင်း​များစွာ၊ သောင်း​ပေါင်း​များစွာ ပယ်​ရှင်းလျက် ရှိကြ၏။

၂၂ ထိုကဲ့သို့​အားဖြင့်၊ ဇေမနာရိဟ၏​လူတို့​အလို​ဆန္ဒမှာ သူတို့​အပေါ်သို့ ည​ရော​နေ့​ရော ကျ​ရောက်သည့် ကြီးစွာသော​ပျက်စီးခြင်းကြောင့် သူတို့​အကြံ​အစည်ကို စွန့်​လွှတ်စေရန်​ဖြစ်၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဇေမနာရိဟသည် မိမိလူများကို ဝိုင်း​ထားခြင်းမှ သူတို့​ကိုယ်​ကို ဆုတ်ခွာ၍ မြောက်​ဘက်​လားရာ​ပြည်၏ အဝေး​ဆုံးသော​အရပ်များသို့ ချီတက်ရမည့် အကြောင်း အမိန့်​ပေး၏။

၂၄ ယခုမူကား၊ ဂိဂိဒေါနိသည် သူတို့၏​အကြံ​အစည်ကို သတိ​ပြုမိ၍၊ စားစရာ​မရှိခြင်းနှင့် သူတို့၌ ပြုလေသည့် ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်းတို့​ကြောင့် သူတို့၏​အား​နည်းခြင်းကို သိလျက်၊ ထို့ကြောင့်၊ မိမိ​တပ်များကို ညဉ့်​အချိန်၌ စေလွှတ်၍၊ သူတို့၏​ဆုတ်ခွာရာ​လမ်းကို ဟန့်​တားလျက်၊ သူတို့၏​ဆုတ်ခွာရာ​လမ်း၌ မိမိတပ်များကို နေရာ​ချထား၏။

၂၅ ဤအမှုကိုလည်း ညဉ့်​အချိန်၌​ပြု၍၊ ချီတက်ရာ၌ ဓားပြတို့၏​ရှေ့သို့​လွန်၍ ရောက်​သဖြင့်၊ နက်ဖြန်​နေ့၌၊ ဓားပြ​များသည် ချီ​တက်​စပြုသော​အချိန်တွင်၊ သူတို့၏​ရှေ့နှင့် နောက်​နှစ်ဖက်​စလုံး၌ နီဖိုင်း​အမျိုးသားတို့၏​တပ်များနှင့် ရင်ဆိုင်​ရကြ၏။

၂၆ တောင်​ဘက်၌ ရှိသော​ဓားပြတို့​သည်​လည်း သူတို့၏​ဆုတ်ခွာ​ရာ​အရပ်တို့၌ ဟန့်​တားခြင်းကို ခံရကြ၏။ ဤ​အရာခပ်သိမ်းတို့ကို ဂိဂိဒေါနိ၏​အမိန့်​အားဖြင့် ပြုကြ၏။

၂၇ သူတို့ကိုယ်ကို နီဖိုင်း​အမျိုးသားတို့​ထံ စစ်​အကျဉ်း​သားများ​အဖြစ် အရှုံး​ပေးသူ ထောင်​ပေါင်း​များစွာတို့လည်း ရှိ၏။ သူတို့မှ ကျန်ကြွင်းသော​သူတို့​သည်​လည်း ကွပ်မျက်​ခံရကြ၏။

၂၈ သူတို့၏​အကြီး​အကဲ၊ ဇေမနာရိဟ​သည်​လည်း ဖမ်းဆီးခံရ၏၊ သစ်ပင်၌၊ အထူး​သဖြင့်၊ သစ်ပင်၏​ထိပ်၌ သေသည့်​တိုင်​အောင်ပင် လည်ဆွဲ​ချ​ခံရ၏။ သေသည့်​တိုင်​အောင် လည်ဆွဲ​ချပြီးလျှင်၊ သစ်ပင်ကိုလည်း မြေကြီးသို့ ခုတ်လှဲ၍၊ ကျယ်သော​အသံနှင့် ဟစ်​ကြွေး၍ ဆိုကြ​လေ​သည်ကား၊

၂၉ ကိုယ်တော်ရှင်သည် မိမိ​လူမျိုးတို့ကို၊ စိတ်နှလုံး​ဖြောင့်​မတ်ခြင်းနှင့် သန့်​ရှင်းခြင်းတို့ဖြင့် ကာကွယ်​စောင့်​မတော်မူပါစေ။ အစိုး​ရခြင်းနှင့် လျို့ဝှက်ဂိုဏ်းများ​ကြောင့် သူတို့ကို ကွပ်မျက်ရန်​ကြိုးစား​သူခပ်သိမ်းတို့အား၊ ဤလူ​မြေကြီးသို့ လဲကျ​သကဲ့သို့ပင်၊ မြေကြီးသို့ လှဲချနိုင်​ကြ​ပါစေ။

၃၀ သူတို့သည် ရွှင်လန်း​ဝမ်းမြောက်၍​၊ တစ်​သံ​တည်းဖြင့်​ဟစ်​အော်၍၊ ဆိုကြ​သည်​ကား၊ ဤလူမျိုးတို့သည် အကာ​အကွယ်​အတွက် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​နာမတော်အား ပဌနာ​ပြုကြ​သမျှ အာဗြဟံ၏​ဘုရားသခင်၊ ဣဇာတ်၏​ဘုရားသခင်၊ ယာကုပ်၏​ဘုရားသခင်သည် သူတို့ကို ဖြောင့်​မတ်ခြင်း​ဖြင့်​ကာကွယ်​တော်မူ​ပါစေ။

၃၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် မိမိတို့ကို ရန်သူများ၏ လက်ထဲသို့ ကျ​ရောက်ခြင်းမှ ကာကွယ်​စောင့်​မတော်မူရာ၌ မိမိတို့​အတွက် ပြုတော်မူသည့် ကြီး​စွာသော​အမှု​အတွက် အားလုံး​တညီ​တညွတ်​တည်းဖြင့် ဘုရားသခင်ကို ချီးမွမ်း​ထော​မနာသီချင်း​ဆိုကြ၏။

၃၂ ထိုမှတစ်ပါး၊ အမြင့်​ဆုံးသော​ဘုရားသခင်သည် ဟောရှဏ္ဏ​ဖြစ်​စေသ​တည်းဟု ဟစ်​ကြွေးကြ၏။ ကိုယ်တော်ရှင်​ဘုရားသခင်​အနန္တတန်ခိုးရှင်၊ အမြင့်​ဆုံးသော​ဘုရားသခင်၏ နာ​မတော်သည် မင်္ဂလာ​ရှိတော်မူ​ပါစေ​သ​တည်းဟုလည်း ဟစ်​ကြွေးကြ၏။

၃၃ သူတို့၏​စိတ်နှလုံးသည်လည်း မျက်ရည်​များစွာ​စီးထွက်သည့်​တိုင်အောင်ပင် ဝမ်း​မြောက်ခြင်းနှင့် ပြည့်၏၊ သူတို့​ရန်သူများ၏​လက်မှ သူတို့ကို ကယ်လွှတ်​တော်မူရာ၌ ဘုရားသခင်၏ ကြီးစွာသော ကောင်း​မြတ်ခြင်း​ကြောင့်ပေတည်း။ သူတို့၏​နောင်တ​ရခြင်းနှင့် သူတို့၏ နှိမ့်ချခြင်းတို့​ကြောင့်၊ ထာဝရ​တည်မြဲသော​ပျက်စီးခြင်းမှ ကယ်လွှတ်​တော်မူခြင်းကို သူတို့​ခံရကြောင်းကို​လည်း​သိကြ၏။