ကျမ်းစာများ
၃ နီဖိုင်း ၁၉


အခန်းကြီး ၁၉

တပည့်တော်​တစ်ဆယ်​နှစ်ပါးသည် လူတို့ကို အမှုတော်​ဆောင်၍၊ သန့်ရှင်းသော​ဝိညာဉ်တော်ကို ရ​ရှိ​စေခြင်းငှာ ဆုတောင်းကြ၏—တပည့်တော်တို့သည် ဗတ္တိဇံ​ခံကြ၍၊ သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ကောင်းကင်​တမန်များ​အမှုတော်​ဆောင်ခြင်းကို လက်​ခံ​ရ​ရှိကြ၏—ယေရှုသည် ရေး​မရနိုင်သော စကားများ​ဖြင့် ဆုတောင်း၏—သူသည် ဤနီဖိုင်း​အမျိုးသားတို့၏ အလွန်​ကြီးစွာသော ယုံကြည်ခြင်းကို သက်​သေ​ပြ၏။ အေဒီ ၃၄ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှု ကောင်းကင်ဘုံသို့ တက်​သွားတော်မူ​ပြီးနောက်တွင်၊ လူအစု​အဝေးသည် ခွဲခွာ၍၊ လူတိုင်း ကိုယ့်​ဇနီးနှင့် ကိုယ့်​သားသမီးတို့ကို ခေါ်​၍၊ ကိုယ့်နေအိမ်သို့ ပြန်​လာကြ၏။

လူအစု​အဝေး ယေရှုကို မြင်ခဲ့​ရလေကြောင်း၊ ထို့အတူ မိမိတို့ကို သူ​အမှုတော်​ဆောင်ကြောင်း၊ ထို့အတူ နက်​ဖြန်နေ့၌လည်း လူ​အစု​အဝေးကို ကိုယ်ထင်ပြတော်မူ​လိမ့်မည်​ဖြစ်ကြောင်း မမှောင်​သေးခင်၊ လူတို့၌ ထိုအမှုချက်​ချင်း​ပျံ့နှံ့​ကျော်​စော၏။

ထိုမှတစ်ပါး၊ ယေရှု​အကြောင်းသည် တစ်​ည​လုံးပင် အနှံ့​အပြား ကျော်​စော၏။ သူတို့သည် လူတို့ထံသို့ သတင်းကို လွှင့်သဖြင့်၊ များစွာသော​သူတို့၊ အမှန်စင်စစ်၊ အလွန်​ကြီးစွာသော​အရေ​အတွက်​ရှိသူတို့သည် နက်​ဖြန်​နေ့၌ လူအစု​အဝေးကို ယေရှု​ကိုယ်ထင်ပြတော်မူရာ​အရပ်၌ မိမိတို့​ရှိနိုင်​ကြခြင်းငှာ၊ တစ်​ညလုံး လွန်စွာ​အလုပ်​လုပ်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နက်ဖြန်​နေ့၌၊ လူ​အစု​အဝေး အတူတကွ စု​ဝေးကြလျှင်၊ ရှုလော့၊ နီဖိုင်းနှင့် သေခြင်းမှ သူ​ထမြောက်​စေခဲ့သူ တိမောသေဟု​အမည်​ရှိသော သူ့ညီ၊ ထို့အတူ ယောန​အမည်​ရှိ သူ၏​သား၊ ထို့အတူ မာသော်နိုင်းနှင့် ညီမာသော်နိဟ၊ ထို့အတူ ခူမင်၊ ထို့အတူ ခူမေနော်ဟိ၊ ထို့အတူ ယေရမိ၊ ထို့အတူ ရှေမနုန်၊ ထို့အတူ ယောန၊ ထို့အတူ ဇေဒကိ၊ ထို့အတူ ဟေရှာယ—ယခုတွင်၊ ဤအရာတို့​သည်​ကား၊ ယေရှု​ရွေးကောက်​တော်​မူသော တပည့်​တော်​တို့၏ အမည်များ​ပေတည်း—ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုသူတို့သည် ထွက်​လာ၍၊ လူအစု​အဝေး၏​အလယ်၌ ရပ်ကြ၏။

ရှုဦးလော့၊ လူ​အစု​အဝေးမှာ အလွန်​ကြီးသဖြင့်၊ တပည့်တော်တို့သည် ထိုသူတို့ကို တစ်ဆယ်နှစ်ဖွဲ့ ခွဲ​စေ၏။

တစ်ဆယ်နှစ်ပါးတို့​ကလည်း လူ​အစု​အဝေးကို သွန်သင်​ပေးကြ၏။ ရှုဦးလော့၊ သူတို့သည် လူ​အစု​အဝေးကို မြေကြီး​မျက်နှာ​ပြင်ပေါ်၌ ဒူးထောက်၍ ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်း​စေ၏။

တပည့်တော်တို့​ကလည်း ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်းကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထ​လာပြီးလျှင်၊ လူတို့ကို အမှုတော်​ဆောင်ကြ၏။

သူတို့သည် ယေရှု​ဟော​ပြောသည့် ထိုတူညီသော​စကားများကို ဖော်​ပြကြ​ပြီးလျှင်—ယေရှု​ဟော​ပြောသည့် စကားများနှင့် အဘယ်​တစ်ခုမျှ ခြား​နားခြင်း​မရှိ—ရှုလော့၊ သူတို့သည် တစ်ဖန် ဒူး​ထောက်၍၊ ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်းကြ၏။

သူတို့သည် မိမိတို့​အလို​ရှိ​ဆုံးသော​အရာကို ဆုတောင်းကြ၏။ သူတို့သည် မိမိတို့​အား သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေး​တော်မူ​ပါမည့်​အကြောင်း အလို​ရှိကြ၏။

၁၀ သူတို့​သည်လည်း ထိုကဲ့သို့ ဆုတောင်းကြ​ပြီးလျှင်၊ ရေစပ်သို့ ဆင်း​သွားကြရာ၊ လူ​အစု​အဝေးသည် သူတို့​နောက်မှ လိုက်ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည် ရေထဲသို့​ဆင်း​သွား၍၊ ဗတ္တိဇံ​ခံ၏။

၁၂ ထို့အတူ၊ နီဖိုင်းသည် ရေထဲမှ ထ၍၊ ဗတ္တိဇံ​ပေး​စပြု၏။ ယေရှု​ရွေးကောက်​ထားတော်မူသည့် သူခပ်သိမ်း​ကိုလည်း ဗတ္တိဇံ​ပေး၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​အားလုံးသည် ဗတ္တိဇံ​ခံပြီး၍၊ ရေထဲမှ ထ​လာ​ပြီးနောက်တွင်၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် သူတို့​အပေါ်သို့ သက်​ရောက်​တော်မူသဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်နှင့်​လည်း​ကောင်း၊ မီးနှင့်​လည်း​ကောင်း ပြည့်ကြ၏။

၁၄ ရှုဦးလော့၊ သူတို့သည် မီးဖြင့်​ပတ်​လည်​ဝိုင်း​ထား​သကဲ့သို့ ရှိ၏။ ထိုမီးသည် ကောင်းကင်မှ ကျ​ဆင်း​လာရာ၊ လူ​အစု​အဝေးသည် ထိုအမှုကို​မြင်၍ သက်​သေ​ခံကြ၏။ ကောင်းကင်​တမန်တို့​သည်​လည်း ကောင်းကင်ဘုံမှ ဆင်း​လာ၍၊ သူတို့ကို အမှုတော်​ဆောင်ကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကောင်းကင်​တမန်တို့ တပည့်တော်တို့ကို အမှု​တော်​ဆောင်လျက်​ရှိစဉ်တွင်၊ ရှုလော့၊ ယေရှုသည် အလယ်၌ လာရပ်၍ သူတို့ကို အမှုတော်​ဆောင်၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် လူ​အစု​အဝေးကို ဟော​ပြော၍၊ သူတို့ကို မြေ​ကြီးပေါ်၌ တစ်ဖန်​ဒူး​ထောက်​ရမည့်​အကြောင်း၊ ထို့အတူ၊ သူ၏​တပည့်တော်တို့​သည်​လည်း မြေကြီး​ပေါ်၌ ဒူး​ထောက်​ရမည့်​အကြောင်း မိန့်တော်မူ၏။

၁၇ ဤသို့​အား​ဖြင့်​အချိန်​တန်​လာသော​အခါ၊ မြေကြီး​ပေါ်၌ သူတို့​အားလုံး ဒူးထောက်ကြ​ပြီးလျှင်၊ သူသည် မိမိ​တပည့်တော်တို့အား ဆုတောင်း​ရမည့်​အကြောင်း မိန့်တော်မူ၏။

၁၈ ရှုဦးလော့၊ သူတို့သည် ဆုတောင်း​စပြုကြ၏။ သူတို့သည် ယေရှုကို သူတို့၏ ကိုယ်တော်ရှင်နှင့် သူတို့၏​ဘုရားသခင်ဟု​ခေါ်၍ ဆုတောင်းကြ၏။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် သူတို့​အလယ်မှ ထွက်​ခွာ၍၊ သူတို့​ထံမှ အနည်း​ငယ်​ဝေးရာသို့ သွား၍၊ သူ့ကိုယ်ကို မြေကြီးသို့ ဦးညွှတ်၍ ဆိုလေ​သည်ကား၊

၂၀ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်​ရွေး​ကောက်​ထားသော ဤသူတို့​အပေါ် သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးတော်မူသဖြင့် ကိုယ်တော်ကို ကျေးဇူးတော်​ချီးမွမ်း​ပါ၏။ အကျွန်ုပ်​အပေါ်၌​ရှိသော သူတို့၏​ယုံကြည်မှုကြောင့်၊ အကျွန်ုပ်သည် သူတို့ကို လောကထဲမှ ရွေး​ကောက်​ထားပါ၏။

၂၁ အဘ၊ ကိုယ်တော်သည် ထိုသူတို့၏​စကားများကို ယုံကြည်သော​သူ​ခပ်သိမ်းတို့အား သန့်ရှင်းသော​ဝိညာဉ်တော်ကို ပေးတော်မူပါမည့်​အကြောင်း၊ ကိုယ်တော်ကို အကျွန်ုပ်​ဆုတောင်း​ပါ၏။

၂၂ အဘ၊ သူတို့သည် အကျွန်ုပ်ကို ယုံကြည်သော​ကြောင့်၊ ကိုယ်တော်သည် သူတို့အား သန့်​ရှင်းသော​ဝိညာဉ်တော်ကို ပေး​တော်မူ​ပါ၏။ ကိုယ်တော်သည် သူတို့ကို ကြား​တော်မူ​သောကြောင့်၊ အကျွန်ုပ်ကို သူတို့​ယုံကြည်ကြ​သည်​ကို​လည်း​ကောင်း၊ အကျွန်ု​ထံသို့ သူတို့ ဆုတောင်းကြ​သည်ကို​လည်း​ကောင်း ကိုယ်တော်​သိတော်မူ၏။ အကျွန်ုပ်​သည်​လည်း သူတို့နှင့် အတူ​ရှိသော​ကြောင့် သူတို့သည် အကျွန်ုပ်​ထံသို့ ဆုတောင်းကြ​ပါ၏။

၂၃ ယခုမူကား၊ အဘ၊ အကျွန်ုပ်သည် သူတို့​အတွက်၊ ထို့အတူ သူတို့၏​စကားများကို ယုံကြည်မည့်​သူ​ခပ်သိမ်းတို့​အတွက် အကျွန်ုပ်ကို သူတို့​ယုံကြည်​နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ​သကဲ့သို့ အကျွန်ုပ်သည် သူတို့ ၌​ရှိနိုင်၍ အကျွန်ုပ်တို့သည် တစ်လုံး​တစ်ဝတည်း ဖြစ်နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ ကိုယ်တော်​ထံသို့ ဆုတောင်း​ပါ၏။

၂၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ထိုကဲ့သို့ ခမည်းတော်​ထံသို့ ဆုတောင်း​ပြီးနောက်၊ မိမိတပည့်​တော်များ​ဆီသို့ လာ၏။ ရှုဦးလော့၊ သူတို့သည် ရပ်တန့်ခြင်း​မရှိဘဲ၊ သူ့ထံသို့ ဆက်၍​ဆုတောင်းမြဲ​ရှိကြ၏။ သူတို့သည် များစွာသော​စကားများကိုလည်း မဆိုကြ။ အကြောင်း​မူကား၊ အဘယ်သို့​ဆုတောင်း​ရမည်ကို သူတို့အား ပေး​ထားလေ၏၊ သူတို့သည် အလို​ဆန္ဒနှင့်လည်း ပြည့်စုံကြ၏။

၂၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် မိမိထံသို့ သူတို့​ဆုတောင်း​နေစဉ်တွင် သူတို့ကို ကောင်းချီး​ပေးတော်မူ၏။ သူ၏​မျက်နှာ​ထားမှာ သူတို့​အပေါ်၌ ပြုံး​တော်မူ၍၊ သူ့မျက်နှာထား၏​အလင်းမှာ သူတို့​အပေါ်၌ တောက်ပ​တော်မူ၏။ ရှုဦးလော့၊ သူတို့သည် ယေရှု၏​မျက်နှာထားနှင့် အဝတ်​တန်ဆာများ​ကဲ့သို့လည်း ဖြူ​စင်လျက်​ရှိ၏။ ရှုဦးလော့၊ ၎င်းတို့၏​ဖြူ​စင်ခြင်းမှာ၊ ဖြူ​စင်ခြင်း​အားလုံး​ထက် သာလွန်၏။ အမှန်စင်စစ်၊ ၎င်းတို့၏​ဖြူ​စင်ခြင်း​ကဲ့သို့​သော​အရာ တစ်ခုမျှပင် မြေကြီးပေါ်၌ မရှိနိုင်။

၂၆ ယေရှုကလည်း သူတို့ကို ဆက်၍​ဆုတောင်းကြဟု မိန့်တော်မူ၏။ သူတို့​သည်​လည်း ဆုတောင်းခြင်းကို မရပ်​တန့်ကြ။

၂၇ သူ​သည်​လည်း သူတို့ထံမှ တစ်ဖန်လှည့်​တော်မူ၍ အနည်းငယ်​ဝေးရာသို့ သွားပြီးလျှင်၊ ကိုယ်ကို မြေကြီးသို့ ဦး​ညွှတ်၏။ ခမည်းတော်​ထံသို့ တစ်ဖန်​ဆုတောင်း၍​လည်း ဆိုလေ​သည်ကား၊

၂၈ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်​ရွေး​ကောက်​ထားသော​သူတို့ကို သူတို့၏ ယုံကြည်ခြင်းကြောင့်၊ စင်ကြယ်​စေတော်မူ၍ ကိုယ်တော်အား ကျေးဇူးတော် ချီး​မွမ်း​ပါ၏။ အကျွန်ုပ်သည် သူတို့​အတွက်၊ ထို့အတူ သူတို့၏​စကားများကို ယုံကြည်မည့်​သူတို့​အတွက်လည်း သူတို့အကျွန်ုပ်​အားဖြင့် စင်ကြယ်​သကဲ့သို့ပင်၊ ထိုသူတို့၏​စကားများကို ယုံကြည်ခြင်းကြောင့် အကျွန်ုပ်​အားဖြင့် စင်ကြယ်​နိုင်ကြ​စေကြောင်း ဆုတောင်း​ပါ၏။

၂၉ အဘ၊ အကျွန်ုပ်သည် လောက​အတွက်​မဟုတ်၊ ကိုယ်တော်က လောကထဲမှ ယူ၍ အကျွန်ုပ်၌ ပေးတော်မူသော​သူတို့​အတွက်သာ သူတို့၏​ယုံကြည်ခြင်းကြောင့်၊ သူတို့သည် အကျွန်ုပ်​အားဖြင့် စင်ကြယ်​နိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ​သကဲ့သို့၊ အကျွန်ုသည် သူတို့၌ ရှိနိုင်​စေခြင်းငှာ​လည်း​ကောင်း၊ အကျွန်ုပ်တို့သည် တစ်လုံး​တစ်ဝတည်း ရှိနိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ အကျွန်ုပ်သည် သူတို့​အားဖြင့် ဘုန်းတော်​ထင်ရှား​စေခြင်းငှာ​လည်း​ကောင်း ဆုတောင်း​ပါ၏။

၃၀ ယေရှုသည် ဤစကားများကို ဟောလေ​ပြီးလျှင်၊ မိမိ​တပည့်တော်များ​ဆီသို့ တစ်ဖန်​လာ၏။ ရှုဦးလော့၊ သူတို့​သည်လည်း ရပ်​တန့်ခြင်း​မရှိဘဲ၊ သူ့ထံသို့ မြဲမြံစွာ ဆုတောင်းကြ၏။ သူသည်လည်း ထိုသူတို့​အပေါ်သို့ တစ်ဖန်​ပြုံးတော်မူ၏။ ရှုဦးလော့၊ သူတို့သည် ယေရှုကဲ့သို့ပင် ဖြူ​စင်ကြ၏။

၃၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် အနည်းငယ်​ဝေးရာသို့ သွား၍၊ ခမည်းတော်​ထံသို့ ဆုတောင်း၏။

၃၂ လူတို့သည် သူ​ဆုတောင်းသည့် စကားများကို မပြော​နိုင်ကြ။ သူ​ဆုတောင်းသည့်​စကားများကို လူရေး၍လည်း​မရနိုင်။

၃၃ လူ​အစု​အဝေး​သည်လည်း ကြား၍ သက်​သေ​ခံကြ၏။ သူတို့​စိတ်နှလုံး​သည်​လည်း ပွင့်၍၊ သူ​ဆုတောင်းသည့်​စကားများကို သူတို့​စိတ်နှလုံး၌ နား​လည်ကြ၏။

၃၄ သို့သော်လည်း၊ အလွန်​ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသည်မှာ သူဆုတောင်းသည့် စကားများဖြစ်လေရာ၊ ရေး၍​မရနိုင်၊ လူ​ပြော၍​လည်း​မရနိုင်။

၃၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဆုတောင်းခြင်းကို လက်စ​သတ်​ပြီးနောက်၊ တပည့်တော်များ​ဆီသို့ တစ်ဖန်​လာ၍၊ မိန့်တော်မူ​လေသည်​ကား၊ ထိုမျှ​ကြီးစွာသော ယုံကြည်ခြင်းကို ငါသည် ယုဒ​လူမျိုး​ခပ်သိမ်းတို့၌ မမြင်​ရစဖူး။ သို့ဖြစ်၍၊ ငါသည် သူတို့အား ထိုမျှ​ကြီးစွာသော အံ့ဩ​ချီးမွမ်းဖွယ်​အမှုတို့ကို မပြနိုင်၊ သူတို့၏မယုံကြည်ခြင်းကြောင့်ပေတည်း။

၃၆ သင်တို့ကို ငါ​အမှန်​ဆို​သည်​ကား၊ သင်တို့​မြင်သကဲ့သို့ ထိုမျှ​ကြီးစွာသော​အမှုတို့ကို မြင်ရသူ တစ်ဦးမျှ​မရှိ။ သူတို့သည် သင်တို့​ကြားလေ​သကဲ့သို့ ထိုမျှ​ကြီးစွာသော​အမှုတို့​ကိုလည်း မကြားရ။