ကျမ်းစာများ
၃ နီဖိုင်း ၂၈


အခန်းကြီး ၂၈

တပည့်တော် တစ်ဆယ်နှစ်ပါးမှ ကိုးပါးသည် အလို​ရှိကြ၍၊ သူတို့​သေသော​အခါတွင် ခရစ်တော်၏​နိုင်ငံတော်၌ အမွေ​ခံရာ ကတိတော်ကို ရရှိကြ၏—နီဖိုင်း​အမျိုးသား​သုံးဦးသည် အလို​ရှိကြ၍၊ သေခြင်းကို​အောင်နိုင်သော တန်ခိုးကို​ရ​ရှိကြ​သဖြင့်၊ ယေရှု​တစ်ဖန် ကြွလာ​တော်မူသည့်​တိုင်အောင် မြေကြီး​ပေါ်မှာ ဆက်၍​နေနိုင်ကြ၏—သူတို့သည် ဘဝ​ပြောင်း၍၊ မပြော​အပ်သော​အရာတို့ကို မြင်ကြ၏၊ ယခုတွင် လူတို့၌ အမှုတော်​ဆောင်လျက်​ရှိ၏။ အေဒီ ၃၄–၃၅ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို ဟော​တော်မူ​ပြီးနောက်၊ သူ၏​တပည့်တော်တို့ကို တစ်ယောက်​ပြီး​တစ်ယောက်​ဆို၍ မိန့်တော်မူ​သည်ကား၊ ခမည်းတော်​ထံသို့ ငါ​သွားတော်မူ​ပြီးနောက်၊ သင်တို့သည် ငါ့​ထံမှ အဘယ်​အရာကို အလို​ရှိကြ​သနည်း။

သုံး​ဦး​မှတစ်ပါး၊ သူတို့​အားလုံးကလည်း အကျွန်ုပ်တို့သည် လူ့​သက်​တမ်း​အတိုင်း အသက်​ရှင်ကြ​ပြီးနောက်၊ ကိုယ်တော် ခေါ်တော်မူသည့် ကျွန်ုပ်တို့၏​အမှုတော်​ဆောင်ခြင်း ပြီးဆုံးခြင်းသို့ ရောက်လျှင်၊ ကိုယ်တော်၏​နိုင်ငံတော်သို့ အလျင်​အမြန် လာ​လိုကြပါ၏ဟု​ဆို၍ လျှောက်ကြ၏။

သူကလည်း မိန့်တော်မူ​သည်မှာ၊ သင်တို့သည် ငါ့ထံမှ ဤအရာကို အလို​ရှိသောကြောင့် မင်္ဂလာ​ရှိကြ၏။ ထို့ကြောင့်၊ သင်တို့သည် အသက်​ခုနစ်ဆယ်​နှစ်​နှစ်သို့ ရောက်​ပြီးနောက်၌ ငါ၏​နိုင်ငံတော်​ထဲသို့ လာရကြရမည်။ ငါ့၌ ချမ်းသာခြင်းကို တွေ့ကြ​လိမ့်မည်။

ထိုသူတို့အား ဟော​ပြော​တော်မူ​ပြီးနောက်တွင်၊ သုံး​ပါးဆီသို့​လှည့်၍၊ ခမည်းတော်​ထံသို့ ငါ​သွား​တော်မူ​ပြီးနောက်တွင်၊ ငါ့အား သင်တို့​အဖို့ အဘယ်​အရာကို ပြုတော်မူ​စေကြောင်း သင်တို့ အလို​ရှိကြ​သနည်းဟု​ဆို၍ မေး၏။

သူတို့​သည်​လည်း သူတို့​အလို​ရှိသည့်​အရာကို မပြော​ဝံသောကြောင့် သူတို့​စိတ်နှလုံး၌ ဝမ်းနည်းကြ၏။

သူကလည်း မိန့်တော်မူ​လေသည်ကား၊ ရှုလော့၊ ငါသည် သင်တို့၏​အတွေး​အကြံများကို သိတော်မူ၏။ သင်တို့သည်လည်း ယုဒ​လူမျိုးတို့​အားဖြင့် ငါ​မြှောက်​ထား​မခံရမီ ငါ့​အမှုတော်​ဆောင်ခြင်း၌ ငါနှင့်​အတူ​ရှိသည့် ငါ​ချစ်သော​သူယောဟန် ငါ့​ထံမှ အလို​ရှိသော​အရာကို အလို​ရှိကြ၏။

ထို့ကြောင့်၊ သင်တို့သည် သာ၍​မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သင်တို့သည် သေခြင်းကို အဘယ်တော့မျှ မတွေ့ ကြုံ​ရ။ လူသားများသို့ ပြုတော်မူသည့် ခမည်းတော်၏​အမှုတော်​ခပ်သိမ်းကို တွေ့​မြင်ကြရန် အသက်​ရှင်၍သာ ရှိကြလိမ့်မည်၊ ငါကောင်းကင်ဘုံ၏ တန်ခိုးတော်တို့နှင့်​အတူ၊ ငါ၏​ဘုန်းတော်ကို ဆောင်၍ ကြွ​လာတော်​မူသော​အခါ၌၊ ခမည်းတော်၏ အလိုတော်​အတိုင်း အရာ ခပ်သိမ်းတို့ကို ပြီးပြည့်စုံ​စေသည့် အချိန်အထိ ပင်တည်း။

သေခြင်း၏​နာကျင်မှုတို့​ကိုလည်း မခံစား​ရကြ။ ငါ၏​ဘုန်းတော်ကို ဆောင်၍ ငါ​ကြွ​လာတော်မူ​သော​အခါတွင်၊ သင်တို့​သည်​မျက်စိ​တစ်မှိတ်၌ သေခြင်း​ရှိရာမှ သေခြင်း​မရှိရာသို့သာ ပြောင်းလဲကြ​လိမ့်မည်။ ထို့နောက်တွင်ကား၊ သင်တို့သည် ငါ့​ခမည်းတော်၏ နိုင်ငံတော်၌ ကောင်းချီး​ခံစားရကြ​လိမ့်မည်။

ထိုမှတစ်ဖန်၊ သင်တို့သည် ဇာတိ​ကိုယ်ခန္ဓာ၌ နေ​ထိုင်ကြ​စဉ်တွင်၊ နာကျင်မှု​မရှိ​ရကြ။ လောကီ​သားတို့၏​အပြစ်များကြောင့်​မှတစ်ပါး၊ ဝမ်း​နည်းခြင်းလည်း မရှိ​ရကြ။ ခပ်သိမ်းသော​ဤအမှုတို့ကို ငါ​ပြုတော်မူမည်မှာ ငါ့ထံမှ သင်တို့​အလို​ရှိသော​အရာကြောင့်​ပေတည်း။ အကြောင်း​မူကား၊ သင်တို့သည် ကမ္ဘာ​တည်​သမျှ​ကာလ​ပတ်လုံး လူသားတို့၏​စိတ်ဝိညာဉ်များကို ငါ့ထံသို့ ဆောင်​ယူနိုင်ရန် အလို​ရှိကြ​လေပြီ။

၁၀ ဤအကြောင်း​ကြောင့် သင်တို့သည် ဝမ်း​မြောက်ခြင်း​အပြည့်​အစုံကို ရ​ရှိကြ​လိမ့်မည်။ သင်တို့သည် ငါ့​ခမည်းတော်၏​နိုင်ငံတော်၌လည်း ထိုင်​ရလိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့၏​ဝမ်းမြောက်ခြင်းသည် ပြည့်စုံ​လိမ့်မည်၊ ခမည်းတော် ငါ့အား ဝမ်း​မြောက်ခြင်း​အပြည့်​အစုံကို ပေးတော်မူ လေသကဲ့သို့ပင်တည်း။ သင်တို့​သည် ငါကဲ့သို့ပင် ဖြစ်လိမ့်မည်။ ငါသည်လည်း ခမည်းတော်​ကဲ့သို့ပင် ဖြစ်တော်မူ၏။ ခမည်းတော်နှင့် ငါသည် တစ်လုံး​တစ်ဝ​တည်း​ဖြစ်၏။

၁၁ သန့်ရှင်းသော​ဝိညာဉ်တော်​သည်​လည်း ခမည်းတော်နှင့် ငါ့​အကြောင်းကို သက်​သေခံ၏။ ခမည်းတော်သည် ငါ့ကြောင့် သန့်​ရှင်းသော​ဝိညာဉ်တော်ကို လူ​သားတို့ထံ ပေး​တော်မူ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားတော်တို့ကို ဟောလေ​ပြီးလျှင်၊ ဆက်၍​နေရစ်မည့် သုံးဦး​မှတစ်ပါး၊ သူတို့​အယောက်တိုင်းကို လက်​ချောင်းတော်ဖြင့်တို့​တော်မူ၍ ထွက်​ခွာ​သွားတော်မူ၏။

၁၃ ရှုဦးလော့၊ ကောင်းကင်ပွင့်၍၊ ထိုသူတို့သည် ကောင်းကင်ဘုံသို့ ချီဆောင်ခံရ၏၊ ပြောမပြ နိုင်သော အရာတို့ကို မြင်ရ၊ ကြား​ရ၏။

၁၄ သူတို့ မပြော​ရမည့်​အကြောင်းကိုလည်း တား​မြစ်​ထားတော်မူ၏။ သူတို့​မြင်ရ၊ ကြား​ရသည့်​အရာတို့ကို ပြောနိုင်စေသည့် တန်ခိုးကိုလည်း ပေး​မထား။

၁၅ သူတို့​သည်​လည်း မိမိတို့၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို မပြော​ပြနိုင်ကြ။ အကြောင်း​မူကား၊ သူတို့​အမြင်၌ သူတို့ပုံပန်း​သဏ္ဌာန်​ပြောင်းလဲခြင်းကဲ့သို့ ဟန်​ရှိ၍၊ ဤဇာတိ​ကိုယ်ခန္ဓာမှ သေခြင်း​မရှိရာ​အခြေ​အနေသို့ ပြောင်းလဲ၍၊ ဘုရားသခင်၏​အမှုတော်များကို မြင်နိုင်ကြ၏။

၁၆ သို့ရာတွင်၊ အချိန်​တန်​လာသော​အခါ၊ သူတို့သည် မြေ​ကြီး​မျက်နှာ​ပြင်​ပေါ်၌ တစ်ဖန် ဖော်ပြ ကြ၏။ သို့သော်လည်း၊ သူတို့သည် ကောင်းကင်ဘုံ၌ သူတို့ကို ပေးတော်မူသည့် ပညတ်တော်ကြောင့်၊ သူတို့​ကြားရ၊ မြင်ရသည့်​အရာတို့​အကြောင်းကို မဖော်​ပြကြ။

၁၇ ယခုမူကား၊ သူတို့၏​ပုံပန်း​သဏ္ဌာန်​ပြောင်းလဲသည့်နေ့မှ​စ၍၊ သေခြင်း​ရှိရာ သို့မဟုတ် သေခြင်း​မရှိရာ၌ ရှိကြ​ကြောင်းကို ငါ​သိခြင်း​မရှိ။

၁၈ သို့ရာတွင်၊ ဤမျှ​အထိသာ ငါ​သိ၏၊ ရေးထားသော မှတ်​တမ်းများ​အတိုင်းဖြစ်၏—သူတို့သည် ထိုပြည်၏​မျက်​နှာ​ပြင်ပေါ် ထွက်​သွား၍၊ ခပ်သိမ်းသောလူတို့ကို အမှုတော်​ဆောင်ကြ၏၊ သူတို့၏​ဟော​ပြောခြင်းကို ယုံကြည်သူ​မှန်သမျှကို ပေါင်းစည်းကြ၏။ ထိုသူတို့ကို ဗတ္တိဇံ​ပေးလျက်​ရှိသဖြင့်၊ ဗတ္တိဇံ​ခံ​သော​သူများစွာတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရ​ရှိကြ၏။

၁၉ သူတို့သည် အသင်းတော်နှင့် မဆိုင်သော​သူတို့​အားဖြင့် ထောင်ထဲ၌​လှောင်​ထား ခံရ၏။ ထောင်များ​သည်​လည်း သူတို့ကို လှောင်​မထားနိုင်ကြ၊ အကြောင်းမူကား နှစ်ခြမ်း​ကွဲလေ၏။

၂၀ သူတို့သည် မြေကြီးထဲသို့ ပစ်ချသည်​ကိုလည်း ခံရ၏။ သို့ရာတွင်၊ သူတို့သည် မြေကြီးကို ဘုရားသခင်၏​အမိန့်​ဖြင့် ရိုက်၍၊ သူ၏​တန်ခိုးတော်​အားဖြင့် မြေကြီး​နက်ရာမှ ကယ်လွှတ် ခံရကြ၏။ ထို့ကြောင့်၊ သူတို့ကို လှောင်​ထားရန် လုံလောက်စွာနက်သော တွင်းများကို မတူးနိုင်ကြ။

၂၁ သူတို့သည် မီးပြင်း​ဖိုထဲသို့ သုံးကြိမ် ပစ်ချ​ခံရ​သော်​လည်း ထိခိုက်ခြင်း​မရှိကြ။

၂၂ နှစ်ကြိမ်ပင် တောသားရဲ​တွင်း​ထဲသို့ ပစ်ချ ခံရ၏။ ရှုဦးလော့၊ သူတို့သည် ကလေး​သူငယ် နို့စို့​သိုးသငယ်နှင့်​ကစား​သကဲ့သို့ တောသားရဲတို့နှင့် ကစားလျက်၊ ထိခိုက်ခြင်း​မရှိကြ။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​ထံ ထွက်သွား၍၊ ထိုပြည်၏​မျက်နှာ​ပြင်ပေါ်၌ ခပ်သိမ်းသော​လူမျိုးတို့အား ခရစ်တော်၏​ဧဝံဂေလိ​တရားတော်ကို ဟော​ပြောကြ၏။ ထိုသူတို့​သည်​လည်း ကိုယ်တော်ရှင်​ထံသို့ ပြောင်းလဲ၍၊ ခရစ်တော်၏​အသင်းတော်သို့ ပေါင်း​စည်းကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ထိုမျိုး​ဆက်မှ လူမျိုးတို့သည် ယေရှု၏​စကား​အတိုင်း ကောင်းချီး​မင်္ဂလာကို ခံစားရကြ​၏။

၂၄ ယခုမူကား၊ ငါ​မော်မုန်သည် ဤအရာတို့​အကြောင်း ပြော​ဆိုခြင်းကို အချိန်အနည်းငယ် ရပ်နား​ဦးမည်။

၂၅ ရှုလော့၊ ငါသည် သေခြင်းကို အဘယ်တော့မျှ မတွေ့​ကြုံ​ရသော​သူတို့၏ အမည်များကို​ရေးတော့မည်​ပြု၏၊ သို့ရာတွင် ကိုယ်တော်ရှင်​တားမြစ်​တော်မူ၏။ ထို့ကြောင့်၊ ငါသည် ထိုအမည်များကို ရေးခြင်း​မပြု။ အကြောင်း​မူကား၊ ထိုအမည်​များကို လောက​ထံမှ ကွယ်​ဝှက်​ထား၏။

၂၆ သို့ရာတွင်၊ ရှုလော့၊ ငါသည် သူတို့ကို မြင်​ရ၏။ သူတို့​သည်လည်း ငါ့ကို အမှုတော်​ဆောင်ကြ၏။

၂၇ ရှုဦးလော့၊ သူတို့သည် တပါး​အမျိုးသားတို့၌ ရှိလိမ့်မည်။ တပါး​အမျိုး​သားတို့​သည်​လည်း သူတို့ကို သိခြင်း​ရှိလိမ့်မည်​မဟုတ်။

၂၈ ယုဒ​လူမျိုးတို့၌လည်း ရှိလိမ့်မည်၊ ယုဒ​လူမျိုးတို့လည်း သူတို့ကို သိခြင်း​ရှိလိမ့်မည်​မဟုတ်။

၂၉ ဤသို့​အားဖြင့်​အချိန်​တန်​လာ​လတ္တံ့သော​အခါ၊ ကိုယ်တော်ရှင်က သင့်​လျော်မည်ဟု သူ၏​ဉာဏ်​ပညာတော်ဖြင့် ဆင်​ခြင်​တော်မူသော​အချိန်၌ သူတို့သည် ကွဲပြား​ပြန့်ကျဲသည့် ဣသရေလ​မျိုးနွယ်စု​ခပ်သိမ်းတို့ကို​လည်း​ကောင်း၊ ခပ်သိမ်းသော ပြည်သား၊ အမျိုးစု၊ အသီး​သီး​ဘာသာစကားကို​ပြော​သူနှင့် လူမျိုးတို့​ကို​လည်း​ကောင်း အမှုတော်​ဆောင်​လိမ့်မည်၊ သူတို့၏​အလို​ဆန္ဒများကို ပြီးပြည့်စုံ​စေခြင်းငှာ​လည်း​ကောင်း၊ ထို့အတူ၊ သူတို့၌​ရှိသည့် ဘုရားသခင်၏ နားသွင်း​တော်မူခြင်း​တန်ခိုးတော်​ကြောင့်​လည်း​ကောင်း ထိုသူတို့ထံမှ စိတ်​ဝိညာဉ်​များစွာကို ယေရှုထံသို့ ဆောင်​ယူကြ​လိမ့်မည်။

၃၀ သူတို့သည် ဘုရားသခင်၏​ကောင်းကင်​တမန်များ​ကဲ့သို့​ဖြစ်၍၊ ယေရှု၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်းကြလျှင်၊ သူတို့​ပြရန် ကောင်းမြတ်သည်ဟု မှတ်ယူသော​သူ​မှန်သမျှတို့အား သူတို့​ကိုယ်တိုင် ပြနိုင်ကြ​လိမ့်မည်။

၃၁ ထို့ကြောင့်၊ လူ​ခပ်သိမ်းတို့ ခရစ်တော်၏​တရား​ပလ္လင်​ရှေ့၌ ဧကန်​အမှန်​ရပ်​ရမည့်​အချိန်တွင်၊ ကျ​ရောက်​လာမည့်​နေ့ကြီး​မတိုင်မီ၊ ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အမှုများကို သူတို့​အားဖြင့် ပြုပြင်​စီရင်​လိမ့်မည်။

၃၂ အကြောင်း​မူကား၊ ထို​တရား​စီရင်​တော်မူရာနေ့ မတိုင်မီတွင်၊ တပါး​အမျိုးသားတို့၌ပင်၊ သူတို့​အားဖြင့် ပြုပြင်​စီရင်သည့် ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အမှု​ရှိလိမ့်မည်။

၃၃ ခရစ်တော်၏​အံ့ဩဖွယ်​ကောင်းသော​အမှုများ​အကြောင်း ပါ​ဝင်သည့် ခပ်သိမ်းသော​ကျမ်းစာများ သင်တို့၌ ရှိလျှင်၊ ခရစ်တော်၏​စကားများ​အတိုင်း ဤအရာတို့ ဧကန်​အမှန်​ဖြစ်​လာ​ရမည်ကို သင်တို့​ယုံကြည်​လိမ့်မည်။

၃၄ ယေရှု၏​စကားများ၊ ထို့အတူ၊ သူ​ရွေး​ကောက်​တော်မူ၍၊ သူတို့​ထံသို့ စေလွှတ်သည့်​သူတို့၏​စကားများ​ကိုလည်း စေ့စေ့နား​မထောင်မည့်​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ယေရှု၏​စကားများနှင့် သူ​စေလွှတ်​တော်မူသည့်​သူတို့၏​စကားများကို လက်ခံခြင်း​မရှိ​သူမှန်သမျှသည် သူ့ကို လက်ခံခြင်း​မရှိကြ။ ထို့ကြောင့်၊ သူ​သည်​လည်း နောက်​ဆုံးသော​နေ့၌ ထိုသူတို့ကို လက်​မခံလတ္တံ့။

၃၅ ထို​သူတို့သည် ဖွား​မြင်ခြင်းကို မခံ​ရလျှင်၊ အနေ​သာ၍ ကောင်းပေ​လိမ့်မည်။ အကြောင်း​မူကား၊ ကယ်​တင်ခြင်း ဖြစ်​ပေါ်​လာနိုင်​စေခြင်းငှာ လူသားတို့​ခြေ​အောက်၌ နင်း​ချေခြင်းကို ခံတော်မူ​လေသည့်​သူတည်းဟူသော စိတ်​ပျက်​တော်မူသည့် ဘုရားသခင်၏​တရား​တော်မူခြင်းကို သင်တို့​ပယ်​ဖျက်​နိုင်မည်ဟု ထင်​မှတ်ကြ​သလော။

၃၆ ယခု​မူကား၊ ရှုလော့၊ ငါသည် ကိုယ်တော်ရှင်​ရွေးကောက်​ထားတော်မူသော​သူများ၊ အထူး​သဖြင့်၊ ကောင်းကင်ဘုံသို့ ချီ​ဆောင်ခံရ​သူ​သုံးပါးတို့နှင့်ပင် စပ်လျဉ်းသည်ကို ပြော၍၊ ထိုသူတို့ သေခြင်း​ရှိရာမှ သေခြင်း​မရှိရာသို့​ရောက်​အောင် သန့်​စင်ပြီးခြင်း​ရှိမရှိကို ငါ​သိခြင်းမရှိ—

၃၇ သို့ရာတွင်၊ ရှုလော့၊ ငါ​ရေး​စဉ်​ကတည်းက၊ ကိုယ်တော်ရှင်ထံ မေး​လျှောက်သဖြင့်၊ ငါ့ကို ထင်ရှားစွာ​ပြတော်မူ​သည်မှာ၊ သူတို့၏​ကိုယ်ခန္ဓာ​အပေါ်၌ ပြောင်းလဲခြင်းကို ပြု​ပြင်​စီရင်​ထား​ရမည်​ဖြစ်ကြောင်း၊ သို့မဟုတ်လျှင်၊ သေခြင်းကို သူတို့​တွေ့​ကြုံရန် လိုအပ်သည့်​အကြောင်း​ပေတည်း။

၃၈ ထို့ကြောင့်၊ သူတို့သေခြင်းကို မတွေ့​ကြုံနိုင်ကြ​စေခြင်းငှာ​လည်း​ကောင်း၊ လောကီ​သားတို့၏​အပြစ်များ​ကြောင့်​မှတစ်ပါး၊ နာကျင်မှုနှင့် ဝမ်းနည်းမှုတို့​ကိုလည်း မခံ​စား​ရနိုင်​စေခြင်းငှာ​လည်း​ကောင်း သူတို့၏​ကိုယ်​ခန္ဓာ​အပေါ်၌ ပြောင်း​လဲခြင်းကို ပြု​ပြင်​စီရင်​ထား၏။

၃၉ ယခုတွင်၊ ဤပြောင်းလဲခြင်းသည် နောက်​ဆုံးသော​နေ့၌ ဖြစ်​ပေါ်လိမ့်မည့်​အရာနှင့် မတူညီ။ သို့ရာတွင်၊ ပြောင်းလဲခြင်းကို သူတို့​အပေါ်၌ ပြု​ပြင်​စီရင်​ထားတော်မူ​သဖြင့်၊ စာတန်သည် သူတို့​အပေါ် အစိုး​ရခြင်း​မရှိနိုင်။ သူတို့ကို သွေး​ဆောင်​ဖြား​ယောင်းခြင်း မပြုနိုင်။ သူတို့ကို ဇာတိ​ကိုယ်ခန္ဓာ၌ သန့်ရှင်းစင်ကြယ်​စေထားသဖြင့်၊ သန့်ရှင်းကြ၏၊ လောက​တန်ခိုးများကလည်း သူတို့ကို မချုပ်​တည်းနိုင်။

၄၀ ဤအခြေ​အနေဖြင့်ပင် သူတို့သည် ခရစ်တော်၏​တရား​စီရင်တော်မူရာ​နေ့​အထိ ဆက်၍​ရှိကြ၏။ ထိုနေ့၌ သာ၍​ကြီး​မြတ်သော ပြောင်း​လဲခြင်းကို ရ​ရှိ၍၊ ပြင်သို့​မထွက်ရတော့၊ ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့်​အတူ အစဉ်​ထာဝရ​နေထိုင်ခြင်းငှာသာ ခမည်းတော်၏​နိုင်ငံတော်၌ လက်ခံ​ရဖို့​ဖြစ်လေ​သတည်း။