အခန်းကြီး ၈
(ဖေဖော်ဝါရီ ၁၈၃၁)
မသုရှလသည် ပရောဖက်ပြု၍ဟော၏—နောဧနှင့်သူ၏သားမြေးတို့သည် ဧဝံဂေလိတရားတော်ကို ဟောပြောကြ၏—ကြီးစွာသောဆိုးညစ်ခြင်းပျံ့နှံ့၏—နောင်တရရန်ခေါ်ဆိုခြင်းကို ပမာဏမပြုကြ—ဘုရားသခင်သည် ခပ်သိမ်းသောလူတို့၏ဖျက်ဆီးခြင်းကို ရေလွှမ်းမိုးခြင်းဖြင့်စီရင်တော်မူ၏။
၁ ဧနောက်၏ အသက်မှာ နှစ်ပေါင်းလေးရာ့သုံးဆယ်ရှိ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ဧနောက်၏သား၊ မသုရှလသည် ဆောင်ယူမခံရ၊ ဧနောက်နှင့် ပြုထားလေသည့် ကိုယ်တော်ရှင်၏ ပဋိညာဉ်များကို ပြီးပြည့်စုံနိုင်စေခြင်းငှာပေတည်း။ အကြောင်းမူကား၊ နောဧအား ဧနောက်၏ ရင်သွေးဖြစ်ရမည့်အကြောင်း အမှန်ပင် သူပဋိညာဉ် ပြုတော်မူခဲ့၏။
၃ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မသုရှလသည် မိမိရင်သွေးမှ မြေကြီးပေါ်ရှိ ခပ်သိမ်းသောနိုင်ငံများ (နောဧအားဖြင့်) ပေါက်ဖွားရမည့်အကြောင်း ပရောဖက်ပြု၍ဟော၏၊ သူ့အဖို့ ဘုန်းတော်ကို ယူ၏။
၄ ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ပြည်ထဲသို့ ရောက်လာ၏၊ ကိုယ်တော်ရှင်ကလည်း မြေကြီးကို ပြင်းထန်သောကျိန်ခြင်းဖြင့် ကျိန်တော်မူ၏၊ ထိုမြေကြီး၌ နေထိုင်သောသူများစွာတို့ သေကြ၏။
၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ မသုရှလသည် အသက် တစ်ရာ ရှစ်ဆယ့် ခုနစ် နှစ်ရှိသော်၊ လာမက်ကို ဖွားမြင်စေ၏။
၆ မသုရှလသည် လာမက်ကို ဖွားမြင်စေပြီးနောက် အနှစ်ခုနစ်ရာရှစ်ဆယ့်နှစ်နှစ် အသက်ရှင်၍၊ သားများနှင့် သမီးများကို ဖွားမြင်စေ၏။
၇ မသုရှလသည် အသက်နှစ်ပေါင်း ကိုးရာခြောက်ဆယ့်ကိုးနှစ်စေ့သော် သေလေ၏။
၈ လာမက်သည် အသက်တစ်ရာရှစ်ဆယ့်နှစ်နှစ်ရှိသော်၊ သားတစ်ယောက်ကို ဖွားမြင်စေ၏။
၉ နောဧဟုအမည်ပေး၍၊ ဤသားသည် ကိုယ်တော်ရှင်ကျိန်တော်မူလေသည့် မြေကြောင့်၊ ငါတို့ လက်များ၏ အလုပ်နှင့် အားထုတ်မှုတို့နှင့် စပ်လျဉ်း၍၊ ငါတို့ကို နှစ်သိမ့်စေလိမ့်မည်ဟု ဆို၏။
၁၀ လာမက်သည် နောဧကို ဖွားမြင်စေပြီးနောက်၊ အနှစ်ငါးရာကိုးဆယ့်ငါးနှစ် အသက်ရှင်၍၊ သားများနှင့် သမီးများကို ဖွားမြင်စေ၏။
၁၁ လာမက်သည် အသက် နှစ်ပေါင်း ခုနစ်ရာခုနှစ်ဆယ့်ခုနစ်နှစ် စေ့သော် သေလေ၏။
၁၂ နောဧသည် အသက်လေးရာ့ငါးဆယ်နှစ်ရှိ၍၊ ယာဖက်ကို ဖွားမြင်စေ၏။ လေးဆယ့်နှစ်နှစ်ကြာပြီးနောက် ယာဖက်၏ အမိဖြစ်လေသူအား ရှေမကို ဖွားမြင်စေ၏၊ အသက်ငါးရာရှိသော် ဟာမကို ဖွားမြင်စေ၏။
၁၃ နောဧနှင့် သူ၏သားတို့သည် ကိုယ်တော်ရှင်ကို စေ့စေ့နားထောင်ကြ၏၊ ပမာဏလည်းပြုကြ၏၊ ထို့ကြောင့် ဘုရားသခင်၏ သားများဟု အခေါ်ခံကြရလေ၏။
၁၄ ဤလူတို့သည် မြေကြီး မျက်နှာပြင်ပေါ်၌ ပွားများစပြုကြသောအခါ၊ သူတို့အဖို့ သမီးများ မွေးဖွားကြလေ၏၊ လူသားတို့သည် ထိုသမီးများ ချောမောသည်ကို မြင်၍၊ ရွေးချယ်သမျှကိုပင် အိမ်ထောင်ဖက်ပြုကြ၏။
၁၅ ကိုယ်တော်ရှင်ကလည်း နောဧအား၊ သင့်သားတို့၏ သမီးများသည် သူတို့ကိုယ်သူတို့ ရောင်းကြလေပြီ။ ရှုလော့၊ ငါ၏ အမျက်တော်သည် လူသားတို့တစ်ဖက်၌ ထွက်လေပြီ၊ အကြောင်းမူကား၊ သူတို့သည် ငါ့အသံကို စေ့စေ့နားမထောင်လိုကြ။
၁၆ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ နောဧသည် ဘုရားသခင်၏ အမှုတော်တို့ကို ရှေးဦးစွာကကဲ့သို့ပင် ပရောဖက်ပြု၍ ဟော၏၊ ထို့အတူ သွန်သင်ပေး၏။
၁၇ ကိုယ်တော်ရှင်ကလည်း နောဧကို မိန့်တော်မူသည်ကား၊ ငါ၏ ဝိညာဉ်တော်သည် လူသားကို အစဉ်အမြဲ မပဲ့ပြင်မဆုံးမ၊ အကြောင်းမူကား၊ ခပ်သိမ်းသောလူတို့ သေရမည်ကို သူသိ၏။ သို့သော်လည်း၊ သူ၏ ကာလသည် တစ်ရာ့နှစ်ဆယ်နှစ် ဖြစ်လိမ့်မည်၊ လူသားတို့ နောင်တမရကြလျှင်၊ ငါသည် ရေလွှမ်းမိုးခြင်းကို သူတို့အပေါ် စေလွှတ်တော်မူမည်။
၁၈ ထိုကာလ၌ ကိုယ်ကြီးမားသောသူများ မြေကြီးပေါ်မှာ ရှိလေ၏၊ သူတို့သည် နောဧအား သူ၏အသက်ကို နုတ်ယူရန် ကြိုးစားအားထုတ်ကြ၏။ သို့ရာတွင် ကိုယ်တော်ရှင်သည် နောဧနှင့် အတူရှိတော်မူ၏၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ ရှိလေ၏။
၁၉ ကိုယ်တော်ရှင်သည် နောဧအား သူ့အသင်းအတိုင်း ခန့်ထားတော်မူ၏၊ ထွက်သွား၍ သူ၏ ဧဝံဂေလိတရားတော်ကို ဧနောက်အား ပေးလေသကဲ့သို့ပင် လူသားတို့အား ဟောကြားရမည့် အကြောင်းကိုလည်း မိန့်မှာတော်မူ၏။
၂၀ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ နောဧသည် လူသားတို့ကို နောင်တရကြရမည့်အကြောင်း တောင်းပန်၏။ သို့ရာတွင် သူတို့သည် သူ၏စကားတို့ကို စေ့စေ့နားထောင်ခြင်းမရှိကြ။
၂၁ ထို့အတူ၊ သူတို့သည် သူ့ကို ကြားနာပြီးနောက်တွင်၊ သူ့ရှေ့သို့ လာ၍၊ ရှုလော့၊ ငါတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။ ငါတို့သည် လူတို့၏သမီးများကို မယူကြလေပြီလော။ ငါတို့သည် မစားကြ၊ မသောက်ကြ၊ ထို့အတူ အိမ်ထောင်ဖက်မပြု၍ မထိမ်းမြား မပေးစားကြလေပြီလော။ ငါတို့၏ ဇနီးတို့သည် ငါတို့အဖို့ သားသမီးများကို မွေးဖွားကြ၏။ ထိုသူတို့သည် ရှေးလူများကဲ့သို့ အားကြီးသောသူများ၊ ကျော်စောသောသူများ ဖြစ်ကြ၏ဟု ဆိုကြ၏။ သူတို့သည် နောဧ၏ စကားများကို စေ့စေ့နားထောင်ခြင်း မရှိကြ။
၂၂ မြေကြီး၌ လူသားတို့၏ဆိုးညစ်ခြင်း ကြီးလာခဲ့လေသည်ကိုလည်း ဘုရားသခင် သိမြင်တော်မူ၏။ လူတိုင်းသည် အစဉ်မပြတ် အဆိုးသာဖြစ်လျက်၊ မိမိစိတ်နှလုံး၏အတွေးများမှ စိတ်ကူး အကြံအစည်များဖြင့် ဘဝင်မြင့်ကြ၏။
၂၃ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ နောဧသည် လူတို့အား ဟောပြောခြင်းကို ဆက်၍ ပြုလျက်၊ ဆိုလေသည်ကား၊ စေ့စေ့နားထောင်ကြလော့၊ ငါ၏ စကားတို့ကိုလည်း ပမာဏပြုကြလော့။
၂၄ ယုံကြည်ကြလော့၊ သင်တို့၏ အပြစ်များမှ နောင်တရ၍၊ ငါတို့၏ဘိုးဘေးတို့ကဲ့သို့ပင် ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်၏နာမတော်၌ ဗတ္တိဇံခံကြလော့၊ သင်တို့အား ခပ်သိမ်းသော အရာတို့ကို ထင်ရှားစွာအပြခံရကြစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြလိမ့်မည်။ သင်တို့သည် ဤအမှုကို ပြုခြင်းမရှိကြလျှင်၊ ရေလွှမ်းမိုးခြင်းတို့သည် သင်တို့အပေါ် ကျရောက်လာလိမ့်မည်။ သို့သော်လည်း သူတို့သည် စေ့စေ့နားထောင်ခြင်းမရှိကြ။
၂၅ နောဧသည်လည်း နောင်တရ၏၊ မြေကြီးပေါ်၌ လူသားကို ကိုယ်တော်ရှင် ဖန်ဆင်းတော်မူခဲ့ လေသည်ကိုလည်း သူ့စိတ်နှလုံး နာကျင်လေ၏၊ သူ၏စိတ်နှလုံး၌ ဝမ်းနည်းပူဆွေးစေ၏။
၂၆ ကိုယ်တော်ရှင်ကလည်း မိန့်တော်မူလေသည်ကား၊ ငါသည် ဖန်ဆင်းတော်မူခဲ့လေသည့် လူသားကို၊ လူသားနှင့် သားရဲနှစ်မျိုးစလုံးကို၊ ထို့အတူ တွားသွားတတ်သော အကောင်များကို၊ ထို့အတူ မိုးကောင်းကင်ငှက်တို့ကို မြေကြီးမျက်နှာပြင်မှ ဖျက်ဆီးတော်မူမည်။ အကြောင်းမူကား၊ သူတို့ကို ငါဖန်ဆင်းတော်မူလေ၍၊ ထို့အတူ ပြုထားတော်မူလေ၍ နောဧကို နောင်တရစေ၏။ သူသည်လည်း ငါ့ကို ပတ္ထနာပြုလေပြီ။ အကြောင်းမူကား၊ သူ့အသက်ကို သတ်ရန်ကြိုးစားအားထုတ်ကြ၏။
၂၇ ထိုကဲ့သို့အားဖြင့်၊ နောဧသည် ကိုယ်တော်ရှင်၏ မျက်လုံးတော်တို့၌ ကျေးဇူးတော်ကို ရ၏။ အကြောင်းမူကား၊ နောဧသည် ဖြောင့်မတ်သောသူတစ်ဦးဖြစ်၏၊ သူ၏မျိုးဆက်၌လည်း စုံလင်၏။ ဘုရားသခင်နှင့်အတူ လျှောက်၏၊ သူ၏သားသုံးယောက်၊ ရှေမ၊ ဟာမနှင့် ယာဖက်တို့သည်လည်း ထိုနည်းတူပြုခဲ့ကြ၏။
၂၈ မြေကြီးသည် ဘုရားသခင်ရှေ့၌ ပုပ်ပျက်၏၊ အဓမ္မအမှုနှင့်လည်း ပြည့်၏။
၂၉ ဘုရားသခင်သည် မြေကြီးကို ကြည့်တော်မူသောအခါ၊ ပုပ်ပျက်လေသည်ကို မြင်တော်မူ၏၊ အကြောင်းမူကား ခပ်သိမ်းသောလူတို့သည် ကိုယ့်လမ်းအတိုင်း မြေကြီးပေါ်မှာ ဖောက်ပြန်ကြလေပြီ။
၃၀ ဘုရားသခင်က နောဧကို မိန့်တော်မူလေသည်ကား၊ ခပ်သိမ်းသော လူတို့၏အဆုံးသည် ငါ့ရှေ့၌ ပေါ်လာပြီ၊ အကြောင်းမူကား၊ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်၏၊ ရှုဦးလော့၊ ငါသည် ခပ်သိမ်းသော လူတို့ကို ဖျက်ဆီး၍၊ မြေကြီးမှဖယ်ရှားတော်မူမည်။