အခန်းကြီး ၅
(ဇွန်–အောက်တိုဘာ ၁၈၃၀)
အာဒံနှင့် ဧဝတို့သည် သားသမီးများကို မွေးဖွားကြ၏—အာဒံသည် ဘုရားသခင်အား ယဇ်ပူဇော်၍ အစေခံ၏—ကာဣနနှင့် အာဗေလကို ဖွားမြင်၏—ကာဣနသည် ပုန်ကန်၏၊ စာတန်ကို ဘုရားသခင်ထက်ပို၍ ချစ်၏၊ ပျက်စီးခြင်းလည်းဖြစ်လာ၏—လူ့အသက်သတ်ခြင်းနှင့် ဆိုးညစ်ခြင်းတို့ ပျံ့နှံ့၏—ဧဝံဂေလိတရားတော်ကို ရှေးဦးစွာကတည်းက ဟောပြော၏။
၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်က သူတို့ကို နှင်ထုတ်ပြီးနောက်တွင်၊ အာဒံသည် သူ့ကို ငါကိုယ်တော်ရှင် မိန့်တော်မူခဲ့လေသည့်အတိုင်း၊ မြေကြီးကို ထွန်ယက်ရန်၊ ထို့အတူ ခပ်သိမ်းသောတောသားရဲတို့အပေါ် အစိုးရရန်၊ ထို့အတူ သူ့နဖူးမှ ချွေးထွက်၍ ရသည့်မုန့်ကို စားရန် အစပြု၏။ သူ၏ဇနီး၊ ဧဝသည်လည်း သူနှင့်အတူ အလုပ်လုပ်၏။
၂ ထို့နောက်၊ အာဒံသည် သူ့ဇနီးဧဝနှင့် ဆက်ဆံသဖြင့်၊ သူ့အဖို့ သားများနှင့် သမီးများကို မွေးဖွား၍၊ သူတို့သည် ပွားများရန်နှင့် မြေကြီးကို ပြည့်စေရန် အစပြုကြ၏။
၃ ထိုအချိန်မှစ၍၊ အာဒံ၏ သားများနှင့် သမီးများသည် ထိုပြည်၌ အစုံလိုက်ခွဲခြားရန်၊ ထို့အတူ မြေကြီးကို ထွန်ယက်ရန်၊ ထို့အတူ သိုးစုများကို ကြည့်ရှုစောင့်ရှောက်ရန် အစပြုခဲ့ကြ၏၊ သူတို့သည်လည်း သားများနှင့် သမီးများကို ဖွားမြင်စေကြ၏။
၄ အာဒံနှင့် သူ့ဇနီးဧဝတို့သည်လည်း ကိုယ်တော်ရှင်၏ နာမတော်ကို ပတ္ထနာပြုကြ၏၊ ဧဒင်ဥယျာဉ်၏ မျက်နှာချင်းဆိုင်ဘက်မှ သူတို့ကို ဟောပြောနေသည့် ကိုယ်တော်ရှင်၏ အသံကို ကြားရသော်လည်း၊ သူ့ကို မြင်ရခြင်းမရှိ။ အကြောင်းမူကား၊ သူတို့သည် သူ၏ မျက်မှောက်တော်မှ ပိတ်ပင် ခံရလေ၏။
၅ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်ကို ကိုးကွယ်ရမည့်အကြောင်း၊ ထို့အတူ သူတို့၏ သိုးစုတို့မှ အဦးဖွားသောသားတို့ကိုလည်း ကိုယ်တော်ရှင်အဖို့ ပူဇော်သက္ကာတစ်ခုအဖြစ် ပူဇော်ရမည့်အကြောင်း ပညတ်တော်များကို သူတို့အား ပေးတော်မူ၏။ အာဒံသည်လည်း ကိုယ်တော်ရှင်၏ ပညတ်တော်များကို နာခံ၏။
၆ နေ့ပေါင်းများစွာ ကြာပြီးနောက်တွင်၊ ကိုယ်တော်ရှင်၏ ကောင်းကင်တမန်တစ်ပါးသည် အာဒံထံသို့ပေါ်လာပြီး၊ သင်သည် ကိုယ်တော်ရှင်ကို အဘယ်ကြောင့် ယဇ်များ ပူဇော်သနည်းဟု မေးလျှင်၊ အာဒံကလည်း ကျွန်ုပ်ကို ကိုယ်တော်ရှင် မိန့်တော်မူသည်မှတစ်ပါး၊ ကျွန်ုပ်သိခြင်းမရှိပါဟု ဖြေ၏။
၇ ကောင်းကင်တမန်ကလည်း မြွက်ဆို၍၊ ဆိုလေသည်ကား၊ ဤအရာသည်ကား ကျေးဇူးတော်နှင့် သမ္မာတရားတို့နှင့် ပြည့်စုံသည့် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်၏ ယဇ်ကို ပုံဆောင်ခြင်း ဖြစ်၏။
၈ သို့ဖြစ်၍၊ သင်လုပ်ဆောင်သည့် ခပ်သိမ်းသောအရာတို့ကို သားတော်၏ နာမတော်၌ လုပ်ဆောင်လော့၊ နောင်တရ၍၊ သားတော်၏ နာမတော်ဖြင့် ဘုရားသခင်ကို ယခုမှသည် နောင်ကာလ အစဉ်အဆက် ပတ္ထနာပြုလော့။
၉ ခမည်းတော်နှင့် သားတော်အကြောင်း သက်သေခံသည့် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုနေ့၌ အာဒံအပေါ်သို့ သက်ဆင်းတော်မူပြီး၊ မိန့်တော်မူလေသည်ကား၊ ငါသည် ရှေးဦးစွာကတည်းက၊ ယခုမှစ၍ ကာလအစဉ်အဆက်၊ ခမည်းတော်၏ တစ်ပါးတည်းသော သားတော်ဖြစ်၏၊ သင်ကျရှုံးလေ၍ သင်နှင့် ရွေးနုတ်ခံလိုသမျှ၊ ခပ်သိမ်းသောလူသားတို့ ရွေးနုတ်ခံရနိုင်စေခြင်းငှာလည်း ဖြစ်၏။
၁၀ ထိုနေ့၌၊ အာဒံသည် ဘုရားသခင်ကို ကောင်းချီးပေး၍ ပြည့်စုံလေ၏၊ မြေကြီးပေါ်ရှိ ခပ်သိမ်းသောမိသားစုတို့နှင့် စပ်လျဉ်း၍လည်း ပရောဖက်ပြု၍ ဟောစပြုလျက် ဆိုလေသည်ကား၊ ဘုရားသခင်၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း၊ အကြောင်းမူကား၊ ကျွန်ုပ်၏ လွန်ကျူးခြင်းကြောင့် မျက်စိများပွင့်၍၊ ကျွန်ုပ်သည် ဤဘဝ၌ ဝမ်းမြောက်ခြင်းရှိလိမ့်မည်၊ ထိုမှတစ်ဖန် ဇာတိကိုယ်ခန္ဓာဖြင့် ဘုရားသခင်ကို မြင်ရလိမ့်မည်။
၁၁ သူ၏ဇနီးဧဝသည်လည်း ခပ်သိမ်းသောဤအရာတို့ကို ကြားသဖြင့် ဝမ်းသာ၍၊ ဆိုလေသည်ကား၊ ကျွန်ုပ်တို့၏ လွန်ကျူးခြင်း မရှိခဲ့လေလျှင်၊ ကျွန်ုပ်တို့၌ အဘယ်တော့မျှ အမျိုးအနွယ် ရှိလိမ့်မည်မဟုတ်၊ အကောင်းနှင့် အဆိုးကို၊ ထို့အတူ ကျွန်ုပ်တို့၏ ရွေးနုတ်ခြင်းအတွက် ဝမ်းမြောက်ခြင်း၊ ထို့အတူ ခပ်သိမ်းသောနာခံသူတို့ကို ဘုရားသခင်ပေးသည့် ထာဝရအသက်ကို အဘယ်တော့မျှ သိရလိမ့်မည်မဟုတ်။
၁၂ အာဒံနှင့် ဧဝသည် ဘုရားသခင်၏နာမတော်ကို ကောင်းချီးပေး၍၊ ခပ်သိမ်းသောအရာတို့ကို သူတို့၏ သားများနှင့် သမီးများအား ဖော်ပြခဲ့ကြ၏။
၁၃ စာတန်သည်လည်း သူတို့၌လာ၍ ငါသည်လည်း ဘုရားသခင်၏ သားတစ်ယောက်ဖြစ်၏ဟု ဆို၏။ ထိုအရာတို့ကို ယုံကြည်ခြင်းမရှိနှင့်ဟုလည်း သူတို့ကို မိန့်မှာ၍ ဆိုလျှင်၊ သူတို့သည်လည်း ယုံကြည်ခြင်းမရှိ၍၊ စာတန်ကို ဘုရားသခင်ထက်ပို၍ ချစ်ကြ၏။ လူသားတို့သည်လည်း ထိုအချိန်မှစ၍၊ လောကီဆိုင်ရာ၊ ရာဂစိတ်ဖြင့်စွဲလန်းခြင်းနှင့် နတ်ဆိုးကဲ့သို့ ဖြစ်စပြုခဲ့ကြ၏။
၁၄ ကိုယ်တော်ရှင်ဘုရားသခင်သည်လည်း လူသားတို့ကို နေရာတိုင်း၌ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ခေါ်၍၊ နောင်တရကြရမည့်အကြောင်း မိန့်တော်မူ၏။
၁၅ သားတော်ကို ယုံကြည်၍၊ မိမိတို့အပြစ်များမှ နောင်တရသူမှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ယုံကြည်ခြင်း မရှိ၊ နောင်တရခြင်းလည်း မရှိသူ မှန်သမျှသည် အပြစ်စီရင်ခံရလိမ့်မည်။ နှုတ်ကပတ်တော်တို့သည်လည်း ခိုင်မာသောစီရင်ချက်ဖြင့် ဘုရားသခင်၏နှုတ်မှ ထွက်သွားခဲ့၏။ သို့ဖြစ်၍ ၎င်းတို့ကို ပြီးပြည့်စုံစေရမည်။
၁၆ အာဒံနှင့် သူ၏ ဇနီးဧဝတို့သည် ဘုရားသခင်ကို ပတ္ထနာပြုခြင်းမှ ရပ်တန့်ခြင်းမရှိကြ။ အာဒံသည် သူ၏ ဇနီးဧဝနှင့် ဆက်ဆံသဖြင့်၊ ပဋိသန္ဓေစွဲယူ၍ ကာဣနကို ဖွားမြင်လျှင်၊ ငါသည် ကိုယ်တော်ရှင်ထံမှ ယောက်ျားကို ရပြီ၊ သို့ဖြစ်၍၊ သူသည် နှုတ်ကပတ်တော်တို့ကို မငြင်းပယ်နိုင်ဟု ဆို၏။ သို့ရာတွင် ရှုလော့၊ ကာဣနသည် စေ့စေ့နားထောင်ခြင်းမရှိ၊ ကျွန်ုပ်သိရမည့် ကိုယ်တော်ရှင်သည်ကား အဘယ်သူနည်းဟု ဆို၏။
၁၇ သူမသည်လည်း တစ်ဖန် ပဋိသန္ဓေစွဲယူ၍ ညီအာဗေလကို ဖွားမြင်၏။ အာဗေလသည် ကိုယ်တော်ရှင်၏ အသံကို စေ့စေ့နားထောင်၏။ အာဗေလကား၊ သိုးထိန်းဖြစ်၏၊ ကာဣနကား လယ်လုပ်သောသူဖြစ်၏။
၁၈ ကာဣနသည် စာတန်ကို ဘုရားသခင်ထက် ပို၍ချစ်၏။ စာတန်သည်လည်း သူ့အား ကိုယ်တော်ရှင်အား ပူဇော်သက္ကာပြုလော့ဟု မိန့်မှာ၍ ဆို၏။
၁၉ ဤသို့အားဖြင့် ကာလစေ့၍ အချိန်တန်လာသောအခါ၊ ကိုယ်တော်ရှင်ထံ ပူဇော်သက္ကာအဖို့ မြေမှအသီးကို ဆောင်ယူခဲ့၏။
၂၀ အာဗေလသည်လည်း၊ မိမိသိုးစုတွင် အဦးဖွားသောသားအချို့နှင့်၊ သိုးဆီဥကို ဆောင်ယူခဲ့၏။ ကိုယ်တော်ရှင်သည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
၂၁ သို့ရာတွင်၊ ကာဣနနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မမူ။ ယခုတွင် စာတန်သည် ဤအမှုကို သိ၍၊ သူ့ကို နှစ်သက်စေ၏။ ကာဣနသည် အလွန်အမျက်ထွက်၍၊ မျက်နှာထားပျက်၏။
၂၂ ကိုယ်တော်ရှင်ကလည်း ကာဣနကို မိန့်တော်မူသည်ကား၊ သင်သည် အဘယ်ကြောင့် အမျက်ထွက်သနည်း။ အဘယ်ကြောင့် မျက်နှာထားပျက်လေသနည်း။
၂၃ သင်သည် ကောင်းမွန်စွာပြုလျှင်၊ သင့်ကို လက်ခံလိမ့်မည်။ သင်သည် ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်သည် တံခါးနားမှာရှိ၏။ စာတန်ကလည်း သင့်ကို အုပ်စိုးလို၏။ သင်သည် ငါ၏ ပညတ်တော်များကို စေ့စေ့နားမထောင်လျှင်၊ ငါသည် သင့်ကို လွှဲအပ်၍ သူ၏အလိုအတိုင်း ဖြစ်လိမ့်မည်။ သင်သည်လည်း သူ့ကိုအုပ်စိုးလိမ့်မည်ဟု မိန့်တော်မူ၏။
၂၄ အကြောင်းမူကား၊ ဤအချိန်မှစ၍ သင်သည် သူ့မုသားတို့၏ အဘဖြစ်လိမ့်မည်။ ပျက်စီးခြင်းဟု အခေါ်ခံရလိမ့်မည်။ အကြောင်းမူကား၊ သင်သည်လည်း ကမ္ဘာမတည်မီက ရှိလေပြီ။
၂၅ လာမည့်ကာလ၌ ဆိုကြမည်ကား—ဤစက်ဆုပ်ရွံရှာဖွယ်အမှုများကို ကာဣနထံမှ ရရှိခြင်းဖြစ်၏။ အကြောင်းမူကား၊ ဘုရားသခင်ထံမှ ရရှိခဲ့လေသည့် သာ၍ကြီးစွာသော အကြံကို ငြင်းပယ်၏။ ဤအရာမှာ သင်နောင်တမရလျှင်၊ သင့်အပေါ်ငါထားမည့် ကျိန်ခြင်းအမင်္ဂလာလည်း ဖြစ်၏။
၂၆ ကာဣနသည် အမျက်ထွက်၍၊ ကိုယ်တော်ရှင်၏အသံကို နောက်ထပ်နားမထောင်တော့၊ ကိုယ်တော်ရှင်ရှေ့၌ သန့်ရှင်းခြင်းသို့လိုက်သည့် ညီအာဗေလကိုလည်း နားမထောင်တော့။
၂၇ ကာဣနနှင့် သူ၏ညီအစ်ကိုတို့ကြောင့် အာဒံနှင့် သူ၏ဇနီးသည် ကိုယ်တော်ရှင်ရှေ့၌ ငိုကြွေးမြည်တမ်းကြ၏။
၂၈ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ကာဣနသည် သူ့ညီအစ်ကိုတို့၏သမီးများထဲမှ တစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၏၊ သူတို့သည်လည်း စာတန်ကို ဘုရားသခင်ထက် ပို၍ချစ်ကြ၏။
၂၉ စာတန်က ကာဣနကို ဆိုလေသည်ကား၊ သင်သည် ပြောပြလျှင် သေရမည်ဟု သင်၏ လည်ချောင်းဖြင့် ကျိန်ဆိုလော့၊ သင်၏ ညီအစ်ကိုတို့သည်လည်း ပြောပြခြင်း မရှိရမည့်အကြောင်း၊ သူတို့၏ ဦးခေါင်းများဖြင့်၊ ထို့အတူ အသက်ရှင်တော်မူသော ဘုရားသခင်အားဖြင့်၊ ကျိန်ဆိုစေလော့။ အကြောင်းမူကား သူတို့သည် ပြောပြလျှင် ဧကန်အမှန် သေကြလိမ့်မည်။ ဤအမှုကို သင်တို့အဘ မသိနိုင်စေခြင်းငှာပေတည်း။ ဤနေ့တွင် ငါသည် သင်၏ညီအာဗေလကို သင်၏လက်ထဲသို့ အပ်မည်။
၃၀ စာတန်ကလည်း ကာဣန၏ မိန့်မှာချက်များအတိုင်း လုပ်ဆောင်မည့်အကြောင်း ကျိန်ဆို၏။ ခပ်သိမ်းသောဤအရာတို့ကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြ၏။
၃၁ ကာဣနက အမှန်ပင် ငါသည် မာဟန်၊ ဤကြီးစွာသောလျှို့ဝှက်ခြင်း၏သခင်ဖြစ်၏၊ လူ့အသက်ကိုသတ်၍ အကျိုးအမြတ်ရနိုင်ခြင်းငှာပေတည်း။ သို့ဖြစ်၍၊ ကာဣနသည် သခင်မာဟန်ဟု အခေါ်ခံရ၏၊ သူ၏ဆိုးညစ်ခြင်း၌ ဝါကြွား၏။
၃၂ ကာဣနသည် လယ်သို့သွား၍၊ ညီအာဗေလနှင့် စကားပြော၏။ ဤသို့အားဖြင့် အချိန်တန်လာသောအခါ၊ သူတို့သည် လယ်ထဲ၌ရှိစဉ်၊ ကာဣနသည် ညီအာဗေလကို ရန်ဘက်ပြု၍ ကွပ်မျက်၏။
၃၃ ကာဣနသည် သူလုပ်ဆောင်လေသည့်အရာ၌ ဝါကြွား၍၊ ငါသည် လွတ်လပ်၏။ ငါ့ညီ၏ သိုးစုတို့သည် ငါ၏လက်ထဲသို့ ဧကန်အမှန် ကျရောက်ပြီဟု ဆို၏။
၃၄ ကိုယ်တော်ရှင်ကလည်း ကာဣနကို သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု မေးလျှင်၊ အကျွန်ုပ်သိခြင်းမရှိ။ အကျွန်ုပ်သည် ညီကို စောင့်ရသောသူဖြစ်ပါသလောဟု ဆို၏။
၃၅ ကိုယ်တော်ရှင်ကလည်း သင်သည် အဘယ်သို့ ပြုလေသနည်း။ သင့်ညီ အသွေး၏အသံသည် မြေကြီးမှနေ၍ ငါ့ထံသို့ ဟစ်ကြွေးပြီတကားဟု မိန့်တော်မူ၏။
၃၆ ယခုမူကား၊ သင့်လက်မှ သင့်ညီ၏အသွေးကို ခံယူခြင်းငှာ မိမိနှုတ်ကိုဖွင့်သည့် မြေကြီး၏ကျိန်ခြင်းကို သင်ခံရလိမ့်မည်။
၃၇ သင်သည် မြေကြီးကို ထွန်ယက်သောအခါ၊ ယခုမှစ၍ သင့်အဖို့ သူ၏ခွန်အားကိုမထုတ်။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်။
၃၈ ကာဣနကလည်း ကိုယ်တော်ရှင်ကို လျှောက်လေသည်ကား၊ စာတန်သည် အကျွန်ုပ်ကို အကျွန်ုပ်ညီ၏သိုးစုများကြောင့် သွေးဆောင်ဖြားယောင်း၏။ ကျွန်ုပ်သည်လည်း အမျက်ထွက်ပါ၏။ အကြောင်းမူကား၊ သူ၏ပူဇော်သက္ကာကို ကိုယ်တော်လက်ခံပြီး အကျွန်ုပ်၏ပူဇော်သက္ကာကို လက်မခံ။ အကျွန်ုပ်၏အပြစ်ဒဏ်သည် အကျွန်ုပ်ခံနိုင်သည်ထက် သာ၍ကြီးပါ၏။
၃၉ ရှုတော်မူပါ၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤနေ့၌ ကိုယ်တော်ရှင်၏မျက်နှာရှေ့မှ နှင်ထုတ်တော်မူလေပြီ။ ကိုယ်တော်၏မျက်နှာရှေ့မှ အကျွန်ုပ် ပုန်းကွယ်ရပါလိမ့်မည်။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူလည်း ဖြစ်ရပါလိမ့်မည်။ ဤသို့အားဖြင့် အချိန်တန်လာလတ္တံ့သောအခါ၊ အကျွန်ုပ်ဒုစရိုက်များကြောင့်၊ အကျွန်ုပ်ကို တွေ့သူသည် ကွပ်မျက်ပါလိမ့်မည်၊ အကြောင်းမူကား၊ ဤအရာတို့ကို ကိုယ်တော်ရှင်ထံမှ ကွယ်မထားပါ။
၄၀ ကိုယ်တော်ရှင်ကလည်း သင့်ကို ကွပ်မျက်သူမှန်သမျှသည် ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရမည်ဟု သူ့ကိုမိန့်တော်မူ၏။ ကာဣနကို တွေ့သောသူ တစ်စုံတစ်ယောက်မျှ မသတ်စေခြင်းငှာ ကိုယ်တော်ရှင်သည် သူ၌ အမှတ်ပေးတော်မူ၏။
၄၁ ကာဣနသည် ကိုယ်တော်ရှင်၏မျက်မှောက်မှ ပိတ်ပင်ခံရ၏၊ သူ့ဇနီးနှင့် သူ၏များစွာသော ညီအစ်ကိုတို့သည် ဧဒင်ပြည်အရှေ့ နောဒပြည်တွင် နေထိုင်လေ၏။
၄၂ ကာဣနသည် သူ၏ဇနီးနှင့် ဆက်ဆံသဖြင့်၊ ပဋိသန္ဓေစွဲယူ၍၊ ဧနောက်ကို ဖွားမြင်၏၊ သူသည် များစွာသော သားများနှင့်သမီးများကို ဖွားမြင်စေ၏။ မြို့တစ်မြို့ကို တည်ဆောက်၍၊ ထိုမြို့၏အမည်ကို သူ့သားဧနောက်၏ အမည်အတိုင်း ခေါ်၏။
၄၃ ဧနောက်၌ ဣရဒ်နှင့် အခြားသောသားများနှင့်သမီးများကို ဖွားမြင်၏။ ဣရဒ်သည် မဟုယေလနှင့် အခြားသောသားများနှင့်သမီးများကို ဖွားမြင်စေ၏။ မဟုယေလသည် မသုရှလနှင့် အခြားသော သားများနှင့်သမီးများကို ဖွားမြင်စေ၏။ မသုရှလသည် လာမက်ကို ဖွားမြင်စေ၏။
၄၄ လာမက်သည် အာဒနှင့် ဇိလအမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဖက်ပြု၏။
၄၅ အာဒသည် ယာဗလကို ဖွားမြင်၏။ သူသည် တဲ၌နေသောသူ၊ ကျွဲနွားစသည်တို့ကို မွေးသောသူတို့၏ အဘဖြစ်သတည်း။ ယုဗလအမည်ရှိသောညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးကို တီးမှုတ်တတ်သူ အပေါင်းတို့၏ ဆရာဖြစ်သတည်း။
၄၆ ဇိလသည်လည်း တုဗလကာဣနကို ဖွားမြင်၏၊ သူသည် ပန်းတဉ်းသမား၊ ပန်းပဲသမား အပေါင်းတို့၏ ဆရာဖြစ်လေ၏။ တုဗလကာဣန၏နှမကား၊ နေမအမည်ရှိ၏။
၄၇ လာမက်ကလည်း မိမိဇနီး၊ အာဒနှင့် ဇိလတို့ကို ဆိုသည်ကား၊ ငါ့အသံကို ကြားနာကြလော့၊ လာမက်ဇနီး အသင်တို့၊ ငါ့စကားကို စေ့စေ့နားထောင်ကြလော့။ အကြောင်းမူကား၊ ငါ့ကို ထိခိုက်သောသူ တစ်ယောက်တည်းဟူသော၊ ငါ့ကို ညှဉ်းဆဲသော လူပျိုတစ်ယောက်ကို ငါကွပ်မျက်ခဲ့ပြီ။
၄၈ ကာဣနသည် ခုနစ်ဆသောအပြစ်ဒဏ်ကို ရလျှင်၊ လာမက်သည် ခုနစ်ဆယ့်ခုနစ်ဆသော အပြစ်ဒဏ်ကို ရလိမ့်မည်။
၄၉ အကြောင်းမူကား၊ လာမက်သည် ကာဣနသို့ စာတန်အားဖြင့် စီမံဆောင်ရွက်ခဲ့လေသည့် သခင်မာဟန်၊ ကြီးစွာသောလျှို့ဝှက်ခြင်း၏ သခင်ဖြစ်လာစေသည့် ပဋိညာဉ်ကို ကာဣနနည်းတူ စာတန်နှင့် ပြုခဲ့လေပြီ။ ဧနောက်၏သား ဣရဒ်သည်လည်း သူတို့၏လျှို့ဝှက်ခြင်းကို သိ၍၊ အာဒံ၏ သားမြေးများသို့ ဖော်ပြစပြုခဲ့၏။
၅၀ သို့ဖြစ်၍ လာမက်သည် အမျက်ထွက်သဖြင့်၊ သူ့ကို ကွပ်မျက်ခဲ့၏၊ ကာဣန အကျိုးအမြတ်အတွက် ညီအာဗေလကို ကွပ်မျက်သကဲ့သို့မဟုတ်၊ ကျိန်ဆိုခြင်းအတွက်သာ သူ့ကိုကွပ်မျက်ခဲ့၏။
၅၁ အကြောင်းမူကား၊ ကာဣနလက်ထက်မှ စ၍၊ လျှို့ဝှက်ဂိုဏ်းတစ်ခု ရှိလေ၏၊ သူတို့၏ အမှုများသည်လည်း မှောင်မိုက်ထဲမှာ ရှိကြ၏၊ သူတို့သည် လူတိုင်းမိမိညီအစ်ကိုကို သိကြ၏။
၅၂ သို့ဖြစ်၍၊ ကိုယ်တော်ရှင်သည် လာမက်ကို၊ ထို့အတူ သူ၏အိမ်သားတို့ကို၊ ထို့အတူ စာတန်နှင့် ပဋိညာဉ်ပြုသူခပ်သိမ်းတို့ကို ကျိန်၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းခြင်းမရှိကြ၊ ထိုအမှုသည် ဘုရားသခင်မနှစ်သက်ခြင်းကို ဖြစ်စေ၏၊ သူတို့ကို အမှုတော်ဆောင်ခြင်းမရှိ၊ သူတို့အကျင့်များသည် စက်ဆုပ်ရွံရှာဖွယ်အမှုများဖြစ်ကြလေ၏၊ ခပ်သိမ်းသောလူသားတို့၌ ပျံ့နှံ့စပြုခဲ့၏။ ထိုဂိုဏ်းသည် လူသားတို့၌ရှိလေ၏။
၅၃ လူတို့၏သမီးများ၌ ဤအမှုများကို မဟောပြောလေကြ၊ လာမက်က ထိုလျှို့ဝှက်ခြင်းကို သူ၏ဇနီးများကို မပြောခဲ့လေသောကြောင့်ဖြစ်၏၊ သူတို့သည်လည်း သူ့ကို ဆန့်ကျင်ပုန်ကန်၍၊ ဤအမှုတို့ကို အရပ်ရပ်သို့ ပြောကြသဖြင့်၊ သနားခြင်းမရှိကြ။
၅၄ သို့ဖြစ်၍၊ လာမက်သည် မထီမဲ့မြင်အပြုခံရ၊ နှင်ထုတ်ခံရပြီး၊ သေမည်စိုးသဖြင့် လူသားတို့၌ မလာမရောက်။
၅၅ ထိုကဲ့သို့အားဖြင့်၊ မှောင်မိုက်ခြင်းအမှုများသည် ခပ်သိမ်းသောလူသားတို့၌ ပျံ့နှံ့စပြုခဲ့၏။
၅၆ ဘုရားသခင်သည်လည်း မြေကြီးကို ပြင်းထန်သောကျိန်ခြင်းဖြင့် ကျိန်တော်မူ၏၊ ဆိုးညစ်သောသူများ၊ သူဖန်ဆင်းတော်မူခဲ့သည့် ခပ်သိမ်းသော လူသားများကို အမျက်ထွက်တော်မူ၏။
၅၇ အကြောင်းမူကား၊ သူတို့သည် သူ့အသံကို စေ့စေ့နားမထောင်လိုကြ၊ အထွတ်အထိပ်ကာလ၌ ကြွလာလိမ့်မည်ဟု သူဟောကြားထားသည့် သူပင်ဖြစ်သည့်၊ ကမ္ဘာမတည်မီကတည်းက ပြင်ဆင်ထားလေသည့်သူဖြစ်သည့် သူ၏တစ်ပါးတည်းသော သားတော်ကိုလည်း မယုံကြည်လိုကြ။
၅၈ ထိုကဲ့သို့အားဖြင့်၊ ဧဝံဂေလိတရားတော်ကို ဘုရားသခင်၏ မျက်မှောက်တော်မှ သန့်ရှင်းသော ကောင်းကင်တမန်တို့အားဖြင့်၊ ထို့အတူ သူကိုယ်တိုင်၏အသံဖြင့်၊ ထို့အတူ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးအားဖြင့် ဟောကြားလျက်၊ ရှေးဦးစွာကတည်းက၊ ဟောပြောစပြုခဲ့ကြ၏။
၅၉ ထိုကဲ့သို့အားဖြင့်၊ ခပ်သိမ်းသောအရာတို့ကို အာဒံသို့ သန့်ရှင်းသော ဘိသိက်မင်္ဂလာဖြင့် အတည်ပြုပေးခဲ့၏။ ဧဝံဂေလိတရားတော်ကိုလည်း ကမ္ဘာ၌ရှိရမည့်အတိုင်းနှင့်၊ ကမ္ဘာကုန်ဆုံးသည် အထိ ဟောပြောခဲ့၏၊ စီရင်ခြင်းကိုလည်း စေလွှတ်ခဲ့၏။ ထိုကဲ့သို့ ဖြစ်လေသတည်း။ အာမင်။