ကျမ်းစာများ
ဂျိုးဇက်စမစ်—သမိုင်း ၁


ဂျိုးဇက်စမစ်—သမိုင်း

ပရောဖက်​ဂျိုးဇက်​စမစ်၏ သမိုင်းမှ ကောက်နုတ်ချက်များ။

အခန်းကြီး ၁

ဂျိုးဇက်​စမစ်သည် သူ၏ ဘိုးဘေး၊ မိသားစုဝင်များနှင့် သူတို့၏ အစောပိုင်းနေရာတို့​အကြောင်းကို ပြောပြ၏—ဘာသာရေးနှင့်​စပ်လျဉ်း၍ ထူးခြားသော နှိုးကြားမှုသည် နယူးယောက်​အနောက်ပိုင်း၌ ပျံ့နှံ့၏—သူသည် ယာကုပ်​လမ်းညွှန်သည့်​အတိုင်း ဉာဏ်ပညာကို ရှာရန်​သန္နိဋ္ဌာန်​ချ၏—ခမည်းတော်နှင့် သားတော်​ပေါ်လာတော်မူပြီး၊ ဂျိုးဇက်သည် သူ၏​ပရောဖက်​ဆိုင်ရာ​အမှုတော်ဆောင်ခြင်း​အတွက် ခေါ်သွင်း​ခံရ၏။ (အခန်းငယ် ၁–၂၀။)

ထင်ပေါ် တိုးတက်လာသော ယေရှု​ခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အကြောင်း မကောင်းမှု၌ စိတ်ညွတ်၍​ကြံစည်​ကြသော လူတို့​အားဖြင့် ပျံ့နှံ့လေသည့်၊ များစွာသော မှတ်တမ်းများ၊ ထိုမှတ်တမ်းများမှာလည်း စာရေးသူတို့က အသင်းတော်၏​ဂုဏ်သိက္ခာနှင့် လောက​ထဲ၌ တိုးတက်မှုတို့ကို ဆန့်ကျင်​တိုက်ခိုက်ရန် ကြံစည်​ထားလေသောကြောင့်၊ ကျွန်ုပ် တိုက်တွန်းခံရ​လေသည်ကား၊ ဤ​သမိုင်းကို ရေးရန်၊ လူထု၏အစွဲကို ချွတ်ပေးရန် တိုက်တွန်း​ခံရလေ၏၊ အကြောင်း​အရာအမှန်တို့ကို ၎င်းတို့​ဖြစ်ပျက်ခဲ့လေသည့်​အတိုင်း၊ ကျွန်ုပ်​ကိုယ်တိုင်နှင့် အသင်းတော်တို့အကြောင်း၊ ထို​အကြောင်း​အရာတို့ကို ကျွန်ုပ်​သိလေသမျှ​အတိုင်း၊ ရှာသောသူတို့ သတိပြုမိကြ​စေခြင်းငှာလည်း​ဖြစ်၏။

ဤ​သမိုင်း၌ ကျွန်ုပ်သည် ဤ​အသင်းတော်​အကြောင်း အမျိုးမျိုးသော အဖြစ်​အပျက်များကို၊ ၎င်းတို့​ဖြစ်ပျက်ခဲ့သည့်အတိုင်း၊ သို့မဟုတ် မျက်မှောက်၌ရှိသည့်အတိုင်း၊ ဖော်ပြပါ အသင်းတော်ကို ဖွဲ့စည်းကတည်းက ရှစ်နှစ်​ကြာ၍ ယခု ၁၈၃၈ ခုအထိ ရှိသည့်အတိုင်း မှန်ကန်စွာနှင့် ဖြောင့်မတ်စွာ ဖော်ပြမည်။

ကျွန်ုပ်တို့​ကိုယ်တော်ရှင်၏ တစ်ထောင့်​ရှစ်ရာနှင့် ငါးခုနှစ်၊ ဒီဇင်ဘာ နှစ်ဆယ့်​သုံးရက်တွင်၊ ဗားမောင့်ပြည်နယ်၊ ဝင်ဆာခရိုင်၊ ရှာရုန်မြို့၌၊ မွေးဖွား​ခဲ့၏။ ကျွန်ုပ်အဘ၊ ဂျိုးဇက်​စမစ်​အကြီးသည် ကျွန်ုပ်​အသက် ဆယ်နှစ်၊ သို့မဟုတ် ထိုနှစ်​အရွယ်ခန့်၌၊ ဗားမောင့်ပြည်နယ်မှ ထွက်ခွာ၍၊ ပယ်လမိုင်ရာ၊ အွန်တာရီရို (ယခု ဝိန်း) ခရိုင်၊ နယူးယောက်ပြည်နယ်သို့ ရွှေ့ပြောင်း​ခဲ့၏။ ကျွန်ုပ်​အဘသည် ပယ်လမိုင်ရာသို့ ရောက်ပြီး၊ လေးနှစ်လောက်​အကြာတွင်၊ ထို​အွန်တာရီရို​ခရိုင်​အတွင်းရှိ မန်ချက်စတာသို့ သူ့မိသားစုနှင့်အတူ ရွှေ့ပြောင်းခဲ့၏—

သူ၏​မိသားစုတွင် တစ်ဆယ့်တစ်ဦး​ရှိ၏၊ အမည်​အားဖြင့်၊ ကျွန်ုပ်​အဘ​ဂျိုးဇက်​စမစ်​အကြီး၊ ကျွန်ုပ်​အမိ၊ လူစီ​စမစ် (အိမ်ထောင်ဖက်​မပြုမီက သူမ​အမည်မှာ၊ ဆောလမုန်မက်၏​သမီး၊ လူစီမက် ဖြစ်၏)၊ ကျွန်ုပ်​အစ်ကို အယ်လဗင် (၁၈၂၃ ခု၊ နိုဝင်ဘာ ၁၉၊ အသက် ၂၆နှစ်အရွယ်၌ သေသူ)၊ ဟီရမ်၊ ကျွန်ုပ်​ကိုယ်တိုင်၊ ဆင်မြူရယ်လ်​ဟာရီဆင်၊ ဝီလျံ၊ ဒွန်​ကားလို့စ်၊ ကျွန်ုပ်​ညီမများ​ဖြစ်သည့် ဆိုဖရုန်နီယာ၊ ကက်သရင်းနှင့် လူစီတို့​ဖြစ်ကြ၏။

မန်ချက်စတာသို့ ကျွန်ုပ်တို့​ရွှေ့ပြောင်း​ပြီးနောက် ဒုတိယ​နှစ်တွင်၊ ကျွန်ုပ်တို့နေသည့် နေရာ၌ ဘာသာရေး​အကြောင်း ထူးခြားသော​နိုးကြားမှု​ရှိလေ၏။ မက်သဒစ်တို့မှ အစပြု၍၊ မကြာမြင့်မီတွင် ထိုခရိုင်​ဒေသ​တွင်းရှိ ခပ်သိမ်းသော​ဂိုဏ်းများ၌ ပျံ့နှံ့၍ လာခဲ့၏။ အမှန်​စင်စစ်၊ ခရိုင်​နယ်မြေ​တစ်ခုလုံးကို သက်ရောက်ဟန်​ရှိ၍၊ ကြီးစွာသော​လူအစုအဝေးသည် ခြားနားသော​ဘာသာရေးအုပ်စုများ​အဖြစ် သူတို့ကိုယ်သူတို့ စုစည်း​ကြ၍၊ ထိုအမှုက လူတို့၌ မငယ်သော​လှုပ်ရှားမှုနှင့် ကွဲပြားမှုကို​ဖြစ်စေ၏၊ အချို့က “သည်မှာ ကြည့်ပါ”၊ အခြားသူများကလည်း “ဟိုမှာ ကြည့်ပါ”ဟု အော်ဟစ်​ကြ၏။ အချို့က မက်သဒစ် ယုံကြည်ခြင်း​ဘက်မှ၊ အချို့က ပရက်စ်ဘိုက်တေရီယန်ဘက်မှ၊ အချို့က ဗတ္တိဇံဘက်မှ တိုက်ခိုက်​နေကြ၏။

အကြောင်း​မူကား၊ ဤ​ခြားနားသော​ယုံကြည်ခြင်းများသို့ ပြောင်းလဲသူများ၊ သူတို့၏ ပြောင်းလဲရာကာလ၌ ဖော်ပြသည့် ကြီးစွာသော​ချစ်ခြင်း၊ ထို့အတူ လူတိုင်းကို ပြောင်းလဲရ​စေခြင်းငှာ၊ မိမိတို့​အသုံးပြုရန် နှစ်သက်သည့်​အတိုင်း၊ ဤ​သာမန်ထက်သာလွန်သော ဘာသာရေး​ခံစားမှု မြင်ကွင်းကို နှိုးဆော်​အားပေးခြင်း၌ တက်ကြွသူ အမှုတော်ဆောင်​ဘုန်းကြီး​အသီးသီး၏ ထင်ရှားစွာပြသည့် ကြီးစွာသော စိတ်အား​ကြီးခြင်း ရှိကြသော်​ငြားလည်း၊ ထိုလူတိုင်းအား သူတို့ နှစ်သက်ရာ ဂိုဏ်းသို့ဝင်ရန် အခွင့်ပေး၏။ သို့သော်လည်း၊ ပြောင်းလဲသူများ စွန့်ခွာစ​ပြု၍၊ အချို့မှာ အုပ်စု​တစ်ခုသို့၊ အချို့မှာ တခြားအုပ်စု​တစ်ခုသို့ သွားကြသော​အခါ၊ ယဇ်ပုရောဟိတ်နှင့် ပြောင်းလဲသူ နှစ်မျိုးစလုံး၏၊ အမြင်​အားဖြင့် ကောင်းမြတ်သော ခံစားချက်များမှာ အစစ်​အမှန်ထက် ပို၍ဟန်ဆောင်ထားသောအရာများ အဖြစ်​မြင်ရလေ၏။ အကြောင်း​မူကား၊ ကြီးစွာသောရှုပ်ထွေးခြင်းနှင့် မကောင်းသော​ခံစားမှု နောက်မှလိုက်၍​ဖြစ်၏—ယဇ်ပုရောဟိတ်၊ ယဇ်ပုရောဟိတ်ချင်း ငြင်းခုံ​ကြ၏၊ ပြောင်းလဲသူ၊ ပြောင်းလဲသူချင်း ငြင်းခုံ​ကြ၏။ ထို့ကြောင့်၊ သူတို့၌ တစ်ဦး​အပေါ် တစ်ဦး​ရှိခဲ့ဖူး​လေသည့် ကောင်းမြတ်သောခံစားချက် ခပ်သိမ်းတို့မှာ စကား​စစ်ထိုးခြင်းနှင့်၊ သဘောအယူအဆအကြောင်း ငြင်းခုံခြင်းတို့၌ လုံးဝ​ပျောက်ဆုံးလေ၏။

ကျွန်ုပ်သည် ဤ​အချိန်၌ အသက်​တစ်ဆယ့်​ငါးနှစ်သို့ ရောက်လေ၏။ ကျွန်ုပ်​အဘ၏ မိသားစုမှာ ပရက်စ်ဘိုက်တေရီယန် ယုံကြည်ခြင်းသို့ ဘာသာ​ပြောင်းခဲ့ကြ​လေ၏၊ သူတို့​အထဲမှ လေးဦး၊ အမည်​အားဖြင့်၊ ကျွန်ုပ်​အမိ၊ လူစီ၊ ကျွန်ုပ်​အစ်ကိုများ​ဖြစ်သည့် ဟီရမ်နှင့် ဆင်မြူရယ်လ်ဟာရီဆင်၊ ထို့အတူ ကျွန်ုပ်ညီမ ဆိုဖရုံနီယာတို့သည် ထိုအသင်းတော်သို့ ဝင်ခဲ့​ကြ၏။

ဤ​ကြီးစွာသော​နိုးကြားမှု​အချိန်​အတွင်း၌ ကျွန်ုပ်၏​စိတ်ကို အလေး​အနက် တွေးတောစဉ်းစားခြင်းသို့ ရောက်စေ၍၊ ကြီးစွာ​မငြိမ်မသက် ဖြစ်ရ၏။ သို့ရာတွင်၊ ကျွန်ုပ်၏ ခံစားမှုများမှာ လေးနက်၍၊ အကြိမ်ကြိမ် ထိခိုက်​နာကျင်သော်လည်း၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ဤ​အုပ်စုခပ်သိမ်းတို့နှင့် တသီး​တခြား​နေခဲ့၏၊ သို့သော်လည်း ကျွန်ုပ်သည် သူတို့၏​အစည်းအဝေးအသီးသီးကို အခြေအနေ ပေးသမျှ​တက်ခဲ့၏။ ကာလစေ့​သောအခါ ကျွန်ုပ်၏​စိတ်သည် မက်သဒစ်ဂိုဏ်း​ဘက်သို့ အတော်​အသင့် ရောက်ခဲ့၏၊ သူတို့နှင့် ပူးပေါင်းရန်လည်း ဆန္ဒ​အချို့ကို ခံစား​ခဲ့ရ၏။ သို့ရာတွင်၊ အလွန်​ကြီးမားသည်ကား ခြားနားသော​ဂိုဏ်းခွဲတို့၌ ရှိလေသည့် ရှုပ်ထွေးခြင်းနှင့် ရန်တွေ့ခြင်းတို့ ဖြစ်လေ၍၊ ကျွန်ုပ်ကဲ့သို့ ငယ်ရွယ်သော၊ ထို့အတူ လူများ၊ အမှုများနှင့် အလွန်​အကျွမ်းမဝင်သော လူတစ်ယောက် အတွက်၊ အဘယ်သူ​မှန်၍၊ အဘယ်သူ​မှားသည်ဟူသော သေချာသည့် ကောက်ချက်​တစ်စုံ​တစ်ခုကို ချရန်မှာ မဖြစ်နိုင်​ခဲ့ပေ။

ကျွန်ုပ်စိတ်မှာ ထိုအချိန်၌ ကြီးစွာ​လှုပ်ရှား​လေ၏၊ အကြောင်း​မူကား၊ ဆူညံခြင်းနှင့် ရုန်းရင်းခတ်ခြင်း​အမှုတို့မှာ အလွန်​ကြီးမား၍ အတောမသတ်​ရှိလေ၏။ ပရက်စ်ဘိုက်တေရီယန်တို့သည် ဗတ္တိဇံနှင့် မက်သဒစ်တို့​တစ်ဖက်၌ ခေါင်းအမာဆုံး​ဖြစ်ကြ၏၊ သူတို့၏​မှားယွင်းမှုများကို သက်သေပြရန်၊ သို့မဟုတ်၊ ယုတ်စွအဆုံး၊ သူတို့သည် မှားယွင်းမှု၌ ရှိကြလေကြောင်းကို လူတို့ထင်ကြစေရန် ယုတ္တိယုတ်တာနှင့် တစ်ပတ်ရိုက်ခြင်း​နှစ်မျိုးစလုံးဖြင့် အစွမ်းကုန်​ကြိုးစားကြ၏။ အခြား​တစ်ဖက်၌၊ ဗတ္တိဇံနှင့် မက်သဒစ်တို့သည်လည်း သူတို့ဘက်၌ သူတို့ကိုယ်တိုင်၏​အယူဝါဒကို တည်ဆောက်ရန်နှင့် အခြားသောသူ ခပ်သိမ်းတို့ကို မမှန်ကန်ကြောင်း သက်သေပြရန် အားထုတ်ခြင်း၌ အလားတူ စိတ်အားကြီး​ကြလေ၏။

၁၀ ဤ​စကား​စစ်ထိုးခြင်းနှင့် ရုန်းရင်းခတ်ခြင်း​သဘောတို့​အလယ်၌၊ ကျွန်ုပ်သည်လည်း၊ အဘယ်​အရာကို ပြုရမည်နည်း၊ ဤ​ခပ်သိမ်းသော အုပ်စုတို့၌ အဘယ်သူသည် မှန်သနည်း၊ သို့မဟုတ်၊ သူတို့အားလုံးအတူ မှားကြ​လေသလော၊ သူတို့​အထဲမှ အုပ်စု​တစ်ခုခုက မှန်လျှင်၊ ထိုအုပ်စုမှာ အဘယ်အုပ်စုနည်း၊ အဘယ်နည်းဖြင့် အကျွန်ုပ်သိရမည်နည်းဟု အကြိမ်ကြိမ်​တွေးမိ၏။

၁၁ ကျွန်ုပ်သည် ဤ​ဘာသာရေးသမား​အုပ်စုတို့၏ ငြင်းခုံခြင်းများက​ဖြစ်စေသည့် လွန်ကဲသော အခက်​အခဲများကြောင့် စိတ်ပင်ပန်းလျက်၊ တစ်နေ့၌ ယာကုပ်​ဩဝါဒစာကို ဖတ်​နေစဉ်၊ ပထမ​အခန်းကြီး၊ ပဉ္စမ​အခန်းငယ်၌သင်တို့တွင် တစ်စုံ​တစ်ယောက်သော​သူသည် ဉာဏ်ပညာကို လိုလျှင်၊ ကဲ့ရဲ့​ပြစ်တင်ခြင်းကို ပြုတော်​မမူဘဲ၊ ခပ်သိမ်းသော​သူတို့အား စေတနာစိတ်နှင့် ပေးသနား​တော်မူသော ဘုရားသခင်ကို တောင်းစေ။ ထိုသူအား ပေးလိမ့်မည် ဟုတွေ့ရ၏။

၁၂ ဤ​အချိန်၌ ကျွန်ုပ်၏​စိတ်နှလုံးသို့ ဤ​ကျမ်းစာပိုဒ်က ဝင်ရောက်သည်ထက်၊ အဘယ်​ကျမ်းစာပိုဒ်​ကမျှ လူသား၏ စိတ်နှလုံး​ထဲသို့ သာ၍​ကြီးသော တန်ခိုးဖြင့် မဝင်ရောက်​စဖူးပေ။ ကျွန်ုပ်​စိတ်နှလုံး၏ခံစားချက် မှန်သမျှ​ထဲသို့ ကြီးစွာသော​အားဖြင့် ဝင်ရောက်သည့်​ပမာ ရှိလေ၏။ ကျွန်ုပ်သည် ထို​အကြောင်းကို ထပ်တလဲလဲ​တွေးတော​ခဲ့၏၊ အဘယ်သူ​ဖြစ်စေ၊ ဘုရားသခင်​ထံမှ ဉာဏ်ပညာကို အလို​ရှိကြောင်းကို ကျွန်ုပ်​သိ၍ တွေးတော​ခဲ့၏။ အကြောင်း​မူကား၊ အဘယ်သို့ ပြုရမည်ကို ကျွန်ုပ်မသိ၊ ကျွန်ုပ်၌ ထို​အချိန်က​ရှိခဲ့သည်ထက် ပိုသောဉာဏ်ပညာကို မရနိုင်​ခဲ့လျှင် အဘယ်တော့မျှ သိရ​လိမ့်မည်​မဟုတ်။ အကြောင်း​မူကား၊ ခြားနားသော​ဂိုဏ်းများမှ ဘာသာရေး​ဆရာတို့သည် တူသော​ကျမ်းစာပိုဒ်များကို အလွန်​ကွဲပြားစွာ​နားလည်ကြ၍၊ သမ္မာကျမ်းကို ရည်ညွှန်းလျက် မေးခွန်းကို ဖြေရှင်း​ရာ၌ စိတ်ချ​ယုံကြည်ခြင်း​မှန်သမျှကို ဖျက်ဆီးသည်​အထိ​ရှိကြ၏။

၁၃ အချိန်​အတန်ကြာ​ပြီးနောက်၊ ကျွန်ုပ်သည် မှောင်မိုက်​ထဲ၌ ဆက်၍ နေရ​မည်လော၊ သို့မဟုတ်လျှင်၊ ဘုရားသခင်​ထံမှ တောင်းလော့ဟု ယာကုပ်​လမ်းညွှန်သည့်အတိုင်း ပြုရမည်လောဟူသော ကောက်ချက်ကို ချရမည့်​အချိန်သို့ ရောက်လာ​ခဲ့၏။ ကျွန်ုပ်သည် အချိန်​အတန်ကြာပြီးနောက် “ဘုရားသခင်​ထံမှ တောင်းရန်” သန္နိဋ္ဌာန်​ချခဲ့၏၊ ဉာဏ်ပညာကို လိုသောသူတို့အား ဉာဏ်ပညာကို သူပေး၍၊ ကယ်ရဲ့​ပြစ်တင်ခြင်း​မပြုဘဲ၊ စေတနာစိတ်နှင့် ပေးတော်မူကြောင်းကို ကောက်ချက်​ချလျက် ကျွန်ုပ်​စွန့်စား​နိုင်ပေ၏။

၁၄ ထို့ကြောင့်၊ ဘုရားသခင်ထံ တောင်းရန် ကျွန်ုပ်၏ ဤ​သန္နိဋ္ဌာန်​အတိုင်း၊ ကျွန်ုပ်သည် ထို​အားထုတ်မှုကိုပြုရန် တောထဲသို့ ထွက်သွား​ခဲ့၏။ ထို​အချိန်မှာ၊ တစ်ထောင်ရှစ်ရာ့နှစ်ဆယ်ခုနှစ်၊ နွေဦး​အစောပိုင်း၊ နေသာသောနေ့၊ သာယာသော နံနက်ခင်း​အချိန်​ဖြစ်၏။ ကျွန်ုပ်ဘဝ၌ ထိုကဲ့သို့သော အားထုတ်မှုကိုပြုရာ ပထမဦးဆုံး​အကြိမ်လည်း ဖြစ်၏၊ အကြောင်း​မူကား၊ ကျွန်ုပ်၏ ခပ်သိမ်းသော စိုးရိမ်​ပူပန်မှုများ အလယ်၌၊ ကျွန်ုပ်သည် အသံထွက်၍​ဆုတောင်းရန် ထိုကဲ့သို့သော အားထုတ်မှုကို အဘယ်တုန်းကမျှ မပြုခဲ့စဖူးပေ။

၁၅ ကျွန်ုပ်သည်သွားရန် ယခင်ကြံစည်​ထားသည့် နေရာသို့ ထွက်သွားခဲ့လေပြီးနောက်၊ ကျွန်ုပ်​ပတ်ဝန်းကျင်ကို ကြည့်၍၊ ကျွန်ုပ်​တစ်ယောက်တည်းဖြစ်ကြောင်းကို သိရလျှင်၊ ဒူးထောက်၍၊ ကျွန်ုပ်​စိတ်နှလုံး၏ အလိုဆန္ဒကို ဘုရားသခင်​ထံသို့ ပူဇော်စ​ပြုခဲ့၏။ ကျွန်ုပ်ကို လုံးဝ​အနိုင်ယူသည့်၊ ထို့အတူ စကား မပြောနိုင်​လောက်အောင် ကျွန်ုပ်၏​လျှာကို ထိန်းချုပ်ရန် ကျွန်ုပ်​အပေါ် အံ့ဩဖွယ် လွှမ်းမိုးမှု​ရှိသည့် တန်ခိုးအချို့၏ ချုပ်ကိုင်မှုကို ရုတ်တရက်​ခံရသော​အခါ၌၊ ကျွန်ုပ်မှာ ပူဇော်စ​ပြုပြီးရုံ​မျှသာ​ရှိသေး၏။ ထူသော​မှောင်မိုက်သည် ကျွန်ုပ်​ပတ်လည်၌ စုဝေး၏၊ ကျွန်ုပ်မှာ အချိန်​အတန်​ကြာအောင် ရုတ်တရက်​ဖျက်ဆီးခြင်းသို့ ကြမ္မာငင်​လေသည့်​အလား ရှိလေ၏။

၁၆ သို့ရာတွင်၊ ကျွန်ုပ်ကို ချုပ်ကိုင်​ထားသည့် ဤ​ရန်သူ၏​တန်ခိုးမှ ကယ်လွှတ်ပေးစေခြင်းငှာ ဘုရားသခင်ကို ပတ္ထနာပြုရန် ကျွန်ုပ်၏စွမ်းအား​ရှိသမျှကို ထုတ်လျက်၊ ကျွန်ုပ်သည် စိတ်ပျက်ခြင်းသို့ နစ်မြုပ်ရန်နှင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပျက်စီးခြင်း—စိတ်ကူးမျှသာ​ဖြစ်သော ပျက်စီးခြင်းသို့ မဟုတ်ဘဲ၊ ကျွန်ုပ်​ယခင်က အဘယ်သူ့တွင်မျှ မတွေ့ဖူး​လေသည့်သူ အံ့ဩဖွယ်ကောင်းသော တန်ခိုးရှိသူ​ဖြစ်သည့် မမြင်ရသော​လောကမှ အစစ်​အမှန် ရှိသောသူ​အချို့၏ တန်ခိုးသို့—စွန့်လွှတ်ရန် အသင့်​ဖြစ်လေသည့် ထိုခဏ၌၊ ဤကြီးစွာသော နှိုးဆော်ခြင်း​ခဏ၌၊ ကျွန်ုပ်ဦးခေါင်း အထက်တည့်တည့်တွင် နေ၏တောက်ပခြင်းထက်သာသည့် အလင်းတန်း​တစ်တန်းကို မြင်ရ၏၊ ထိုအလင်းတန်းသည် ကျွန်ုပ်အပေါ် ကျရောက်သည်​အထိ တဖြည်းဖြည်း​ဆင်းသက်​လာ၏။

၁၇ ထိုအလင်းတန်းပေါ်လာပြီး မကြာမီ၌၊ ကျွန်ုပ်ကို ချုပ်ကိုင်​ထားသည့် ရန်သူ​ထံမှ လွတ်မြောက်ခဲ့ကြောင်း ကျွန်ုပ်ကိုယ်ကျွန်ုပ် သတိ​ထားမိ၏။ ထိုအလင်း ကျွန်ုပ်​အပေါ် ကိန်းဝပ်သောအခါ၊ ဖော်ပြ၍ မရလောက်အောင်ရှိသော ရောင်ခြည်နှင့် ဘုန်းတော်​အရှင် ပုဂ္ဂိုလ်​နှစ်ပါးကို၊ ကျွန်ုပ်​အထက်လေထဲ၌ ရပ်နေသည်ကို မြင်ရ၏။ သူတို့​အထဲမှတစ်ပါးက ကျွန်ုပ်၏နာမည်ကိုခေါ်၍၊ အခြားတစ်ပါးကို ညွှန်ပြလျက်၊ ဤသူသည် ငါ၏​ချစ်သား​ပေတည်း။ သူ့ကိုနားထောင်လော့ဟု မိန့်တော်မူ၍၊ ကျွန်ုပ်ကို မြွက်ဆို၏။

၁၈ ကိုယ်တော်ရှင်ကို မေးလျှောက်ရန်​သွားခြင်း၌ ကျွန်ုပ်၏​ရည်ရွယ်ချက်မှာ အဘယ်ဂိုဏ်းသို့ ကျွန်ုပ်​ဝင်ရမည်ကို သိနိုင်ခြင်းငှာ၊ ခပ်သိမ်းသော​ဂိုဏ်းများ​ထဲမှ အဘယ်​အရာသည် မှန်ကြောင်းကို သိဖို့​ဖြစ်၏။ ထို့ကြောင့်၊ မကြာမြင့်မီတွင်၊ ကျွန်ုပ်သည် စကားပြောနိုင်ရန် သတိ​ပြန်လည်​လာသော​အခါ၊ ကျွန်ုပ်​အထက် အလင်း​ထဲ၌ ရပ်နေသော​ပုဂ္ဂိုလ်တို့အား၊ ခပ်သိမ်းသော​ဂိုဏ်းများ​ထဲမှ အဘယ်​အရာသည် မှန်ကြောင်း (အကြောင်း​မူကား၊ ဤ​အချိန်၌ ခပ်သိမ်းသော​ဂိုဏ်းများ မှားလေသည်ဟု ကျွန်ုပ်၏ စိတ်နှလုံး​ထဲသို့ မဝင်ရောက်​စဖူး​ခဲ့ပေ) နှင့် အဘယ်​ဂိုဏ်းသို့ ကျွန်ုပ်​ဝင်ရမည့်​အကြောင်းကို မေးလျှောက်၏။

၁၉ သူတို့​အထဲမှ အဘယ်​ဂိုဏ်းကိုမျှ မဝင်ရမည့်​အကြောင်း ကျွန်ုပ်ကို အဖြေ​ပေးခဲ့၏၊ အကြောင်း​မူကား၊ သူတို့အားလုံးသည် မှားလေ၏။ သူတို့၏ ခပ်သိမ်းသော ဘာသာ​အယူဝါဒများသည် သူ့အမြင်၌ စက်ဆုပ်​ရွံရှာဖွယ် ဖြစ်လေကြောင်း၊ ထို​ဓမ္မဆရာတို့သည် အားလုံး ဖောက်ပြန်ကြလေကြောင်း၊ “သူတို့သည် နှုတ်ခမ်းနှင့် ငါ့ထံသို့ ချဉ်းကပ်​ကြ၏၊ စိတ်နှလုံး​မူကား၊ ငါနှင့် ဝေးကြလေပြီ၊ လူတို့၏ ပညတ်များကို ဩဝါဒများ​အဖြစ် သွန်သင်​ကြ၏၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း ပုံစံသာ​ရှိ၍၊ ထို​မွေ့လျော်ခြင်း​တန်ခိုးကို ငြင်းဆိုကြ”ကြောင်း ကျွန်ုပ်ကို ဟောပြောသည့် ပုဂ္ဂိုလ်က မိန့်တော်မူ၏။

၂၀ သူသည် ကျွန်ုပ်အား သူတို့​အထဲမှ အဘယ်​ဂိုဏ်းကိုမျှ​မဝင်ရရန် တစ်ဖန် တားမြစ်​ပြန်၏။ များစွာသော အခြား​အရာတို့ကိုလည်း သူသည် ကျွန်ုပ်ကို မိန့်တော်မူ​လေရာ၊ ထို​အရာတို့ကို ဤ​အချိန်၌ ကျွန်ုပ်​မရေးနိုင်။ ကျွန်ုပ်သတိ ပြန်လည်​လာသော​အခါ၊ ကျွန်ုပ်မှာ ပက်လက်လန်​လဲလျက်၊ ကောင်းကင်သို့ ကြည့်လျက်သားရှိသည်ကို သတိထား​မိ၏။ အလင်း​ထွက်ခွာသွား​လေသော​အခါ ကျွန်ုပ်၌ ခွန်အား​မရှိ။ သို့ရာတွင်၊ မကြာမြင့်မီ အတော်​အသင့် ပြန်ပြည့်​လာသဖြင့် အိမ်သို့​ပြန်လာခဲ့၏။ ကျွန်ုပ်သည် မီးဖိုကို မှီ၍​နေစဉ်၊ အမေက မည်သည့်​အမှု​ဖြစ်လေကြောင်း မေး၏။ ကျွန်ုပ်ကလည်း “ကိစ္စ​မရှိဘူး၊ အားလုံး​အဆင်ပြေတယ် ကျွန်တော်ကောင်းကောင်း နေကောင်းပါတယ်”ဟု ဖြေ၏။ ထို့နောက်တွင် ကျွန်ုပ်သည် အမေအား၊ “ပရက်စ်ဘိုက်တေရီယန်​ဘာသာ မမှန်ကြောင်း ကျွန်တော်​ကိုယ်တိုင်​သိခဲ့ရပြီ” ဟုပြော၏။ ကျွန်ုပ်ဘဝ၏​အလွန်စောသော​ကာလ၌၊ မာရ်နတ်သည် ကျွန်ုပ်မှာ သူ့နိုင်ငံ​အဖို့ နှောင့်ယှက်သူနှင့် ဒုက္ခပေးသူ​အဖြစ် သက်သေပြရန် စီမံ​ခံထားရကြောင်းကို သတိ​ပြုမိ​လေသည့်​ပမာရှိ၏။ ထိုသို့​မဟုတ်လျှင်၊ မှောင်မိုက်၏​တန်ခိုးတို့သည် ကျွန်ုပ်​တစ်ဖက်၌ အဘယ်ကြောင့် ပူးပေါင်းကြ​သနည်း။ ကျွန်ုပ်​တစ်ဖက်၌ တက်လာသည့် ဆန့်ကျင်ခြင်းနှင့် ညှဉ်းဆဲခြင်းတို့သည် ကျွန်ုပ်​ကလေး​ဘဝ၌ပင် အဘယ်ကြောင့် ရှိကြ​လေသနည်း။

အချို့သော​ဟောပြောသူများနှင့် အခြားသော ဘာသာရေး​ဓမ္မဆရာတို့သည် ပထမ​ရူပါရုံအကြောင်း မှတ်တမ်းကို ငြင်းပယ်​ကြ၏—ညှဉ်းဆဲခြင်းသည် ဂျိုးဇက်​စမစ်​အပေါ်​စုပုံ၏—သူသည် ရူပါရုံ၏ အဖြစ်မှန်ကို သက်သေ​ခံ၏။ (အခန်းငယ် ၂၁–၂၆။)

၂၁ ကျွန်ုပ်သည် ဤ​ရူပါရုံကို ရရှိခဲ့ပြီးနောက် ရက်​အနည်းငယ်၌၊ ယခင်​ဖော်ပြပါ ဘာသာရေး နိုးကြားမှု၌ အလွန်တက်ကြွလေသူတစ်ဦး​ဖြစ်သည့် မက်သဒစ်​ဟောပြောသူများ​ထဲမှ တစ်ဦးနှင့် အမှတ်​မထင်​တွေ့မိ၍၊ ဘာသာရေး​အကြောင်း​အရာကို စကားပြော​ကြ၏၊ ကျွန်ုပ်သည် ရရှိခဲ့​လေသည့် ရူပါရုံ​အကြောင်း သူ့ကိုဖော်ပြရန် ဤ​အခွင့်အရေးကို ယူခဲ့၏။ ကျွန်ုပ်သည် သူ၏အပြု​အမူကို ကြီးစွာအံ့အားသင့်​မိ၏။ သူသည် ကျွန်ုပ်​စကားကို မထီမဲ့မြင်​ပြုရုံမျှ​မက၊ ကြီးစွာသော မရိုသေ​မလေးစားခြင်းနှင့်ပင်၊ ဤ​ကာလ၌ ရူပါရုံများ သို့မဟုတ် ဗျာဒိတ်တော်များ​ကဲ့သို့သောအရာများ မရှိလေကြောင်း၊ ထို​ခပ်သိမ်းသော​အရာတို့မှာ နတ်ဆိုးထံမှ​ဖြစ်ကြောင်း၊ ထိုကဲ့သို့သော​အရာ​ခပ်သိမ်းတို့သည် တမန်တော်များနှင့်​အတူ ရပ်တန့်သွား​ခဲ့လေပြီ​ဖြစ်ကြောင်း၊ ထို​အရာများ​ကဲ့သို့ နောက်ထပ်​အဘယ်တော့မျှ ရှိလိမ့်မည်​မဟုတ်ကြောင်းတို့ကို ဆို၏။

၂၂ သို့သော်လည်း၊ ကျွန်ုပ်၏ရာဇဝင်ကို ပြောပြခြင်းက၊ ဘာသာရေးဓမ္မဆရာတို့၌ ကျွန်ုပ်ကိုဆန့်ကျင်၍၊ ကြီးစွာသော ဘက်လိုက်ခြင်းကို လှုံ့ဆော်ခဲ့လေကြောင်း၊ ဆက်၍တိုးပွားသည့် ကြီးစွာသောညှဉ်းဆဲခြင်း၏ အကြောင်းရင်းလည်း ဖြစ်လေကြောင်း၊ ကျွန်ုပ်သည် မကြာမြင့်မီ တွေ့ရှိ​ခဲ့၏။ ကျွန်ုပ်မှာ အသက်တစ်ဆယ့်​လေးနှင့် တစ်ဆယ့်​ငါးနှစ်​ကြားရှိ၊ မထင်ရှားသော လူငယ်လေးတစ်ယောက် ဖြစ်၍၊ ဘဝ၌ ကျွန်ုပ်၏အခြေအနေတို့မှာ လောက​ထဲ၌ အရေး​မကြီးသော လူငယ်လေးတစ်ယောက်​အဖြစ် ရှိသော်လည်း၊ အဆင့်​အတန်းမြင့်သောလူတို့က ကျွန်ုပ်​တစ်ဖက်၌ လူထု၏စိတ်ကိုလှုံ့ဆော်ရန် ကောင်းစွာ​သတိ​ထားမိ၍၊ ခါးသည်းသော​ညှဉ်းဆဲခြင်းကို ဖန်တီးကြ၏။ ဤ​အရာမှာ ခပ်သိမ်းသော​ဂိုဏ်းတို့၌ အစဉ်​အလာ​ဖြစ်လေ၏—ခပ်သိမ်းသောသူတို့သည် ကျွန်ုပ်ကို ညှဉ်းဆဲရန် ပူးပေါင်း​ကြ၏။

၂၃ အသက်​တစ်ဆယ့်​လေးနှစ်ထက် အနည်းငယ်​ကျော်သည့် မထင်ရှားသော လူငယ်လေးတစ်ယောက်၊ မိမိ​နေ့စဉ် အလုပ်ဖြင့် ချို့တဲ့စွာ​အသက်မွေးမှုကိုရရှိရန် ကြမ္မာငင်​လေသည့်​သူလည်းဖြစ်လေသည့် သူတစ်ယောက်​အဖို့ အလွန်​ထူးဆန်း​သည်ကို ထိုအချိန်မှ​စ၍၊ ကျွန်ုပ်အား အကြိမ်ကြိမ် အလေး​အနက် တွေးတောစဉ်းစားခြင်းသို့ ရောက်စေ၏၊ ထိုကာလ၌ အကျော်ကြားဆုံး ဂိုဏ်းများမှ ကြီးမြတ်သော​သူများ၏ သတိမူခြင်းကို သူတို့​အထဲ၌ အခါးဆုံး ညှဉ်းဆဲခြင်းနှင့် ကဲ့ရဲ့ပြောဆိုခြင်း စိတ်သဘောကို ဖန်တီးသည့်​နည်းဖြင့် ဆွဲဆောင်ရန် အရေးကြီး​လောက်သောသူ​တစ်ဦး​အဖြစ် မှတ်ယူ​ခံရ​စေ၏။ သို့ရာတွင်၊ ထူးဆန်းသည်ဖြစ်စေ၊ မထူးဆန်းသည်ဖြစ်စေ ထိုအမှု​ဖြစ်လေ၏၊ ကျွန်ုပ်ကိုယ်တိုင်​အဖို့ ကြီးစွာသော​ဝမ်းနည်းခြင်း၏ အကြောင်းရင်းလည်း အကြိမ်ကြိမ်​ဖြစ်လေ၏။

၂၄ သို့သော်လည်း၊ ထိုအမှုမှာ အဘယ်သို့ပင်​ဖြစ်စေ ရူပါရုံ​တစ်ခုကို ကျွန်ုပ်​မြင်ရသည့် အဖြစ်တစ်ခု​ပေတည်း။ အဂြိပ္ပမင်းကြီး​ရှေ့၌ ပေါလု သူ၏​ချေပခြင်းကိုပြု၍၊ ထို့အတူ အလင်းကိုမြင်၍၊ အသံကိုကြားသည့်​အချိန်က သူ​ရရှိခဲ့​လေသည့် ရူပါရုံ​အကြောင်းကို ပြန်လည်၍ ပြောပြ​စဉ်ကကဲ့သို့ပင် ကျွန်ုပ်​ခံစား​မိကြောင်းကို တွေးလျက်​ရှိခဲ့၏။ သို့ရာတွင် သူ့ကိုယုံကြည်သော​သူမှာ အနည်းငယ်သာ ရှိလေ၏။ အချို့သောသူများက သူသည် မရိုးသားဟု ဆိုကြ၏၊ အခြားသောသူများက သူသည် ရူး၏ဟု ဆိုကြ၏။ သူသည်လည်း လှောင်ပြောင်​သရော်ခံရ၊ ကဲ့ရဲ့​ပြောဆို​ခံရ၏။ သို့ရာတွင် ခပ်သိမ်းသော ဤ​အရာတို့က သူ့ရူပါရုံ၏ အဖြစ်မှန်ကို မဖျက်ဆီးနိုင်။ သူသည် ရူပါရုံ​တစ်ခုကို မြင်ခဲ့ရ​လေ၏၊ ရရှိခဲ့ကြောင်းကို သူသိ၏၊ ကောင်းကင်အောက်ရှိ ခပ်သိမ်းသော ညှဉ်းဆဲခြင်းက ထိုအမှုကို တစ်မျိုး​တစ်ဖုံ မဖြစ်စေ​နိုင်ခဲ့ပေ။ သူ့ကို သေခြင်းသို့​တိုင်အောင် ညှဉ်းဆဲခဲ့ကြ​သော်လည်း၊ သူ​သိ၏၊ အလင်း​တစ်ခုကို သူ​မြင်ခဲ့ရကြောင်းနှင့် သူ့ကို​စကားပြော​နေသည့် အသံ​တစ်သံကို သူ​ကြားခဲ့ရကြောင်း၊ နှစ်ခုစလုံးကို သူ၏​နောက်ဆုံး​ထွက်သက်​အထိပင် သိ၏၊ လောက​တစ်ခုလုံးက သူ့အား တစ်မျိုး​တစ်ဖုံ စဉ်းစား​စေရန် သို့မဟုတ် ယုံကြည်​စေရန် မပြု​နိုင်ခဲ့ပေ။

၂၅ ကျွန်ုပ်​မှာလည်း ထိုကဲ့သို့ပင်​ဖြစ်လေ၏။ ကျွန်ုပ်သည် အလင်း​တစ်ခုကို အမှန်​မြင်ခဲ့​ရ၏၊ ထို​အလင်း၏ အလယ်၌လည်း ပုဂ္ဂိုလ်​နှစ်ဦးကို ကျွန်ုပ်​မြင်ခဲ့​ရ၏၊ သူတို့သည် အစစ်​အမှန်​ပြု၍ ကျွန်ုပ်ကို ဟောပြော​ခဲ့၏။ ကျွန်ုပ်သည် ရူပါရုံ​တစ်ခုကို မြင်ခဲ့ရကြောင်း ပြောဆိုခြင်းကြောင့် အမုန်းခံရ၊ ညှဉ်းဆဲ​ခံရ​သော်လည်း၊ ထိုအမှုမှာ အမှန်ပင်​ဖြစ်၏။ သူတို့က ကျွန်ုပ်အား ညှဉ်းဆဲလျက်၊ ကဲ့ရဲ့​ပြောဆိုလျက်၊ ထိုသို့​ဆိုခြင်းကြောင့် ကျွန်ုပ်​တစ်ဖက်၌ မှားယွင်းစွာ အပြစ်တကာတင်လျက် ရှိစဉ်တွင်၊ အမှန်တရားကို ပြောပြခြင်း​အတွက် ကျွန်ုပ်ကို အဘယ်ကြောင့် ညှဉ်းဆဲကြ​သနည်း၊ ကျွန်ုပ်သည် ရူပါရုံ​တစ်ခုကို အမှန်ပင်​မြင်ခဲ့​လေ၏။ ကျွန်ုပ်သည် အဘယ်သို့သောသူ​ဖြစ်၍ ဘုရားသခင်ကို ဆီးတား​နိုင်သနည်း။ လောကသည် ကျွန်ုပ်​အမှန်ပင် မြင်ခဲ့​လေသည့်​အရာကို ကျွန်ုပ်​ငြင်းဆိုစေရန် အဘယ်ကြောင့် ကြံစည်ကြ​သနည်း။ အကြောင်း​မူကား၊ ကျွန်ုပ်သည် ရူပါရုံတစ်ခုကို မြင်ခဲ့လေပြီ။ ထို​ရူပါရုံကို ကျွန်ုပ်​သိ၏၊ ဘုရားသခင်​သိတော်​မူကြောင်း​ကိုလည်း ကျွန်ုပ်​သိ၏၊ ကျွန်ုပ်​မငြင်းဆိုနိုင်၊ ငြင်းလည်း မငြင်းဆိုဝံ့။ ထိုသို့​ပြုခြင်း​အားဖြင့်ပင် ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်ပျက်​စေလိမ့်မည်၊ ပြစ်ဒဏ်​ချမှတ်ခြင်းသို့လည်း ရောက်လိမ့်မည်ဟု ကျွန်ုပ်​စိတ်နှလုံး​ထဲ၌ တွေးမိ၏။

၂၆ ကျွန်ုပ်သည် ယခုတွင် ဂိုဏ်းဂဏလောကနှင့် စပ်လျဉ်း၍ စိတ်၌ ကျေနပ်၏—ထိုဂိုဏ်းတို့အထဲမှ တစ်စုံ​တစ်ခုနှင့် ပူးပေါင်းရန်မှာ ကျွန်ုပ်​တာဝန်မဟုတ်၊ နောက်ထပ် လမ်းညွှန်ခံရသည်အထိ ဆက်၍ နေရုံသာရှိ၏။ ဉာဏ်ပညာကို လိုသောသူသည် ဘုရားသခင်ထံ တောင်းလျှင်၊ ရရှိ၏၊ ကဲ့ရဲ့ပြစ်တင်မခံရဟူသော—ယာကုပ်၏ သက်သေခံချက် မှန်ကန်ကြောင်းကို ကျွန်ုပ်တွေ့ခဲ့ရလေ၏။

မော်ရော်နိုင်းသည် ဂျိုးဇက်​စမစ်ထံသို့ ပေါ်ထွက်​လာ၏—ဂျိုးဇက်၏အမည်သည် ခပ်သိမ်းသော ပြည်သားတို့၌ အကောင်း​အားဖြင့်လည်းကောင်း၊ အဆိုး​အားဖြင့်​လည်းကောင်း ထင်ရှား​လိမ့်မည်—မော်ရော်နိုင်းသည် သူ့အား မော်မုန်ကျမ်းအကြောင်းနှင့် ကိုယ်တော်ရှင်၏ ကျရောက်လာမည့် တရား စီရင်တော်မူခြင်းများအကြောင်းကို ပြောပြ၏၊ များစွာသော ကျမ်းစာတို့ကိုလည်း ကိုးကားပြ၏—ရွှေ​ပုရပိုက်ပြားများ ဖွက်ထားသည့်နေရာကို ဖော်ပြ၏—မော်ရော်နိုင်းသည် ပရောဖက်ကို ဆက်၍ သွန်သင်၏။ (အခန်းငယ် ၂၇–၅၄။)

၂၇ ကျွန်ုပ်သည် ဘဝ၌ ကျွန်ုပ်၏ပုံမှန်​အလုပ်များကို တစ်ထောင်​ရှစ်ရာနှစ်ဆယ့်​ခုနစ်​ခုနှစ်၊ စက်တင်ဘာလ၊ နှစ်ဆယ့်​တစ်ရက်နေ့​အထိဆက်၍ လုပ်ကိုင်​ခဲ့၏၊ ရူပါရုံ​တစ်ခုကို ရရှိခဲ့​လေကြောင်း ဆက်၍ အတည်ပြု​ခဲ့သဖြင့်၊ ဘာသာတရားရှိသောသူနှင့် ဘာသာတရားမရှိသောသူ​နှစ်မျိုး​စလုံး၏ အမျိုးမျိုးသော လူတို့​လက်၌ ပြင်းထန်သော ညှဉ်းဆဲခြင်းကို အချိန်​ရှိသမျှ ခံစား​ခဲ့ရ၏။

၂၈ ကျွန်ုပ်​ရူပါရုံကို ရခဲ့လေသည့် အချိန်နှင့် တစ်ထောင်​ရှစ်ရာနှစ်ဆယ့်​သုံးခုနှစ်ကြား၌ကျသည့် အချိန်ကာလအပိုင်း​အခြားအတွင်း၌—ထိုကာလရှိ ဂိုဏ်းများ​ထဲမှ အဘယ်​တစ်ခုနှင့်မျှ မပူးပေါင်းရန် တားမြစ်​ခံရလျက်၊ အလွန်နုနယ်သော နှစ်များလည်း​ဖြစ်၍၊ ကျွန်ုပ်၏ အဆွေ​ခင်ပွန်းများလည်း ဖြစ်ဖူးသော၊ ကျွန်ုပ်ကို ကြင်နာစွာ ဆက်ဆံ​ခဲ့ကြလေသော၊ ကျွန်ုပ်​အလိမ်​ခံရသည်ဟု သူတို့​ထင်မှတ်လျှင်၊ ကျွန်ုပ်ကို ပြန်လည်ခေါ်ဆောင်ရန်၊ သင့်လျော်၍ ချစ်ခင်​ကြင်နာသော​နည်းဖြင့်၊ ကြိုးစား​အားထုတ်ခဲ့သူတို့​အားဖြင့် ညှဉ်းဆဲခြင်း​ကိုလည်း ခံရ​သဖြင့်—ကျွန်ုပ်သည် အမျိုးမျိုးသော သွေးဆောင် ဖြားယောင်းခြင်းတို့ အောက်၌ ရောက်လေ၏။ ထို့အတူ၊ အမျိုးမျိုးသော အဖွဲ့များနှင့်လည်း ရောနှော​ခဲ့၏၊ ကျွန်ုပ်သည် မိုက်မဲသည့် မှားယွင်းမှု​များစွာ​ထဲသို့ မကြာခဏ​လဲကျ​ခဲ့၏၊ ငယ်ရွယ်သူတို့၏ အားနည်းချက်၊ ထို့အတူ လူသား၏ ချို့ယွင်းချက် သဘောကိုလည်း ဖော်ပြ​ခဲ့၏။ ထိုအရာတို့မှာ၊ ကျွန်ုပ်ကို အထူးထူး အပြားပြားသော သွေးဆောင်ဖြားယောင်းခြင်း​ထဲသို့ ပို့ဆောင်ကြောင်း ကျွန်ုပ်​ပြောရသည်ကို ဝမ်းနည်း၏၊ ဘုရားသခင်၏အမြင်၌ ဆိုးရွား​ပေ၏။ ဤ​အပြစ်များ ဝန်ခံခြင်းကို ပြုရာ၌၊ ကျွန်ုပ်ကို အဘယ်​ကြီးစွာသော သို့မဟုတ် ထိခိုက်​ပျက်စီး​စေသော အပြစ်များကြောင့် အပြစ်ရောက်သည်ဟု အဘယ်သူမျှ မယုံကြည်ရ။ ထိုကဲ့သို့သော​အပြစ်ကို ကျူးလွန်ဖို့ စိတ်ညွတ်ခြင်းမှာ ကျွန်ုပ်၏​သဘော၌ အဘယ်တုန်း​ကမျှ​မရှိ။ သို့ရာတွင် ကျွန်ုပ်သည် စိတ်ပေါ့ခြင်းကြောင့် အပြစ်​ရောက်၏၊ ကျွန်ုပ် ခေါ်သွင်းခံခဲ့ရ​သကဲ့သို့ပင်၊ ဘုရားသခင်၏ ခေါ်သွင်း​ခံရ​လေသူတစ်ဦး ထိန်းသိမ်းသင့်သည့် ဂုဏ်သိက္ခာနှင့်မညီသည့် ရွှင်မြူးသောအပေါင်း​အဖော်၊ အစရှိသည်တို့နှင့် တစ်ခါ​တစ်ရံ၌ သင်းဖွဲ့​ခဲ့၏။ သို့ရာတွင်၊ ဤ​အမှုမှာ ကျွန်ုပ်၏ ငယ်ရွယ်စဉ်ဘဝကို သတိရသည့်သူ၊ ထို့အတူ ကျွန်ုပ်၏ ပင်ကိုယ်​မြူးကြွရွှင်ပြသော​စိတ်နေ​သဘောထားနှင့် ကျွမ်းဝင်သည့်သူ အဘယ်သူ့အတွက်​မဆို အလွန်​ထူးဆန်းသည့်ဟန် ရှိမည်​မဟုတ်ပေ။

၂၉ ဤအရာတို့၏ အကျိုးဆက်အဖြစ်၊ ကျွန်ုပ်သည် ကျွန်ုပ်၏အားနည်းချက်နှင့် မစုံလင်မှုများ အတွက် ပြစ်ဒဏ်​ချမှတ်​ခံရသည်ဟု အကြိမ်ကြိမ် ခံစား​မိ၏။ အထက်​ဖော်ပြပါ စက်တင်ဘာ နှစ်ဆယ့်တစ်ရက်နေ့ ညဉ့်ဦးအချိန်၌၊ ထိုညဉ့်​အဖို့ အိပ်ရာ​ဝင်ခဲ့လေပြီးနောက်၊ ကျွန်ုပ်၏ ခပ်သိမ်းသော အပြစ်များနှင့်မိုက်မဲခြင်းတို့​အဖို့ ခွင့်လွှတ်ခြင်းအတွက်၊ ထို့အတူ ကျွန်ုပ်၏ အခြေအနေနှင့် ရှေ့တော်၌ ရပ်တည်မှုတို့ကို သိနိုင်ခြင်းငှာ၊ ကျွန်ုပ်ထံသို့ ထင်ရှားစွာပြခြင်း အတွက်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ကျွန်ုပ်ကိုယ်တိုင် ဆုတောင်းခြင်းနှင့် ပတ္ထနာပြုခြင်းဖြင့် ဆက်ကပ်၏။ အကြောင်း​မူကား၊ ကျွန်ုပ်သည် ယခင်က​ရရှိခဲ့​လေသည့်​အတိုင်း၊ မြင့်မြတ်သော ထင်ရှားစွာ​ပြခြင်းကိုရရှိမည်ဟု စိတ်ချ​ယုံကြည်ခြင်း အပြည့်​ရှိ၏။

၃၀ ကျွန်ုပ်သည် ဘုရားသခင်အား ထိုကဲ့သို့ ပတ္ထနာ​ပြုလျက်​ရှိစဉ်တွင်၊ ကျွန်ုပ်၏​အခန်း​အတွင်း၌ အလင်း​ရောင်တစ်ခု ထွက်​ပေါ်လာသည်ကို တွေ့ရှိ​ရ၏။ ထိုအလင်း​ရောင်သည် အခန်းကို မွန်းတည့်​ချိန်မှာ​ထက် သာ၍​လင်းလေသည့်​တိုင်အောင် ဆက်၍​ဖြာ​ထွက်၏။ ထို့နောက်တွင်၊ ကျွန်ုပ်၏​အိပ်ရာ​ဘေး၌ ပုဂ္ဂိုလ်​တစ်ဦး ရုတ်တရက်​ပေါ်ထွက်​လာပြီး၊ လေထဲတွင်​ရပ်နေ၏။ အကြောင်း​မူကား၊ သူ၏​ခြေထောက်များသည် ကြမ်းပြင်နှင့် မထိပေ။

၃၁ သူသည် အထူးကဲဆုံး​အဖြူရောင်​ဝတ်ရုံ​ပွပွကို ဝတ်ဆင်​ထား၏။ ထို​အရာသည် မြေကြီး​ပေါ်တွင် ကျွန်ုပ်​မြင်ဖူး​သမျှသော​အရာများထက် သာလွန်သော အဖြူရောင်​ဖြစ်၏။ မြေကြီး​အရာ​တစ်စုံ​တစ်ခု​ကိုမျှ ထိုကဲ့သို့ အလွန်​ဖြူပြီး တောက်ပ​လာစေခြင်းငှာ ပြုနိုင်မည်​မဟုတ်သည်ကိုလည်း ကျွန်ုပ်​ယုံကြည်​ပါ၏။ သူ၏​လက်နှင့် လက်ဖျံတို့​သည်လည်း လက်ကောက်​ဝတ်​အပေါ်​အထိ ဗလာကျင်းလျက်​ရှိ၏။ သူ၏​ခြေတို့သည်လည်း ခြေထောက်များ​ကဲ့သို့ပင် ခြေချင်း​ဝတ်​အထက်​အနည်းငယ်​အထိ ဗလာကျင်းလျက်​ရှိ၏။ သူ၏​ဦးခေါင်းနှင့် လည်ပင်းတို့သည်လည်း၊ ဖုံးအုပ်​မထားဘဲ​ရှိ၏။ သူ့တွင် ဤ​ဝတ်ရုံ​မှတစ်ပါး အခြား​အဝတ်​မရှိသည်ကို ကျွန်ုပ်​တွေ့ရ၏။ ထိုဝတ်ရုံမှာ ပွင့်လျက်​ရှိသဖြင့် ကျွန်ုပ်သည် သူ၏​ရင်အုပ်ကို မြင်နိုင်၏။

၃၂ သူ၏​ဝတ်ရုံသည်သာလျှင် အလွန်​ဖြူသည်​မဟုတ်ဘဲ သူ၏​တစ်ကိုယ်လုံးသည်လည်း မဖော်ပြနိုင်​လောက်အောင် အသရေထင်ရှားပြီး၊ သူ၏​မျက်နှာ​ထားမှာ လျှပ်စီးလက်ခြင်းနှင့် အမှန်ပင်​တူပေ၏။ အခန်းသည် အလွန်​လင်းသော်လည်း သူ့​ကိုယ်ခန္ဓာ​တစ်ဝိုက်တွင်​မျှလောက် အလွန်​မတောက်ပပေ။ ကျွန်ုပ်သည် သူ့ကို ကြည့်မြင်စက ကြောက်လန့်​သော်လည်း၊ မကြာမြင့်မီတွင် ကြောက်ခြင်းသည် ကျွန်ုပ်ကို စွန့်ခွာ​သွား၏။

၃၃ ကျွန်ုပ်၏​နာမည်ကို​ခေါ်၍ ပြောကြားသည်မှာ သူသည် ဘုရားသခင်၏​မျက်မှောက်တော်မှ ကျွန်ုပ်ထံသို့ စေလွှတ်တော်မူသည့် တမန်တော်​တစ်ပါး​ဖြစ်ကြောင်း၊ သူ၏​အမည်မှာ မော်ရော်နိုင်း​ဖြစ်ကြောင်း၊ ကျွန်ုပ်​လုပ်ဆောင်စေဖို့ရာ အလုပ်​တစ်ခု ဘုရားသခင်၌ ရှိတော်မူကြောင်း၊ ကျွန်ုပ်၏​အမည်ကို ခပ်သိမ်းသော​ပြည်သား၊ ဆွေမျိုးစုနှင့် အသီးသီး​ဘာသာစကားကို​ပြောသူတို့၌ အကောင်း​အားဖြင့်​လည်းကောင်း၊ အဆိုး​အားဖြင့်​လည်းကောင်း တွေး​ထင်ကြလိမ့်မည်​ဖြစ်ကြောင်း၊ သို့မဟုတ်၊ ထိုအမည်ကို ခပ်သိမ်းသော​လူမျိုးတို့၌ အကောင်းနှင့်​အဆိုး​နှစ်မျိုးစလုံး ပြောဆိုကြ​လိမ့်မည်​ဖြစ်ကြောင်း​ပေတည်း။

၃၄ ရွှေ​ပုရပိုက်ပြားများ​ပေါ်တွင် ရေးထားပြီး၊ ဤတိုက်၌ ယခင်က​နေထိုင်ကြသော​သူများနှင့် သူတို့​ပေါက်ဖွား​ခဲ့ရာ​အရပ်တို့​အကြောင်း မှတ်တမ်း​ပါဝင်လျက်​ရှိသည့် မြှုပ်ထားသော ကျမ်း​တစ်ကျမ်း​ရှိလေကြောင်း သူဆို၏။ ထို့အတူ သူ​ဆိုလေသည်ကား၊ ကယ်တင်ရှင်မှ ရှေးက​နေထိုင်သော​သူများ​ထံသို့ ပေးအပ်​တော်မူသည့် ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်​အပြည့်အစုံ ထိုကျမ်း၌​ပါဝင်ကြောင်း​ဖြစ်၏။

၃၅ ထို့အတူ၊ သူဆိုသည်ကား၊ ငွေကိုင်းများထဲ၌ ကျောက်နှစ်လုံး ရှိလေကြောင်း—ဤကျောက်တို့ကို ရင်အုပ်​တန်ဆာ၌​ချည်နှောင်ထားပြီး၊ ဥရိမ်နှင့် သုမိမ်ဟု​ခေါ်၍—ရွှေ​ပုရပိုက်ပြားများနှင့်​အတူ မြှုပ်ထားကြောင်း၊ ဤ​ကျောက်များကို ပိုင်ဆိုင်၍ အသုံး​ပြုသောသူများကို ‘မြင်သောသူများ’ဟု ရှေး​သို့မဟုတ် ယခင်​အချိန်က ခေါ်ကြကြောင်း၊ ထို​ကျမ်းကို ဘာသာပြန်ခြင်း​တည်းဟူသော ရည်ရွယ်ချက်​အတွက် ဤ​ကျောက်တို့ကို ဘုရားသခင်​ပြင်ဆင်​ပေးထားတော်မူကြောင်းတို့​ဖြစ်၏။ …

၃၆ ဤ​အရာတို့ကို ကျွန်ုပ်အား ပြောပြပြီး​နောက်၊ သူသည် ဓမ္မဟောင်းကျမ်းမှ ပရောဖက်ပြု ဟောချက်များအား ကိုးကားခြင်းကို စတင်​ခဲ့၏။ ပထမတွင် မာလခိ​တတိယ​အခန်းကြီးမှ အချို့ကို ကိုးကား​ခဲ့၏။ ကျွန်ုပ်တို့၏​သမ္မာကျမ်းမှ ရေးထားပုံနှင့် အနည်းငယ်​အပြောင်း​အလဲ ရှိသော်လည်း၊ အလားတူ​ပရောဖက်ပြု​ဟောချက်၏ စတုတ္ထ သို့မဟုတ် နောက်ဆုံး​အခန်းကြီးကိုလည်း ကိုးကား​ခဲ့၏။ ကျွန်ုပ်တို့၏ ကျမ်းများ၌ ရေးထားသည့်​အတိုင်း ပထမ​အခန်းငယ်ကို ကိုးကားခြင်း​အစား၊ အောက်ပါ​ကဲ့သို့ ကိုးကား​ခဲ့၏။

၃၇ အကြောင်း​မူကား၊ ရှုလော့၊ မီးဖို၌ လောင်မြိုက်​သကဲ့သို့ လောင်မြိုက်သော​ကာလ ကျ​ရောက်​လာ​လိမ့်မည်။ ထိုမှ​တစ်ပါး၊ မာန​ကြီးသော​သူ​အပေါင်းနှင့် ဆိုးညစ်စွာ​ပြုသောသူ​အပေါင်းတို့သည် ရိုး​ပြတ်ကဲ့သို့ လောက်မြိုက်ကြလိမ့်မည်။ အကြောင်း​မူကား၊ ရောက်​လာသည့် သူတို့သည် ထိုသူတို့ကို လောင်မြိုက်​စေသဖြင့်၊ အရင်း​အဖျားမျှ ချန်​ထားလိမ့်မည်​မဟုတ်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်​တော်မူ၏။

၃၈ ထိုမှ​တစ်ဖန်၊ ပဉ္စမ​အခန်းငယ်ကို အောက်ပါ​ကဲ့သို့ ကိုးကား​ခဲ့၏။ ရှုလော့၊ ကိုယ်တော်ရှင်၏ ကြီးစွာသော ကြောက်မက်ဖွယ်​နေ့ မကျရောက်​လာမီ၊ ငါသည် သင်တို့အား ယဇ်ပုရောဟိတ်​အခွင့်ကို ပရောဖက်​ဧလိယ၏ လက်အားဖြင့် ဖော်ပြမည်။

၃၉ နောက်အခန်းငယ်ကိုလည်း ကွဲပြားစွာ ကိုးကား​ခဲ့၏။ ဘိုးဘေးတို့ထံ​ပြုထားသည့် ကတိတော်များကို သားမြေးတို့၏ စိတ်နှလုံး၌ သူစိုက်​လိမ့်မည်။ သားမြေးတို့၏​စိတ်နှလုံးသည် သူတို့၏​ဘိုးဘေးတို့ထံ လှည့်​လိမ့်မည်။ ထိုသို့​မဟုတ်လျှင် မြေကြီး​တစ်ခုလုံးသည် သူကြွလာတော်မူ​သည့်အခါ ရှင်းရှင်း​ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။

၄၀ ဤ​အရာများသို့ ထပ်လောင်း၍၊ ပြီးပြည့်စုံ​စေလုနီးပြီဖြစ်သည့် ဟေရှာယ​အခန်းကြီး တစ်ဆယ့်​တစ်ကိုလည်း သူ​ကိုးကား​ခဲ့၏။ တမန်တော်​ဝတ္ထု​တတိယ​အခန်းကြီး၊ အခန်းငယ် နှစ်ဆယ့်​နှစ်နှင့် နှစ်ဆယ့်သုံးကိုလည်း၊ ကျွန်ုပ်တို့၏ ဓမ္မသစ်ကျမ်း၌​ဆိုလေသည့်​အတိုင်း အတိ​အကျ ကိုးကား​ခဲ့၏။ ထိုပရောဖက်မှာ ခရစ်တော်​ဖြစ်ကြောင်း၊ သို့ရာတွင် “သူ့အသံကို မကြားလိုသည့်သူများ လူမျိုးတို့၌ ပယ်ရှင်းခံရမည့်နေ့ မကျရောက်လာသေး၊” သော်လည်း မကြာမြင့်မီ ကျရောက်လာမည့်အကြောင်း မိန့်တော်မူ​ခဲ့၏။

၄၁ သူသည် ယောလ ဒုတိယ​အခန်းကြီး၊ အခန်းငယ် နှစ်ဆယ့်ရှစ်မှ နောက်ဆုံး​အထိကိုလည်း ကိုးကား​ခဲ့၏။ ဤ​ဟောပြောချက်မှာ ပြီးပြည့်စုံစေခြင်း​မရှိသေး​သော်လည်း၊ မကြာမြင့်မီ ပြီးပြည့်စုံ စေတော့မည့်အကြောင်းကိုလည်း ဟောပြော​ခဲ့၏။ တစ်ပါးအမျိုးသားတို့၏ပြည့်စုံခြင်း မကြာမြင့်မီ ဝင်ရောက်​လာတော့မည့်အကြောင်းကိုလည်း နောက်ထပ်၍​ဖော်ပြခဲ့၏။ ကျမ်းစာမှ အခြား​ကျမ်းပိုဒ် များစွာကို ကိုးကား​ခဲ့၏၊ ဤ​နေရာ၌ ဖော်ပြ၍​မရနိုင်သည့် ရှင်းပြချက်​များစွာကိုလည်း ပံ့ပိုးပေး​ခဲ့၏။

၄၂ ထိုမှ​တစ်ဖန်၊ ကျွန်ုပ်ကို သူ​ပြောပြသည်မှာ ကျွန်ုပ်သည် သူပြောလေသည့် ထိုပုရပိုက်ပြားများကို​ရလျှင်—ထိုအရာတို့ကို ရယူ​ရမည့်​အချိန်သည် ပြီးပြည့်စုံခြင်းသို့ မရောက်သေး၍—ထိုအရာတို့ကို​ပြရဖို့ ကျွန်ုပ်ကို ကိုယ်တော်ရှင်​မိန့်မှာတော်မူမည့်​သူတို့မှ​တစ်ပါး အဘယ်သူ့​ကိုမျှ မပြရမည့်​အကြောင်း၊ ဥရိမ်နှင့် သုမိမ်တို့နှင့်​အတူ၊ ရင်အုပ်​တန်ဆာတို့​ကိုလည်း မပြရမည့်​အကြောင်း၊ ကျွန်ုပ်သည်​ပြလျှင် ဖျက်ဆီး​ခံရမည့်​အကြောင်း​ဖြစ်၏။ သူနှင့်ကျွန်ုပ် ထိုပုရပိုက်ပြားများ​အကြောင်းကို ပြောဆိုလျက်​ရှိစဉ်တွင်၊ ရူပါရုံကို ကျွန်ုပ်၏​စိတ်၌​ဖွင့်ပေး​သဖြင့်၊ ကျွန်ုပ်သည် ပုရပိုက်ပြားများ မြှုပ်ထားသော နေရာကို​မြင်နိုင်ပြီး၊ ထိုသို့​မြင်ရခြင်းမှာ အလွန်​ရှင်းလင်း​ပြတ်သား​သဖြင့်၊ ကျွန်ုပ်သည် သွားရောက်သော​အခါ ထိုနေရာကို တစ်ဖန်​သိရ၏။

၄၃ ဤသို့စကား​ပြောဆို​ပြီးနောက်တွင် အခန်း​အတွင်း​ရှိ​အလင်းသည် ကျွန်ုပ်ကို​စကား​ပြောနေသော​သူ၏ကိုယ်​ခန္ဓာ​တစ်ဝိုက်တွင် စုဝေး​စပြု၍၊ သူ၏​ဘေးပတ်လည်၌​မှတစ်ပါး အခန်းကို တစ်ဖန်​မှောင်၍​ကျန်ခဲ့သည့်​တိုင်အောင် ဆက်၍​စုဝေးသည်ကို ကျွန်ုပ်​မြင်၏။ ထို့နောက်တွင်၊ ကျွန်ုပ်​မြင်သော​ခဏ၌ ထိုအလင်းသည် ကောင်းကင်ဘုံ​တည့်တည့်သို့​သွယ်တန်းသည့် ပြွန်ကဲ့သို့​ဖြစ်၏၊ သူသည်လည်း လုံးဝ​ကွယ်ပျောက်​သွားသည့်​တိုင်အောင် တက်သွား၏၊ အခန်းသည်လည်း ဤကောင်းကင်ဘုံရှင်​အလင်း မရောက်မီက​ရှိလေသကဲ့သို့ပင် ကျန်ရစ်လေ၏။

၄၄ ကျွန်ုပ်သည် လဲလျောင်း၍ ထိုမြင်ကွင်း၏​ထူးခြား​ဆန်းကြယ်မှုကို တွေးတောနေမိပြီး၊ ကျွန်ုပ်အား သာမန်ထက်​သာလွန်သော ဤတမန်တော်​ပြောပြသည့်​အရာကို ကြီးစွာ​အံ့ဩလျက်​ရှိ၏။ ထို့နောက်တွင်၊ ကျွန်ုပ်​ဆင်ခြင်​အောက်မေ့လျက်​ရှိစဉ်တွင်၊ ကျွန်ုပ်၏​အခန်းမှာ တစ်ဖန်​ထွန်းလင်း​စပြုလျက်​ရှိသည်ကို ကျွန်ုပ်​ရုတ်တရက် တွေ့​ရှိရပြီး၊ ချက်ချင်းပင်၊ ကျွန်ုပ်၏​အိပ်ရာဘေး၌ ထိုကောင်းကင်ဘုံရှင်​တမန်တော် တစ်ဖန်​ရောက်လာပြန်၏။

၄၅ သူသည် စတင်၍​ဟောပြောလျက်၊ ပထမ​အကြိမ်​အကြည့်​အရှု​ကြွရောက်စဉ်က သူပြုခဲ့သည့် အလွန်​ထပ်တူ​ထပ်မျှ​ဖြစ်သော​အရာတို့ကို အနည်းငယ်မျှပင် အပြောင်း​အလဲ​မရှိဘဲ တစ်ဖန်​ပြန်လည်၍​ပြောပြ၏။ သူသည် ထိုသို့​ပြုပြီးလျှင်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ဓားဘေးနှင့် ကာလ​နာဘေးတို့​အားဖြင့် ကြီးစွာသော လူဆိတ်ညံခြင်းတို့နှင့်​အတူ မြေကြီး​ပေါ်သို့ ကျရောက်​လာမည့် ကြီးစွာသော​တရား​စီရင်တော်မူခြင်းများ​အကြောင်း၊ ထို့အတူ ဤ​ပြင်းထန်သော​တရား​စီရင်တော်မူခြင်းများသည် ယခု​မျိုးဆက်၌ မြေကြီး​ပေါ်သို့ ကျရောက်မည်​ဖြစ်ကြောင်း ကျွန်ုပ်ကို ပြောပြ၏။ သူသည် ဤ​အရာတို့ကို ပြန်လည်၍ ပြောပြလေ​ပြီးနောက် ယခင်​ပြုလေ​သကဲ့သို့ပင် တစ်ဖန်​တက်သွား​ပြန်၏။

၄၆ ဤ​အချိန်တွင်၊ ကျွန်ုပ်၏​စိတ်၌ ဖြစ်ပေါ်သည့် ထင်မြင်ချက်တို့မှာ အလွန်​လေးနက်​သဖြင့်၊ အိပ်ခြင်းသည် ကျွန်ုပ်၏​မျက်စိတို့မှ ထွက်ပြေး၍၊ ကျွန်ုပ်သည် မြင်ရ၊ ကြားရ​လေသော​အရာတို့၌ အံ့ဩမှုဖြင့်​မွန်း၍၊ လဲလျောင်း၏။ သို့ရာတွင်၊ ကျွန်ုပ်သည် ထို​တစ်ပါးတည်းသော​တမန်တော်ကို ကျွန်ုပ်​အိပ်ရာ​ဘေး၌ တစ်ဖန်​မြင်တွေ့ရသော​အခါ ကြီးစွာ​အံ့ဩ၏။ ကျွန်ုပ်အား ယခင်က​အတိုင်း ထိုတူသော​အရာတို့ကိုပင် အကြိမ်ကြိမ်​ထပ်ပြီး၊ ပြန်၍​ပြောပြသည်ကိုလည်း ကြားနာ​ရ၏။ (ကျွန်ုပ်​အဘ​မိသားစု၏ ဆင်းရဲ​နွမ်းပါးသော​အခြေအနေတို့၏ အကျိုး​ဆက်​အဖြစ်) ကြွယ်ဝ​ခြင်းငှာ​ဟူသော​ရည်ရွယ်ချက်ဖြင့် ပုရပိုက်ပြားများကို ရယူ​စေရန်၊ စာတန်က ကျွန်ုပ်ကို သွေးဆောင်​ဖြားယောင်းရန် ကြိုးစား​လိမ့်မည့်​အကြောင်း သူက ကျွန်ုပ်ကို​ပြောပြလျက် ထပ်၍​သတိပေး၏။ ဤသို့​ပြုခြင်းမှ ကျွန်ုပ်ကို သူ​တားမြစ်ပြီး၊ ဆိုလေသည်မှာ၊ ကျွန်ုပ်သည် ပုရပိုက်ပြားများကို ရယူ​ရာ၌ ဘုရားသခင်ကို ချီးမွမ်းရန်​မှတစ်ပါး၊ အခြား​အဘယ်​ရည်ရွယ်ချက်မျှ မရှိရမည့်​အကြောင်းနှင့် သူ၏​နိုင်ငံတော်ကို တည်ဆောက်ခြင်းထက် အခြားသော အဘယ်​အကြောင်းရင်း၏​လွှမ်းမိုးမှု​ကိုမျှ မခံရမည့်​အကြောင်း၊ သို့မဟုတ်လျှင်၊ ကျွန်ုပ်သည် ထို​အရာတို့ကို မရယူ​နိုင်မည့်​အကြောင်း​ပေတည်း။

၄၇ ဤ​တတိယ​အကြိမ် အကြည့်​အရှု​ကြွေရောက်​ပြီးနောက်တွင်၊ သူသည် ယခင်က​ကဲ့သို့ပင် ကောင်းကင်ဘုံသို့ တစ်ဖန်​တက်သွား​သဖြင့်၊ ကျွန်ုပ်သည်လည်း​တွေ့ကြုံ​ရသည့် ထူးဆန်းခြင်းကို တစ်ဖန်​မှတ်ကျုံး၍၊ စဉ်းစား​ဆင်ခြင်လျက် ကျန်ရစ်၏။ ထို့နောက်တွင်၊ ကျွန်ုပ်ထံမှ ကောင်းကင်ဘုံရှင်​တမန်တော် တတိယ​အကြိမ်​တက်​သွားပြီး​လျှင်ပြီးချင်းပင် ကြက်တွန်၍၊ နေ့​အချိန်​နီးကပ်​လာလေပြီ​ဖြစ်ကြောင်းကို ကျွန်ုပ်​တွေ့​ရှိရ၏။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏​တွေ့ဆုံ​ပြောဆိုခြင်းမှာ ထို​တစ်ညလုံး​ကြာ​မြင့်​လေ၏။

၄၈ အချိန်​အနည်းငယ်​ကြာ​ပြီးနောက်၊ ကျွန်ုပ်သည် အိပ်ရာမှ​ထ၍ ပြု​နေကျ​အတိုင်းပင် တစ်နေ့​တာ​လုပ်ရမည့်​အလုပ်များကို လုပ်ခြင်းငှာ​သွား၏။ သို့ရာတွင်၊ အခြားသော​အချိန်များမှာ​ကဲ့သို့ အလုပ်​လုပ်ခြင်းငှာ​ကြိုးစား​ရာ၌၊ ကျွန်ုပ်သည် ခွန်အား​အလွန်​ကုန်ခန်း​သည်ကို တွေ့ရှိ၍ လုံးဝ​အလုပ်​မလုပ်​နိုင်ဘဲ​ရှိလေ၏။ ကျွန်ုပ်နှင့်​အတူ​တကွ အလုပ်​လုပ်လျက်​ရှိသည့် ကျွန်ုပ်၏​အဘသည် ကျွန်ုပ်၌​တစ်စုံ​တစ်ခု မှားယွင်း​နေသည်ကို သတိထား​မိပြီး၊ နေအိမ်သို့​ပြန်ရန် ကျွန်ုပ်ကို​ပြော၏။ ကျွန်ုပ်သည်လည်း အိမ်သို့​ပြန်မည်​ဟူသော​ရည်ရွယ်ချက်ဖြင့် ထွက်ခဲ့၏။ သို့ရာတွင်၊ ကျွန်ုပ်တို့​ရှိနေသော​လယ်ကွင်း၏ ခြံစည်းရိုးကို ဖြတ်ကျော်ရန်​ကြိုးစား​ရာ၌ ကျွန်ုပ်၏​ခွန်အားများ​လုံးဝ​ကုန်ခန်း​သွား၍၊ ဘာမျှ​မလုပ်နိုင်ဘဲ​မြေကြီး​ပေါ်သို့​လဲကျ​သွားပြီး၊ အဘယ်​အရာ​ကိုမျှ​မသိဘဲ အချိန်​အနည်းငယ် သတိ​လစ်​သွား၏။

၄၉ ကျွန်ုပ်​ပြန်လည်၍​သတိရသည့် ပထမ​ဆုံးသော​အရာမှာ ကျွန်ုပ်၏​နာမည်ကို​ခေါ်လျက် ကျွန်ုပ်ကို စကား​ပြောနေသော​အသံ​တစ်သံ​ဖြစ်၏။ ကျွန်ုပ်​မော့ကြည့်လျှင်၊ ယခင်က​ကဲ့သို့ပင် အလင်း ဝန်းရံလျက်​ရှိသည့် ထို​တစ်ပါးတည်းသော​တမန်တော်ကို ကျွန်ုပ်​ဦးခေါင်း​အထက်၌ ရပ်လျက်​ရှိသည်ကို မြင်ရ၏။ ထို့နောက်တွင်၊ သူသည် မနေ့​ညက​ပြန်လည်၍ ပြောပြသော​အရာ​အားလုံးတို့ကို ကျွန်ုပ်အား တစ်ဖန်​ပြန်လည်၍ ပြောပြပြီး၊ ကျွန်ုပ်​လက်ခံ​ရရှိသည့် ရူပါရုံနှင့် မိန့်မှာချက်များ​အကြောင်းကို ကျွန်ုပ်၏​အဘ​ထံသို့​သွား၍​ပြောပြဖို့ မိန့်မှာ၏။

၅၀ ကျွန်ုပ်သည် နာခံ၍ လယ်ကွင်းထဲရှိ ကျွန်ုပ်​အဘဆီသို့ ပြန်​သွားပြီး၊ ထိုအမှု​တစ်ခုလုံးကို ပြောပြ၏။ သူကလည်း ထို​အမှုသည် ဘုရားသခင်​ထံမှ​ဖြစ်ကြောင်း ကျွန်ုပ်ကို ပြန်ပြောလျက်၊ တမန်တော်​မိန့်မှာသည့်​အတိုင်း သွား၍​ပြုရန် ကျွန်ုပ်ကို ပြော၏။ ကျွန်ုပ်သည် လယ်ကွင်းမှ​ထွက်ခွာ၍၊ ပုရပိုက်ပြားများကို မြှုပ်ထားသည့်​နေရာ​တည်းဟူသော၊ ကျွန်ုပ်ကို တမန်တော်​ပြောပြလေသည့်​နေရာသို့ သွား၏။ ထိုနေရာနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​ရရှိသည့် ရူပါရုံ၏​ပြတ်သားခြင်းကြောင့်၊ ကျွန်ုပ်သည် ထိုအရပ်သို့​ရောက်သော​အချိန်တွင် ထိုနေရာကို ချက်ချင်း​သိ၏။

၅၁ နယူးယောက်​ပြည်နယ်၊ အွန်တာရီရို​ခရိုင်၊ မန်ချက်စတာ​ရွာနှင့်​အနီးတွင် အတော်ကြီးသည့် တောင်ကုန်း​တစ်ခု​ရှိပြီး၊ ထို​အနီး​အနား​ပတ်ဝန်းကျင်ရှိ​အရာ​အားလုံးတို့ထက် အမြင့်ဆုံး​နေရာ​ဖြစ်၏။ ထို​တောင်ကုန်း၏​အနောက်ဘက်ပိုင်း၊ တောင်ထိပ်မှ မဝေးသည့်​နေရာရှိ အတော်ကြီးသည့် ကျောက်တုံး၏​အောက်တွင်၊ ပုရပိုက်ပြားများ​တည်ရှိပြီး၊ ကျောက်​သေတ္တာထဲ၌​ထည့်၍၊ မြှုပ်ထား၏။ ဤ​ကျောက်တုံးသည် အပေါ်​ပိုင်းတွင် အလယ်၌ ထူ၍​လုံးဝန်းလျက်၊ အစွန်း​ပိုင်းများဆီသို့ ပါး၍​သွား၏။ ထို့ကြောင့်၊ ကျောက်တုံး၏​အလယ်ပိုင်းကို မြေကြီး​ပေါ်၌ မြင်ရသော်လည်း၊ ပတ်လည်ရှိ​အစွန်းပိုင်းတို့ကို မြေကြီးဖြင့်​ဖုံးကွယ်​ထား၏။

၅၂ ကျွန်ုပ်သည် မြေကြီးကို​ဖယ်ရှားပြီးသော​အခါ၊ ကုတ်တံ​တစ်ချောင်းကို​ရှာ၍၊ ကျောက်တုံး၏​အစွန်း​အောက်သို့ ထိုးလျက် အနည်းငယ်​အားစိုက်ပြီး မ၏။ အတွင်းသို့ ကျွန်ုပ်​ကြည့်ရာ တမန်တော်​ပြောသည့်​အတိုင်းပင်၊ ပုရပိုက်ပြားများ၊ ဥရိမ်နှင့် သုမိမ်၊ ရင်အုပ်​တန်ဆာတို့ကို အသေ​အချာ​မြင်ရ၏။ ထိုအရာတို့​တည်ရှိ​နေသည့် သေတ္တာမှာ ကျောက်များကို အင်္ဂတေ​တစ်မျိုးနှင့်​အတူ​စပ်၍​ပြုလုပ်​ထားခြင်း​ဖြစ်၏။ သေတ္တာ၏​အောက်ခြေတွင်၊ ကျောက်တုံး​နှစ်တုံးကို သေတ္တာ၏​အလျားနှင့် ကန့်လန့်​ဖြတ်ချ​ထားပြီး၊ ဤ​ကျောက်တုံးများပေါ်၌ ပုရပိုက်ပြားများကို အခြား​ပစ္စည်းများနှင့်​အတူ ချထား၏။

၅၃ ကျွန်ုပ်သည် ထိုပုရပိုက်ပြားတို့ကို ထုတ်ယူခြင်းငှာ ကြိုးစားသော်လည်း၊ တမန်တော်၏​တားမြစ်ခြင်းကို​ခံရပြီး၊ ထိုအရာတို့ကို ထုတ်ယူဖို့​အချိန်သည် မကျရောက်​သေးကြောင်းနှင့် ထိုအချိန်မှ​စ၍ လေးနှစ်​ကြာသည်​အထိ ကျရောက်လိမ့်မည်​မဟုတ်ကြောင်း တစ်ဖန်​မိန့်ကြားခြင်းကို ခံရ၏။ သို့ရာတွင်၊ ကျွန်ုပ်ကို သူ​ပြောပြသည်မှာ၊ ထိုအချိန်မှ​စ၍ တစ်နှစ်​တိတိ​ကြာလျှင်၊ ထိုနေရာသို့ ကျွန်ုပ်​လာရမည့်​အကြောင်း၊ သူသည်လည်း ထိုနေရာ၌ ကျွန်ုပ်နှင့်​တွေ့ဆုံမည့်​အကြောင်း၊ ပုရပိုက်ပြားများကို ရယူခြင်း​အတွက် အချိန်​ကျရောက်​လာသည်​အထိ ကျွန်ုပ်​ထိုကဲ့သို့ ဆက်၍​ပြုရမည့်​အကြောင်းတို့​ပေတည်း။

၅၄ ထို့ကြောင့်၊ မိန့်မှာ​ထားသည်နှင့်​အညီ၊ တစ်နှစ်​ပြည့်သည့်​အခါတိုင်းတွင် ကျွန်ုပ်​သွား၍၊ သွားသည့်​အခါတိုင်း ထို​တစ်ပါးတည်းသော​တမန်တော်ကို ထို​နေရာ၌ တွေ့ရပြီး၊ ကိုယ်တော်ရှင်​ပြုတော်မူမည့်​အရာနှင့်​စပ်လျဉ်း၍​လည်းကောင်း၊ နောက်ဆုံးသော​ကာလ၌ သူ၏​နိုင်ငံတော်ကို အဘယ်ပုံ အဘယ်​နည်းဖြင့် စီမံ​ဆောင်ရွက်​ရမည်တို့နှင့်​စပ်လျဉ်း၍​လည်းကောင်း ကျွန်ုပ်တို့​တွေ့ဆုံ​ပြောဆိုသည့်​အကြိမ်​တိုင်းတွင် သူ့ထံမှ သွန်သင်ချက်နှင့် အသိ​ဉာဏ်တို့ကို လက်ခံ​ရရှိ၏။ …

ဂျိုးဇက်​စမစ်သည် အီမာဟေးလ်နှင့် အိမ်ထောင်ဖက်​ပြု၏—သူသည် မော်ရော်နိုင်း​ထံမှ ရွှေ​ပုရပိုက်ပြားများကို ရရှိပြီး၊ စာလုံး​အချို့ကို ဘာသာပြန်​ခဲ့၏—မာတင်​ဟဲရစ်သည် စာလုံးများနှင့် ဘာသာပြန်ခြင်းကို “တံဆိပ်ခတ်​ထားသောကျမ်းကို ငါ​မဖတ်နိုင်”ဟု ဆိုသူ ပါမောက္ခ​အန်သုန်အား ပြခဲ့၏။” (အခန်းငယ် ၅၅–၆၅။)

၅၅ ကျွန်ုပ်​အဘ၏​စီးပွားရေး​အခြေ​အနေမှာ အလွန်​ကျပ်တည်း​သဖြင့်၊ ကျွန်ုပ်တို့​လက်များဖြင့် အလုပ်​လုပ်ရခြင်း၊ အခွင့်ရသည့်အခါတိုင်း နေ့စားနှင့် အခြား​အလုပ်၌ အငှား​လိုက်ရခြင်းတို့ကို ပြု​ကြရ၏။ တစ်ခါ​တစ်ရံ၌ ကျွန်ုပ်တို့သည် အိမ်မှာ​နေ​ကြရ၏၊ တစ်ခါ​တစ်ရံ၌ အဝေးသို့ ရောက်​ကြ၏၊ အဆက်​မပြတ်​အလုပ်​လုပ်ခြင်း​အားဖြင့် လုံလောက်သော​အသက်​မွေးမှုကို ရရှိ​နိုင်စွမ်းရှိကြ​လေ၏။

၅၆ ၁၈၂၃ ခုနှစ်တွင် ကျွန်ုပ်​အဘ၏​မိသားစုသည် ကျွန်ုပ်၏ အစ်ကို​အကြီးဆုံး၊ အယ်လဗင် သေဆုံး၍၊ ကြီးစွာသော ဆင်းရဲ​ဒုက္ခကို ခံစား​ကြရ၏။ ၁၈၂၅ ခုနှစ်၊ အောက်တိုဘာလ၌၊ ကျွန်ုပ်သည် ချနန်ဂို​ခရိုင်၊ နယူးယောက်မြို့၌ နေထိုင်သူ ဂျိုစာရာ​စတော​အမည်ရှိ လူကြီး​လူကောင်း အဘိုးကြီး တစ်ဦးထံ အငှား​လိုက်ရ၏။ သူသည် ဟာမိုနီ၊ စပန်နီယာ့၊ ဆပ်စကွပ်နာ​ခရိုင်၊ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်၌ ပွင့်ခဲ့သည့် ငွေးတွင်းနှင့်​စပ်လျဉ်း၍ တစ်စုံ​တစ်ခုကို ကြားခဲ့​ရ၏။ သူ့ဆီ ကျွန်ုပ် အငှားမလိုက်​မီက၊ ဖြစ်နိုင်လျှင်၊ တွင်းကို ရှာဖွေ​တွေ့ရှိ​ခြင်းငှာ တူးလျက်​ရှိခဲ့၏။ ကျွန်ုပ်​သူနှင့် အတူ​နေထိုင်ရန် သွားခဲ့ပြီး​နောက်တွင်၊ သူ့၌​ကျန်ရှိသော​အလုပ်သမားများနှင့်​အတူ ငွေတွင်းကို တူးရန်​အတွက် ကျွန်ုပ်ကို သူ​ခေါ်ခဲ့၏၊ ထို​နေရာ၌ ကျွန်ုပ်သည် တစ်လ​နီးပါး အလုပ်​လုပ်ခဲ့၏၊ ကျွန်ုပ်တို့၏ အားထုတ်မှု၌ အောင်မြင်မှု မရှိဘဲ၊ နောက်ဆုံးတွင် ကျွန်ုပ်သည် လူကြီး​လူကောင်း အဘိုးကြီးအား ငွေတွင်း​တူးခြင်းကို ရပ်တန့်ရန် ဖျောင်းဖျ​နိုင်ခဲ့၏။ ထို​အကြောင်းမှ​စ၍၊ အသပြာတူး​သမား​အဖြစ် ကျွန်ုပ်​အကြောင်းမှာ ထင်ရှား​လေ၏။

၅၇ ကျွန်ုပ်သည် ထိုကဲ့သို့ အလုပ်​လုပ်စဉ်​အတွင်း၊ ထို​နေရာရှိ၊ မစ္စတာ ဣဇာက်​ဟေးလ်​ထံ၌ တည်းခို​ရ၏။ ထို​နေရာ၌ ကျွန်ုပ်ဇနီး (သူ၏​သမီး) အီမာဟေးလ်ကို ကျွန်ုပ်​တွေ့ခဲ့ရ၏။ ကျွန်ုပ်သည် မစ္စတာ စတော​ထံ၌ အလုပ်​လုပ်နေစဉ်​အတွင်း၊ ၁၈၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျွန်ုပ်တို့ အိမ်ထောင်ဖက်​ပြုခဲ့​ကြ၏။

၅၈ ရူပါရုံ​တစ်ခုကို ကျွန်ုပ်​မြင်ခဲ့ရ​လေကြောင်း ဆက်၍ အခိုင်​အမာဆိုခြင်းကြောင့်၊ ညှဉ်းဆဲခြင်းသည် ကျွန်ုပ်​နောက်က လိုက်နေ​သေး၍၊ ကျွန်ုပ်​ဇနီး၏ အဘ၏မိသားစုသည် ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်​ပြုခြင်းကို အလွန်​များစွာ ကန့်ကွက်​ကြ၏။ ထို့ကြောင့်၊ ကျွန်ုပ်မှာ သူမကို အခြား တစ်နေရာသို့ ခေါ်ဆောင်​သွားရန် လိုအပ်​လေ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထွက်သွားပြီး တောင်​ဘင်ဘရစ်၊ ချနန်ဂို​ခရိုင်၊ နယူးယောက်ရှိ စကွိုင်းယား တာဘေးလ်၏ အိမ်၌ အိမ်ထောင်ဖက် ပြုခဲ့ကြ၏။ ကျွန်ုပ်၏ အိမ်ထောင်ဖက်​ပြုခြင်း​ပြီးလျှင်​ပြီးချင်း၊ မစ္စတာ​စတော၏​အိမ်ကို စွန့်ခွာပြီး၊ ကျွန်ုပ်​အဘ၏​အိမ်သို့ သွားခဲ့၏၊ ထို​ရာသီ၌ သူနှင့်​အတူ စိုက်ပျိုး​ခဲ့၏။

၅၉ နှစ်များစွာ​ကြာပြီးနောက်တွင်၊ ပုရပိုက်ပြားများ၊ ဥရိမ်နှင့် သုမိမ်၊ ရင်အုပ်​တန်ဆာတို့ကို ရယူ​ရမည့်​အချိန်သည် ရောက်​လာ၏။ နောက်ထပ်​တစ်နှစ်​ပြည့်သည့် တစ်ထောင်​ရှစ်ရာ​နှစ်ဆယ့်ခုနစ်ခု၊ စက်တင်ဘာလ​နှစ်ဆယ့်​နှစ်​ရက်နေ့၌၊ ထိုပစ္စည်းများ မြှုပ်ထားသည့်​နေရာသို့ သွားနေကျ​အတိုင်း သွား​ပြီး​နောက်တွင်၊ ထို​တစ်ပါးတည်းသော​ကောင်းကင်ဘုံရှင်​တမန်တော်သည် ကျွန်ုပ်အား ထိုပစ္စည်းများကို အမိန့်နှင့်​အတူ ပေးအပ်၏။ သူ​မိန့်ကြားသည်မှာ၊ ထိုပစ္စည်းများ​အတွက် ကျွန်ုပ်မှာ​တာဝန်​ရှိကြောင်း၊ ထို​ပစ္စည်းများကို ကျွန်ုပ်​ဂရု​မစိုက်ဘဲ သို့မဟုတ် ကျွန်ုပ်၏​လျစ်လျူရှုခြင်း​တစ်စုံ​တစ်ခု​အားဖြင့် ပျောက်သွားစေခဲ့သော် ကျွန်ုပ် ပယ်ရှင်း​ခံရမည်​ဖြစ်ကြောင်း​ပေတည်း။ သို့ရာတွင်၊ ကျွန်ုပ်သည် ထို​ပစ္စည်းများကို ထို​တမန်တော် ပြန်လည်​တောင်းခံသည့်​အချိန်​အထိ ထိန်းသိမ်း​စောင့်ရှောက်ရန် အစွမ်း​ရှိသမျှ​ကြိုးစား​အားထုတ်မည်​ဆိုလျှင်၊ ထို​ပစ္စည်းများကို ကာကွယ်​ပေးလိမ့်မည်​ဖြစ်ကြောင်းကိုလည်း သူ​မိန့်ကြား၏။

၆၀ ထိုပစ္စည်းများကို ဘေးကင်းစွာ​ထိန်းသိမ်းစေရန် ထိုမျှ​တင်းကျပ်သော​အမိန့်များကို ကျွန်ုပ်​လက်ခံ​ရရှိခြင်းနှင့် ကျွန်ုပ်​လက်ထဲ၌ ဆောင်ရွက်ရန်​လိုအပ်သော​အရာကို ကျွန်ုပ်​ပြု​ပြီးနောက်၊ ယင်း​ပစ္စည်းများကို ပြန်လည်​တောင်းခံမည့်​အကြောင်း၊ တမန်တော်​မိန့်ကြားခြင်းတို့၏ အကြောင်းရင်းကို မကြာမြင့်မီ ကျွန်ုပ်​တွေ့ရ၏။ အကြောင်း​မူကား၊ ထိုပစ္စည်းများကို ကျွန်ုပ်​ရရှိကြောင်း သိလျှင်​သိချင်း ကျွန်ုပ်ထံမှ ယူခြင်းငှာ အစွမ်း​ကုန်ကြိုး​စား​အားထုတ်​ကြ၏။ ကြံစည်၍​ရနိုင်သမျှသော ဥပါယ်တံမျဉ်တို့ကို ထို​ရည်ရွယ်ချက်​အတွက် အသုံး​ပြုကြ၏။ ညှဉ်းဆဲခြင်းသည် ယခင်​ကထက်​ပို၍ ခါးသည်းပြီး ပြင်းထန်​လာလျက်၊ လူ​အစုအဝေးတို့သည် ထို​ပစ္စည်းများကို ဖြစ်နိုင်လျှင် ကျွန်ုပ်ထံမှ​ရယူခြင်းငှာ အစဉ်​မပြတ်​စောင့်ကြည့်လျက်​ရှိကြ၏။ သို့ရာတွင်၊ ဘုရားသခင်၏​ဉာဏ်ပညာတော်​အားဖြင့် ထိုပစ္စည်းများသည် ကျွန်ုပ်​လက်ထဲ၌ လုံခြုံစွာ​ဆက်၍​ရှိနေသည်ကား၊ ကျွန်ုပ်​လက်ထဲ၌ ဆောင်ရွက်ရန်​လိုအပ်သော​အရာကို ကျွန်ုပ်​ပြီးမြောက်သည့်​အချိန်​အထိပင်​ဖြစ်၏။ အစီ​အစဉ်များ​အတိုင်း၊ တမန်တော်က ထိုပစ္စည်းများကို တောင်းခံသော​အခါ၊ ကျွန်ုပ်သည် သူ့ထံသို့ ပေးအပ်၏။ သူသည် ထိုပစ္စည်းများကို ယနေ့ တစ်ထောင်​ရှစ်ရာ​သုံးဆယ့်​ရှစ်ခုနှစ်၊ မေလ​နှစ်ရက်နေ့ တိုင်အောင် သူ၏​ထိန်းသိမ်း​စောင့်ရှောက်မှု​အောက်၌ ထား​ရှိပေ၏။

၆၁ သို့သော်လည်း၊ နိုးကြားမှုသည် ဆက်၍ရှိမြဲရှိ၏၊ လျှာ​တစ်ထောင်နှင့် တစ်ဆင့်စကားသည်လည်း အချိန်​ရှိသမျှ၌ ကျွန်ုပ်​အဘ၏ မိသားစု​အကြောင်း၊ ထို့အတူ ကျွန်ုပ်ကိုယ်တိုင်အကြောင်း မုသားများ​ပျံ့နှံ့စေခြင်း၌ အလုပ်​လုပ်လေ၏။ ကျွန်ုပ်သည် ၎င်းတို့၏ တစ်ထောင်ပုံ​တစ်ပုံကို ပြောပြ​ရလျှင်ပင် စာတွဲ​များစွာ​ရှိလိမ့်မည်။ သို့သော်လည်း၊ ညှဉ်းဆဲခြင်းမှာ အလွန်မခံ​မရပ်​နိုင်အောင် ဖြစ်လာ​ခဲ့သဖြင့်၊ ကျွန်ုပ်သည် မန်ချက်စတာမှ ထွက်ခွာရန်၊ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်ရှိ၊ ဆပ်စကွပ်ဟန်နာ​ခရိုင်သို့ ကျွန်ုပ်​ဇနီးနှင့် သွားရန် လိုအပ်​လေ၏။ စတင်ရန်​ပြင်ဆင်​နေစဉ်တွင်၊ အလွန်​ဆင်းရဲ​သဖြင့်၊ ကျွန်ုပ်တို့အပေါ်၌ ညှဉ်းဆဲခြင်း​မှာလည်း အလွန် လေးလံ​သဖြင့်၊ ကျွန်ုပ်တို့ ထိုသို့မဆင်းရဲမည့် ဖြစ်နိုင်ခြေ​မရှိ၊ ဆင်းရဲ​ဒုက္ခများ​အလယ်၌၊ ကျွန်ုပ်တို့​ထံသို့ လာ၍၊ ကျွန်ုပ်တို့​ခရီး၌ အကူ​အညီ​ရစေရန် ကျွန်ုပ်အား​ဒေါ်လာ​ငါးဆယ်​ပေးခဲ့သူ၊ မာတင်​ဟဲရစ်​အမည်ရှိ လူကြီးလူကောင်းတစ်ဦးကို ကျွန်ုပ်တို့ တွေ့ခဲ့​ကြ၏။ မစ္စတာ​ဟဲရစ်သည် နယူးယောက်​ပြည်နယ်ရှိ၊ ဝိန်း​ခရိုင်၊ ပယ်လမိုင်ရာ​မြို့နယ်၌ နေထိုင်သူ​တစ်ဦး၊ ထို့အတူ လေးစားထိုက်သော လယ်သမားတစ်ဦး​ဖြစ်၏။

၆၂ ဤ​အချိန်​အခါသင့် အကူ​အညီ​အားဖြင့်၊ ကျွန်ုပ်သည် ပန်ဆယ်လ်ဗေးနီးယားရှိ ကျွန်ုပ်၏ ခရီးလမ်းဆုံးသို့ ရောက်နိုင်စွမ်း​ရှိခဲ့​လေ၏။ ကျွန်ုပ်သည် ထိုနေရာသို့ ရောက်ပြီးလျှင်​ပြီးချင်း ပုရပိုက်ပြားများ​ပေါ်မှ စာလုံးများ​ရေးကူးခြင်းကို စတင်​ခဲ့၏။ ၎င်းတို့​အထဲမှ အတော်​များများကို ရေးကူး​ခဲ့ပြီး၊ ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် အချို့ကို ဘာသာပြန်​ခဲ့၏၊ ထို​အမှုကို ကျွန်ုပ်​ဇနီး၏ အဘ​အိမ်သို့ ကျွန်ုပ်​ရောက်သည့်​အချိန်၊ ဒီဇင်ဘာနှင့် နောက်လာသည့် ဖေဖော်ဝါရီလ​ကြား၌ ပြုခဲ့၏။

၆၃ ဤ​ဖေဖော်ဝါရီလ၏ အချိန်​တစ်ခုတွင်၊ အထက်​ဖော်ပြပါ မာတင်​ဟဲရစ်သည် ကျွန်တို့၏ နေရာသို့ ရောက်လာ​ခဲ့ပြီး၊ ပုရပိုက်ပြားများ​ပေါ်မှ ကျွန်ုပ်​ရေးကူး​ခဲ့သော စာလုံးများကို ယူ၍၊ ၎င်းတို့နှင့် အတူ နယူးယောက်မြို့သို့ သွားခဲ့၏။ သူနှင့်လည်းကောင်း၊ စာလုံးများနှင့်လည်းကောင်း စပ်လျဉ်း၍ ဖြစ်ပျက်ခဲ့သည့်အရာကို၊ သူ​ပြန်လာပြီးနောက် ကျွန်ုပ်ကို ပြန်၍​ပြောပြ​ခဲ့သည့်​အတိုင်း၊ အခြေအနေများအကြောင်း သူကိုယ်တိုင်၏​မှတ်တမ်းမှ ကျွန်ုပ်​ကိုးကား၏၊ အောက်ပါအတိုင်းဖြစ်လေ၏။

၆၄ “ကျွန်ုပ်သည် နယူးယောက်မြို့သို့ သွားခဲ့၏၊ ဘာသာပြန်ထားလေသော စာလုံးများ​ကိုလည်း၊ ဘာသာပြန်နှင့်​အတူ၊ စာပေ​ကျမ်းဂန်​အောင်မြင်မှုများကြောင့် ထင်ရှားသူ လူကြီး​လူကောင်း ပါမောက္ခ ချားလ်စ်​အန်သုန်အား ပြခဲ့၏။ ပါမောက္ခ​အန်သုန်က ဘာသာပြန်ခြင်းမှာ မှန်ကန်ကြောင်း၊ အဲဂုတ္တု ဘာသာစကားမှ ဘာသာပြန်​ထားသည့် သူ​မြင်ဖူး​သမျှသော​အရာများ​ထက် ပို၍​မှန်ကန်ကြောင်း ဖော်ပြ​ခဲ့၏။ ထို့နောက်တွင် ကျွန်ုပ်သည် ဘာသာ​မပြန်ရ​သေးသော အရာများကို သူ့အားပြခဲ့ရာ၊ သူကလည်း ၎င်းတို့မှာ အဲဂုတ္တု​ဘာသာစကား၊ ခါလဒဲ​ဘာသာစကား၊ အာရှုရိ​ဘာသာစကားနှင့် အာရပ်​ဘာသာစကားများ ဖြစ်လေကြောင်း ဆို၏။ မှန်သော​စာလုံးများ​ဖြစ်ကြောင်း​ကိုလည်း ဆို၏။ ၎င်းတို့မှာ မှန်သော​စာလုံးများ ဖြစ်ကြောင်း၊ ထို့အတူ ဘာသာပြန်​ထားသော ထို​စာလုံးတို့၏ ဘာသာပြန်​မှာလည်းမှန်ကြောင်း သူသည် ပယ်လမိုင်ရာရှိ​လူတို့ထံ သက်သေပြုလျက် ကျွန်ုပ်အား လက်မှတ်​တစ်စောင်ကို ထုတ်ပေး၏။ ကျွန်ုပ်သည် လက်မှတ်ကိုယူ၍၊ ကျွန်ုပ်​အိတ်ကပ်​ထဲသို့​ထည့်ပြီး၊ အိမ်မှ ထွက်ခွာ​ခါနီးတွင်၊ မစ္စတာ​အန်သုန်က ကျွန်ုပ်ကိုပြန်ခေါ်၍၊ ထို​လူငယ် ရွှေ​ပုရပိုက်ပြားများကို တွေ့သည့်​နေရာ၌ အဘယ်သို့ တွေ့ရှိ​ခဲ့ကြောင်းကို မေး၏။ ဘုရားသခင်၏ ကောင်းကင်​တမန်တစ်ပါးက သူ့ကိုဖော်ပြ​ခဲ့ကြောင်း ကျွန်ုပ်​ဖြေခဲ့၏။

၆၅ “ထို့နောက်တွင် သူက ကျွန်ုပ်အား၊ ‘လက်မှတ်ကို ကြည့်​ပါရစေ’ဟု ဆို၏။ ကျွန်ုပ်ကလည်း အိတ်ကပ်​ထဲမှ ထုတ်၍ သူ့အားပေးလျှင်၊ သူသည် အစိတ်စိတ်​အမြွှာမြွှာ​ဆုတ်ဖြဲ​ပစ်၍၊ ယခု​အချိန်၌ ကောင်းကင်​တမန်များ အမှုတော်ဆောင်ခြင်း​ကဲ့သို့သော​အရာများ မရှိကြောင်း၊ ကျွန်ုပ်က သူ့ထံသို့ ပုရပိုက်ပြားများကို ယူလာလျှင် သူ​ဘာသာပြန်လိုကြောင်းဆို၏။ ပုရပိုက်ပြား​အချို့မှာ တံဆိပ်ခတ်​ထားကြောင်း၊ ကျွန်ုပ်မှာလည်း ၎င်းတို့ကိုယူလာရန် တားမြစ်ထား​ခံရ​လေကြောင်း သူ့ကိုအသိ​ပေးခဲ့၏။ သူကလည်း၊ ‘တံဆိပ်​ခတ်ထားသော ကျမ်းကို ငါ​မဖတ်နိုင်’ဟု ပြန်ပြော​ခဲ့၏။ ကျွန်ုပ်သည် သူ့ကို စွန့်ခွာ၍၊ စာလုံးများနှင့် ဘာသာပြန်နှစ်ခုစလုံးနှင့် စပ်လျဉ်း၍ ပါမောက္ခ​အန်သုန်​ပြောခဲ့သည့်အရာများကို အတည်ပြု​ပေးခဲ့သူ ဒေါက်တာ​မစ်ချဲလ်​ထံသို့ သွားခဲ့၏။”

· · · · · · ·

အော်လီဗာ​ကောင်ဒရီသည် မော်မုန်ကျမ်း​ဘာသာပြန်ခြင်း၌ စာရေးသူ​အဖြစ် ထမ်းဆောင်၏—ဂျိုးဇက်နှင့် အော်လီဗာသည် ဗတ္တိဇံ​ဆရာ​ယောဟန်​ထံမှ အာရုန်​ယဇ်ပုရောဟိတ်​အခွင့်ကို ရရှိ၏—သူတို့သည် ဗတ္တိဇံ​ခံ၏၊ ခန့်ထား​ခံရ၏၊ ပရောဖက်ပြု​ဟောသောဝိညာဉ်ကိုလည်း ရရှိ​ကြ၏။ (အခန်းငယ် ၆၆–၇၅။)

၆၆ ၁၈၂၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် အော်လီဗာ​ကောင်ဒရီသည် ကျွန်ုပ်​အိမ်သို့ လာခဲ့၏၊ ကျွန်ုပ်သည် ထို​အချိန်​အထိ သူ့ကို မမြင်ရ​စဖူး​ခဲ့ပေ။ သူသည် ကျွန်ုပ်​အဘ​နေထိုင်ရာ အနီး​အနား ပတ်ဝန်းကျင်ရှိ ကျောင်း​တစ်ကျောင်း၌ သွန်သင်လျက် ရှိလေကြောင်း၊ ကျွန်ုပ်​အဘသည်လည်း ထို​ကျောင်းသို့ ပို့သောသူများ၌ တစ်ယောက်​ဖြစ်၍၊ သူ့အိမ်၌ ကာလ​အတန်​အရာ​တည်းခို​ခဲ့ကြောင်း၊ ထို​နေရာ၌ရှိစဉ်တွင် မိသားစုက သူ့အားပုရပိုက်ပြားများကို ကျွန်ုပ်​ရရှိခြင်း​အကြောင်း အခြေ​အနေများကို ပြန်၍ ပြောပြ​သဖြင့်၊ သူသည်လည်း ကျွန်ုပ်​ထံမှမေးမြန်းရန် လာခဲ့လေကြောင်း ဖော်ပြ​ခဲ့၏။

၆၇ မစ္စတာ​ကောင်ဒရီ​ရောက်ရှိပြီး နှစ်ရက်​အကြာတွင် (ဧပြီလ ၇ ရက်နေ့တွင်) ကျွန်ုပ်သည် မော်မုန်ကျမ်း ဘာသာပြန်ခြင်းကို စတင်​ခဲ့၏၊ သူသည်လည်း ကျွန်ုပ်​အဖို့ ရေးစ​ပြုခဲ့၏။

· · · · · · ·

၆၈ ကျွန်ုပ်တို့သည် ဘာသာပြန်ခြင်း​အမှုကို ဆက်၍​ပြုမြဲရှိခဲ့​ကြ၏၊ နောက်လ (၁၈၂၉ ခုနှစ်၊ မေလ) ၌၊ ကျွန်ုပ်တို့သည် ပုရပိုက်ပြားများကို ဘာသာပြန်ခြင်း၌၊ ဖော်ပြ​ထားသည့် တွေ့ရှိ​ခဲ့သော အပြစ်များမှ လွှတ်ခြင်း​အတွက် ဗတ္တိဇံနှင့်စပ်လျဉ်း၍၊ ကိုယ်တော်ရှင်ထံ ဆုတောင်း၍ မေးလျှောက်ရန် တစ်နေ့တွင်၊ တော​ထဲသို့ သွားခဲ့​ကြ၏။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် ကိုယ်တော်ရှင်ကို ပတ္ထနာပြုခြင်းတို့ဖြင့် ထိုကဲ့သို့ အလုပ်​လုပ်နေ​စဉ်တွင်၊ ကောင်း​ကင်ဘုံမှ တမန်တော်​တစ်ပါးသည် အလင်း​တိမ်တိုက်ဖြင့် ဆင်းလာ၍၊ သူ့လက်များကိုလည်း ကျွန်ုပ်တို့​အပေါ်၌တင်၍၊ ကျွန်ုပ်တို့ကို ခန့်ထား၍၊ မိန့်တော်မူလေသည်ကား၊

၆၉ ငါ၏​အပေါင်း​အဖော် ကျွန်များ​အပေါ်သို့၊ မေရှိယ၏ နာမတော်​အားဖြင့်၊ ငါသည် ကောင်းကင်​တမန်များ အမှုတော်​ဆောင်ခြင်း၏၊ ထို့အတူ နောင်တ​ရခြင်း​အကြောင်း၊ အပြစ်များမှ လွှတ်ခြင်းအတွက် ရေ​နှစ်မြှုပ်ခြင်း​အားဖြင့် ဗတ္တိဇံ​အကြောင်း ဧဝံဂေလိ​တရားတော်၏ သော့များကို ကိုင်ဆောင်သည့် အာရုန်​ယဇ်ပုရောဟိတ်​အခွင့်ကို အပ်နှင်း၏။ ဤ​အခွင့်ကိုလည်း လေဝိ၏​သားများ ကိုယ်တော်ရှင်​ထံသို့ ပူဇော်​သက္ကာကို ဖြောင့်မတ်ခြင်းဖြင့် တစ်ဖန် ပူဇော်ကြသည်​အထိ အဘယ်​တော့မျှ မနုတ်ယူ​လတ္တံ့။

၇၀ အာရုန်​ယဇ်ပုရောဟိတ်​အခွင့်၌ သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိခြင်း​အတွက် လက်တင်ခြင်း​တန်ခိုး​မရှိကြောင်း၊ သို့ရာတွင် ဤ​တန်ခိုးကို ကျွန်ုပ်တို့​အပေါ်တွင် နောင်​ကာလ၌ အပ်နှင်းလိမ့်မည်​ဖြစ်ကြောင်းကို မိန့်တော်မူ၏။ သူသည် ကျွန်ုပ်တို့အားသွား၍၊ ဗတ္တိဇံ​ခံရန်၊ ထို့အတူ ကျွန်ုပ်သည် အော်လီဗာ​ကောင်ဒရီကို ဗတ္တိဇံ​ပေးရမည့်​အကြောင်း၊ ထို့နောက်တွင် ကျွန်ုပ်ကို သူ​ဗတ္တိဇံ​ပေးရမည့်​အကြောင်းကိုလည်း မိန့်မှာ၏။

၇၁ သို့ဖြစ်၍၊ ကျွန်ုပ်တို့သည်သွား၍ ဗတ္တိဇံ​ခံကြ၏။ ကျွန်ုပ်သည် သူ့ကို ပထမဦးစွာ ဗတ္တိဇံ​ပေး၏၊ ထို့နောက်တွင် သူသည် ကျွန်ုပ်ကို ဗတ္တိဇံ​ပေး၏—ထို​အမှု ပြီးသည့်​နောက်တွင် ကျွန်ုပ်​လက်များကို သူ့ဦးခေါင်းပေါ်​တင်၍ သူ့အား အာရုန်​ယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား၏၊ ထို့နောက်တွင် သူ၏ လက်များကို ကျွန်ုပ်​အပေါ်​တင်၍ ကျွန်ုပ်အား ထို​တူသော​ယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား၏—အကြောင်း​မူကား၊ ကျွန်ုပ်တို့သည် ထိုကဲ့သို့ပင် မိန့်မှာ​ခံရလေ၏။

၇၂ ဤ​အချိန်၌ ကျွန်ုပ်တို့ကို အကြည့်​အရှု​ကြွရောက်ပြီး ကျွန်ုပ်တို့အား ယဇ်ပုရောဟိတ်​အခွင့်ကို အပ်နှင်းသည့် တမန်တော်က သူ၏​အမည်မှာ၊ ယောဟန်၊ ဓမ္မသစ်ကျမ်း၌ ဗတ္တိဇံ​ဆရာ​ယောဟန်ဟု ခေါ်သည့်​သူပင် ဖြစ်ကြောင်း၊ သူသည် မေလခိဇေဒက် ယဇ်ပုရောဟိတ်​အခွင့်ကို ကိုင်ဆောင်သည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ကြောင်း၊ သူ​မိန့်တော်မူသည့် ယဇ်ပုရောဟိတ်အခွင့်ကိုလည်း၊ ကာလ​အချိန်​တန်သော​အခါ၌ ကျွန်ုပ်တို့​အပေါ် အပ်နှင်းလိမ့်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်သည် အသင်းတော်၏​ပထမ​အသင်း​လူကြီး​အဖြစ် အခေါ်​ခံရ​လိမ့်မည်၊ သူ (အော်လီဗာ​ကောင်ဒရီ)သည် ဒုတိယ​အသင်း​လူကြီး​အဖြစ် အခေါ်​ခံရ​လိမ့်မည်​ဖြစ်ကြောင်း​တို့ကို မိန့်တော်မူ​ခဲ့၏။ ထို​အမှုမှာ၊ ဤ​တမန်တော်၏ လက်အောက်၌ ကျွန်ုပ်တို့​ခန့်ထား​ခံရ၊ ဗတ္တိဇံ​ခံရသည့် ၁၈၂၉ ခုနှစ်၊ မေလ တစ်ဆယ့်ငါးရက်နေ့၌​ဖြစ်လေ၏။

၇၃ ကျွန်ုပ်တို့သည် ဗတ္တိဇံ​ခံပြီးနောက်၊ ရေထဲမှ ထ၍ ပြီးလျှင်​ပြီးချင်း၊ ကျွန်ုပ်တို့၏ ကောင်းကင် ဘုံရှင် အဘ​ထံမှ ကြီးမြတ်ပြီး အသရေ​ထင်ရှားသည့် ကောင်းချီး​မင်္ဂလာများကို တွေ့ကြုံခဲ့ကြ၏။ ကျွန်ုပ်သည် အော်လီဗာကောင်ဒရီကို ဗတ္တိဇံ​ပေးပြီး​မကြာမြင့်မီတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ် သက်ဆင်း​တော်မူ၏၊ သူသည်လည်း ရပ်၍၊ မကြာမြင့်မီဖြစ်လာမည့် များစွာသောအရာတို့ကို ပရောဖက်ပြု၍ ဟော၏။ ထိုမှ​တစ်ဖန်၊ ကျွန်ုပ်သည်လည်း သူအားဖြင့် ဗတ္တိဇံ​ခံပြီးလျှင် ပြီးချင်း၊ ပရောဖက်ပြု​ဟောသော ဝိညာဉ်ကို ရရှိခဲ့၏၊ ရပ်နေသော အချိန်တွင်၊ ဤ​အသင်းတော် ပေါ်ထွက်လာခြင်း၊ ထို့အတူ အသင်းတော်နှင့် ဆက်စပ်​နေသည့် အခြားများစွာသောအရာများ၊ ထို့အတူ လူသားတို့၏ ဤမျိုးဆက်နှင့်စပ်လျဉ်း၍ ပရောဖက်ပြုဟောခဲ့၏။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ကြလေ၏၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၏ ဘုရားသခင်​၌လည်း ရွှင်လန်းဝမ်းမြောက်ကြ၏။

၇၄ ကျွန်ုပ်တို့၏​စိတ်များသည် အလင်းသို့​ရောက်၍၊ ကျမ်းစာများမှာ ကျွန်ုပ်တို့၏ နားလည်ခြင်းသို့ ဖွင့်ပေးစပြုလေ၏၊ ၎င်းတို့၏ ပို၍​နက်နဲသော​ကျမ်းပိုဒ်များ၏ မှန်သော​အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို ကျွန်ုပ်တို့အား ယခင်က မရရှိခဲ့​ဖူးသော​နည်းမျိုးဖြင့်၊ ယခင်က မတွေးဖူးသော​နည်းမျိုးဖြင့်လည်း ဖော်ပြခဲ့၏။ ထိုအချိန်​အတွင်း၌၊ ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ်​အခွင့်ကို ရရှိခြင်းနှင့် ကျွန်ုပ်တို့၏ ဗတ္တိဇံခံခြင်းအကြောင်း အခြေ​အနေများကို လျှို့ဝှက်​ထားရ​လေ၏၊ အနီး​အနား​ပတ်ဝန်းကျင်၌ ထင်ရှားစွာ ပြခဲ့​လေပြီး​ဖြစ်သည့် ညှဉ်းဆဲခြင်း​စိတ်ဝိညာဉ်ကြောင့်​ပေတည်း။

၇၅ ကျွန်ုပ်တို့သည် လူဆိုး​တိုက်ခိုက်ခံရခြင်းဖြင့်၊ အချိန်နှင့်​အမျှ ခြိမ်းခြောက်​ခံရ​လေ၏၊ ဤ​အမှု​မှာလည်း ဘာသာရေး ဓမ္မ​ဆရာတို့ကြောင့် ဖြစ်လေ၏။ ကျွန်ုပ်တို့အား လူဆိုး​တိုက်ခိုက်​စေခြင်းအတွက် သူတို့၏ရည်ရွယ်ချက်မှာ ကျွန်ုပ်နှင့်အလွန်​ခင်မင်​လာခဲ့​လေသည့်၊ လူဆိုး​တို့ကို ဆန့်ကျင်​လေသည့်၊ ထို့အတူ ကျွန်ုပ်အား ဘာသာပြန်ခြင်း​အမှုကို အနှောင့်​အယှက်​မရှိဘဲ ဆက်၍​ပြုလုပ်ရန် အခွင့်​ပေးရန် လိုလို​လားလား​ရှိကြသည့် ကျွန်ုပ်​ဇနီး၏ အဘ၏မိသားစု၏လွှမ်းမိုးမှု (မြင့်မြတ်သော စောင့်ရှောက်ခြင်းအောက်၌) အားဖြင့် ချေဖျက်ခြင်းကိုသာ ခံရ​လေ၏။ ထို့ကြောင့်၊ ကျွန်ုပ်တို့အား မတရားသော​လုပ်ဆောင်မှု​ခပ်သိမ်းတို့မှ သူတို့​တတ်စွမ်း​နိုင်သမျှ အကာ​အကွယ်​ပေး၍ ကတိထားကြ၏။

  • အော်လီဗာ​ကောင်ဒရီက ဤ​အဖြစ်​အပျက်များကို ဖော်ပြ​လေသည်မှာ၊ “ဤ​အရာတို့သည်ကား အဘယ်​တော့မျှမေ့မရသည့် နေ့များ​ဖြစ်၏—ကောင်းကင်ဘုံ၏ လမ်းပြ​လှုံ့ဆော်ခြင်း​အားဖြင့် ညွှန်ကြားသည့်၊ အကြီးဆုံးကျေးဇူးတင်ခြင်းရင်ကို နှိုးဆော်သည့် အသံ၏စကားကို နားထောင်ရန်​ပေတည်း။ ဥရိမ်နှင့် သုမိမ်၊ သို့မဟုတ်၊ “အနက်​ဖွင့်သော​အရာများ”ဟု နီဖိုင်း​အမျိုးသားတို့ ဆိုခဲ့သည့်​အရာတို့အားဖြင့် သူ​ဘာသာပြန်၍၊ သူ့နှုတ်မှ​ထွက်သည့် သမိုင်း​သို့မဟုတ် ‘မော်မုန်ကျမ်း’ ဟုခေါ်သည့်မှတ်တမ်းကို တစ်နေ့ပြီး​တစ်နေ့ ကျွန်ုပ်သည် အနှောင့်​အယှက်​မရှိဘဲ ဆက်၍​ရေးခဲ့၏။

    “အနည်းငယ်သော စကားတို့ဖြင့်ပင် ဖော်ပြရန်၊ မော်မုန်နှင့် သူ၏​သစ္စာရှိသော​သား၊ မော်ရော်နိုင်းတို့ ရေးခဲ့သည့်၊ တစ်ချိန်က ကောင်းကင်ဘုံ၏ ချစ်ခြင်းနှင့် နှစ်သက်ခြင်းကို ခံခဲ့​ရသည့် လူမျိုးတို့​အကြောင်း စိတ်ဝင်စားဖွယ်မှတ်တမ်းသည် ကျွန်ုပ်၏မျက်မှောက် အကြံ​အစည်ထက် သာလွန်​လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်သည် ဤ​အမှုကို အနာဂတ်​ကာလသို့၊ ရွှေ့ဆိုင်းမည်၊ ထို့အတူ၊ နိဒါန်း၌ ကျွန်ုပ် ဆိုခဲ့​လေသည့်အတိုင်း၊ အသင်းတော် ပေါ်ထွက်​လာခြင်းနှင့် တိုက်ရိုက်​ဆက်စပ်သည့် အနည်းငယ်သော ဖြစ်ရပ်​အချို့ကိုသာ ရေးမည်၊ ထိုသို့​ပြုခြင်းသည် ရှေ့သို့ ချီတက်​လာသည့် ထောင်ပေါင်းများစွာသော သူအချို့အား နှစ်သက်​စေနိုင်၏၊ တစ်ယူသန်တို့၏ မျက်မှောင်ကုတ်ခြင်းနှင့် သူတော်ကောင်းယောင်ဆောင်သော​သူတို့၏ အလယ်မှာ ရှိနိုင်၏၊ ခရစ်တော်၏ ဧဝံဂေလိတရားတော်ကိုလည်း လှိုက်လှိုက်​လှဲလှဲ လက်ခံ​နိုင်စေ၏။

    “ကယ်တင်ရှင်၏အသင်းတော်ကို လူသားတို့တည်ထောင်ရာ တိကျသော​နည်းလမ်း၊ နီဖိုင်း အမျိုးသားတို့အား သူ၏​နှုတ်မှ ပေးတော်​မူသည့် လမ်းညွှန်ချက်များကို၊ အထူး​သဖြင့်၊ ပုပ်ပျက်ခြင်းက လူသားတို့၌ကျင့်သုံးသည့် ခပ်သိမ်းသော​ပုံစံများ၊ စနစ်များနှင့် စပ်လျဉ်းသည့် မသေချာမှုကို ပျံ့နှံ့စေသည့်အချိန်တွင်၊ ယေရှု​ခရစ်တော်၏ ရှင်ပြန်​ထမြောက်ခြင်းအားဖြင့် ကြည်လင်သော အသိစိတ်ဖြင့် ဖြေကြားရန်၊ အရည်​သင်္ချိုင်း၌ အမြှုပ်ခံခြင်း​အားဖြင့် စိတ်နှလုံး၏ လိုလို​လားလားရှိမှုကိုပြခြင်း အထူး​အခွင့်​အရေးကို ရရှိ​လိုခြင်း​မရှိဘဲ အဘယ်သူမျှ မိမိတို့သတိ​စိတ်ဖြင့်၊ ဘာသာပြန်၍ မရေးနိုင်။

    “ဤ​တိုက်၌၊ ယာကုပ်​အမျိုး​အနွယ်၏ ကျန်ကြွင်းသော​သူများသို့ ကယ်တင်ရှင်၏ အမှုတော်ဆောင်ခြင်းအကြောင်း မှတ်တမ်းကို ရေးပြီးနောက်၊ မှောင်မိုက်ခြင်းသည် မြေကြီးကို၊ ထို့အတူ ဆိုးရွားသော မှောင်မိုက်ခြင်းသည် လူတို့၏ စိတ်ကို​လွှမ်းမိုး​လိမ့်မည်ဟု ပရောဖက်​ဟောလေသည့်အတိုင်း မြင်ရရန် လွယ်ကူ၏။ နောက်ထပ်၍ တွေးတောလျှင်၊ ကြီးစွာသော ရန်တွေ့ခြင်းနှင့် ဘာသာရေးအကြောင်း အသံ​ဗလံတို့ အလယ်၌၊ ဧဝံဂေလိ​တရားတော်၏ ဘိသိက်မင်္ဂလာများကို စီမံ​ဆောင်ရွက်ရန် အဘယ်သူမျှ ဘုရားသခင်​ထံမှ တန်ခိုးနှင့် အခွင့်​အာဏာ​မရှိ။ အကြောင်း​မူကား၊ ဗျာဒိတော်များကို ငြင်းဆိုသည့် လူတို့သည် ခရစ်တော်၏ နာမတော်ဖြင့် စီမံ​ဆောင်ရွက်ရန် အခွင့်​အာဏာ ရှိလေ​သလော၊ သူ၏ သက်သေခံချက်သည် ပရောဖက်ပြု​ဟောသော​ဝိညာဉ်ထက်​သာ၍ မနည်း၊ သူ၏​ဘာသာရေး အခြေခံမှာ၊ သူ့၌ မြေကြီး​ပေါ်တွင် ပရောဖက်​တစ်ပါး​ရှိလေသည့် လောက​ကာလ​တစ်ခုလုံး၌ ကိုယ်တွေ့ ဗျာဒိတ်တော်များအားဖြင့် ထောက်မ၍ တည်ဆောက်​ထားလေ​သလောဟူသည့် မေးခွန်းကို မေးကြ လိမ့်မည်။ ဤ​အချက်​အလက်များကို မြှုပ်ထားလျှင်၊ ထို့အတူ လူသားတို့၏ မျက်နှာ​ရှေ့၌ တောက်ပ​စေရန် တစ်ချိန်က အခွင့်ပေး​ထားလျှင် အန္တရာယ်ရောက်နိုင်ရာ​အမှု​ရှိသူတို့အားဖြင့် ဂရု​တစိုက်​ဖုံးကွယ်​ထားလျှင်၊ ထို​အရာတို့မှာ ကျွန်ုပ်တို့​အဖို့​မဟုတ်တော့။ ကျွန်ုပ်တို့သည်လည်း ‘ထ၍​ဗတ္တိဇံ​ခံလော့’ဟူသော မိန့်မှာချက်ကို စောင့်မျှော်၍သာ နေကြ၏။

    “ဤ​အရာကို နားမလည်မီ ကြာရှည်စွာ အလို​မရှိကြပေ။ ကိုယ်တော်ရှင်၊ ကရုဏာနှင့် ကြွယ်ဝသူသည်၊ နှိမ့်ချသော​သူတို့၏ ပုံမှန်​ဖြစ်သော​ဆုတောင်းခြင်းကို ဖြေရန် အစဉ်​အမြဲ လိုလို​လားလား​ရှိတော်မူ၏၊ ကျွန်ုပ်တို့​သူ့ကို အားကြီးစွာ​ပတ္ထနာပြုကြ​လေပြီး​နောက်တွင်၊ သူ၏​အလိုတော်ကို ကျွန်ုပ်တို့အား ထင်ရှားစွာပြခြင်းငှာ လူတို့၏နေထိုင်ရာတို့မှ ခွာ၍၊ ကိုယ့်ကိုယ်ကို နှိမ့်ချ​တော်မူ၏။ ရုတ်တရက်တွင်၊ ထာဝရ​ကာလ၏ အလယ်မှ ကဲ့သို့ပင်၊ ရွေးနုတ်ရှင်၏​အသံက ကျွန်ုပ်တို့အား ငြိမ်းချမ်းခြင်းကို ဟောပြော၏၊ ကန့်လန့်ကာ​ကွဲစဉ်တွင်၊ ဘုရားသခင်၏ ကောင်းကင်​တမန်သည် ဘုန်းတော်ကို ဝတ်ဆင်၍ ဆင်းလာပြီး၊ ထက်သန်စွာ စောင့်မျှော်​နေကြသည့် သတင်း​စကားကို ဟော၍၊ နောင်တရခြင်းအကြောင်း ဧဝံဂေလိ​တရားတော်၏ သော့များကို ပေးတော်မူ၏။ ဝမ်းမြောက်​ပေစွ​တကား။ အံ့ဩ​ချီးမွမ်းဖွယ် ကောင်းပေစွ​တကား။ အံ့အား​သင့်ပေစွ​တကား။ လောကသည် နှိပ်စက်​ခံရ၍၊ စိတ်​ရှုပ်ထွေး​စဉ်တွင်—သန်းပေါင်း​များစွာသော​သူတို့သည် မျက်စိ​မမြင်သော​သူများ တံတိုင်းကို စမ်းကြ​သကဲ့သို့ စမ်းလျက်​ရှိကြ​စဉ်တွင်၊ ခပ်သိမ်းသော​သူတို့သည် အလုံး​အရင်း​တစ်ခု​ကဲ့သို့ မသေချာမှု​အပေါ်၌ ထိုင်လျက်​ရှိကြ​စဉ်တွင်၊ ‘မီးလျှံ​နေ့မှာ​ကဲ့သို့’ ကျွန်ုပ်တို့၏​မျက်စိများ မြင်ကြ၏၊ ကျွန်ုပ်တို့၏​နားများ ကြားကြ၏။ ဟုတ်ပေ၏၊ သာ၍​များ၏—လောကဓာတ်၏ မျက်နှာ​ပေါ်မှာ မိမိ​တောက်ပ​ဝင်းလက်ခြင်းကို သွန်းလောင်းသည့် မေလ​နေ​ရောင်ခြည်​ထက်ပင် တဖိတ်ဖိတ်​တောက်ပ၏။ ထို့နောက်တွင် သူ့အသံသည် ညင်သာ​သော်လည်း၊ အလယ်​ဗဟိုကို ထိုးဖောက်၏၊ ‘ငါသည် သင်၏​အပေါင်း​အဖော်​ကျွန်​ဖြစ်၏’ ဟူသော သူ၏​စကားတို့သည် ကြောက်ခြင်း မှန်သမျှကို လွင့်ပြယ်​စေ၏။ ကျွန်ုပ်တို့ နားထောင်​ကြ၏၊ ကျွန်ုပ်တို့ စူးစိုက်​ကြည့်ကြ၏၊ ကျွန်ုပ်တို့​လေးစား​ကြ၏။’ ထို​အရာမှာ ဘုန်းတော်ရှိရာ ကောင်းကင်​တမန်၏​အသံ​ဖြစ်၏၊ ‘ထို​အရာမှာ အမြင့်ဆုံးသော​ဘုရားထံမှ သတင်း​စကား​ဖြစ်၏။ ကျွန်ုပ်တို့သည်လည်း ကြားသည်နှင့်​အမျှ ရွှင်လန်း​ဝမ်းမြောက်​ကြ၏၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များ​အပေါ်၌ သူ၏​ချစ်ခြင်း​ထွန်းတောက်​စဉ်တွင်၊ ကျွန်ုပ်တို့သည် အနန္တ​တန်ခိုးရှင်၏ ရူပါရုံဖြင့် အထုပ်​ခံကြရ၏။ ယုံမှား​သံသယ​အတွက် အဘယ်မှာ နေရာ​ရှိသနည်း။ အဘယ်​နေရာမျှ​မရှိ။ မသေချာမှုသည် ထွက်ပြေး​သွား၏၊ ကြံစည်ချက်နှင့် လှည့်စားခြင်း​ထွက်ပြေးသွားစဉ်တွင် ယုံမှား​သံသယသည် ထမလာ​နိုင်တော့အောင် နစ်မြုပ်​သွား၏။

    “သို့ရာတွင်၊ ချစ်သော​ညီအစ်ကို၊ စဉ်းစားလော့၊ နောက်ထပ်၍ ခဏမျှ စဉ်းစားလော့၊ ‘ငါ၏ အပေါင်း​အဖော်​ကျွန် သင်တို့​အပေါ်၌၊ မေရှိယ၏​နာမတော်​အားဖြင့် ငါသည် မြေကြီး​ပေါ်၌ ဆက်၍​တည်ရှိမည့် ဤ​ယဇ်ပုရောဟိတ်​အခွင့်နှင့် အခွင့်​အာဏာကို အပ်နှင်း​သဖြင့်၊ လေဝိ၏​သားများ ကိုယ်တော်ရှင်​ထံသို့ ပူဇော်​သက္ကာကို ဖြောင့်မတ်ခြင်းဖြင့် ပူဇော်​နိုင်ကြ​သေး၏’ဟု သူဆိုသည့်​အတိုင်း၊ သူ၏ လက်အောက်၌ သန့်ရှင်းသောယဇ်ပုရောဟိတ်အခွင့်ကို ကျွန်ုပ်တို့ရရှိသော​အခါ၊ ကျွန်ုပ်တို့စိတ်နှလုံးကို ပြည့်စေသည့် ဝမ်းမြောက်မှု​ပေတကား၊ ကျွန်ုပ်တို့ ဦးညွှတ်ရမည့် အံ့ဩမှု​ပေတကား၊ (အကြောင်း​မူကား၊ ထိုကဲ့သို့သော ကောင်းချီး​မင်္ဂလာ​အတွက် အဘယ်သူသည် ဦးညွှတ်​လိုမည်နည်း)။

    “ကျွန်ုပ်သည် ဤ​စိတ်နှလုံး၏ ခံစားချက်များကို၊ ထို့အတူ ဤ​အချိန်၌ ကျွန်ုပ်တို့ကို ဝန်းရံ​ထားသည့် ခမ်းနားသော တင့်တယ်ခြင်းနှင့် ဘုန်းတော်တို့ကို သင်တို့အား ဆေးခြယ်​ပြရန် အားထုတ်မည်​မဟုတ်။ သို့ရာတွင်၊ မြေကြီးသည် လည်းကောင်း၊ စိတ်ကို ထိခိုက်ဆွဲဆောင်နိုင်သော အချိန်၌​ရှိသူ လူသားတို့သည်လည်းကောင်း ဤ​သန့်ရှင်းသောပုဂ္ဂိုလ်​ကဲ့သို့ ဘာသာစကားကို စိတ်ဝင်စားဖွယ် ခမ်းနားသော​ပုံစံဖြင့် တန်ဆာဆင်စ မပြုနိုင်။ မပြုနိုင်၊ ဤ​မြေကြီး၌ ဝမ်းမြောက်ခြင်းကို ပေးရန်၊ ငြိမ်းချမ်းခြင်းကို ပေးရန်၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ပြောလေ​သကဲ့သို့ ဝါကျ​တိုင်း၌ ပါဝင်သည့် ဉာဏ်ပညာကို နားလည်ရန် တန်ခိုး​မရှိ။ လူသားသည် မိမိ​အပေါင်း​အဖော်ကို လှည့်စား​နိုင်၏၊ လှည့်စားခြင်း​တစ်ခုပြီး​တစ်ခု လာနိုင်၏၊ ဆိုးညစ်သော​သူတို့၏ သားသမီးတို့သည် မိုက်မဲသောသူများနှင့် ပညာမဲ့​သူများကို၊ သွေးဆောင်ရန် တန်ခိုးရှိနိုင်​ကြ၏၊ ဘာမျှမဟုတ်သည်အထိပင် ကြံစည်ချက်နှင့် များစွာသော​သူတို့ကို ကျွေး၏၊ မုသား၏ အကျိုးသည် မူးသောသူများကို မိမိ စီးကြောင်းဖြင့် သင်္ချိုင်းသို့ သယ်ဆောင်​သွား၏။ သို့ရာတွင်၊ အကြင်​သူသည် မိမိ​ချစ်ခြင်း လက်ချောင်းဖြင့် တို့၍၊ ဟုတ်ပေ၏၊ အထက်​လောကမှ ဘုန်းတော်​ရောင်ခြည်၊ သို့မဟုတ် ကယ်တင်ရှင်၏ နှုတ်မှ၊ ထာဝရ​ကာလ၏​ရင်မှ နှုတ်ကပတ်တော်တစ်ခုဖြင့်၊ ထို​ခပ်သိမ်းသော လှည့်စားခြင်းတို့ကို အသေး​အမွှား​ဖြစ်သွားအောင် ထိခိုက်၏။ စိတ်မှလည်း ကာလ​အစဉ်​အဆက် ပြေ​စေ၏။ ကျွန်ုပ်တို့သည် ကောင်းကင်​တမန်၏ မျက်မှောက်၌ ရှိလေကြောင်း အာမခံချက်၊ ယေရှု၏ အသံကို ကျွန်ုပ်တို့​ကြားခဲ့ကြောင်း ဧကန်ဖြစ်ခြင်း၊ ထို့အတူ ဘုရားသခင်၏ အလိုတော်​အားဖြင့် ညွှန်ကြား​ထားသည့်၊ စင်ကြယ်သော​ပုဂ္ဂိုလ်​ထံမှ စီးဆင်းလာသကဲ့သို့ရှိသည့် အစွန်း​အထင်း​မရှိသော သမ္မာ​တရားမှာ ကျွန်ုပ်​အနေဖြင့် ဖော်ပြ၍ မရနိုင်အောင်​ရှိ၏၊ ကျွန်ုပ်သည်လည်း ဆက်၍ နေရန်​အခွင့်​ပေး​ခံရစဉ်တွင် ကယ်တင်ရှင်၏ ကောင်းမြတ်ခြင်းအကြောင်း ဤ​ဖော်ပြချက်ကို အံ့ဩခြင်းနှင့်၊ ကျေးဇူးတော်​ချီးမွမ်းခြင်းနှင့် အစဉ်​အမြဲ​မှတ်ယူ​ပါမည်။ ထို့အတူ စုံလင်ခြင်း​နေထိုင်ပြီး၊ အပြစ်​အဘယ်​တော့မျှမလာသည့် ထို​နေစရာ​အခန်းများ၌၊ အဘယ်​တော့မျှ မရပ်တန့်မည့်ကာလ၌ ကျွန်ုပ် ကြည်ညိုရန်​မျှော်လင့်၏။”—Messenger and Advocate (တမန်တော်နှင့် လျှောက်လဲသူ)၊ အတွဲ ၁ (၁၈၃၄ ခုနှစ် အောက်တိုဘာလ) စာမျက်နှာ ၁၄–၁၆။